[irrawaddy_gallery]
နေရာက မန္တလေးတိုင်း အမရပူရမြို့နယ်မှာ တည်ရှိတဲ့ အထက်မြန်မာနိုင်ငံမှာ အကြီးဆုံး တက္ကသိုလ် ရတနာပုံ၊ အချိန်က စက်တင်ဘာ ၁၄ ရက်နေ့ နေ့လယ်ပိုင်း၊ တက္ကသိုလ်နဲ့ ကပ်လျှက် ရှိနေတဲ့ တောင်သမန်အင်းက ရေတွေ တက်လာလိုက်တာ ကျောင်းစာသင် ဆောင်တွေနဲ့ ကော်ရစ်ဒါတွေ ရေမြုပ်သွားတဲ့ အထိပါပဲ။
အဲဒီနေ့ဟာ ဒုတိယနှစ်ဝက် စာမေးပွဲကြီး မဖြေဆိုခင် ၂ ရက်အလိုမှာ ဖြစ်ပါတယ်။ ကျောင်းကြီးသာမက ကျောင်းရှေ့ အနိမ့်ပိုင်းမှာ ရှိနေတဲ့ လမ်းတွေမှာလည်း ရေတွေပြည့်သွားပါတယ်။
ရတနာပုံကို သွားဖို့ လမ်း ၂ လမ်း ရှိတဲ့အနက်က တံခွန်တိုင်ဘက်က ဝင်တဲ့လမ်းဟာ ရေကျော်နေတဲ့ အတွက် စာမေးပွဲ လာဖြေသူ ကျောင်းသူ ကျောင်းသားတွေကို ရန်ကုန် – မန္တလေး လမ်းမကြီးက ဝင်ရတဲ့ နို့ချက်စက်ရုံလမ်းကနေ အဝင်အထွက် လုပ်ဖို့ ကျောင်းအာဏာပိုင်တွေက ကြေညာချက် ထုတ်ခဲ့ပါတယ်။ ဒီ လမ်း ၂ လမ်း စလုံးဟာ နွေမှာ လယ်ကွင်း၊ မိုးမှာ ရေဝင်တဲ့ ကွင်းပြင်ကြီးထဲ ဖြတ်ဖောက်ထားတဲ့ တာလမ်းမကြီးတွေ ဖြစ်ပါတယ်။
စာမေးပွဲ စဖြေတဲ့ နေ့မှာတော့ တလမ်းမောင်း တာလမ်းကနေသာ အဝင်အထွက် လုပ်ရတဲ့အတွက် ကျောင်းဖယ်ရီတွေ၊ ဆိုင်ကယ်တွေ တာလမ်းပေါ်မှာ ကျပ်ညပ်ပြီး ကျောင်းသူ ကျောင်းသားတွေ အတော် ဒုက္ခရောက်ခဲ့တယ်လို့ ဆိုပါတယ်။
တောင်သမန်အင်းကို ရေအဝင်များတဲ့ အတွက် ရေပြည့်ရေလျှံ ဖြစ်ပြီး၊ အခုလို ကျောင်းထဲအထိ ရေဝင်တဲ့ အဖြစ်မျိုးဟာ ၂၀၀၄ ခုနှစ်မှာလည်း တခါ ဖြစ်ခဲ့ဖူး ပါတယ်။ အဲဒီတုန်းကတော့ စာမေးပွဲရက်နဲ့ မတိုက်ဆိုင်တဲ့အတွက် ကျောင်းပိတ်ပေး လိုက်ပါတယ်။ မာလ်တီမီဒီယာ အခန်းတွေက ကွန်ပျူတာ ပစ္စည်းတွေ၊ စာကြည့်တိုက်က စာအုပ် စာတမ်းတွေကို ကျောင်းသားတွေ အကူအညီနဲ့ အထပ်မြင့် ကျောင်းဆောင်တွေပေါ်ကို ချက်ချင်းရွှေ့ခဲ့ရပါတယ်။ ရေကျော်ခံလိုက်ရတဲ့ တာလမ်းမတွေ ဆိုတာကလည်း ရေပြန်ကျချိန်မှာ ပေါက်တဲ့နေရာ ပေါက်၊ ကတ္တရာ ကုန်တဲ့နေရာ ကုန်နဲ့ အတော်ဆိုးဝါးတဲ့ လမ်းတလမ်း ဖြစ်သွားခဲ့ ဖူးပါတယ်။
ကမ္ဘာကျော် ဦးပိန်တံတား တည်ရှိရာ တောင်သမန်အင်းရဲ့ အရှေ့ဘက်မှာ တည်ရှိတဲ့ ရတနာပုံ တက္ကသိုလ်ကို ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာပါ။ ၁၉၉၆ မှာ တက္ကသိုလ် ကျောင်းတွေ ရက်အကန့်အသတ် မရှိ ပိတ်လိုက် ပြီးတဲ့နောက် လေးနှစ်နီးပါး အကြာ ၂၀၀၀ ပြည့်နှစ် မှာတော့ မန္တလေး တက္ကသိုလ် ကျောင်းသားတွေက ရတနာပုံ တက္ကသိုလ်ကို ပြောင်းတက်ရ ပါတော့တယ်။ မန္တလေးမြို့နဲ့ ၇ မိုင်ခန့် အကွာမှာ ရှိတဲ့ ရတနာပုံ တက္ကသိုလ်ဟာ ၈၃ ဒဿမ ၂၆ ဧက ကျယ်ဝန်းတဲ့ ကွင်းပြင်ကြီးထဲမှာ တည်ဆောက် ထားတာပါ။ ကျောင်းဖွင့်စ အချိန်မှာ လမ်းတွေကလည်း ခင်းလို့ မပြီးသေး၊ ကျောင်းဆောင်တွေလည်း ဆောက်လုပ်လို့ မပြီးသေးတာကြောင့် ကျောင်းသူ ကျောင်းသားတွေဟာ ကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ သင်္ချိုင်းဟောင်းထဲက ဇရပ်တွေမှာ ကျောင်းအပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျောင်းစတက်တဲ့ အချိန်တွေကတော့ စိတ်ညစ်စရာပါ။ ကျောင်းက ဝေးလွန်းတော့ အများစုက အဝေးသင် ပြောင်း ကုန်ကြတယ်။ မတက်နိုင်ကြတော့ဘူးလေ” လို့ ကျောင်းသားဟောင်း တယောက်က ဆိုပါတယ်။
ရတနာပုံ တက္ကသိုလ်ဟာ နိုင်ငံတဝှမ်းက တခြား တက္ကသိုလ်သစ်တွေ လိုပဲ မြို့ပြင် အထုတ်ခံလိုက်ရတဲ့ တက္ကသိုလ် တခု ဖြစ်တဲ့အတွက် မဆောက်ခင် ကတည်းက ကြိုတင်ပြင်ဆင်တာ၊ တွက်ချက်တာတွေ လုပ်ထားခဲ့ဟန် မတူပါဘူး။ ကျောင်း ဖွင့်ပြန်တော့လည်း ကျောင်းဆောင်သစ်တွေ ဆောက်လုပ်ရင်းကနေ ကျောင်းသား ကျောင်းသူတွေ ကျောင်းတက်ရင်း ဆောက်ခဲ့လုပ်ခဲ့တာ အခု အချိန်ထိ ဖြစ်ပါတယ်။
“စီမံခန့်ခွဲမှုတွေ ကလည်း ညံ့တော့ တောင်သမန်ရဲ့ အနေအထားကို မလေ့လာ မသုံးသပ်ဘဲနဲ့ အင်းစပ်မှာ ရတနာပုံ တက္ကသိုလ်ကြီး ဆောက်လိုက်ကြတယ်။ သူက တောင်သမန် အင်းထဲကို ချောင်းမြောင်းတွေ စီးဝင်တဲ့ နေရာမှာ ဆောက်လိုက် သလို ဖြစ်သွားတာ။ တောင်သမန်ကလည်း ၁၂ ရာသီ ရေပိတ်ထားလေတော့ ရေများတဲ့ နှစ်တွေဆိုရင် ရေက အခုလို တက်တော့တာပေါ့” လို့ မန္တလေး မြို့သား စာရေးဆရာ ဆူးငှက်က ဧရာဝတီကို ပြောပါတယ်။
နှစ်စဉ် ရေတိုးတတ်တဲ့ တောင်သမန်အင်း ကိုလည်း ၁၉၈၈ ခုနှစ် နောက်ပိုင်းက စလို့ အင်းလေလံ ပေးပြီး ငါးမွေးမြူရေး လုပ်စေခဲ့တဲ့ အတွက် အရင်လို ရေဝင်ရေထွက် ပုံမှန် မရှိတော့ဘဲ ရေအမြဲ ရှိနေတဲ့ ငါးမွေးမြူရေး လှောင်ကန်အဖြစ် တည်ရှိနေတော့ တာကလည်း တက္ကသိုလ်ကျောင်းထဲအထိ ရေကြီးရခြင်းရဲ့ အကြောင်းရင်း တချက် ဖြစ်တယ်လို့ ဆိုပါတယ်။ တောင်သမန်ကနေ ဧရာဝတီကို ထွက်မယ့် ရေတွေကို တံတားဖြူဆိုတဲ့ ရေထိန်းတံခါးကနေ ထိန်းထားတဲ့ အတွက် အင်းထဲမှာ ရေက ၁၂ ရာသီ ရှိနေတာပါ။ မိုးရာသီမှာ အင်းထဲကို ရေထပ်တိုးလာတဲ့အခါ ရေထွက်ပေါက် မရှိဘဲ အနီးအနား ဝန်းကျင်က ရွာတွေနဲ့ ရတနာပုံ တက္ကသိုလ်ထဲအထိ ရေကြီးရေလျှံ တာတွေ ကြုံရပါတော့တယ်။
“တောင်သမန် ဆိုတာ အရင်ကတော့ သုံးရာသီအလှလို့ ဆိုကြတယ်။ နွေဆိုရင် အင်းထဲမှာ ကိုင်းတွေ ယာတွေ စိုက်ကြတယ်။ ဦးပိန်တံတားကြီးက အဲဒီစိုက်ခင်းတွေ အပေါ်မှာ စီးမိုးပြီး ရှိနေတဲ့ မြင်ကွင်းက ထူးခြားတယ်။ မိုးတွင်းလည်း ရောက်လာရော အဲဒီ မြင်ကွင်းက ပျောက်သွားပြီးတော့ အင်းက ရေပြည့်သွားတယ်၊ တံတားကလည်း တကယ့် ရေပေါ်က တံတားကြီး ဖြစ်သွားတယ်။ ဆောင်းကျတော့လည်း ရေကျသွားတဲ့ ဆောင်းအလှ ရှိတယ်။ ဒါကြောင့်လည်း ဒီနှစ်ပေါင်း တရာကျော်ရှိတဲ့ သစ်သား တံတားကြီးက ခိုင်တာကိုး။ အခုလို ၁၂ ရာသီ ရေဖြည့်ထားတော့ ကမ်းစပ်က မယ်ဇယ်ပင်တွေ သေကုန်တယ်။ ရေကြောင်း အပြောင်းအလဲတွေ ဖြစ်ကုန်တယ်။ နုန်းတွေ တင်ပြီးတော့ အင်းပါကော လာမယ်” လို့ ဆရာဆူးငှက်က ဆက်ပြောပါတယ်။
တောင်သမန်ကို ပိတ်ပြီး အင်းလေလံ ယူတာကြောင့် အရင်က တောင်သမန် ရေကျချိန်မှာ လယ်၊ ကိုင်း လုပ်သူတွေ အများအပြားလည်း ဒုက္ခရောက်ရတယ်လို့ ဆိုပါတယ်။ အင်းရေ ပြည့်နေတာကြောင့် ခန့်မှန်းခြေ စိုက်ဧက ၂၀၀ ခန့်ဟာ မစိုက်ပျိုး နိုင်တော့ဘူးလို့ သိရပါတယ်။
“အစပိုင်းတော့ စားဝတ်နေရေး ကြပ်တည်းတာပေါ့။ ကိုယ် နှစ်စဉ် စိုက်နေကျ နေရာက ရေသွင်းထားတော့။ နောက်ပိုင်းမှာ ရတနာပုံ တက္ကသိုလ်ထဲ ဈေးသွားရောင်းတယ်။ ကိုင်းသမား တော်တော်များများ တက္ကသိုလ်ထဲမှာ ဈေးရောင်းရတော့ နည်းနည်းပါးပါး တော့ ချောင်လည်လာတာပေါ့။ ဒါပေမယ့် တောင်သူကတော့ တောင်သူအလုပ်ပဲ လုပ်ချင်တယ်” လို့ အရင်က တောင်သမန်အင်း ရေကျချိန်မှာ စိုက်ပျိုးရေးလုပ်ခဲ့ပြီး အခု တက္ကသိုလ်ထဲမှာ ဈေးရောင်း နေရသူ တဦးက ဧရာဝတီကို ပြောပါတယ်။
တောင်သမန်ရေဟာ နှစ်ပေါင်းများစွာ ပိတ်ခံထားရတဲ့ လှောင်ရေ ဖြစ်နေတာကြောင့် အနံ့အသက် မကောင်းတာ၊ မွေးမြူရေး ငါးတွေကြောင့် ဒေသမျိုးရင်း ငါးတွေ မျိုးသုဉ်းကုန်တာ၊ အင်းရေထဲမှာ ရောက်နေတဲ့ မယ်ဇယ်ပင်တချို့ သေဆုံးကုန်တာ အစရှိတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကိုလည်း ရင်ဆိုင်လာရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အများစုကတော့ ရေထိန်းတံခါးကို မရှိစေချင်ဘူး။ အရင်လို နွေ၊ မိုး၊ ဆောင်း သူ့ အလှနဲ့သူ ရှိစေချင်တယ်။ အခုဆိုရင် ရေက ပုပ်နေပြီ။ တော်တော် အနံ့ မကောင်း ဖြစ်နေပြီ။ Tour လုပ်ငန်း ဘက်ကနေ ကြည့်ရင်လည်း အဆင်မပြေဘူး။ ဧည့်သည်တွေ ဒီနေရာကို မကြိုက်လို့ မလာတော့ရင် ဒီတံတားကြီးနဲ့ ဒီအင်းကို မှီခို နေရသူတွေ အားလုံး ဒုက္ခရောက်မယ်” လို့ တောင်သမန် အင်းစောင်းမှာ စားသောက်ဆိုင် ဖွင့်ထားတဲ့ ကိုငြိမ်းဝင်းက ဧရာဝတီကို ပြောပါတယ်။
တောင်သမန်အင်းကို ဖြတ်ပြီး ဆောက်လုပ်ထားတဲ့ ဦးပိန်တံတားဟာ ကမ္ဘာကျော် အလှအပများမှာ တခု အပါအဝင် ဖြစ်ပါတယ်။ မန္တလေးကို ရောက်လာတဲ့ ခရီးသွား မှန်သမျှ တောင်သမန်နဲ့ ဦးပိန်ကို မရောက်ရောက်အောင် သွားကြပါတယ်။ တောင်သမန်အင်းကို ဖြတ်သွားနိုင်ဖို့ ဦးပိန်တံတားကို ၁၂၁၁ ခုနှစ် ပုဂံမင်း လက်ထက်မှာ စဆောက်ခဲ့တာပါ။ ဆောက်လုပ်တဲ့ အချိန် ၃ နှစ်နီးပါး ကြာမြင့်ပြီး တံတားတိုင်တွေဟာ အင်းဝနန်းတော်ဟောင်းက တိုင်တွေကို အသုံးပြု ထားတယ်လို့ ဆိုပါတယ်။ တံတား အရှည်က ၁ ဒဿမ ၂ ကီလိုမီတာ ရှိပြီး ကမ္ဘာပေါ်မှာ အရှည်ဆုံး ကျွန်းသား တံတား ဖြစ်ပါတယ်။
သက်တမ်း နှစ်ပေါင်း ၁၅၀ ကျော် ရှိနေပြီ ဖြစ်တဲ့ ဦးပိန်တံတားဟာ ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ထိန်းသိမ်း ရမယ့် သမိုင်းအမွေအနှစ် တခု ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် တောင်သမန် ရေကြီးရာမှာ ဦးပိန်တံတားက တံတားတိုင် တချို့ ရေနဲ့ မျောပါ သွားခဲ့ဖူးပါတယ်။
ဆယ်စုနှစ် ၂ စု နီးပါး ရေထဲမှာ နေခဲ့ရတဲ့ တံတားတိုင်တွေရဲ့ ကြံ့ခိုင်မှုဟာ စိုးရိမ်စရာ ကောင်းသလို၊ အင်းကို ပိတ်ပြီး ငါးမွေးလို့ရတဲ့ ဝင်ငွေနဲ့ တံတားနဲ့ အင်းကို သဘာဝအတိုင်း ထိန်းသိမ်းပြီး ခရီးသွားလုပ်ငန်းက ရမယ့် ဝင်ငွေကိုလည်း ချိန်ထိုး စဉ်းစားသင့်တယ် လို့ ခရီးသွား လုပ်ငန်းရှင် တချို့က ဆိုပါတယ်။ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက တောင်သမန် အနီးကနေ ဖြတ်ပြီး မြို့ပတ်လမ်း ဖောက်မယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဖွံ့ဖြိုးမှု၊ တိုးတက်မှုတွေ ရှိလာတာနဲ့ အမျှ သမိုင်းတန်ဖိုး၊ သဘာဝပတ်ဝန်းကျင် တန်ဖိုးတွေဟာ ကျဆင်းလာတတ်တာ ဓမ္မတာ ဖြစ်ပါတယ်။ ရတနာပုံ တက္ကသိုလ်ဟာ တိုးတက်မှုရဲ့ ပြယုဂ် ဖြစ်မယ်ဆိုရင် တောင်သမန်ဟာ ထိန်းသိမ်းထားသင့်တဲ့ သမိုင်း အမွေအနှစ် ဖြစ်ပါတယ်။
ဘာသာရပ်ပေါင်း ၂၀ ကျော် သင်ကြား ပို့ချနေတဲ့ ရတနာပုံ တက္ကသိုလ်ကြီး အဓွန့်ရှည် တည်တံ့ဖို့ အရေးကြီးသလို၊ နှစ်ပေါင်း တရာ့ငါးဆယ်ကျော် ခိုင်ခံ့ခဲ့တဲ့ သမိုင်းဝင် တံတားကြီးလည်း တည်တံ့ဖို့ အရေးကြီး နေပါတယ်။ သူတို့ နှစ်ဦး အပြန်အလှန် အရေးကြီး သလို သူတို့ကို အမှီအခို ပြုနေတဲ့ ဒေသခံတွေ၊ ကျောင်းသူ ကျောင်းသားတွေဟာလည်း အရေးကြီးပါတယ်။ အခု အချိန်မှာသာ ဂီတ စာဆို နန်းတော်ရှေ့ ဆရာတင် ရှိနေအုံးမယ်ဆိုရင် သူ့ရဲ့ တောင်သမန် သီချင်းထဲမှာ ရတနာပုံကို ထည့်သွင်း စပ်ဆိုနေမလားလို့ စဉ်းစားမိပါတယ်။