ဆောင်းပါး

ချစ်လည်းချစ်မယ် ပစ်လည်းပစ်မယ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ကြီးက ကားလမ်းတွေပိတ်တာ၊ မိုးရွာလျှင် ရေကြီးတာ၊ အမှိုက်တွေ စည်းကမ်းမဲ့ စွန့်ပစ်တာ၊ မျဉ်းကျားမှာ ကားတွေ အရှိန် လျှော့မပေးတာ၊ မီး မဆိုစလောက် မကြာခဏ ပျက်တာ၊ အင်တာနက် ကွန်နက်ရှင်နှေးတာ … ဒါတွေပုံမှန် ဖြစ်နေတာ က လွဲလျှင် သာသာယာယာပဲ ဖြစ်သည်။ သစ်တပင်အတွက် ခေါင်းစား ခဲ့ရသော ဦးရုက္ခစိုး ဒီတပတ်တော့ ငြိမ်းချမ်းစွာ နေလို သည်။ ထို့ကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ကို မတွေ့အောင် ရှောင်ပြီး ဆာကူရာ တာဝါ အပေါ်ဆုံးထပ် ကော်ဖီဆိုင်ကနေ ရန်ကုန်မြင်ကွင်းကို အပေါ်စီးက အေးအေးဆေးဆေး ကြည့်နေ လိုက်သည်။

မတွေ့ချင်ပါဘူး ဆိုကာမှ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ထိုကော်ဖီဆိုင်ရှိရာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြသည်။ ဦးရုက္ခစိုး ကိုယ်ဖျောက်ချိန် မရတော့ …။ သူတို့ နှစ်ယောက်တည်း မဟုတ်ဘဲ သူတို့နှင့်အတူ လူတယောက်လည်း ပါလာသေးသည်။

ဖိုးရှုပ်။     ။ ဟား ဦးရုက္ခစိုးပါလား … ချိန်းထားရင် လွဲဦးမယ်ဗျို့။

ရုက္ခစိုး။     ။ ငါ့ဘာသာ အေးအေးနေချင်လို့ ဒီမှာလာထိုင်နေတာ … မင်းတို့က လမ်းဘေးလက်ဖက်ရည်ဆိုင် မထိုင်ဘဲ ဘာကိစ္စ ဒီမှာလာထိုင်ရတာလဲ။

ကြွက်စုတ်။     ။ ကျနော်တို့က ရိုးရိုးလူတွေ မဟုတ်ဘူးလေ ဦးရုက္ခစိုးရဲ့ …။ အဲဒါကြောင့် လမ်းဘေး လက်ဖက်ရည်ဆိုင် ထိုင်ရင် သိက္ခာကျမှာစိုးလို့ ဒီမှာ လာထိုင်တာ။

ရုက္ခစိုး။     ။ ရိုးရိုးလူ မဟုတ်ရအောင် မင်းတို့က ချိုထွက်နေလို့လား။

ဦးရုက္ခစိုး ဘုတောတော့ ကြွက်စုတ် တဟဲဟဲ ရယ်သည်။

ဖိုးရှုပ်။     ။ ကျနော်တို့ ရိုးရိုးလူ ဟုတ်မဟုတ် … ဟောဒီလူကြီးမင်းက ပြောပြလိမ့်မယ်။

ဖိုးရှုပ်က အတူပါလာသူကို ညွှန်ပြရင်း ပြောသည်။

ကြွက်စုတ်။     ။ ဟာ ဟုတ်သားပဲ မေ့နေလိုက်တာ၊ ဦးရုက္ခစိုးနဲ့ မိတ်ဆက်ပေးရဦးမယ်။ ဟောဒါက ပွဲစားကြီး ဦးညှိတဲ့။ ကဲ ဦးညှိ … ဟောဒါက ကျနော်တို့ ပြောပြောနေတဲ့ နာမည်ကျော် ဦးရုက္ခစိုးပဲ။

“နာမည်ကလည်း ထူးဆန်းလိုက်တာ၊ ဦးညှီတဲ့လား … တော်တော် နံမှာပဲနော်” ဟု ဦးရုက္ခစိုးက ဖိုးရှုပ်နားနား ကပ်မေးလိုက်ရာ ဖိုးရှုပ်က “ဦးညှီမဟုတ်ဘူး … ဦးညှိပါ ဦးရုက္ခစိုးရဲ့။ အဲဒါ သူ့နာမည် အရင်းမဟုတ်ဘူးဗျ၊ ဟို ညှိလိုက်၊ ဒီ ညှိလိုက် လိုက်ညှိရင်း ဒီနာမည် အတည်ဖြစ်သွားတာ” ဟု ပြန်ဖြေသည်။

ရုက္ခစိုး။     ။ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။ ဒါနဲ့ ပွဲစားကြီးဆိုတော့ ဘာတွေများ ပွဲစားလုပ်တာလဲ။ အိမ်ခြံမြေတို့ … သစ်ပင်တို့ …။

ဦးရုက္ခစိုး စကားမဆုံးခင် ကြွက်စုတ်က ဖြတ်၍ “သစ်ပင်ပွဲစား မဟုတ်ပါဘူး … မကြောက်ပါနဲ့ ဦးရုက္ခစိုးရယ်။ ဟောဒီက ဦးညှိက ငြိမ်းချမ်းရေးပွဲစားပါ” ဟု ဆိုသည်။

ရုက္ခစိုး။     ။ ဟေ … မောင်ရင်တို့ဆီမှာက အဆန်းပါလား။ ပွဲစားတွေက နေရာတိုင်းပဲ။ ငြိမ်းချမ်းရေးမှာတောင် ပွဲစားရှိရတယ်လို့။

ဦးညှိ။     ။ အဟဲ … အခုလို ဒီမိုကရေစီ မရတရ ခေတ်မှာ … ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ဆိုတာကို သိပ် နားမလည်သေးတဲ့ သူတွေ နားလည်အောင် လက်ပူတိုက် သင်ပေးဖို့ လူလိုတယ်ဗျ။ ပြီးတော့ တယောက်နဲ့ တယောက်၊ တဖွဲ့နဲ့ တဖွဲ့ ရန်ဖြစ် နေကြတဲ့ သူတွေ၊ မျက်နှာချင်း မဆိုင်ချင်တဲ့သူတွေ တစားပွဲတည်း ထိုင်အောင် အာပေါက်မတတ် ရှင်းပြဖို့ …၊ အဲဒါမျိုးက ကျနော်တို့လို ပွဲစားတွေ လုပ်မှပဲ အဆင်ပြေတာကိုး …။

ကြွက်စုတ်။     ။ ဟုတ်တယ် ဦးရုက္ခစိုးရဲ့ … အခု ကျနော်နဲ့ ဖိုးရှုပ်တို့ ဘယ်တော့မှ ရန်မဖြစ်ရေး အတွက် ဦးညှိက ကြားက ဝင်ညှိပေးနေတာ …။ အဲဒီတော့ ကျနော်တို့လည်း ငြိမ်းချမ်းရေး လူသားတွေ ဖြစ်သွားပြီ။ ရိုးရိုး လူတွေ မဟုတ်တော့ဘူး ဆိုတာ အဲဒါပြောတာ။

ဦးရုက္ခစိုးက ကြွက်စုတ်ကို မျက်စောင်းထိုး ကြည့်ရင်း … “ငြိမ်းချမ်းရေး လူသားတဲ့၊ ကြီးကြီးကျယ်ကျယ်ကွာ … မင်းတို့ နှစ်ယောက်က တချိန်လုံး ကိုက်နေကြပြီး ဘယ်လိုလုပ် ငြိမ်းချမ်းရေး လူသား ဖြစ်မှာလဲ။ ဘယ်တော့မှ ရန်မဖြစ်ရေး ဆိုတာ ငါမယုံဘူးဟေ့” ဟု ပြောလိုက်သည်။

ဦးညှိ။     ။ ဒါက ဒီလိုရှိပါတယ် ဦးရုက္ခစိုး …။ ကျနော်တို့လည်း အရင်ကတော့ တချိန်လုံး ကိုက် … အဲ တချိန်လုံး ရန်ဖြစ်နေကြတာပဲ။ ဒါပေမယ့် အခုအချိန်မှာတော့ ခဏ ဖြစ်ဖြစ် ငြိမ်းချမ်းရေး လူသားတွေ လုပ်ကြဖို့ လိုတယ်။ ဒါမှ ကမ္ဘာကြီး ငြိမ်းချမ်းပြီး … ။

ရုက္ခစိုး။     ။ ခဏ ဖြစ်ဖြစ် ဟုတ်လား။ ခဏဆိုတာ တမိနစ်လား၊ တနာရီလား။

ဦးညှိ။     ။ ခက်တာပဲ … ဖိုးရှုပ်နဲ့ ကြွက်စုတ် … ဦးရုက္ခစိုးကို ရှင်းပြကြပါဦး။

ရုက္ခစိုး။     ။ ဘာမှ လာရှင်းပြမနေနဲ့ …။ ဒီမှာ ဦးညှိ … ခင်ဗျားလည်း လုပ်လိုက်ရတဲ့ ငြိမ်းချမ်းရေး လက်ပူတိုက်ပွဲ … ။

ဦးညှိ။     ။ လက်မှတ်ထိုးပွဲပါဗျ။

ရုက္ခစိုး။     ။ လက်မှတ်ထိုးတာနဲ့ လက်ပူတိုက်တာ သိပ်မကွာပါဘူးဗျာ။ ဒီဘက်မှာ ကမန်းကတန်း လက်မှတ်ထိုး … ပြီးရင် ဟိုဘက်မှာ ပစ်နေတာပဲဟာ။ ခဏတဖြုတ် လူမြင်ကောင်းအောင် ငြိမ်းချမ်းရေး လုပ်တာ လက်ပူတိုက်ပွဲပေါ့။

ဖိုးရှုပ်။     ။ အဲဒီလိုတော့ မပြောပါနဲ့ ဦးရုက္ခစိုးရယ် … အခုဆို ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးတော့မှာပါ။

ဖိုးရှုပ်စကားကြောင့် ဦးညှိ အားတက်သွားသည်။

ဦးညှိ။     ။ ဟုတ်တယ် … ဟုတ်တယ် … သူပြောသလိုပဲ … အဲဒီလို ပြည်ထောင်စု အဆင့် လက်မှတ်ထိုးပွဲကြီး ကျင်းပနိုင်ဖို့ ကျနော် ပွဲစားကြီး ဦးညှိက အစွမ်းကုန် ကြိုးစားနေပါတယ်။

ရုက္ခစိုး။     ။ တော်ပါဗျာ … လက်မှတ်ထိုးတဲ့ သူကသာ ထိုးနေတာ …၊ ပစ်တဲ့သူတွေက ပစ်နေတာပဲ …၊ ဘာ တပြည်လုံး အဆင့်လဲ။

ဦးညှိ။     ။ ဦးရုက္ခစိုးရယ် … တာဝန်ကိုယ်စီ ရှိကြသည် ဆိုတဲ့အတိုင်း … သူ့အလုပ်သူ လုပ်နေကြတာပါ။ ပစ်တဲ့သူတွေ ပစ်နေသလို၊ ချစ်တဲ့ သူတွေက ချစ်နေရင် ပြီးတာပဲပေါ့။

ရုက္ခစိုး။     ။ ဟုတ်နေတာပဲ …။ ကဲ … အဲဒီလို တပြည်လုံးငြိမ်းချမ်းဖို့ လက်မှတ်ထိုးတော့ကော ဘာဖြစ်မှာတဲ့လဲ။ ဘောပင် မင်ကုန်ရုံပဲ ရှိမှာပေါ့။

ဦးညှိ။     ။ တပြည်လုံး ငြိမ်းချမ်းဖို့ လက်မှတ်ထိုးကြအောင် ကျနော် လုပ်နိုင်ပြီဆိုရင် ပွဲစားခရ … အဲ ကျနော်လည်း ငြိမ်းချမ်းရေး နိုဘဲလ်ဆုတွေ ဘာတွေ ရရင် လာမှာပေါ့ဗျာ။

ရုက္ခစိုး။     ။ ကဲ ကဲ တပြည်လုံး အသာထား။ ကျုပ်ရှေ့မှာ ဒီနှစ်ကောင်ပဲ တကယ် ငြိမ်းချမ်းရေး ရအောင် လုပ်ပြစမ်းပါဦး။

ဦးညှိ။     ။ ဦးရုက္ခစိုးက ကျနော့်ကို မယုံဘူးကိုး … ။ ကျနော် အကြီးကြီးတွေ သိပ်မပြောဘူးချင်ဘူးဗျ …။ ဦးရုက္ခစိုး ကြည့်နေပါ၊ အခု ဖိုးရှုပ်နဲ့ ကြွက်စုတ်တို့ ဘယ်တော့မှ ရန်မဖြစ်ရေး လက်မှတ်ထိုးဖို့ စီစဉ်ထားတယ်။

ဦးညှိက ပြောပြောဆိုဆို ငြိမ်းချမ်းရေး သဘောတူ စာချုပ်ကို ဖိုးရှုပ်နှင့် ကြွက်စုတ်တို့အား ပေးလိုက်ရာ လုံးဝ ရန်မဖြစ်ရေး သဘောတူကြောင်း လက်မှတ် ရေးထိုးကြပြီး လက်ဆွဲနှုတ်ဆက် ကြလေသည်။

ဦးညှိက လက်ခုပ်တီးပေးသည်။ ထို့နောက် ဦးရုက္ခစိုးကို သက်သေအဖြစ် လက်မှတ်ထိုးခိုင်းသည်ကို ဦးရုက္ခစိုး မကြားချင်ယောင် ဆောင်ပြီး ဖိုးရှုပ်ဘက်သို့ လှည့်၍ “အခုမှ ငါသတိရတယ် ဖိုးရှုပ် … မင်း ဆီဒိုးနား ဟိုတယ် ကိစ္စ ကြည့်ပြီးပြီလား” ဟု မေးလိုက်သည်။

ဖိုးရှုပ်။     ။ မနေ့က ကြွက်စုတ်ပြောတော့ အဲဒီလင့်ခ်ကြီးက ကြည့်လို့ မရဘူး၊ အမည်းကြီးပဲ မြင်ရတယ်ဆို။

ရုက္ခစိုး။     ။ ဘယ်ကလာ ဟုတ်ရမှာလဲ။ မနေ့က ဒီကောင် တကောင်တည်း ကြည့်နေတာ၊ မင်းကို မပြချင်လို့ နေမှာပေါ့။

ဖိုးရှုပ် ကြွက်စုတ်ကို မကျေမနပ် ကြည့်ရင်း “ဟေ့ကောင် ကြွက်စုတ်၊ မင်း တော်တော် ဘော်ဒါစိတ် မရှိတာပါလား။ ဆီဒိုးနား ဗီဒီယို ငါ့ကို ဘာလို့မပြတာလဲ” ဟု ပြောလိုက်သည်။

ကြွက်စုတ်။     ။ ဟ ဘာမှ မမြင်ရပါဘူးဆို၊ ငါက မင်းကို လိမ်စရာလား။

ဖိုးရှုပ်။     ။ မဖြစ်နိုင်ဘူး …။ မင်းကြည့်ရတယ် ဆိုပြီး လူတကာကို လျှောက်ကြွားချင်လို့ ငါ့ကို မပြတာပဲ ဖြစ်မယ်။

ကြွက်စုတ်။     ။ အဲဒီ သတင်းက အင်ကြီးဟ … အရူးရ။

ဖိုးရှုပ်။     ။ အေး ငါက အရူးဆိုရင် ရိုးရိုးအရူးပဲ ဖြစ်မယ် …၊ မင်းကသာ တဏှာရူး။

သူ့ကို တဏှာရူးဟု ခေါ်လိုက်သဖြင့် ကြွက်စုတ် တင်းသွားသည်။ ထို့နောက် မပြောမဆိုး ဖိုးရှုပ် အင်္ကျီစကို ဆွဲကာ စထိုးတော့သည်။ ဖိုးရှုပ်ကလည်း ကြွက်စုတ်ကို ပြန်ထိုးရာ … အပြန်အလှန် ထိုးနေသကဲ့သို့ ဖြစ်နေပြီး ဦးညှိ ကြားက ဝင်ဖြန်ဖြေ၍ မရဘဲ ဖြစ်နေသည်။ ထိုစဉ် ဖိုးရှုပ်က ကြွက်စုတ် ရင်ဗတ်ကို ဆောင့်တွန်းပြီး ရှေ့မှ ထွက်ပြေးလေရာ … ဖင်ထိုင်လျက် ကျသွားသော ကြွက်စုတ် ကသောကမြော ပြန်ထရင်း ဖိုးရှုပ်နောက်သို့ ပြေးလိုက် လေတော့သည်။

ငြိမ်းချမ်းရေး စာချုပ်ကြီးကိုင်၍ ဘာလုပ်ရမှန်းမသိ ဖြစ်နေသော ဦးညှိကို ကြည့်ရင်း ဦးရုက္ခစိုးက “ကဲ … ဦးညှိ … ဘယ်လိုလုပ်မလဲ။ ဟိုကောင်တွေတော့ ချကုန်ပြီ” ဟု ပြောလိုက်သည်။

ပွဲစားကြီး ဦးညှိက ပြုံးစေ့စေ့လုပ်ရင်း “သူတို့ဘာသာသူတို့ ချရုံမကလို့ သတ်ချင်သတ် …၊ သေနတ်နဲ့ ပစ်ချင်ပစ် ကျနော့် အလုပ်မဟုတ်ဘူး။ သူတို့ရဲ့ ငြိမ်းချမ်းရေး လက်မှတ်တွေရဖို့က လိုရင်းပဲလေ။ အခု လက်မှတ်တွေလည်း ရပြီဆိုတော့ ကျနော်ရဲ့ အလုပ် အောင်မြင်တယ်လို့ ပြောလို့ရတယ်။ ကဲ … သွားလိုက်ပါဦးမယ် ဦးရုက္ခစိုးရေ” ဟု ပြောကာ သီချင်းလေး တအေးအေးဖြင့် ထွက်ခွာသွားသဖြင့် ဦးရုက္ခစိုးတပါးတည်း ပါးစပ်အဟောင်းသားဖြင့် ကျန်နေရစ်ခဲ့ လေတော့သတည်း။ ။

(ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။)

Did you find apk for android? You can find new Free Android Games and apps.
Loading