ဆောင်းပါး

ဦးသန့် ဇာတိမြို့က အပြန်

This article has been converted from Zawgyi One to Unicode


ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ကြောင့် မြန်မာကို ကမ္ဘာက သိစေခဲ့သော်လည်း သူ့အကြောင်းကို ကျောင်းသင်ခန်းစာ များတွင် သီးသီးသန့်သန့် ထည့်သွင်း သင်ကြားခြင်း မရှိခဲ့သောကြောင့် ဧရာဝတီတိုင်း ပန်းတနော်မြို့ ဆိုသည်မှာ သူ၏ ဇာတိ ဆိုသည်ကိုပင် မသိသူ များစွာ ရှိနေပါသေးသည်။

ဦးသန့်မွေးဖွားခဲ့ရာ ဇာတိဖြစ်သော ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့သို့ အလုပ်ကိစ္စတခုဖြင့် သွားရောက်ရန် အကြောင်း ဖန်လာသောကြောင့် ဦးသန့်နှင့် ပတ်သက်သမျှ ကြွင်းကျန်ရစ်သည်များကို လေ့လာခွင့် ရခဲ့သည်။

ရန်ကုန်မြို့နှင့် မိုင် ၅၀ ကျော်သာ ဝေးသော ပန်းတနော်မြို့အဝင်တွင် စိမ်းစိုသော လယ်ကွင်းများ၊ ပုစွန်ကန်၊ ငါးကန်များကို ရန်ကုန် – ပုသိမ် လမ်းမကြီး၏ တဘက်တချက်တွင် တွေ့ရသည်။

ရန်ကုန်မြို့မှ ပန်းတနော်သို့သွားမည်ဆိုလျှင် လှိုင်သာယာ အဝေးပြေးဘက်သို့ ထွက်ကာ ပုသိမ်မြို့သို့ သွားရောက်သော လမ်းပေါ်သို့ တက်ရသည်။ လမ်းတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ထန်းတပင်မြို့ ကျော်သည်နှင့် ဧရာဝတီတိုင်း ဒေသကြီးအစ ညောင်တုန်းမြို့သို့ ဝင်လေသည်။ ထိုမှတဆင့် ညောင်တုန်းတံတားကြီးကို ဖြတ်ကျော်ပြီးသောအခါ လမ်း ဘယ်ဘက်ခြမ်းတွင် မြန်မာပြည်သား ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး မွေးဖွားရာ ပန်းတနော်မြို့က စောင့်ကြိုနေသည်။

“ပန်းတနော်မြို့က ကြိုဆိုပါ၏” ဆိုသော ဆိုင်းဘုတ်ကြီး တခုနှင့် ကိုက် ၂၀၀ ခန့် အကွာတွင် ဆောက်လက်စ သုံးထပ်တိုက် တလုံးကို တွေ့လိုက်ရသည်။ သတင်းထောက် မျက်စိဖြင့် စပ်စုကြည့်လိုက်သောအခါ ဦးသန့် စာကြည့်တိုက်နှင့် ရုပ်တု ဖြစ်မြောက်ရေး လုပ်ဆောင်နေသော နေရာဟု သိလိုက်ရသည်။ ဦးသန့်စာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် အလှူငွေများ ဖိတ်ခေါ်ထားပြီး ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ရေးသားထားရာ ထိပ်ဆုံးတွင် ဦးစောနိုင်ဆိုသော နာမည်နှင့် ဆက်သွယ် ရမည့် ဖုန်းနံပါတ်ကိုပါ တွေ့ရသည်။

ဦးစောနိုင်မှာ အသက် ၈၇ နှစ်အရွယ် ဟိန္ဒူ ဗုဒ္ဓဘာသာ တဦး ဖြစ်ပြီး ဦးသန့်စာကြည့်တိုက် ဖြစ်မြောက်ရေး အတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူ တဦးဖြစ်သည်။ ဦးစောနိုင်သည် ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်းတွင်လည်း ပါဝင်ခဲ့သည်။

“နိုင်ငံရေးကို နားလည်လို့မဟုတ်ဘူး။ သူငယ်ချင်း အပေါင်းအသင်းတွေ ပါတော့ ဝင်လုပ်ဖြစ်တယ်။ နိုင်ငံရေး ဆိုတာကိုတော့ အခုမှ နားလည် လာတော့တယ်” ဟု ဦးစောနိုင်က ဆိုသည်။

စိုက်ပျိုးရေး ဆေးဆိုင် ဖွင့်ထားသော သူ၏အိမ်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏ ဓာတ်ပုံကို စနစ်တကျ မှန်ဘောင် သွင်းထားသည်။ မြန်မာနိုင်ငံရှိ မည်သည်မြို့ကိုမဆို ရောက်သွားလျှင် တိုင်းပြည်၏ လွတ်လပ်ရေးဖခင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တု၊ ဓာတ်ပုံများကို တွေ့ရမည် ဖြစ်သော်လည်း ပန်းတနော်မြို့တွင်မူ ဦးသန့် ဓာတ်ပုံများကို လူနေအိမ်များမှ အစ၊ ဘုန်းကြီးကျောင်းအဆုံး နေရာတိုင်းတွင် တွေ့ရသည်။

ထိုကဲ့သို့ ဦးသန့်ဓာတ်ပုံများကို နေရာတိုင်းတွင် တွေ့ရသော်လည်း ဦးသန့် စာကြည့်တိုက်နှင့် ရုပ်တုကို ဦးသန့် ကွယ်လွန် ခဲ့သော ၁၉၇၄ ခုနှစ်မှ ယနေ့အချိန် နှစ်ပေါင်း ၄၀ နီးပါး ကြာမြင့်သည်အထိ အကောင်အထည် မဖော်နိုင်သေးပေ။ ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ စတင် အကောင်အထည် ဖော်ရန် စီစဉ်ခဲ့သော ဦးသန့် စာကြည့်တိုက်မှာ ကျပ်သိန်း ၆၀၀ ကုန်သွား သော်လည်း အဆောက်အအုံ အကြမ်းအဖြစ်သာ ရှိသေးသည်ကို တွေ့ရသည်။ ခေတ်မီစာကြည့်တိုက် အဖြစ် လုံး၀ အဆုံးသတ်နိုင်ရန် ကျပ်သိန်း တထောင်ခန့် လိုမည်ဖြစ်ကြောင်း ဦးစောနိုင်က ဆိုသည်။

ရရှိထားသော ကျပ်သိန်း ၆၀၀ တွင် သိန်း ၃၀၀ မှ ပန်းတနော် မြို့ခံများထံမှ ရရှိထားသော အလှူငွေဖြစ်ပြီး ကျန်သိန်း ၃၀၀ မှာ ကရင် အမျိုးသားခေါင်းဆောင် ဖဒိုမန်းငြိမ်းမောင် ကိုယ်တိုင် လာရောက် လှူဒါန်းသွားခြင်း ဖြစ်သည်။ ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် လာရောက်လှူဒါန်းခြင်း မဟုတ်ဘဲ သူ၏ ကိုယ်ပိုင်ငွေ ဖြစ်ကြောင်း သိရသည်။ ကရင်ခေါင်းဆောင်က သိန်း ၃၀၀ လှူခဲ့သော်လည်း ဦးသန့် စာကြည့်တိုက် ဖြစ်မြောက်ရန် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က ငွေကြေး ထောက်ပံ့ပေးခြင်းမျိုး ယနေ့အချိန်အထိ မရှိသေးပေ။

“ဦးသန့်က စာအရမ်းဖတ်တဲ့ တကယ့်စာသမား။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့၊ သူရဲ့ လုပ်ရပ်တွေကို လေးစားတဲ့အနေနဲ့ ဒီစာကြည့်တိုက်ကို ထူထောင်မှာပါ။ မည်သူမဆို လွတ်လပ်စွာ လာရောက်ပြီးတော့ စာဖတ်နိုင်အောင် လုပ်ပေးမယ်။

ကွန်ပျူတာ၊ အင်တာနက် အထိ သုံးနိုင်အောင် ခေတ်မီစာကြည့်တိုက် တခုအဖြစ် လုပ်ပေးဖို့ပါ” ဟု ဦးစောနိုင်က ပြောသည်။

ဦးသန့် ကြေးရုပ်တုကို မြို့၏ အထင်ကရ ဘုန်းကြီးကျောင်း တခုတွင် ထိန်းသိမ်းထားသောကြောင့် သွားရောက်ကြည့်ရှုရန် ဦးစောနိုင်က လမ်းညွှန်လိုက်သည်။

ဦးသန့်ကြေးရုပ်တုကို ကြေးသွန်းပညာရှင် ပန်းပု တင်ဝင်းထွန်း (ပေါင်းတည်) က ၂၀၁၂ ခုနှစ်တွင် သွန်းလုပ်ပေးခဲ့ပြီး ကြေးရုပ် ထားရှိမည့် စာကြည့်တိုက် အပြီးမသတ်နိုင်မီတွင် ပန်းတနော်မြို့ မြတောင် ကျောင်းတိုက်တွင် ယာယီ ထိန်းသိမ်းပေး ထားကြောင်း ဦးသန့်ရုပ်ထုကို ထိန်းသိမ်းပေးထားသူ မြို့မိမြို့ဖတဦးဖြစ်သည့် ဦးသိန်းအေးက ပြောသည်။

မြတောင် ကျောင်းတိုက်တွင် ဦးသန့်နှင့် ပတ်သက်သော အကြောင်းအရာမျိုးစုံ ရေးသားထားသည့် စာအုပ်၊ စာတမ်းများ၊ သတင်းစာ၊ ဂျာနယ် များကို ဖြတ်ညှပ်ကပ် ပြုလုပ်၍ ပြသထားသည်။

ဦးသန့် နေထိုင်ခဲ့သောအိမ်မှာ မြတောင်ကျောင်း အနီး စဉ့်အိုးတန်း လမ်းတွင် ရှိပြီး ၁၉၅၇ ခုနှစ်တွင် ယင်းမြေ အိမ်နေရာကို မြန်မာကျပ်ငွေ ၁၇၅၀ ကျပ်ဖြင့် ရောင်းချသွားခဲ့သည်။ ထိုစဉ်က ဦးသန့်မှာ ဝန်ကြီးချုပ်ရုံး အတွင်းဝန် ရာထူးဖြင့် ရန်ကုန်မြို့တွင် ရောက်ရှိနေပြီး အိမ်ရောင်းရခြင်းမှာလည်း ကျန်းမာရေး အခြေအနေကြောင့် ဆေးကုရန် စရိတ် လိုအပ်ခြင်းကြောင့် ဖြစ်သည်ဟု ဦးသန့်၏ညီ ဦးခန့်က ပြောပြခဲ့ကြောင်း ပန်းတနော်မြို့ခံ ဦးသိန်းအေးက ပြောဆိုပြီး ဦးသန့် အိမ်ဟောင်း နေရာသို့
၎င်းက လိုက်ပို့သည်။

ယင်းမြေအိမ်နေရာကို ဝယ်ယူခဲ့သူ အသက် ၈၁ နှစ်အရွယ် ဒေါ်ကြည်မှာ ဦးသန့်အိမ်ကို ဝယ်ယူခဲ့သောကြောင့် ဂုဏ်ယူလျက် ရှိပြီး ဦးသန့် ရောင်းချခဲ့သော စာရွက် အထောက်အထားကို ပလစ်စတစ်လောင်းကာ အမှတ်တရ သိမ်းထားသည်။

“အဲဒီတုန်းက ဦးသန့် ပိုက်ဆံလိုတော့ မြို့ပိုင် ဦးဘိုးအေးကို ဒီအိမ်လေး ရောင်းပေးဖို့ မေတ္တာရပ်ခံခဲ့တယ်။ အဘွား အဖေက ဆရာသန့် တပည့်အရင်း။ အဖေက ဆရာသန့်အိမ်ကို ဝယ်လိုက်တာ။ ဆရာသန့်ညီ ဦးခန့်ကျတော့ အဖေနဲ့ သူငယ်ချင်းတွေပဲ” ဟု ဒေါ်ကြည်က ဆိုသည်။

ဦးသန့်၏ အိမ်ကို စိတ်ဝင်စားသူ နိုင်ငံခြားသားများစွာ လာရောက်ကြည့်ရှုကြ သောကြောင့် တော်လှန်ရေးကောင်စီ လက်ထက်၊ မဆလ လက်ထက်နှင့် ယခင် နအဖ အစိုးရ လက်ထက်တွင် ထောက်လှမ်းရေးက အမြဲပင် စောင့်ကြည့်လျှက် ရှိကြောင်း၊ နိုင်ငံခြားသား ဧည့်သည်များ ပြန်သွားသောအခါ လာရောက် မေးမြန်းလေ့ရှိကြောင်း သိရသည်။

“ထောက်လှမ်းရေးက ဘာပြောသွားလဲ လာလာ မေးတယ်။ အဘွားက ပြန်ပြောမပြတတ်တော့ နောက်ပိုင်းမှာ ဧည့်သည် လာရင် သူတို့ပါ လာနားထောင်တယ်။ အခုတော့ အဲဒါမျိုးတွေ မရှိတော့ဘူး” ဟု ဒေါ်ကြည်က ဆိုသည်။

ဦးသန့်၏ နေအိမ်ဟောင်းသို့ အမေရိကန် အမျိုးသမီး သံအမတ်တဦး၊ ဗြိတိန်သံအမတ်၊ အိန္ဒိယ နိုင်ငံမှ ပါမောက္ခနှစ်ဦး အပြင် နော်ဝေ၊ ဆွစ်ဇာလန်၊ ထိုင်း၊ တရုတ်နှင့် ကိုရီးယားနိုင်ငံတို့မှ ပုဂ္ဂိုလ်များ လာရောက် လေ့လာခဲ့ဖူးကြောင်း သိရသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း၊ ပန်းတနော်မြို့နယ် အမျိုးသား ကျောင်းအုပ်ကြီး၊ ဝဏ္ဍကျော်ထင်၊ သီရိပျံချီ၊ စည်သူ၊ မဟာစည်သူ စသည့် ဘွဲ့အသီးသီး ပိုင်ဆိုင်ခဲ့သည့် ဦးသန့်ကို ၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပန်းတနော်မြို့၌ မွေးဖွားခဲ့သည်။ ပန်းတနော်မြို့ အမျိုးသား အထက်တန်းကျောင်းကို တက်ရောက်ခဲ့ပြီး ရန်ကုန် တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ကို ဆက်လက် သင်ယူခဲ့သည်။ အသက် ၂၅ နှစ်အရွယ်တွင် ပန်းတနော် အမျိုးသား
အထက်တန်း ကျောင်းတွင် ကျောင်းအုပ်ကြီး အဖြစ် တာဝန်ယူစဉ် ပန်းတနော် ဦးသန့် အမည်ဖြင့် စာပေများ ရေးသားခဲ့သည်။

ထိုစဉ်က ဝန်ကြီးချုပ် ဦးနုထံတွင် အစိုးရ ဝန်ထမ်းအဖြစ် တာဝန် အမျိုးမျိုး ထမ်းဆောင်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်လာသည်။ ၁၉၆၁ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့ပြီး ၁၉၇၁ ခုနှစ်အထိ ရာထူးသက်တမ်း နှစ်ကြိမ် ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ဦးသန့် နှစ်တရာ ပြည့်ခဲ့ပြီ ဖြစ်သည်။

အာရှတိုက်၏ အလင်းရောင်ဟု ထိုစဉ်က တင်စားခံခဲ့ရသော ဦးသန့်၏ ဇာတိ ပန်းတနော်မြို့မှ ပြန်ထွက်လာသောအခါ နှုတ်ဆက်မိုးက အသည်းအသန် ရွာသွန်းတော့သည်။

ပန်းတနော်မြို့အထွက် ဥတိုဟုခေါ်သော ရွာလေးသို့အရောက် လမ်းဘေး၌ ကားခဏရပ်နားပြီ ဒေသခံတချို့နှင့် စကားလက်ဆုံ ကျလိုက်သောအခါ ပန်းတနော်ဒေသတွင် မြန်မာနိုင်ငံ၏ တခြားဒေသများကဲ့သို့ လယ်မြေ အသိမ်းခံရသော
အကြောင်းများ ကြားရသည်။ စစ်တပ်အရာရှိ အငြိမ်းစားများ၊ ပုဂ္ဂလိက ကုမ္ပဏီများက လယ်မြေများ သိမ်းသွားသောကြောင့် ဒေသခံများ ကွမ်းစိုက်စားနေ ကြသည်။

ယနေ့ခေတ်တွင် တိုင်းပြည်က ဘာလုပ်ပေးမှာလဲဟု မျှော်လင့်လျှက်ရှိသော၊ ကိုယ်ကျိုးစီးပွားအတွက် အသည်းအသန် ကြိုးပမ်းနေကြသော စစ်ဘက် အရပ်ဘက် ပုဂ္ဂိုလ်များကို တိုင်းပြည်အတွက် ဘာလုပ်ပေးရမလဲဟု အမြဲတွေးနေသော ဦးသန့်သာ ပြန်တွေ့လျှင် အလွန်စိတ်မကောင်း ဖြစ်နေလိမ့်ဦးမည်။

ထိုအချိန်တွင် ဦးသန့်၏ ကမ္ဘာမကျော်သော စကားလေးတခွန်းကို ပြန်အမှတ်ရ နေမိသည်။

“တပည့်တို့၊ လူတော်လူကောင်း ဖြစ်အောင် ကြိုးစားကြပါ။ လူတော်မဖြစ်ရင်တောင် လူကောင်း ဖြစ်အောင်တော့ ကြိုးစားကြပါ။ ဒီနေ့ တို့နိုင်ငံမှာ လူတော်တွေ သိပ်ရှားနေပြီး လူဆိုးတွေလည်း အများကြီးပဲ” ဟူ၍ ဖြစ်၏။

Loading