ဆောင်းပါး

ဦးရုက္ခစိုးနှင့် အမြင်မှန်ရသွားသော သစ်ခုတ်သမား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တယောက်လည်ပင်း တယောက်ဖက်ပြီး ပြုံးပြုံးရွှင်ရွှင် ရယ်မောရင်း ရောက်လာ ကြသည့် ဖိုးရှုပ်နှင့်ကြွက်စုတ်ကို ကြည့်ပြီး ဦးရုက္ခစိုး အံ့သြသွားသည်။ လွန်ခဲ့သော ရက်ပိုင်းလေးကမှ ဆီဒိုးနား ဗီဒီယို ကိစ္စကြောင့် နှစ်ဦးသဘောတူ ငြိမ်းချမ်းရေး လက်မှတ် ထိုးထားသည့် စာချုပ်ကိုမှ အားမနာ တယောက်ကို တယောက် သတ်မလိုဖြတ်မလို ရန်စောင်နေသူ နှစ်ယောက်က လက်ရေ တပြင်တည်း သီချင်းထဲကလို ရှေးကထက် ပိုချစ်နေကြသည့်ပုံ ပေါက်နေ၍ ဦးရုက္ခစိုး အံ့သြမိတာ မလွန်ပါ။ ဝိုင်ဖိုင် အလကားရသည့် အင်တာနက်ဆိုင်မှာ ကျောက်ချထိုင်ရင်း ချင်းမိုင်မှာ ကျန်ခဲ့သည့် ဟိုတယ်စောင့် နတ်သမီး လေးတပါးနှင့် ချက်တင်မှာ ကျူနေချိန် အလိုက်ကမ်းဆိုးမသိ ရောက်လာသည့် နှစ်ကောင်ကို စိတ်ဆိုးဖို့ မေ့ပြီး စပ်စုကြည့်မိသည်။

ရုက္ခစိုး။     ။ မင်းတို့ နှစ်ကောင် ပြန်တည့်သွားတာကလည်း မြန်လိုက်တာ။

ဖိုးရှုပ်။     ။ ကျနော်တို့က ဒီလိုပဲ ဥစ္စာ။ ဦးရုက္ခစိုးလည်း သိသားနဲ့။

ရုက္ခစိုး။     ။ ဒါဆိုရင် စာချုပ်ထဲက အတိုင်း ငြိမ်းချမ်းစွာ နေကြမယ်ပေါ့။

ကြွက်စုတ်။     ။ မချုပ်လည်း ကျနော်တို့က ငြိမ်းတဲ့အခါ ငြိမ်းနေတာပဲ ဦးရုက္ခစိုးရာ။

ဖိုးရှုပ်။     ။ ကျနော်တို့က သူငယ်ချင်းတွေပဲ။ တယောက်ကို တယောက် အရမ်းခင်ကြတာ။

ကြွက်စုတ်။     ။ ခင်မင်တယ်ဆိုတာ ရင်ထဲကခံစားမှု၊ လူသားတွေရဲ့ ရင်ထဲက ခံစားမှုကို သက်မဲ့စာရွက် ပေါ်က စကားလုံး တွေနဲ့ ဘောင်ခတ်ပေးလို့ ပြည့်စုံမလား ဦးရုက္ခစိုးရယ်။

ဖိုးရှုပ်။     ။ တယောက်ရင်ထဲ တယောက်မြင်ရင် အခုလို အတူတူသွားလို့ ရတာပဲမဟုတ်လား။

တယောက်တခွန်း ဆက်တိုက် လွှတ်နေသောကြောင့် ဦးရုက္ခစိုး နားကလောလာသည်။

ရုက္ခစိုး။     ။ တော်တန် … တိတ်။ မင်းတို့ကိုယ် မင်းတို့ ရက်ပါတွေများ အောင့်မေ့နေလား။ ငါက ဂန္ထဝင် ရုက္ခစိုးကွ။ ရက်ပင်တွေ လာရွတ်ပြမနေနဲ့ နားညည်းတယ်။

မျက်နှာထားတည်တည်နှင့် ငေါက်လိုက်တော့မှ နှစ်ယောက်သား နားရွက်ကုပ်ပြီး ငြိမ်သွားကြသည်။ ဒီလို ကျတော့လည်း ငါ့ကို ချစ်ကြောက်ရိုသေကြသားပဲဟု စိတ်ကောင်းလေး ဝင်လာမိသောကြောင့် သူတို့ ဘာကြောင့် အူမြူး လာကြသည်ကို နတ်မှုရေး အရ မေးကြည့်မိသည်။

ရုက္ခစိုး။     ။ ကဲ … နေပါဦး။ ငါ့ကို တွေ့အောင်ရှာပြီး ထန်းလျက်တွေ့တဲ့ သုနက္ခမျက်နှာနဲ့ ရောက်လာတာ ဘာအကြောင်း ရှိလို့လဲ။

မျက်နှာသေလေးတွေနှင့် ငြိမ်နေကြရာမှ ဖိုးရှုပ်နှင့် ကြွက်စုတ် ပြန်ပြီး လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ တယောက်ကို တယောက်လည်း သူအရင်ပြောနိုး၊ ငါအရင်ပြောနိုးနှင့် အပြန်အလှန်ကြည့်နေကြ၏။ လုပြောသလို ဖြစ်သွားရင် ဦးရုက္ခစိုး ဟောက်တာ ခံရမှာလည်း စိုးရိမ်နေကြပုံရသည်။ နောက်ဆုံး မနေနိုင်တော့သော ဦးရုက္ခစိုးကပဲ ဖိုးရှုပ်ကို လက်ညှိုးထိုးပြပြီး
ပြောခိုင်းလိုက်ရသည်။

ရုက္ခစိုး။     ။ ကဲ … ဖိုးရှုပ်၊ မင်းပဲပြော။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုး အတွက် သတင်းကောင်းဗျ။ ဦးရုက္ခစိုးလို ပြည်တော်ပြန် နတ်တွေသာမကဘူး၊ တခြား နတ်တွေ အတွက်လည်း သတင်းကောင်း။ ဦးရုက္ခစိုး မသိသေးဘူးလား။
ဇဝေဇဝါ ဖြစ်နေပုံရသည့် ဦးရုက္ခစိုးကို ကြည့်ရင်း ဖိုးရှုပ် အားမလိုအားမရ ဖြစ်လာသည်။

ဖိုးရှုပ်။     ။ ဟာဗျာ၊ ဦးရုက္ခစိုးကလည်း … အင်တာနက်ပေါ်က မဆင်းတဲ့လူက … အဲလေ … နတ်က … အွန်လိုင်းပေါ်မှာ ဒီလောက် ထောင်းလမောင်းထနေတဲ့ သတင်းကို မသိဘူးလား။

ရုက္ခစိုး။     ။ ဆီဒိုးနား ကိစ္စလား။ အဲဒါက အင်ကြီးဆို … မင်းတို့တောင် ပြန်ပြေလည်သွားပြီ မဟုတ်လား။

ကြွက်စုတ်။     ။ ဟာ … ဦးရုက္ခစိုးရယ် … ဝေးချက်က ကိုးလောက်ရှိတယ်။ ပဂိုး (ပဲခူး) လောက်တောင် ရောက်နေပြီ။

ဦးရုက္ခစိုး စိတ်ဝင်စားလာပြီဆိုတာ ရိပ်မိလိုက်သည့် အတွက် သူတို့နှစ်ယောက် ပြောရဲဆိုရဲ ပြန်ဖြစ်လာသည်။ ဘာမှ မပြောဘဲ ကြည့်နေသော ကြွက်စုတ်ကပါ ဦးရုက္ခစိုးကို ဘလိုင်းဝင်ခွပ်သည်။ စောစောက သူတို့ကို ရုပ်တည်နှင့် ဟောက်ပစ်လိုက် တာကို အစာမကျေလို့ ပြန်ချေတာပဲ ဖြစ်ရမည်။ ဒါပေမယ့် အွန်လိုင်းပေါ်က သတင်းဆိုတာက ဦးရုက္ခစိုး၏ အညှာကို ဖမ်းကိုင် ထားလိုက်၍ ဒီကောင့်ကို ပြန်ကောဖို့ မေ့နေ၏။

ရုက္ခစိုး။     ။ ခင်လပြည့်ဇော် တရုတ်ပြည်မှာ သွားပြိုင်တဲ့ ကိစ္စလား။ အဲဒါတော့ ငါလည်း မတွေ့သေးဘူး။ ပြိုင်မယ် ဆိုတာပဲ သိတယ်။ ထားထားထက်နဲ့ ဂုဏ်ရည်အေးကျော်က နောက်လတွေမှ သွားပြိုင်မှာ မဟုတ်လား။ သူတို့ ပုံတွေ မတက်သေးဘူး။
ဖိုးရှုပ်နှင့် ကြွက်စုတ် စိတ်ပျက်ဟန်ဖြင့် ခေါင်းခါကြသည်။

ရုက္ခစိုး။     ။ ဒါဆို Miss Universe Myanmar ကိစ္စလား။ ဆန်ခါတင် ၂၀ ထဲက မဲပေးရမယ်လေ။ ငါတောင်မှ အခုထိ ကြည့်တုန်း။ မင်းတို့ ဘာသံကြားလို့လဲ။

ဖိုးရှုပ်။     ။ နတ်ကိစ္စပါလို့ ပြောနေတာကို … သူ သန်ရာတွေချည်းပဲ လျှောက်ပြောနေတယ်။ အခု ကျနော်ပြောမယ့် အကြောင်းက အွန်လိုင်းပေါ်မှာတင် မကဘူး ဂျာနယ်တွေထဲမှာတောင် ရေးနေကြပြီ။ ခက်တော့တာပဲ။

နတ်ကိစ္စဆိုတော့ ဒေါ်လာ ၁၁ ဘီလီယံနှင့်တော့ မဆိုင်လောက်ဟု ဦးရုက္ခစိုးတွေးသည်။ ကိုယ်ကလည်း Miss Universe Myanmar မှာ မဲပေးဖို့ မော်ဒယ်လ်လေး အယောက် ၂၀ ကို တယောက်ချင်း အနုလုံပဋိလုံ လိုက်ပြီး လေ့လာ နေရတာနှင့် အလုပ်ရှုပ် နေမိတော့ ကျန်တဲ့ ကိစ္စတွေ လွတ်ကုန်သည်။ အခုလည်း စကိုင်းနက်က ပြနေသည့် ကြော်ငြာမှာ ကိုယ်ခန္ဓာ အတိုင်းအထွာ ထည့်ပေးထားသည် သတင်းကြားရ၍ အင်တာနက်သုံးရင်း ဆိုင်က ဖွင့်ပေးထားသည့် TV မှာ လာစောင့်ကြည့် နေခြင်းဖြစ်သည်။ တခေတ်နောက်ကျ နေမိပြီဆိုတော့ လေသံကို လျှော့ချပြီး ပြန်မေးရတော့၏။

ရုက္ခစိုး။     ။ ဂျာနယ်တွေလည်း မဖတ်ဖြစ်ပါဘူးကွာ။ အင်တာနက်ကလည်း မင်းတို့သိတဲ့ အတိုင်း ကွန်နက်ရှင်က လိပ်ထက် နှေးနေတာ ဆိုတော့ … မင်းတို့ ဘာကြားခဲ့တုန်း … ပြောပါဦး။

လက်ရှိမှာ ချတ်တင်ပြောနေတာကိုသူတို့ မမြင်အောင် လက်ပ်တော့ကို ပိတ်ချပြီး မေးလိုက်ခြင်းသည်။ ဒီတော့မှာ ကြွက်စုတ်က ဆရာကြီးလေသံဖြင့် နောက်ဆုံးရ နတ်သတင်းကို ပြောပြသည်။

ကြွက်စုတ်။     ။ နိုင်ငံကျော် သစ်ခုတ်သမားကြီးက သူ့အမှားကိုသူ ဝန်ချတောင်းပန်တဲ့ အနေနဲ့ နတ်ကွန်းတွေ ဆောက်လှူ တော့မယ်တဲ့။

ရုကစိုး။     ။ ဘာ … ဘယ်လို။

ကြွက်စုတ်။     ။ ဒီလို ဦးရုက္ခစိုးရာ။ အဲဒီ သစ်ခုတ်သမားကြီးက သူသစ်ပင်တွေ ခုတ်ခဲ့လို့ ဘုံပျောက် ခဲ့ရတဲ့ နတ်တွေ၊ ရုက္ခစိုးတွေ အတွက် နတ်ကွန်းတွေ ဆောက်ပြီး လှူတော့မယ်တဲ့။ နောက်ကို သစ်ပင်တွေ မခုတ်တော့ပါဘူးလို့လည်း ပြောတယ်တဲ့။

ရုက္ခစိုး။     ။ မင်းပြောတာ ဟို … တော်ဝင် သစ်ခုတ်သမားဘွဲ့ ရထားတဲ့ တယောက် မဟုတ်လား။ သူ့မှာ ခုတ်စရာ အပင်ရော ကျန်သေး လို့လားကွာ။

ဖိုးရှုပ်။     ။ သူ့ဖာသာသူ ခုတ်စရာ မရှိတော့လို့ မခုတ်တာပဲ ဖြစ်ဖြစ်ဗျာ။ အခုလို ကျောက်စီ ရွှေပုဆိန်ကို ရုံးခန်းမှာပဲ အလှချိတ် ထားပြီးတော့ နတ်ကွန်းတွေ ဆောက်လှူရင် ဦးရုက္ခစိုးတို့ နေရာ ရတာပေါ့ဗျ။ အခုကတည်းက စာရင်းလေး ဘာလေး ပေးချင် ပေးထားလို့ ရအောင် လာသတင်းပေးတာ။

ကြွက်စုတ်။     ။ ဒါနဲ့ ဦးရုက္ခစိုးက ဒီမှာ ဘာနဲ့ နေတာလဲ။ တရားဝင်လား။ ဟိုဒင်း … ဝှိုက်ကတ်နဲ့လား။ ဘယ်လိုပဲ ဖြစ်ဖြစ် ညှိလိုက်ရင်တော့ ရမယ်ထင်ပါတယ်။

ဖိုးရှုပ်နှင့် ကြွက်စုတ်က တက်တက်ကြွကြွ ပြောနေသော်လည်း တစုံတခုကို တွေးလိုက်မိသော ဦးရုက္ခစိုးမှာ ခေါင်းတရမ်းရမ်း နှင့် နှုတ်ဆိတ်နေမိသည်။ တခြားအချိန်ဆိုရင် “ငါ့ဟာငါ အသက်ကြီးလို့ မုတ်ဆိတ်ရှည်တာ ဝှိုက်ကတ်နဲ့ ဘာဆိုင်လဲ” ဟု ပြန်ဟောက်မိမှာ ဖြစ်သော်လည်း သေသေချာချာ တွေးဖို့အကြောင်း ရှိသွားသော ဦးရုက္ခစိုး ဘာမှပြန်မပြောဖြစ်။ ဟိုနှစ် ကောင်ကလည်း သူ့အမူအရာကို ရိပ်မိသွားသည်။

ကြွက်စုတ်။     ။ ဦးရုက္ခစိုး နေရာ အခက်အခဲရှိနေတာကို အကြောင်းသိတွေမို့လို့ မနည်းလိုက်ရှာပြီး လာပြောတာပါဗျာ။ အခုတော့ ဦးရုက္ခစိုး ကိုကြည့်ရတာ မအူမလည်ကြီးနဲ့။ ဘာဖြစ်နေတာလဲ။

ရုက္ခစိုး။     ။ မဖြစ်ဘူးကွ။ ငါက ရုက္ခစိုး။ ရုက္ခ ဆိုတဲ့ သစ်ပင်ကို စိုးရတာ။ သစ်ပင်မှာပဲ နေရမယ်။ နတ်ကွန်းမှာ နေလို့ မရဘူး။

ဖိုးရှုပ်။     ။ ဟာ … ဒါကတော့ ခေတ်အခြေအနေ အရပဲဗျာ။ အဆင်ပြေတဲ့ နေရာမှာနေရမှာပေါ့။

ရုက္ခစိုး။     ။ မရဘူး ဖိုးရှုပ်။ အဲဒါက ဒဝေ ကွန္စတိကျတိယနဲ့ မကိုက်ညီဘူး။

ဖိုးရှုပ်နှင့်ကြွတ်စုတ် တယောက်မျက်နှာ တယောက် ကြည့်လိုက်ကြသည်။ ပြီးတော့ ဦးရုက္ခစိုးကို မျက်နှာ ငယ်လေးတွေနှင့် ကြည့်ကြ၏။

ကြွက်စုတ်။     ။ ကျနော်တို့ နားမလည်တဲ့ စကားတွေ မပြောပါနဲ့လား ဦးရုက္ခစိုးရယ်။ ကျနော်တို့က ထိုင်းမှာ အနေကြာပေမယ့် ထိုင်းလို မတတ်ဘူးလေ။

ရုက္ခစိုး။     ။ ဟကောင်တွေ။ ဒါ ထိုင်းစကား မဟုတ်ဘူး။ နတ်စကားကွ။ ကွန္စတိကျတိယ ဆိုတာ မင်းတို့ နားလည်အောင် ပြောရရင် နတ်ဖွဲ့စည်းပုံ အခြေခံဥပဒေ။ မင်းတို့ အခုပြောတဲ့ ကိစ္စက နတ်ဖွဲ့စည်းပုံ ဥပဒေနဲ့ မကိုက်ညီဘူး။ ဒါကြောင့် မဖြစ်နိုင်ဘူးလို့ ပြောနေတာ။ သိပြီလား။

ဒီတခါ သူတို့အကြည့်က နားမလည်သည့် အကြည့်မဟုတ်တော့ဘဲ သနားစရာလေးပါလား ဆိုပြီးကြည့်သည့် အကြည့်ဖြစ် သွားသည်။ ခေါင်းကို တဖြည်းဖြည်းခါရင်း တကျွတ်ကျွတ် နှင့်လည်း စုပ်သပ်ကြသည်။

ကြွက်စုတ်။ ။ ဒါလေးများ ဦးရုက္ခစိုးရယ်။ အခြေအနေနဲ့ မကိုက်ညီမှတော့ ပြင်လိုက်ပေါ့။ လွယ်လွယ်လေး။

ရုက္ခစိုး။      ။ ပြင်ချင်တိုင်း ပြင်လို့ရမလားကွ။ ဒါက ၂၀၀၈ ဖွဲ့စည်းပုံ အဲ … မနေ့တနေ့ကမှ ကိုယ်လိုရာဆွဲပြီး ရေးထားတာ မဟုတ်ဘူး။ နှစ်ပေါင်းများစွာ ကမ္ဘာနဲ့ ချီပြီး တည်ခဲ့တဲ့ နတ်ဖွဲ့စည်းပုံ အခြေခံဥပဒေ။ ငါလုပ်ချင်တိုင်း လုပ်လို့မရဘူး။

ဖိုးရှုပ်။     ။ နတ်တွေကလဲဗျာ။ နတ်ဖြစ်ပြီးတော့ နောက်ပိုင်းကျရင် သစ်ပင်တွေ ရှိတော့မှာ မဟုတ်ဘူးဆိုတာ ကြိုမသိကြ ဘူးလား။ ညံ့လိုက်တာ။

ရုက္ခစိုး။     ။ ဟဲ့ အကောင်ရဲ့။ နင်တို့ လူတွေက အသံထက်မြန်တဲ့ လွှတွေနဲ့ ဖြတ်မယ်ဆိုတာတော့ ကြိုသိပါ့မလား။ ငါတို့က ဂန္ထဝင်ပါလို့ ပြောထားတဲ့ဟာကို။ တော်ပြီကွာ မင်းတို့နဲ့ စကားပြောရတာ အဆင်ကိုမပြေဘူး။

ဦးရုက္ခစိုး စိတ်ဆိုးသွားပြီ ဆိုတာကို ရိပ်မိသည့် ကြွက်စုတ်က လေပျော့လေးနှင့် ပြေရာပြေကြောင်း ဝင်ပြောသည်။

ကြွက်စုတ်။     ။ ကျနော် လောကြီးသွားလို့ပါ ဦးရုက္ခစိုးရယ်။ ဆောရီး ဆောရီး၊ ကန်တော့နော်။ ဟို … ကျနော် ပြောချင်တာက ဦးရုက္ခစိုးတို့ နတ်သဘင် အစည်းအဝေးမှာ ဖွဲ့စည်းပုံ ပြင်ဖို့ တင်ပြပြီးတော့ တိုက်တွန်းကြည့်ပါလား လို့။

ရုက္ခစိုး။     ။ အဲဒါကလည်း မလွယ်ဘူးကွ။ ဒီလိုမျိုးပြောဖို့ ဆိုတာက ကွန္စတိကျတိယကို သေသေချာချာ လေ့လာပြီးမှ တင်ပြရမှာ။ ငါပြန်ဖတ်ပြီး လေ့လာရဦးမယ်။

ဖိုးရှုပ်။     ။ ဒါဆိုလည်း မြန်မြန်လုပ်လေဗျာ။ ၂၀၁၅ ကျော်သွားရင် နောက်ထပ် ၅ နှစ် ထပ်စောင့်နေရဦးမယ်။ အခုတောင် အချိန်သိပ်မရှိတော့ဘူး။

ရုက္ခစိုး။     ။ မင်းတို့ကလည်း ခက်နေပြန်ပါပြီ။ ဘာမှလည်း နားမလည်ဘဲနဲ့။ မနေ့တနေ့က ဥပဒေတောင် တသက်လုံး ပြန်ဖတ်ရမလိုလို ပြောတဲ့သူက ပြောနေပြီ။ ဒါတောင်မှ ကိုယ့်လူနဲ့ ကိုယ်။ ကိုယ်ဖြစ်ချင်တာတွေ ချည်းပဲ လျှောက်ရေးထားတဲ့ ဥပဒေနော်။ ငါတို့ဆီမှာလို ကမ္ဘာဦးကတည်းက ပညာရှိနတ်မင်းကြီးတွေ ရေးခဲ့တဲ့ ဥပဒေဆိုရင် ပိုပြီးတောင် အချိန်ယူ သင့်တယ်။

ဦးရုက္ခစိုးနှင့် ဖိုးရှုပ် ဆွေးနွေးနေသည်ကို ခေါင်းတညိတ်ညိတ် နားထောင်နေရာမှ ကြွက်စုတ်က “အဟမ်း အဟမ်း” နှင့် လည်ချောင်းရှင်းလိုက်ပြီး

ကြွက်စုတ်။     ။ ဒီလို လုပ်ပါလား ဦးရုက္ခစိုး။ ဦးရုက္ခစိုးတို့ ဖွဲ့စည်းပုံကို ကျနော်တို့ နားလည်အောင် နည်းနည်းပါးပါး ပြောပြပါလား။ ဘယ်လို တင်ပြရမလဲ ဆိုတာ ဝိုင်းစဉ်းစား ပေးမယ်လေ။ လိုအပ်ရင်လည်း ဂူဂဲလ်မှာ၊ ဝီကီမှာ ရှာကြည့်မှာပေါ့။ ကွန်နက်ရှင် မကောင်းပေမယ့် အဲဒီလောက်တော့ ရမှာပါ။

ဖိုးရှုပ်။     ။ ဟုတ်တယ် ဦးရုက္ခစိုး၊ ကျနော်တို့ နားလည်အောင် ရှင်းပြပါလား။ အရမ်းစိတ်ဝင်စားလို့ပါ။

ကျေးဇူးရှင် နှစ်ယောက်က တကယ်ကို တက်တက်ကြွကြွနှင့် စိတ်ဝင်စားသည့် ပုံပေါက်နေ၍ ဦးရုက္ခစိုးလည်း ရှင်းပြဖို့ ဆုံးဖြတ်လိုက်မိသည်။ သူ့အတွက်စေတနာနှင့် ပြောနေကြတာဆိုတော့ ငြင်းဖို့လည်း အားနာမိသည်။

ရုက္ခစိုး။     ။ ဒီလိုကွာ။ အကြမ်းဖျဉ်းပြောရရင် တို့ နတ်ပြည်က ခြောက်ထပ်ရှိတယ်။ နောက်တော့ ဗြဟ္မာဘုံက ၂၀။ အဲဒါကနေ …

ကြွက်စုတ်။     ။ နေပါဦး … နေပါဦး။ အခုဟာက နတ်ဖွဲ့စည်းပုံနော်။ အဲဒါ ဘယ်လိုကြောင့် ဗြဟ္မာ ၂၀ သားက ပါလာရတာလဲ။

ဖိုးရှုပ်။     ။ ဟာ … သူတို့လည်း ငါတို့ဆီက အတိုင်းပဲနော်။ ဒါပေမယ့် သူတို့က ၅ ကျပ်သား နည်းတယ်ကွ။ တော်သေးတာပေါ့။

ဖိုးရှုပ်။     ။ ဘာပဲပြောပြော သဘောတရားက တူနေတာပဲလို့။

တယောက် တပေါက်နှင့် ပြောနေကြ၍ ဦးရုက္ခစိုး စားပွဲကို လက်နှင့် ထုလိုက်မိသည်။ နတ်တန်မဲ့နှင့် ဒီနေ့ အရှုပ်ထုပ် နှစ်ကောင်ကြောင့် တော်တော် စိတ်တိုနေရသည်။ စိတ်တိုမိသည့် အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်၏။

ရုက္ခစိုး။     ။ ဟေ့ကောင်တွေ မင်းတို့ မေးလို့ ငါပြောနေတာနော်။ စိတ်ရှုပ်အောင် လာမလုပ်ကြနဲ့။ ငါ ဆက်ပြော ရမှာလား။

ကြွက်စုတ်။     ။ ပြောပါ ပြောပါ ရုက္ခစိုးရယ်။ ကျနော်တို့က တိုက်ဆိုင်လွန်းလို့ အံ့သြသွားလို့ပါ။

ဖိုးရှုပ်။     ။ ဆက်မပြောခင် သတိရတုန်း အကြံပေးထားဦးမယ်။ နတ်သဘင်မှာ ဖွဲ့စည်းပုံပြင်ဆင်ဖို့ တင်ပြတဲ့ အခါ အဲဒီ ဗြဟ္မာ ၂၀ သားကို ဖယ်ထုတ်ပေးဖို့ တခါတည်း ပြောလိုက်။

ရုက္ခစိုး။     ။ အဲဒါတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူတို့က ငါတို့ အထက်ကကွ။ တို့ထက် မြင့်တယ်။ ဖယ်လို့ရမှာ မဟုတ်ဘူး။ ငါ့လို ပါမွှားမပြောနဲ့ သိကြားမင်းတောင် ကျော်လို့ မရဘူး။

ဖိုးရှုပ်။     ။ တူပြန်ရောဗျာ။ ဦးရုက္ခစိုးတို့နဲ့ ကျနော်တို့ ဘာမှ မကွာပါလား။

ရုက္ခစိုး။     ။ ကွာတာပေါ့။ လူဟာလူ၊ နတ်ဟာ နတ်ပဲ။ မင်း တို့ကောင်တွေ နည်းနည်းလေး အရောဝင်လိုက် တာနဲ့ ကမ်းတက် လာတော့တာပဲ။ တော်ပြီ။ မင်းတို့လဲ ပြန်တော့။ ငါလဲ ခဏနေရင် သွားစရာ ရှိတယ်။ ဆက်ပြောရင် ငါ လက်ပါမိတော့မယ်။

ဦးရုက္ခစိုး အမှန်အကန် ဒေါဖောင်းသွားတာကို ရိပ်မိပြီး ဖိုးရှုပ်နှင့် ကြွက်စုတ် ခေါင်းလေးတွေ ပုပြီး တိတ်သွားကြသည်။ ဦးရုက္ခစိုးကလည်း လန့်ပြီးပြေးလေ နားအေးလေဟု သဘောထားပြီး ခပ်ထန်ထန်လေး စိုက်ကြည့် နေလိုက်သည်။ ခနကြာတော့ ကြွက်စုတ်က မရဲတရဲ အသံလေးနှင့် လေပြေထိုးသည်။

ကြွက်စုတ်။     ။ ဟိုဒင်းလေ။ ကျနော် စဉ်းစားမိတာ တခုရှိလို့။ အခုသစ်ခုတ်သမားကြီး လှူမယ့် နတ်ကွန်းတွေက ဘာနဲ့ ဆောက်မယ် ဆိုတာ မသေချာသေးပါဘူး။ မင်းရော ဘယ်လိုကြားလဲ ဖိုးရှုပ်။

ဖိုးရှုပ်။     ။ သစ်သားနဲ့ပဲ ဆောက်မှာပေါ့ကွ။ အခုရေတွေကြီးနေလို့ အုတ်တွေ မဖုတ်နိုင်ဘူး။ ဘိလပ်မြေကလည်း လမ်းခင်း နေရတာနဲ့ နေပြည်တော်ဖို့ ရတာနဲ့ လောက်မှ မလောက်တာ။

ကြွက်စုတ် ဝမ်းသာအားရနှင့် လက်ဖျောက်တချက်တီး၍ “ဒါဆိုရင် အဆင်ပြေပြီ။ သစ်သားဆိုတာ သစ်ပင်ကဖြစ်တာပဲလေ။ သစ်သားနဲ့ ဆောက်တဲ့ နတ်ကွန်းမှာ ဦးရုက္ခစိုး နေလို့ရပြီပေါ့” ဟု ပြောလိုက်သည်။

ရုက္ခစိုး။     ။ ဟဲ့ကောင် … နင်တို့ပြောတော့ သူက သစ်ခုတ်တဲ့အလုပ်ကို ပင်စင်ယူလိုက်ပြီဆို။ အမြင်မှန်ရပါပြီဆို။

ဖိုးရှုပ်။     ။ ဟုတ် … ဟုတ်တယ်လေ … သူက အမြင်မှန်ရသွားပါပြီ။

ရုက္ခစိုး။     ။ နတ်ကွန်းကို သစ်သားနဲ့ ဆောက်ပေးမယ် ဆိုတော့ ဘယ်က သစ်ရမလဲ၊ အဲဒီအတွက် လက်ကျန် သစ်ပင်တွေကို စီမံကိန်း အကြောင်းပြပြီး သိမ်းနေမှ ရှိတဲ့ ဘုံက ထပ်ပျောက်ဦးမယ်။ ပြောရင်းက ငါ ဒေါသထွက်လာပြီနော်။ နတ်လက်ဝါး အကြောင်း သိတယ်မဟုတ်လား။

ဦးရုက္ခစိုး၏ အချိန်မရွေး ပေါက်ကွဲနိုင်သော ဒေါသကို သိထားသည့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ “တောင်းပန်တဲ့သူက တောင်းပန် နေတဲ့ဟာကို ခွင့်လွှတ်လိုက်ပါ ဦးရုက္ခစိုးရယ်” ဟု ပြိုင်တူပြောရင်း ဦးရုက္ခစိုး စကားမပြန်နိုင်ခင် ဖနောင့်နှင့်တင်ပါး တသားတည်း ကျအောင် လစ်ပြေးကြလေတော့၏။

ကျန်ခဲ့သူ ဦးရုက္ခစိုးမှာကား ဟိုအဆိုတော် ကောင်မလေးလို “တင်းတယ် တင်းတယ် တင်းတယ် တင်းတယ်ဟေ့” ဟူ၍ အော်ဟစ် သီဆိုချင်သော်ငြားလည်း ရုက္ခစိုး ဖြစ်လျက်နှင့် လူတွေလောက်တောင် သဘောထားမကြီးဟု ကဲ့ရဲ့ခံရမည်ကို စိုးသောကြောင့် မင်းသားဟောင်းကြီး လေသံဖြင့်သာ “ဘယ်တော့မှ … မမေ့ဘူး … ဘယ်တော့မှ … မမေ့ဘူး” ဟု အံကြိတ် သီဆိုရင်း ကျန်ရစ်ခဲ့ရ လေတော့သတည်း။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading