ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည် စင်ကာပူက ဘာတွေ သယ်ဆောင် လာခဲ့သလဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး စင်ကာပူ နိုင်ငံ ခရီးစဉ်ပြီးဆုံးလို့ မြန်မာ နိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု ခရီးစဉ်ဟာ စင်ကာပူ ထိပ်သီးညီလာခံ တက်ဖို့ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာန က ဖိတ်ကြား ခဲ့ပြီး သီးသန့် လေယာဉ်နဲ့ အကြိုအပို့လုပ်ခဲ့ပါတယ်။

ဒါဟာ တချိန်က စင်ကာပူ- မြန်မာ ၂ နိုင်ငံ အစိုးရချင်း ဆက်ဆံရေးကနေ အတိုက်အခံနဲ့ ဆက်ဆံရေးကိုပါ စင်ကာပူ ဘက်က မျက်နှာစာသစ် ဖွင့်လိုက်တာပါ။

တချိန်က စင်ကာပူရဲ့ မျက်ကွယ်ပြုတာခံခဲ့ရတဲ့ မြန်မာ့ ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင်ကို စင်ကာပူ သမ္မတ၊ ဝန် ကြီးချုပ်၊ ဝါရင့်ဝန်ကြီး၊ လွှတ်တော် အကြီးအကဲတွေ အပါအဝင် စင်ကာပူစီးပွားရေးရဲ့ အဓိက ပဲ့ ကိုင်ရှင် စီးပွားရေး လုပ်ငန်းရှင်တွေက အထူး အလေးထားဆက်ဆံခဲ့ကြတာ စင်ကာပူ သတင်းတွေက သက်သေပြနေပါတယ်။

စင်ကာပူ၊ မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးက တကယ်တော့ ၁၉၆၆ ခုနှစ် ယခင် အာဏာရှင်ဟောင်း ဦးနေဝင်း လက်ထက် က တည်းက စတင်ခဲ့ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရလက်ထက်တွေကလည်း တလျှောက်လုံး အစိုးရချင်း ဆက် ဆံရေး ကောင်းပါတယ်။

စစ်အစိုးရများလက်ထက် အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခံနေရချိန် စင်ကာပူဟာ မြန်မာ အ တွက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်လွှားတဲ့ Proxy နိုင်ငံတခုလည်း ဖြစ်တယ်လို့ ပြောရင် မမှားနိုင်ပါ။

တဖက်မှာလည်း ပြီးခဲ့တဲ့ သြဂုတ်လစာရင်းအရ စင်ကာပူဟာ မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၂. ၅ ဘီလျံနီးပါးလာ ရောက် ရင်းနှီးမြှုပ်နှံထားပါတယ်။ ဒီထက်လည်း ပိုနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိပါတယ်။

ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူခရီးစဉ်အတွင်း ထိပ်သီး ညီလာခံတက်ရောက်ပြီး မိန့်ခွန်းပြောတာမှာ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံလိုသူတွေကို ဖိတ်ခေါ် ပြောဆိုရင်း တာဝန်သိ ရင်းနှီးမြှုပ်နှံမှုမျိုး ဖြစ်ဖို့လည်း တိုက် တွန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေ၊ စင်ကာပူ စီးပွားရေး လုပ်ငန်း ရှင်တွေနဲ့ တွေ့ဆုံမှုတွေ ရှိ ခဲ့သလို တက္ကသိုလ်တွေ၊ ကျောင်းတွေမှာ ဟောပြောပို့ချမှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ စက်တင်ဘာ ၂၀ ရက်က စတင်တဲ့ စင်ကာပူ ခရီးစဉ်ကြောင့် စင်ကာပူ-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးဟာ လာမယ့် အနာဂတ် အစိုးရများအထိ ကျယ်ပြန့်စွာနဲ့ ပိုကောင်းလာမယ့် လက္ခဏာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရရင် မြန်မာနိုင်ငံအတွက် အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်တယောက်ရတာပဲ ဖြစ်တယ်လို့ စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းရဲ့ မှတ်ချက်ပေးစကားက သက်သေထူနေပါ တယ်။

စင်ကာပူ ခရီးစဉ် အဆုံးသတ်အနေနဲ့ စက်တင်ဘာလ ၂၃ ရက်နေ့၊ ညနေပိုင်းက စင်ကာပူ နိုင်ငံ၊ ရှန်ဂရီလာဟိုတယ် မှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စ အလေးထားပြောဆိုခဲ့ပါတယ်။

“၂၀၁၅ ခုနှစ် မတိုင်မီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အချိန်မီမပြင်ဆင်ခဲ့ဘူးဆိုရင် ပြင်ဆင်လို့ ဖြစ်လာမှာတွေထက် ပြဿနာတွေ ပိုများလာမယ်လို့ ကျမ အခိုင်အမာ ပြောရဲပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

စင်ကာပူ ခရီးစဉ်အတွင်း မြန်မာ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အခြား ဒီမိုကရေစီအသွင်ကူးပြောင်းလာတဲ့ နိုင်ငံ တွေနဲ့ အဓိက မတူတဲ့အချက်ဖြစ်တဲ့ တဖက်သတ်လုပ်တဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။

“သူတို့ နိုင်ငံတွေမှာ ပြုပြင် ပြောင်းလဲရေးကို ၂ ဦး ၂ ဖက်၊ ၂ ဦး ၂ ဖက်ဆိုတာက အတိုက် အခံနဲ့ အရင်တုန်းက အာ ဏာရှင် အစိုးရဘက်နဲ့က သဘောတူညီမှု ယူပြီးတော့ ဆွေးနွေးပြီးတော့မှ လုပ်တဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်တယ်။ အခု ကျမတို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ဆိုတာဟာ တဖက်သတ် ဆုံးဖြတ်ပြီး လုပ်တဲ့ ပြုပြင် ပြောင်းလဲရေး ဖြစ်တယ်”လို့ သူက ပြောခဲ့ပါတယ်။

နိုင်ငံရေးအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြောဆိုခဲ့သလို အသွင်းကူးပြောင်းနေဆဲ မြန်မာနိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာရေးအတွက်လည်း စင်ကာပူ ထိပ်သီး ညီလာခံမှာ ဖိတ်ခေါ် ပြောဆိုခဲ့ ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလာရောက်စေရေး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အတည်ပြု ပြဋ္ဌာန်းခဲ့ပေ မယ့် အခုထိ မျှော်လင့်ထားသလောက် လာရောက်မှု မရှိသေးကြောင်းနဲ့ လက်ရှိ မြန်မာအစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှု တွေလာအောင် ထိုင်စောင့်နေတဲ့ ပုံစံဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့အတွက် ပွင့်လင်းမြင်သာတဲ့ နိုင်ငံတော်စီမံကိန်းတွေ ရှိထားဖို့လိုအပ်နေတာကို ပြော ဆိုပြီး အခုထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ မျှော်လင့်ထားသလိုဝင်ရောက်လာမှု မရှိတာဟာ အဓိက အချက် ၂ ချက်ဖြစ် တဲ့ တရား ဥပဒေစိုးမိုးမှုနဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ အားနည်းချက်တွေဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံကို စင်ကာပူက ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လာအောင် စင်ကာပူ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဘယ်လို သဘောတူညီမှုတွေ ရခဲ့တယ်ဆိုတာတော့ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြောတာမျိုး မရှိခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူ လွှွတ်တော်ကိုလည်းသွားလေ့လာသလို လွှတ်တော်အကြီးအကဲနဲ့လည်းတွေ့ ဆုံ ခဲ့ ပါတယ်။ ဒီအပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဗျူရိုကိုလည်း သွားရောက်လေ့လာခဲ့ပါသေးတယ်။

အဂတိ လိုက်စားမှုနဲ့ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အဂတိ လိုက်စားမှုဟာ နိုင်ငံ တကာမှာ လည်း ရှောင်လွှဲလို့ မရတဲ့အကြောင်းနဲ့ မြန်မာ့လူ့အဖွဲ့အစည်းက အဂတိလိုက်စားမှုအပေါ် လက်ခံနိုင်မှု မရှိ တာကိုတော့ ပြောသွားခဲ့ပါတယ်။

စင်ကာပူရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ ပြည်ပရောက် မြန်မာတွေ တိုင်းပြည် ပြန်လည်ထူထောင်ရေးမှာ ပြည်တော်ပြန်ပြီး ဝိုင်းဝန်းကူညီဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုခဲ့ပါသေးတယ်။

ပြည်ပရောက်တွေ ပြည်တော်ပြန်ပြီး လိုချင်တဲ့ အခင်းအကျင်းတခုကို အတူ ဖန်တီး ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် ပြည်တော် ပြန်နှင့်ကြပြီးသား မြန်မာတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု အပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အားနည်းနေသေးတာ သတိထား မိပါတယ်။

NLD ပါတီနဲ့ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲမှာ ထည့်သွင်း ပြောဆိုသွားခဲ့ပါ သေးတယ်။

“ကျမ စိန်ခေါ် ရဲ ပါတယ်။ မြန်မာနိုင်ငံမှာ NLD လို စွမ်းဆောင်ရည်ရှိပြီး ဒီမိုကရေစီနည်းလမ်းတွေနဲ့ အကောင်အထည် ဖော်နိုင်တဲ့ နောက် ထပ် နိုင်ငံရေးပါတီမျိုးရှိရဲ့လား၊ NLD ပါတီဟာ မြန်မာနိုင်ငံမှာ ထိရောက်မှု အရှိဆုံး ပါတီဖြစ်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အခုလိုပြောဆိုလိုက်တာဟာ မြန်မာ့နိုင်ငံရေး လောကမှာ NLD ပါတီဟာ ဒေါ်အောင်ဆန်းစုကြည် မရှိရင် ရှေ့ခရီးဆက် ဖို့ ဦးဆောင်ဦးရွက်လုပ်နိုင်မယ့် လက္ခဏာမရှိဘူးဆိုတဲ့ ဝေဖန်မှုအားလုံးကို ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။

NLD ပါတီဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး အတိုက်အခံပါတီ ဖြစ်တာမှန်ပေမယ့် ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်း သား အဖွဲ့အစည်းအများစုနဲ့ နီးကပ်တဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးမျိုး မရှိဖြစ်နေချိန်မှာ အခုလို ပြောဆိုလိုက်မှု ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီရဲ့ ပကတိသရုပ်မှန်ကို သေချာ မသိသေးလို့ အဲဒီလို ပြောဆိုတာဆိုတဲ့ ဝေဖန်မှုတွေလည်း ပေါ်ထွက်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံဆီက လေ့လာသင်ယူစရာတွေရှိတယ်လို့ ပြောသလို စင်ကာပူနိုင်ငံကလည်း မြန်မာနိုင်ငံဆီက နွေးထွေးတဲ့ မိသားစုဆက်ဆံရေးမျိုးတွေ ပြန်လည် သင်ယူဖို့ လိုတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ အာဏာ ရှိသူ မဟုတ်ပေမယ့် သြဇာကြီးသူ တဦးပီပီ စင်ကာပူက လေ့လာသင်ယူ ခဲ့မှုတွေကို မြန်မာနိုင်ငံမှာ ဘယ်လို အောင်မြင်အောင် ဖန်တီးနိုင်မလဲဆိုတာတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်ကာပူ ခရီးစဉ်ဟာ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေ အတွက် ဘာတွေ ဆောင်ကျဉ်းခဲ့တယ်ဆိုတာ ၂ ဖက်လုံးက အသေးစိပ်ထုတ်ပြန်မှုတွေ မရှိကြလို့ ခန့်မှန်းရခက်နေဆဲ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading