ဆောင်းပါး

ကလေးသူငယ် အဓမ္မပြုကျင့်မှု ဘယ်လို ကာကွယ် ဖြေရှင်းမလဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ တဝန်းမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် အဓမ္မပြုကျင့်မှု ဖြစ်ပွားတာတွေဟာ အခုနှစ်ပိုင်းအတွင်း များပြား လာတာ တွေ့ရပါတယ်။

သတင်း မီဒီယာတွေ၊ အင်တာနက် လူမှုကွန်ရက် စာမျက်မှာတွေမှာလည်း အများအပြား ရေးသား ဖော်ပြကြပါတယ်။

ကလေးသူငယ် အဓမ္မမှုတွေဟာ ရန်ကုန်တိုင်း အပါအဝင် မြန်မာနိုင်ငံ တဝန်းမှာ တိုးပွားလာနေကြောင်း၊ ရန်ကုန်တိုင်းမှာ ဆိုရင် ကလေးငယ်တွေ အဓမ္မပြုကျင့်ခံရမှုဟာ ၂၀၁၂ ခုနှစ်အတွင်း ၈၈ မှုရှိခဲ့ပြီး အခု ၂၀၁၃ ခုနှစ်မှာလည်း သြဂုတ်လ အထိ ၆၂ မှု ရှိကြောင်း ရန်ကုန်တိုင်း အာဏာပိုင်တွေက မကြာသေးခင်က ထုတ်ပြန်တဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

တချို့အမှုတွေဟာ ဖခင်အရင်းဖြစ်သူက ပြစ်မှုကျူးလွန်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲဒီအထဲမှာ အသက် ၁၀ နှစ်၊ ၁၅ နှစ်အတွင်း ကလေးတွေကို အဓမ္မကျင့်မှုဟာ အများဆုံး ဖြစ်တယ်လို့ စက်တင်ဘာလ ၁၇ ရက် နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တိုင်းအစိုးရ အဖွဲ့ရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း က ဖြေဆိုခဲ့ပါတယ်။

တိုင်းဒေသ လွှတ်တော်ကိုယ်စားလှယ် တဦးက“အသက်မပြည့်သူ ကလေးသူငယ် အဓမ္မကျင့်မှု တွေကို ဖော် ထုတ်ပေးရေးနှင့် တိုင်းအစိုးရက ကလေးသူငယ်တွေ လုံခြုံရေးအတွက် မည်သို့ ဆောင်ရွက်ထားသည်ကို သိလိုကြောင်း”မေးမြန်းတဲ့ မေးခွန်းကို နယ်စပ်ရေးရာ ဝန်ကြီးက ပြန်လည် ဖြေဆိုရာမှာ ပြောဆိုခဲ့တာပါ။

ကလေးသူငယ် အဓမ္မကျင့်ခံရမှုတွေ၊ မုဒိမ်းမှုတွေဟာ အရင်တုန်းကလည်းပဲ ရှိခဲ့ပေမယ့် မီဒီယာလွတ်လပ်မှုတွေ အားနည်းခဲ့တာကြောင့် လူသူမသိကြတာလဲ ပါမယ်ထင်ပါတယ်။ ဒါပေမယ့် လက်ရှိကာလတွေမှာ ပိုမိုများလာတယ်လို့ သက်ဆိုင်ရာ အစိုးရဌာနတွေ၊ လူမှုအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေမှာ ပါရှိပါတယ်။

မြန်မာနိုင်ငံမှာ ကလေးငယ်တွေကို အဓမ္မကျင့်မှုတွေဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ ၂ ဆ နီးပါး မြင့်တက်လာနေပြီး အထူးသဖြင့် အသက် ၁၀ နှစ်အောက် ကလေးငယ်တွေကို အဓမ္မကျင့်မှုတွေပါ များလာတယ်လို့ သိရပါ တယ်။

၂၀၀၈ ကနေ ၂၀၁၁ ခုနှစ်အတွင်းမှာ ကလေးငယ် အဓမ္မကျင့်ခံရမှုပေါင်း ၈၈၀ ဝန်းကျင်ရှိတယ်လို့ ဥပဒေ အကျိုးဆောင်အဖွဲ့ တခုဖြစ်တဲ့ သမာဓိ ဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။ လူသူ မသိလိုက်တဲ့ ကလေးသူငယ် အဓမ္မမှုတွေဟာလည်းပဲ အများအပြား ရှိနိုင်ပါသေးတယ်။

အဲဒီလို တိုးပွားလာရတာတွေဟာ ကလေးတွေကို အကာအကွယ်ပေးမှု နည်းပါးလာတာ၊ အစိုးရ အာဏာပိုင်တွေရဲ့ ထိရောက် အောင် တားဆီး ကာကွယ်နိုင်ခြင်းမရှိတာ၊ အရက်သေစာ သောက်စားမှု များပြားလာကြတာ၊ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတွေ၊ ညစ်ညမ်း တဲ့ ဗီဒီယိုခွေတွေ တိုးပွားလာပြီး အလွယ်တကူ ရရှိနိုင်တာတွေလည်း ပါဝင်တဲ့ အကြောင်း လူမှုအဖွဲ့တွေက ထောက်ပြတာတွေ ရှိပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးတွေကို အဓမ္မကျင့်တဲ့ အမှုတွေများပြား လာတာကြောင့် ထိထိရောက်ရောက် ကာကွယ်တားဆီး၊ ထိန်းချုပ်နိုင်ဖို့အတွက် တင်းကျပ်တဲ့ ဥပဒေတွေ ပြဌာန်းနိုင်ရေးကို လွှတ်တော် ကိုယ်စား လှယ်တချို့ အပြင် အမျိုးသမီးအရေး ဆောင်ရွက်သူတွေ၊ ကလေးသူငယ် အရေးဆောင်ရွက်သူတွေက ကြိုးပမ်းလာကြတာလဲ တွေ့ရပါတယ်။
ကလေးငယ်တွေ အဓမ္မကျင့် ခံရမှုတွေကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေး ဥပဒေ တရပ် သီးသန့်ပေါ်ထွက်လာဖို့ဆိုပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်ကလည်း လွှတ်တော်မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။

ဦးသိန်းညွန့် တင်ပြခဲ့တာကတော့ “၁၆ နှစ်အောက် ကလေးငယ်တွေကို သားမယား ပြုကျင့်သူအား သေဒဏ်ပေးနိုင်မည့် ဥပဒေကြမ်း တခု ပြဌာန်းနိုင်ရေးအတွက် ရာဇသတ်ကြီး ပုဒ်မတချို့ပြင်ဆင်ရေး”ဆိုတာပါ။

အဓမ္မမှုနဲ့ပတ်သက်ပြီး လက်ရှိကျင့်သုံးနေတဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ပါ အချက်တချို့ကို ပြင်ဆင်မယ်ဆိုရင် လုပ်ထုံးလုပ်နည်း အရ အငြင်းပွားစရာတွေ ရှိတဲ့အကြောင်း လွှတ်တော် တာဝန်ရှိသူတချို့က ထောက်ပြခဲ့တဲ့အတွက် ပြန်လည်ရုပ်သိမ်း ခဲ့ရတယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။ ဒါကြောင့် ပြင်ဆင်စရာတွေကို ဆောင်ရွက်ပြီးရင် လာမယ့်လွှတ်တော်မှာ ပြန်လည်တင်သွင်းမယ်လို့လည်း ဆိုပါတယ်။

အဓမ္မကျင့်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဥပဒေတချို့ရှိပေမယ့် အဲဒီဥပဒေကို အသုံးပြုမှု အားနည်းတာရယ်၊ ကလေး သူငယ် ကို အဓမ္မကျင့်ရင် ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးရမယ်ဆိုတဲ့ သီးသန့် ဥပဒေ မရှိသေးတာကြောင့် ကလေးသူငယ် အဓမ္မမှုတွေ အတွက် သီးသန့် ဥပဒေ ပြဌာန်းနိုင်ဖို့ လုပ်ဆောင် နေကြတာပါ။

“ဒီဥပဒေဟာ မြန်မာနိုင်ငံမှာ လူဖြစ်လာမယ့် ကလေးသူငယ်တွေရဲ့ အနာဂတ် အခွင့်အရေးတွေကို ကာကွယ်ဖို့၊ ကလေးတွေရဲ့ဘဝတွေကို လုံခြုံမှုပေးခြင်းဟာ ကိုယ့်နိုင်ငံရဲ့အနာဂတ် လုံခြုံမှုကို ကာကွယ်ပေးတာဖြစ်တဲ့အတွက် ဒီဥပဒေ လိုအပ်တယ်လို့ ကျနော် က ယူဆတယ်”လို့ ဦးသိန်းညွန့်က ဆိုတယ်။

အသက် ၁၄ နှစ်အောက် ကလေးသူငယ် အဓမ္မမှုကို ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ပေးရမယ် ဆိုတာကိုတော့ မြန်မာနိုင်ငံမှာ ဥပဒေ ပြဌာန်းပြီးသားပါ။ ဒါပေမယ့် ကလေးသူငယ် အဓမ္မမှုတွေဟာ ၇၀ ရာခိုင်နှုန်းလောက်အထိ တိုးပွားလာနေတာကြောင့် လက် ရှိ ဥပဒေနဲ့ ထိရောက်မှု မရှိတော့ဘူး၊ ဒါကြောင့် ဒီထက်ပြင်းထန်တဲ့ ဥပဒေမျိုး ရှိသင့်တယ်လို့ ယူဆနေကြသူတွေလည်း ရှိပါတယ်။

၇၀ ရာခိုင်နှုန်းဆိုတာဟာ စာရင်းဇယားတွေအရသာ သိရတာဖြစ်ပြီး စာရင်းမရှိတဲ့ အဓမ္မမှုတွေအများအပြား ရှိနိုင်သေးတယ်၊ ဒါဟာ လက်ရှိ ဥပဒေပိုင်း ဆိုင်ရာ အရေးယူမှုနဲ့ မလုံလောက်ဘူးဆိုတာ ပြသနေတာဖြစ်ပါတယ်၊ ဒါကြောင့် ဒီထက် ပြင်းထန်တဲ့ ဥပဒေမျိုးနဲ့ ဟန့်တားဖို့ လိုအပ်နေပြီလို့ ရန်ကုန်တိုင်းဒေသ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းရဲ့ ပြောဆိုမှုတွေကို ပြည် တွင်း မီဒီယာတချို့မှာ ဖော်ပြကြတာလည်း တွေ့ရပါတယ်။

အလားတူ အမျိုးသမီးအဖွဲ့အစည်း တချို့ကလည်း ကလေးသူငယ် အဓမ္မမှုတွေအတွက် လက်ရှိပြဌာန်းထားတဲ့ ဥပဒေတွေဟာ လုံလောက်မှု မရှိသေးလို့ ပြစ်မှု ကျူးလွန်သူကို သေဒဏ်ပေးရေး ဥပဒေ ပြဌာန်းနိုင်ဖို့ ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

သေဒဏ် ချမှတ်တဲ့အပေါ်မှာတော့ မတူကွဲပြားတဲ့ အမြင်အမျိုးမျိုးတွေလည်း ရှိနေကြပါတယ်။ တချို့က သေဒဏ် ပေးသင့်တယ်လို့ ယူဆသလို တချို့ကလည်း တသက်တကျွန်း သို့မဟုတ် ကြိမ်ဒဏ်၊ ကြီးမားတဲ့ ပြစ်ဒဏ် တခုခုကို ပေးသင့်တယ်လို့ ယူဆသူတွေရှိပါတယ်။

ဥပဒေ ပညာရှင် ရှေ့နေကြီး ဦးအောင်သိန်းကတော့ သေဒဏ် အစား ကြီးလေးတဲ့ ပြစ်ဒဏ်မျိုးသာ ပေးသင့်ကြောင်း၊ အကျင့် စာရိတ္တ ကို ပြုပြင်တဲ့ ပြစ်ဒဏ်မျိုး၊ နောက်နောင် လူ့အဖွဲ့အစည်းထဲကို ရောက်လာတဲ့အခါမှာလည်းပဲ သူ့အမှားကိုသူ နောင်တ ရလောက်တဲ့ ပြစ်ဒဏ်မျိုးကို ပေးသင့်တယ်လို့ ပြောပါတယ်။

“သူ့ရဲ့အမှားကို တစိမ့်စိမ့် နောင်တရနေတာမျိုး၊ လူ့အဖွဲ့အစည်းထဲကို ပြန်ရောက်လာရင် လူတော မတိုးရဲအောင်၊ သူ့ကိုယ်သူ မုဒိမ်းကောင်ပေါ့၊ မုဒိမ်းကောင်မှာတောင် ရိုးရိုး မုဒိမ်းကောင်မဟုတ်ဘူး၊ ကလေးကို အဓမ္မကျင့်တဲ့ မုဒိမ်းကောင်အဖြစ် အမြဲတမ်း သတိရနေစေနိုင်တဲ့ ပြစ်ဒဏ်မျိုးပဲ ပေးသင့်ပါတယ်”လို့ ဦးအောင်သိန်း က ဆိုပါတယ်။

မုဒိမ်းမှု (ပုဒ်မ ၃၇၆) ကို ပြစ်ဒဏ်ပေးတဲ့အခါ မှုခင်းဖြစ်ပွားရတဲ့ အပေါ်မူတည်ပြီး အနည်းဆုံး ထောင်ဒဏ် ၇ နှစ်၊ ၁၀ နှစ် ကနေ တသက်တကျွန်း အပြင် ငွေဒဏ်ပါ သတ်မှတ်ပေးဖို့ ဥပဒေ ပြဌာန်းထားပါတယ်။

ရှေ့နေ ဦးအောင်သိန်းကတော့ မုဒိမ်းမှုတွေကို ပြစ်ဒဏ်ပေးတဲ့အခါမှာ တရားလိုဘက်ကပဲ မစဉ်းစားဘဲ တရားခံ ဘက်ကပါ ထည့် သွင်းစဉ်းစားသင့်တယ်၊ ဘာကြောင့် ကျူးလွန်ရတာလဲဆိုတဲ့ အကြောင်းရင်းကို သေချာ စစ်ဆေးပြီးမှ ပြစ်ဒဏ်ပေးဖို့ ပြောပါတယ်။

ဦးအောင်သိန်းက “ဒါပေမယ့် တချို့ပြစ်မှုတွေဟာ လူ့အဖွဲ့အစည်း တခုလုံးကို တုန်လှှုပ်ခြောက်ခြား သွားစေတာမျိုး၊ အန္တရာယ် ဖြစ် စေတာမျိုးပေါ့၊ ဥပမာ မုဒိမ်းမှုကျူးလွန်ပြီး လူကိုပါသတ်တာမျိုး ဆိုရင်တော့ သေဒဏ်ပေး သင့်ပါတယ်”လို့ ပြောပါတယ်။

အဓမ္မမှုတွေကြောင့် ကလေးတွေဟာ ဆော့စကားရတာကိုတောင် လွတ်လပ်မှု၊ လုံခြုံမှု မရှိတဲ့ အခြေအနေတွေကို ခံစားနေရတဲ့ အကြောင်းတွေကိုလည်း ရန်ကုန်တိုင်း လွှတ်တော်မှာ ပြောဆိုဆွေးနွေး ခဲ့ကြပါသေးတယ်။

ကလေးသူငယ်တွေကို အဓမ္မကျင့်ခံရမှုကနေ ကင်းဝေးစေဖို့ အတွက် မိဘတွေ ကိုယ်တိုင်ကလည်းပဲ လိင်ပိုင်းဆိုင်ရာတွေကို သွယ် ဝိုက်တဲ့ နည်းလမ်းတွေနဲ့ ပညာပေးဖို့ လိုအပ်အကြောင်း၊ အစိုးရ အနေနဲ့လည်းပဲ ကျေးရွာတွေမှာ မှုခင်းပညာ ဟောပြောနေတာ တွေ လုပ်ဆောင်နေကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့လည်း မြို့နယ်၊ ကျေးရွာ ကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း က ဆိုပါတယ်။

လူ့အခွင့်အရေး ပညာပေးရေးဌာန(မြန်မာနိုင်ငံ) (HREIB) ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း ကတော့ “ရပ်ရွာတွေက အစ ကလေး တွေ ကို ကာကွယ်စောင့်ရှောက်တဲ့ ယန္တရားတွေထူထောင်ပေးဖို့ လိုအပ်ပါတယ်၊ အစိုးရက ဖွဲ့ပေးတာတွေ မြို့နယ်တိုင်းမှာ ရှိပေမယ့် လက်တွေ့လုပ်တာ အားနည်းပါတယ်၊ တချို့နေရာမှာဆိုရင် အဲဒီအဖွဲ့တွေမှာ ဘယ်သူတွေ ပါလို့ ပါမှန်းတောင် မသိဘူး”လို့ ပြောပါတယ်။

အဖွဲ့အစည်း ယန္တရားတွေအနေနဲ့ ထိထိရောက်ရောက် လည်ပတ်နိုင်ဖို့ အရေးကြီးပြီး အစိုးရရယ်၊ လူမှု အဖွဲ့အစည်းတွေ၊ ပြည်သူ တွေ အားလုံးက ပါဝင်ပူးပေါင်းဆောင်ရွက်ပြီး အသိပညာပေးမှုတွေ လုပ်ဆောင်နိုင်မှသာ မုဒိမ်းမှုတွေ လျော့ကျလာနိုင်မှာ ဖြစ်ပါတယ်။

ကလေးသူငယ်အဓမ္မမှုကို သေဒဏ်ပေးရေးနဲ့ပတ်သက်ပြီး ဦးအောင်မျိုးမင်းက“သေဒဏ်တော့ မပေးသင့်ပါဘူး၊ ဒါပေမယ့် ကြီးလေး တဲ့ ပြစ်ဒဏ်မျိုးတော့ ဖြစ်သင့်ပါတယ်၊ သေဒဏ်ပေးလိုက်ရုံနဲ့ ဒီအမှုတွေဟာ ပပျောက်သွားမှာ မဟုတ်ပါဘူး၊ အစိုးရ ကရော လူမှုအဖွဲ့အစည်းတွေ အားလုံးက ဝိုင်းဝန်းပြီး ပညာပေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်၊ ပြည်သူလူထုရဲ့ စိတ်တွေ နိုးကြား လာ အောင် နိုင်ငံတဝန်း ပညာပေးနိုင်မှ အောင်မြင်မှာပါ”လို့ ဆိုပါတယ်။

ကလေးသူငယ် အဓမ္မမှုတွေဟာ မလုပ်သင့်၊ မလုပ်ထိုက်တဲ့ လုပ်ရပ်တွေဖြစ်တဲ့အပြင် ကလေးတွေရဲ့ဘ၀ လုံခြုံမှုတွေကိုပါ ထိခိုက် စေတာ ဖြစ်ပေမယ့် သေဒဏ်ပေးခြင်းမျိုး မဟုတ်ဘဲ ကြီးလေးတဲ့ ပြစ်ဒဏ်မျိုးသာ ချမှတ်သင့်တယ်၊ ကြီးလေးတဲ့ ပြစ်ဒဏ်ပေးခြင်း ဟာ တဖက်မှာ ကာကွယ်ရာ ရောက်သလို တဘက်မှာလည်း လူတယောက်ရဲ့ဘ၀ အသက်ရှင်ရပ်တည်မှုကို မထိခိုက်အောင် ကာကွယ်ပေးတာ ဖြစ်တယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောတယ်။

သေဒဏ်ပေးတဲ့ ကိစ္စတွေဟာ ယဉ်ကျေးတဲ့ လူမှုအသိုင်းအဝိုင်းတွေမှာ လက်သင့်မခံ ဖြစ်လာကြတာကြောင့် သေဒဏ်ပေးတဲ့ အရာကို ပယ်ဖျက်နိုင်ဖို့ နိုင်ငံတချို့က ကြိုးစားနေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဓမ္မကျင့်ခံရတဲ့ ကလေးငယ်အများစုဟာ ဆင်းရဲပြီး ပညာအခြေခံ နည်းပါးတဲ့ မိသားစု အသိုင်းအဝိုင်းမှာ အဖြစ်များတာတွေ့ရပြီး မုဒိမ်းမှု ကျူးလွန်သူတွေကလည်း ငွေကြေးမပြည့်စုံတာကို အခွင့်ကောင်းယူပြီး ငွေပေး ကျေအေးဖို့၊ အမှုကို ပိတ်သိမ်းဖို့ ကြိုးပမ်း တတ်ကြပါတယ်။

ဦးအောင်မျိုးမင်းကတော့ စီးပွားရေး ဆင်းရဲကျပ်တည်းတာ တခုတည်းကြောင့် မဟုတ်ဘဲ ကလေးတွေကို အကာအကွယ်ပေးမှု တွေ နည်းပါးလာတာ၊ ကလေးကို ကလေးလို့မမြင်ဘဲ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်၊ အသုံးချစရာလို့ မြင်နေတာတွေကြောင့် တိုးပွားလာနေတာဖြစ်တယ်လို့လည်း ထောက်ပြပါတယ်။

ကလေးသူငယ် အဓမ္မကျင့်ခံရတဲ့အမှုတွေဟာ မြန်မာနိုင်ငံတခုတည်း မဟုတ်ဘဲ တခြားနိုင်ငံတွေမှာလည်း အနည်းနဲ့အများ ရှိပါတယ်။ ဒီကိစ္စအတွက် တချို့နိုင်ငံတွေမှာ သေဒဏ်ပေးလေ့ ရှိသလို တချို့နိုင်ငံတွေမှာတော့ ထောင်ဒဏ်တသက် ဒါမှမဟုတ် နှစ်ရှည် ထောင်ဒဏ် ငွေဒဏ် စတဲ့ ပြစ်ဒဏ်တွေ ပေးလေ့ရှိပါတယ်။

မြန်မာရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင်လည်းပဲ ဒီလိုအမှုတွေရှိပေမယ့် ထိုင်းနိုင်ငံသားတွေကိုယ်တိုင် ကျူးလွန်တာနည်းပါးပြီး တခြား နိုင်ငံတွေကလာကြတဲ့ နိုင်ငံခြားသားတွေ ကျူးလွန်တာ များတယ်လို့ ဦးအောင်မျိုးမင်း က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ပညာပေးမှုတွေ အားကောင်းတာကြောင့် ထိုင်းလူမျိုးအများစုရဲ့ စိတ်ထဲမှာ ကလေးသူငယ် အဓမ္မမှုတွေဟာ မလုပ် သင့် တဲ့ လုပ်ရပ်မျိုးဆိုပြီး အသိတွေ ရရှိထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“သေဒဏ်ပေး ခြိမ်းခြောက်ရုံနဲ့တော့ ဒီအမှုတွေက ပပျောက်သွားနိုင်မှာ မဟုတ်ဘူး၊ ပြည်သူတွေရဲ့ စိတ်ထဲမှာ ဒါဟာ မလုပ်သင့်တဲ့ လုပ်ရပ်မျိုး ဖြစ်တယ်ဆိုတဲ့ အသိတွေဝင်လာအောင် ပညာပေးမှုတွေ အဓိက လုပ်ပေးဖို့ အရေးကြီးပါတယ်”လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ရှေ့နေ တဦးလည်းဖြစ်သူ ဦးသိန်းညွှန့်ကတော့ “ကလေးသူငယ်တွေကို အဓမ္မကျင့်မှုတွေဟာ ယဉ်ကျေးတဲ့ လူမှုအသိုင်း အဝိုင်း တွေ ကို ပျက်စီးစေတဲ့အတွက် ထိရောက်တဲ့ ဥပဒေတွေ ပြဌာန်းပြီး ကာကွယ်တားဆီးဖို့ လိုအပ်တဲ့အတွက် သေဒဏ် ပေးနိုင်တဲ့ ဥပဒေ ရှိဖို့ လိုကို လိုအပ်နေတယ်”လို့ ဆိုပါတယ်။

အမျိုးသမီးအခွင့်အရေး နဲ့ ကလေးသူငယ် အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်နေသူတွေကလည်း ကလေးသူငယ် အဓမ္မကျင့်မှုတွေကို ပြစ်ဒဏ် လျှော့ပေါ့ပေးရင် ပြစ်မှုကျူးလွန်တာ များပြားလာအောင် အခွင့်အလမ်းပေးထားသလို ဖြစ်နေတဲ့ အတွက် သေဒဏ်ပေးမယ့် ဥပဒေတွေ ပြဌာန်းလာနိုင်ရေးကိုပဲ အားပေးနေကြတာ တွေ့ရပါတယ်။

ဒါပေမယ့် ကလေးသူငယ် အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး သေဒဏ်ပေးမယ့် ဥပဒေ ပြဌာန်းနိုင်ဖို့ လွှတ်တော်မှာ အဆိုတင်သွင်း မယ် ဆိုရင်လည်းပဲ အမြင်မတူမှု၊ ဆွေးနွေးငြင်းခုံမှုတွေ အမျိုးမျိုး ပေါ်ထွက်လာနိုင်တာမို့ တာဝန်ရှိသူတွေ အာဏာပိုင်တွေ အနေနဲ့ထိရောက်တဲ့ ကာကွယ် စောင့်ရှောက်မှုတွေ၊ ပြင်းထန်တဲ့ အရေးယူ အပြစ်ပေးမှုတွေ အမြန်ဆုံး လုပ်ဆောင်ဖို့ အတွက် တိုက်တွန်း လိုပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading