ဆောင်းပါး

နာဂါအိ၊ ၆ နှစ်ပြည့် ရွှေဝါရောင်နဲ့ ဖုံးဖိလို့မရတဲ့ အမှန်တရား

This article has been converted from Zawgyi One to Unicode

လွန်ခဲ့တဲ့ ၆ နှစ် အခုလို စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၁၁ နာရီမှာ ဂျပန်သတင်းထောက် ကင်ချိ နာဂါအိက သူ့ရဲ့ သတင်းဌာနဖြစ်တဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အခြေစိုက်တဲ့ APF ကို နောက်ဆုံးအကြိမ် ဖုန်းဆက်ခဲ့တဲ့ အကြောင်း အဲဒီအချိန်က လုပ်ဖော်ကိုင်ဘက် လည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်တဲ့ ဦးကိုကိုအောင်က အမှတ်တရ ပြန်ပြောပြတယ်။

ဦးကိုကိုအောင်ဟာ မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံမှာ သွားရောက်ခိုလှုံရင်း APF သတင်းဌာနမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ သူပါ။

ကင်ချိ နာဂါအိဟာ မြန်မာနိုင်ငံ လူထုလှုပ်ရှားမှုသမိုင်းမှာ လက်ရှိအပြောင်းအလဲ ဖြစ်လာတဲ့ကာလနဲ့ အနီးကပ်ဆုံးဖြစ်ခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ စစ်တပ်ကနေ သေနတ်နဲ့ ပစ်သတ်ခဲ့လို့ သေဆုံးခဲ့ရတဲ့ နိုင်ငံခြား သတင်းသမား တဦးဖြစ်ပါတယ်။

အဲဒီအဖြစ်အပျက်ဟာ နိုင်ငံခြား သတင်းဌာနတွေကို ပိတ်ပင်တားဆီးပြီး ပြည်တွင်း မီဒီယာတွေအပေါ်မှာ အရမ်းကို တင်းကျပ်တဲ့ မူဝါဒတွေနဲ့ စိစစ် ဖြတ်တောက်နေတဲ့ အချိန်၊ သံဃာတော်တွေ ဦးဆောင်ပြီး လုပ်ခဲ့တဲ့ လူထုလှုပ်ရှားမှုကို အကြမ်းဖက် ဖြိုခွင်းတဲ့အချိန်မှာ ဖြစ် ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ကမ္ဘာတခုလုံးက ပိုပြီးအာရုံစိုက်မိစေတဲ့ အဖြစ်အပျက်တခု ဆိုရင်လည်း မမှားပါဘူး။

“သူ့ကို သတိထားဖို့ ကျနော် ပြောခဲ့ပါသေးတယ်။ အဲဒီအချိန်က စစ်တပ်ဆိုတာ ကင်မရာတွေကို အဓိက ဦးတည်တတ် တယ်ဆိုတာပါ။ ကင်မရာထဲက ဓာတ်ပုံတွေက စစ်တပ်က ဘယ်သူ့ကိုမှ မသိစေချင်တဲ့ ဓာတ်ပုံတွေ ပါတယ်မဟုတ်လား” လို့လည်း ဦးကိုကိုအောင်က ပြောပါတယ်။

နာဂါအိရဲ့ ရဲရင့်တဲ့ ဓာတ်ပုံမှတ်တမ်းတွေ ရိုက်ယူမှု၊ စိုက်လိုက်မတ်တပ် လုပ်ဆောင်တတ်မှုတွေကပဲ စစ်တပ်ရဲ့ အဓိက ပစ်မှတ် ဖြစ်သွားစေတယ်လို့ ဦးကိုကိုအောင်ကယုံကြည်နေပါတယ်။ ကင်ချိ နာဂါအိဟာ သူမသေခင် ၂ ရက်အလို စက် တင်ဘာ ၂၅ ရက်နေ့ကမှ မြန်မာနိုင်ငံကို ရောက်လာခဲ့တာပါ။ သူက ဒီလို အရေးအခင်းမျိုးနဲ့ စိမ်းတဲ့ သတင်းသမား တဦး မဟုတ်ပါဘူး။ အာဖဂန် နစ္စတန်၊ ပါကစ္စတန်၊ ကမ္ဘောဒီးယားနဲ့ အီရတ်တို့လို စစ်ဖြစ်နေတဲ့ နိုင်ငံတွေမှာတောင် သတင်း လိုက်ခဲ့ဖူးတဲ့ သူပါ။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး သတင်းကို ထိုင်းနိုင်ငံကို ရောက်နေတဲ့ နာဂါအိ ကြားရတဲ့ အချိန်မှာ သူ့မိခင် သတင်းဌာနက အယ်ဒီတာဆီကို ဒီသတင်းကို လိုက်မယ်လို့ အကြောင်းကြား လိုက်ပြီးတဲ့နောက် ကမ္ဘာလှည့် ခရီးသည် တယောက် အနေနဲ့ ရန်ကုန်ကို ရောက်လာပါတော့တယ်။ ဒီလိုမျိုး အခြေအနေမှာ သတင်းသမား တယောက်အနေနဲ့ လာမယ်ဆိုရင် စစ်အစိုးရက လုံးဝခွင့်ပြုခဲ့မှာ မဟုတ်ပါဘူး။ ရောက်လာတော့လည်း သတင်းသမားပီပီ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းပုံတွေကို မိမိရရ မှတ်တမ်း တင်နိုင်ဖို့ ကြိုးစားရင်း အသက်ကိုပါ ပေးလိုက် ရပါတယ်။

ဒါကြောင့်လည်း APF သတင်းဌာနရဲ့ ဥက္ကဋ္ဌ မစ္စတာ တိုရူး ယာမာဂျီက နာဂါအိ သေဆုံးခဲ့ရခြင်းကို ဘယ်ဘက်က ကြည့် ကြည့်၊ လုံးဝမဖြစ်သင့်တဲ့ သေဆုံးခြင်းမျိုး ဖြစ်တယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

နာဂါအိ သေဆုံးခဲ့တဲ့နေ့မှာ သူ့အမေက တညလုံးမအိပ်ဘဲ သူ့သားအကြောင်းကို စဉ်းစားနေခဲ့တဲ့အကြောင်း၊ သူ့ရဲ့သား ခရီး အဝေးကြီးတွေ သွားတော့မယ်ဆိုရင် သူ့သားနဲ့ ပက်သက်ပြီး အဆိုးဆုံး အခြေအနေအထိ စဉ်းစားပြီး ရင်ဆိုင်ဖို့ ပြင် ဆင်ထားပေမယ့် တကယ်တမ်း သားဖြစ်သူ ခရီးသွားပြီဆိုရင် သူ့မှာ အမြဲ ရင်တုန်နေခဲ့ရတဲ့အကြောင်းကို နာဂါအိရဲ့ အမေက ပြောပြခဲ့တယ်လို့ အမေရိကန် အမျိုးသမီး စာနယ်ဇင်း သမားတဦးဖြစ်တဲ့ Bridget Johnson က သူ့ရဲ့ ဆောင်းပါး တပုဒ်မှာ ရေးသားခဲ့ပါတယ်။

နာဂါအိ သေဆုံးချိန်မှာ သူ့လက်ထဲက ကင်မရာကို လုံးဝလက်မလွှတ်ဘဲ ကိုင်ထားတာကို အဲဒီအရေးအခင်းအကြောင်း မှတ်တမ်းရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်တွေမှာ သေသေချာချာ မြင်တွေ့ခဲ့ကြရ ပေမယ့်လည်း သူ့ကို ဘယ်သူ ပစ်သတ်ခဲ့တာ၊ သူ့ရဲ့ကင်မရာ ဘယ်ဆီကိုရောက်နေခဲ့ပြီ ဆိုတာတွေကို ယနေ့အချိန်အထိ ရှင်းရှင်းလင်းလင်း လုံးဝမသိသေးပါဘူး။ နာဂါအိ သေဆုံးခဲ့ရတဲ့ ကိစ္စအတွက် အကြောင်းပြချက် တောင်းခံလိုက်ပြီး နာဂါအိရဲ့ ကင်မရာကိုလည်း ပြန်တောင်းတဲ့အတွက် ဂျပန်အစိုးရနဲ့ မြန်မာနိုင်ငံ အစိုးရတို့ရဲ့ ဆက်ဆံရေးက အေးတိအေးစက် ဖြစ်ခဲ့ရပါသေးတယ်။

အဲဒီအချိန်မှာ ဂျပန်ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်နေတဲ့ ယာဆူအို ဖုကုဒကလည်း လုံး၀ ဝမ်းနည်းဖွယ်ဖြစ်တဲ့ အကြောင်း၊ သူ သေဆုံးခဲ့ရတဲ့အတွက်လည်း ဂျပန်နိုင်ငံအနေနဲ့ အကောင်းဆုံးဖြစ်အောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ရတော့မယ် ဆို တာကို စဉ်းစား ဆုံးဖြတ်ရတော့မယ့် အကြောင်းကို နိုင်ငံတကာကို ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှု နည်းလမ်းတွေနဲ့ ဖြေရှင်းတာမျိုးကတော့ ဒီအချိန်မှာ အကောင်းဆုံး ဖြေရှင်းတဲ့ နည်းလမ်းတခုတော့ မဟုတ်ဘူးလို့လည်း သူက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံကို ရောက်လာပြီးနောက်ပိုင်း သူက ရွှေဝါရောင်တော်လှန်ရေးပုံရိပ်တွေကို မှတ်တမ်းတင်ရင်း ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေ၊ ပြည်သူလူထုတွေကို အကြမ်းဖက် ဖြိုခွင်းရင်းနဲ့ စစ်တပ်ရဲ့ အရှေ့တည့်တည့်ကနေ ရက်ရက် စက်စက် ပစ်ခတ်မှုကြောင့် သူသေဆုံးခဲ့ရတာကို နိုင်ငံတကာ မီဒီယာတွေက သက်သေခံ အထောက်အထား မှတ်တမ်း တွေနဲ့ ဖော်ပြခဲ့ပေမယ့်လည်း အဲဒီအချိန်က မြန်မာ စစ်အစိုးရကတော့ ဒီကိစ္စဟာ မတော်တဆ ဖြစ်ရပ်တခုသာ ဖြစ်တယ်လို့ နိုင်ငံတကာကို ပြောဆိုခဲ့ပါတယ်။

နာဂါအိ သေဆုံးသွားတဲ့အချိန်မှာ အသက် ၅၀ ရှိပါပြီ။ မြန်မာနိုင်ငံမှာ အစိုးရ အပြောင်းအလဲ ဖြစ်လာခဲ့ပေမယ့်လည်း သူ သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ ဘာမှ ဖြေရှင်း မပေးနိုင်သေးတဲ့ အကြောင်း၊ မြန်မာနိုင်ငံဟာ ပြုပြင် ပြောင်းလဲရေး တွေနဲ့ ပိုမို ပွင့်လင်း လာခဲ့တယ်လို့ ဆိုနိုင်လာပေမယ့် မြန်မာ အစိုးရရဲ့ ကူညီမှုတွေဘာမှ မရခဲ့သေးတဲ့ အကြောင်း APF သတင်းဌာနရဲ့ တာဝန် ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုက တကယ်ကို ကြီးကျယ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက ကျနော်တို့ အချိန် တွေက ရပ်တန့် သွားခဲ့ရပြီ။ ကျနော် စိတ်မကောင်းပါဘူး” လို့ သူက ဆိုပါတယ်။

အခု သတင်းရေးသားနေတဲ့ အချိန်အထိ မြန်မာနိုင်ငံက ဂျပန်သံရုံးကို ဧရာဝတီက ဖုန်းအကြိမ်ကြိမ်ခေါ်၊ အီးမေးလ်တွေ ပို့ခဲ့ ပေမယ့် ဂျပန်သံရုံးက နာဂါအိ ကိစ္စနဲ့ ပက်သက်လို့ ဘာမှ အကြောင်းပြန် ဖြေကြားခြင်း မရှိသေးပါဘူး။ နာဂါအိ သေဆုံး ခဲ့ခြင်းနဲ့ ကင်မရာကိစ္စကို ဂျပန် အစိုးရဘက်က ဘယ်လို ကြိုးစားအားထုတ်မှုတွေ လုပ်ပေးနေသလဲလို့ APF သတင်းဌာနက တာဝန်ရှိသူကို မေးကြည့်လိုက်တဲ့ အခါမှာတော့ “ဂျပန် အစိုးရ ဘာမှမလုပ်ပါ” ဆိုတဲ့ တခွန်းပဲ ဧရာဝတီကို ပြောပါတယ်။

လက်ရှိအချိန်မှာ ကင်ချိနာဂါအိ ကိစ္စနဲ့ ပက်သက်ပြီးတော့ သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်ဖို့ရှိသလဲ၊ သူ့ရဲ့မိသားစုတွေဆီကို ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ပြီး အစိုးရရဲ့စာနာမှုကို ပြသဖို့ ရှိသလားလို့ သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို မေးမြန်းကြည့်တဲ့အခါမှာတော့ အဲဒီအချိန်မှာ အရင်အစိုးရက ဒီကိစ္စတွေကို ဖြေရှင်း ပေးခဲ့ပြီဖြစ်ကြောင်း၊ နာဂါအိရဲ့ ကင်မရာကိစ္စကိုလည်း အဲဒီ အစိုးရခေတ်က ရဲချုပ်တာဝန်ယူခဲ့တဲ့ ဦးခင်ရီက ဖြေရှင်း ပေးခဲ့ပြီး ဖြစ်တဲ့အကြောင်းနဲ့ လက်ရှိ သမ္မတ လက်ထက်မှာ မိသားစုတွေဆီကို စာပို့ဖို့လည်း လောလောဆယ် အစီစဉ်မရှိတဲ့ အကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

“အဲဒီအချိန်တုန်းက သေဆုံးသူရဲ့ အလောင်းရောက်လာတဲ့ အချိန်မှာ ဒီဟာတွေ တွေ့တယ်၊ မတွေ့ဘူးဆိုတာ ပါခဲ့ပါတယ်။ ဒါကတော့ သူတို့က ဒီဖြစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ လူတွေပေါ့။ အဲဒီအချိန်တုန်းက တာဝန်ရှိတဲ့သူတွေက ရှင်းပြခဲ့ပြီးပြီပဲ။ သံရုံး တာဝန်ရှိသူတွေကိုရောပဲ။ သူ့မိသားစုတွေဆီကို စာပို့ နှစ်သိမ့်တာမျိုး ဆိုတာ လောလောဆယ် မရှိပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အမေရိကန်မှာလည်း စစ်ကြောင့် အီရတ်မှာ သေဆုံးခဲ့ကြတာမျိုးတွေ ရှိတာပဲ။ ကျနော်တို့ကတော့ သီးခြား မှတ်ချက် ပေးစရာမရှိပါဘူး” လို့ ဦးရဲထွဋ်က ဧရာဝတီကို ဆိုခဲ့ပါတယ်။

အီရတ်နိုင်ငံမှာလိုမျိုး လက်နက်ကိုင် စစ်ပွဲတွေ၊ အစွန်းရောက် အကြမ်းဖက်မှုတွေ ပြည့်နေတဲ့ အခြေအနေမျိုးနဲ့ ၂၀၀၇ ခုနှစ်မှာ သံဃာတော်တွေရဲ့ ဦးဆောင်မှုနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုကြခြင်းကို သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူက ဘယ်လို နှိုင်းယှဉ်သွားသလဲ ဆိုတာကိုတော့ မသိပါဘူး။

ဒီနေ့ ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ငွေရတု နှစ်ပတ်လည် အခမ်းအနားမှာလည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နာဂါအိ သေဆုံးခဲ့ရတာနဲ့ ပက်သက်ပြီး နာဂါအိနဲ့ သက်ဆိုင်သူတွေက ကျေနပ်မှု မရှိသေးတဲ့ အကြောင်း ဂျပန်သတင်းထောက်တဦးရဲ့ မေးခွန်းကို ဖြေကြားရင်း ထည့်သွင်းပြောခဲ့ပါတယ်။

“တရားဥပဒေ စိုးမိုးရေး ဒီနိုင်ငံမှာ မရှိပါဘူးလို့ တချိန်လုံး ပြောနေတာပဲ။ တရားဥပဒေ စိုးမိုးရေးဆိုတာ နိုင်ငံတနိုင်ငံ အေးချမ်း သာယာမှုရဲ့အခြေခံပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စမှာ မစ္စတာ နာဂါအိနဲ့ ပတ်သက်တဲ့သူ ဘယ်သူမှ မကျေနပ်ဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ သေဆုံးခဲ့တဲ့ နာဂါအိကို ဂုဏ်ပြုတဲ့အနေနဲ့ အထိမ်းအမှတ် ဖောင်ဒေးရှင်းလုပ်ပြီး သတင်းဆု ပေးတဲ့အခါမှာ ပထမဆုံး နာဂါအိ သတင်းဆုရခဲ့တဲ့ မြန်မာဂျာနယ်လစ် ဒေါ်အိမ့်ခိုင်ဦးက နာဂါအိရဲ့ မိခင် သတင်းဌာနနဲ့ အီးမေးလ် အဆက်အသွယ် ရရှိခဲ့ပုံကို ဧရာဝတီကို ပြန်ပြောပြတယ်။

သူ ၂၀၀၈ ခုနှစ် ထောင်ကျနေတဲ့ အချိန်မှာ သူ့ကို ဒီဆု ပေးအပ်တဲ့အကြောင်း ထောင်ထဲကနေ ကြားသိခဲ့ရပေမယ့် ၂၀၀၉ ခုနှစ် ထောင်က ပြန်ထွက်လာတော့မှ အဆက်သွယ်ရခဲ့တာလို့ သူက ဆက်ပြောပြတယ်။

“ဘယ်လို အခက်အခဲတွေပဲ ဖြစ်ဖြစ် ကျမဘက်မှာ ရှိနေပါတယ်လို့ သူတို့က အီးမေးလ်ပို့ပေးတယ်။ ကျမနဲ့ အီးမေးလ် အပြန် အလှန် လုပ်ဖူးပါတယ်” လို့ ဒေါ်အိမ့်ခိုင်ဦးက ဆိုပါတယ်။

မိမိကိုယ်တိုင်ကလည်း သတင်းသမားတဦး ဖြစ်နေတော့ အဲဒီအချိန်က နာဂါအိကို တမင်သက်သက် ပစ်သတ်ခဲ့တဲ့ ပုံစံမျိုး ရှိခဲ့တာတောင် ဘာမှ တာဝန်ယူမှုမရှိခဲ့တဲ့ အတွက်လည်း အဲဒီခေတ် အစိုးရကို အဆိုးဆုံးလို့ မြင်မိတဲ့အကြောင်း သူက ပြော ပါတယ်။ ကင်မရာတလုံးတောင် ပြန်ရအောင် မလုပ်ပေးနိုင်ခဲ့တဲ့အတွက် အစိုးရတရပ် အနေနဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်တခုလို့ သူက မြင်တယ်လို့ ဆိုပါတယ်။

လက်ရှိအစိုးရ ပြောင်းလဲလာခဲ့ပေမယ့် မိသားစုအပေါ်မှာတော့ တစုံတခု တာဝန်ယူမှု ပြုလုပ်သင့်တယ်လို့ သူက ဆက် ပြောပြတယ်။

“အဓိကပြောချင်တာက ကင်မရာ ပြန်မရတာ၊ ရတာထက် သတင်းထောက် တယောက်ကို ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘာမှ တာဝန်ယူ ဆောင်ရွက် မပေးသေးဘူးလို့ မြင်တယ်” လို့ သူကဆိုပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ဝင်လာနေခဲ့တဲ့အပြင် ထပ်ပြီးတော့လည်း တိုးမြှင့် လာဖို့ ရှိပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံသား သတင်းသမားတဦး သေဆုံးခဲ့ရဖူးတဲ့အပေါ်မှာ ဂျပန်အစိုးရအနေနဲ့က ဘာမှ ဆောင်ရွက်ပေးတာမရှိဘူး ဆိုရင်တော့ နိုင်ငံတကာအစိုးရတွေ အနေနဲ့က သတင်းသမားတွေကို အလေးမထားတော့ဘူး လားလို့ ဒေါ်အိမ့်ခိုင်ဦးက မေးခွန်း ထုတ်လိုက်ပါတယ်။

ဒီလို ပဋိပက္ခတွေကြားမှာ စတေးသွားရတဲ့ သတင်းသမားတွေကို အလေးအနက် မထားတော့ဘူးလား၊ နိုင်ငံရေးမူဝါဒတွေ ကြားမှာ အမေ့ခံဘဝကို ရောက်သွားခဲ့ကြပြီလားလို့ သူက ဆက်ပြောပါတယ်။

“သူတို့ဘာသာသူတို့ မေ့ထားပေမယ့် ကျမတို့လို သတင်းသမားတွေကတော့ မမေ့သင့်ဘူး။ ပြီးတော့ သတင်းသမား တွေကလည်း ဒီအပေါ်မှာ အတိုင်းအတာတခုထိ အသိအမှတ်ပြုပေးဖို့ တောင်းဆို ပြောဆို သင့်တယ်” လို့လည်းသူက ဆိုပါတယ်။

နာဂါအိ သေဆုံးခဲ့ပြီးနောက်မှာ ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့မိဘတွေကတော့ ဒီနှစ်ပိုင်းထဲမှာပဲ ကွယ်လွန်သွားကြပါပြီ။ အိမ် ထောင်မရှိဘဲ လူလွတ်တယောက် ဖြစ်တဲ့အတွက် အခုဆိုရင် သူ့ရဲ့ညီမတယောက်ပဲ ကျန်ပါတော့တယ်။ သူ့ရဲ့ မိဘတွေ ကလည်း ဒီကိစ္စကို ဖော်ထုတ် ဖြေရှင်းပေးစေချင်တဲ့ ဆန္ဒရှိခဲ့ ပေမယ့် ကွယ်လွန်ချိန်အထိ တိကျတဲ့အဖြေ မရသေးတာကြောင့် အလွန် ဝမ်းနည်းစရာ ကောင်းပါတယ်လို့ APF သတင်းဌာနရဲ့တာဝန်ရှိသူက ဧရာဝတီကို ပြောပါတယ်။

နာဂါအိရဲ့ ညီမဖြစ်သူ နိုရီကို အိုဂါဝါကတော့ “သူ့ရဲ့ ကင်မရာကို ပြန်ရဖို့နဲ့ သူ့ကိစ္စရဲ့ အဖြေကို သိရဖို့ ကျမ မျှော်လင့်နေ ပါတယ်” လို့ ဧရာဝတီကို ပြောပြခဲ့ပါတယ်။

Loading