ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပထမဆုံး စင်ကာပူနိုင်ငံ ခရီးစဉ်ဟာ နှစ်ပေါင်း ၄၀ ကျော်က စတင်ခဲ့တဲ့ မြန်မာ-စင်ကာပူ ၂ နိုင်ငံ ဆက်ဆံရေးကို ပိုမိုတိုးတက် လာစေနိုင်တဲ့ ခြေလှမ်းတရပ်ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးသူ စင်ကာပူရဲ့ ခေါင်းဆောင်ကြီး လီကွမ်ယုက မြန်မာ့ တပ်မတော်သာလျှင် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်တွင်းစစ်ကို ကိုင်တွယ် နိုင်စွမ်းရှိပြီး ဒေါ်အောင်ဆန်းစုကြည် အာဏာ ရလာခဲ့ရင်တော့ မေးခွန်းထုတ် စရာ ဖြစ်တယ်လို့ ၁၉၉၆ ခုနှစ်တုန်းက ပြောခဲ့ဖူးပါတယ်။
အဲဒီအပြင် မြန်မာ့နိုင်ငံရေးမှာ မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံ၏ ပြဿနာ အစိပ် အပိုင်း အဖြစ် ရှုမြင်ခဲ့တာပါ။
စင်ကာပူ ဝါရင့်ဝန်ကြီး ဂိုချုပ်ထောင်နဲ့ အာဏာရ ခေါင်းဆောင်တွေကလည်း မြန်မာ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး လှုပ် ရှားမှုတွေအပေါ် လျစ်လျူရှုခြင်းသာမက စင်ကာပူက မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေကို ကန့်သတ်မှုတွေ အတော်များများ လုပ်ဆောင်ခဲ့ဖူးပါတယ်။
အခုတော့ စင်ကာပူဘက်က ခြေလှမ်းတွေ စတင်ပြောင်းလဲခဲ့ပါပြီ။ လက်ရှိ မြန်မာနိုင်ငံကလည်း စီးပွားရေး၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်လာပြီး စစ်ဗိုလ်ချုပ်များ တဖြစ်လည်း မြန်မာအစိုးရက အတိုက်အခံနဲ့ ထိတွေ့ ပူး ပေါင်း ဆောင်ရွက်တာတွေ ရှိလာပြီးနောက်ပိုင်းမှာ စင်ကာပူရဲ့ ဆက်ဆံရေးက အတိုက်အခံမျက်နှာစာကိုပါ အသစ် ဖွင့်လှစ်၍ ခြေလှမ်းချဲ့ထွင်လာတာပါ။
စင်တင်ဘာလ ၂၀ ရက်နေ့က စတင်ကျင်းပခဲ့တဲ့ စင်ကာပူ ထိပ်သီးညီလာခံတက်ရောက်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို စင်ကာပူ အစိုးရက သီးသန့် ဂျက်လေယာဉ်နဲ့ အကြို အပို့လုပ်ကာ အထူး အလေးပေး ဆက်ဆံခဲ့ကြတာကလည်း ထူးခြားတဲ့ ဆက်ဆံရေးပုံစံသစ် ဖြစ်ပါတယ်။
လက်ရှိစင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကလည်း၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်စုကြည် ရွေးချယ်ခံခဲ့ရမယ် ဆို ရင် မြန်မာနိုင်ငံအတွက် အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်တယောက်ရလိုက်တာပဲလို့ မှတ်ချက်ပေးတာဟာ အနာဂတ် မြန်မာ-စင်ကာပူဆက်ဆံရေး ပိုမိုကောင်းမွန်ရေးအတွက် ထပ်လောင်း အုတ်မြစ်ချလိုက်တာ ဖြစ်ပါတယ်။
စင်ကာပူဆိုတဲ့ လူဦးရေ ၅ သန်းလောက်ရှိတဲ့ ကျွန်းနိုင်ငံလေးနဲ့ မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးဟာ စင်ကာပူနိုင်ငံ လွတ် လပ်ရေး ကြေညာပြီးနောက် ၁၉၆၆ ခုနှစ်က စတင်ခဲ့ကြတာပါ။
စင်ကာပူနိုင်ငံဟာ မလေးရှားနိုင်ငံက တဆင့် သီးခြား လွတ်လပ်တဲ့ နိုင်ငံအဖြစ် ၁၉၆၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က ဝန်ကြီး ချုပ် မစ္စတာ လီကွမ်ယု ဦးဆောင်တဲ့အစိုးရက ကြေညာခဲ့ပြီး ထိုစဉ်က မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ တော်လှန် ရေး ကောင်စီ အစိုးရ အုပ်စိုးနေချိန်လည်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်နေဝင်းနဲ့ မစ္စတာ လီကွမ်ယုတို့ဟာ ပုဂ္ဂိုလ်ရေးဆက်ဆံရေး ကောင်းမွန်သလို အစိုးရချင်း ဆက်ဆံရေးလည်း ကောင်း မွန်ကြပါတယ်။ ဒါပေမယ့် လီကွမ်ယုရဲ့ တိုင်းပြည်ကို တံခါးဖွင့် ကျင့်သုံးပြီး ကမ္ဘာလှည့် ခရီးသွားတွေ မြှင့်တင်ဖို့ စတဲ့ အကြံပြုချက်တွေကိုတော့ ဦးနေဝင်းက လက်မခံခဲ့ပါဘူး။ ဒါပေမယ့် သူက စင်ကာပူမှာ ဆေးကုသခံ ယူ မှုတော့ လုပ်ပါတယ်။
၁၉၈၈ ခုနှစ် စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုတွေကျူးလွန်ခဲ့လို့ နိုင်ငံတကာက မြန်မာအပေါ် ပြစ်တင်နေခဲ့ချိန်က စင်ကာပူ ကတော့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပါတယ်။
ဒါပေမယ့် အမေရိကန် နဲ့ အနောက်နိုင်ငံတွေက လက်နက်ရောင်းဝယ်မှု အပါအဝင် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ခဲ့ကြ ပါတယ်။
၁၉၈၈-၈၉ ခုနှစ်တွေ အတွင်းကပဲ မြန်မာ့တပ်မတော်အတွက် စစ်လက်နက်ပစ္စည်းတွေကို စင်ကာပူနိုင်ငံကနေ တဆင့် တင် သွင်း ခဲ့တယ်ဆိုတဲ့ သတင်းတွေကို သြစတြေးလျ နိုင်ငံ ကင်ဘာရာ အခြေစိုက် Strategic and Defence Studies Center က ထိုစဉ်က ဖော်ပြ ခဲ့ဖူးပါတယ်။
အစ္စရေး၊ ဘယ်လ်ဂျီယမ် နိုင်ငံတွေက စစ်လက်နက်ပစ္စည်းတွေကို စင်ကာပူကတဆင့် မြန်မာပြည်ကို တင်သွင်းခဲ့တာလို့ အဆိုပါ စင်တာက သုတေသန သမား Andrew Selth က ပြောခဲ့တာပါ။
အဲဒီအပြင် မြန်မာ့တပ်မတော်ကိုလည်း လေထီးနဲ့ ခြေလျင်တပ်ရင်းတွေအတွက် လေ့ကျင့်သင်ကြားပေးမှုတွေ စင်ကာပူ က ကူညီခဲ့သေးတယ်လို့ ဆိုပါတယ်။
Jane’s Defense Weekly အဆိုအရ (Chartered Industries of Singapore) က စင်ကာပူမှာ လက်နက်ငယ် စက်ရုံ တခုကိုတည်ဆောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်လောက်မှာ အဲဒီ လက်နက်စက်ရုံကိုလည်း ရန်ကုန်ကို ပြောင်းရွှေ့ခဲ့တယ်လို့ သိရ ပါတယ်။
စီးပွားရေး ဒဏ်ခတ်ထားလို့ မြန်မာ့ထွက်ကုန်တွေအပေါ် အနောက်နိုင်ငံတွေက လက်မခံတာကြောင့် မြန်မာနိုင်ငံက ပြည်ပပို့ကုန် တွေကို စင်ကာပူက တဆင့် အနောက်နိုင်ငံတွေကို တင်ပို့ခဲ့ကြတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့ကလည်း ပြောကြ ပါတယ်။
စင်ကာပူ ဘဏ်တွေမှာလည်း မြန်မာနိုင်ငံက သဘာ၀ ဓာတ်ငွေ့အပါအဝင် သယံဇာတ ရောင်းချလို့ရတဲ့ ငွေကြေးတွေထဲက အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ ဘီလျံလောက်ကို အပ်နှံထားတယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေးနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အဖွဲ Earth Right Internation- ERI ကလည်း ၂၀၀၉ ခုနှစ်က အစီရင်ခံစာ ထုတ်ပြန် ခဲ့ပါတယ်။
အလားတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အနောက်တိုင်း ဘဏ်လုပ်ငန်းရှင်တဦးကလည်း ထိုင်းနိုင်ငံကို သဘာ၀ ဓာတ်ငွေ့ ရောင်းရငွေတွေထဲက ၉၀ ရာခိုင်နှုန်းကျော် ဒေါ်လာ ဘီလျံနဲ့ချီတဲ့ ငွေကြေးတွေကို စင်ကာပူနဲ့ နိုင်ငံခြား ဘဏ်တွေထဲကို ထည့် သွင်း ခဲ့တယ်လို့လည်း ပြောဆိုထားပါတယ်။
ဒါကြောင့် စင်ကာပူက ဘဏ်တွေက တဆင့် မြန်မာစစ်ဗိုလ်ချုပ်တွေဟာ စစ်လက်နက် ပစ္စည်းတွေအတွက် ငွေပေးချေကြ တယ် လို့လည်း ဆိုပါတယ်။
အဲဒီအပြင် ဘိန်းဘုရင် လော်စစ်ဟန် မိသားစုတွေနဲ့ စင်ကာပူဟာ ဆက်နွယ်မှု ရှိတယ်လို့ စွပ်စွဲမှုတွေလည်း ရှိနေတာပါ။ ဒါကြောင့်လည်း စင်ကာပူမှာ မြန်မာနိုင်ငံက လူတချို့ရဲ့ ဘီလျံနဲ့ ချီတဲ့ ဘဏ် စာရင်းတွေ ရှိတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ ပြဖို့ ဆိုတာတော့ အတော်ခဲယဉ်းပါတယ်။
ဒီလိုအခြေအနေတွေနဲ့ ၁၉၉၇ ခုနှစ်မှာ အာဆီယံ အဖွဲ့ဝင်ဖြစ်လာတဲ့ မြန်မာနိုင်ငံ အပေါ် ကမ္ဘာ့ကုလ သမဂ္ဂရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွဲဆိုချက်ကို စင်ကာပူနိုင်ငံက ငြင်းဆိုပယ်ချမှုလည်း ပြုလုပ်ပေးခဲ့ပါတယ်။
စင်ကာပူဟာ မြန်မာစစ်အစိုးရတွေ အပေါ် အနောက်နိုင်ငံတွေရဲ့ အရေးုယူထားခဲ့တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ ထားမှုတွေကို ကျော်လွှားတဲ့ ကြားခံနိုင်ငံ(Proxy) တခုအဖြစ်လည်း ရှိနေခဲ့တာပါ။
ဒီထက်မက မြန်မာစစ်အစိုးရတွေ လက်ထက် စစ်ဗိုလ်ချုပ်ချုပ်ကြီးတွေအနေနဲ့ အနောက်နိုင်ငံတွေ ဆီသွားဖို့ ဗီဇာ ကန့်သတ် ခံ ထားရတာတွေကြောင့် စစ်ကာပူဟာ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ၊ သူတို့နဲ့စပ်တဲ့ မြန်မာ စီးပွားရေး လုပ်ငန်းရှင် ခရိုနီကြီး တွေ ရဲ့ ဈေးဝယ်ထွက်ရာနဲ့ ဆေးကုသမှု ခံယူရာ နေရာလည်း ဖြစ်ပါသေးတယ်။
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး စိုးဝင်း စသူတို့ အပါအဝင် စစ်ဗိုလ်ချုပ်တွေဟာ စင်ကာပူမှာ သွားရောက်ဆေးကုသမှု ခံယူကြတာ အထင်အရှားဖြစ်ပါတယ်။
စင်ကာပူက အိမ်ရာစီမံကိန်းတွေ၊ ဘဏ်လုပ်ငန်းတချို့နဲ့ ဝန်ဆောင်မှု လုပ်ငန်းတချို့မှာလည်း မြန်မာ စစ်ဗိုလ်ချုပ် မိသားစု ဝင်တွေနဲ့ သူတို့နဲ့ နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ထားပါတယ်။
စာရင်းဇယားတွေအရ စင်ကာပူနိုင်ငံက မြန်မာနိုင်ငံတွင်းမှာ ဒေါ်လာ ၂.၅ ဘီလျံကျော် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတယ်လို့ သိရပါတယ်။ တချို့သုံးသပ်သူတွေက ဒီထက်လည်း ပိုနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ ခေါင်းဆောင်ဖြစ်လာဖို့ အလားအလာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စင်ကာပူ အနေနဲ့ အလေးပေး ဆက်ဆံမှုဟာလည်း မြန်မာနိုင်ငံအတွက် နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှု အပါအဝင် ဖွံ့ဖြိုးတိုးတက် မှုတွေ တိုးပွား လာနိုင်စရာရှိတယ်လို့ မျှော်လင့်ရပါတယ်။ ။