မျှော်မဆုံး မြင်နေရသည့် အစိမ်းရောင် ပြောင်းခင်းကြီးများနှင့် အလယ်တွင် ဖြောင့်တန်း စွာဖောက် ထားသည့် မြေနီလမ်းလေးက အလွန်တရာမှ လိုက်ဖက်လှသည်။ ညီညာစွာ စီတန်းနေသော ပြောင်းခင်းများသည် ကျယ်ပြန်သော လွင်ပြင်မှ မှိုင်းပြာနေသော ရှမ်းရိုးမ တောင်တန်း များဆီ သို့ မြင့်တက်သွားကြ၏။
ကျယ်ပြောသော လွင်ပြင်ကြီးကို ဝိုင်းရံထားသည့် ရှမ်းရိုးမအပေါ်၌မူ နေခြည်က မလင်းတလင်းဖြစ်နေသည်က ပန်းချီကား တချပ် နှယ်။
ဤလွင်ပြင်ကြီးသည် တချိန်က တောင်ပေါ်မြို့လေးအဖြစ် လူသိများခဲ့ဖူးသလို သီပေါစော်ဘွားဟောင်း ဆာစောချယ်၏ နွေရာသီ စံနန်းတော် စခန်းသာဟော်လည်း ရှိခဲ့ဖူးသည်။
ဆာစောချယ်က မင်းတုန်းမင်း၏ ယောက်ဖတော် မွေးစားသားဖြစ်ပြီး မန္တလေးနေပြည်တော်တွင် ပညာသင်ကြားခဲ့ဖူးသူဖြစ်ပြီး မန္တလေးကျအပြီး ဗြိတိသျှကိုလိုနီအစိုးရကလည်း ဆာဘွဲ့ ချီးမြှင့်ခံရသူဖြစ်သည်။ ဒီဟော်နန်းကို မိဖုရား ၄၀ နှင့် စံမြန်းရန် ဆောက်ခဲ့သည်ဟု ကြားဖူးသည်။
စခန်းသာဟော်ကို ရောက်ဖူးချင်နေသည်မှာ ကြာပြီ။ အခွင့်မကြုံနိုင်ခဲ့ပေ။ ပြီးခဲ့သည့်နှစ် သီပေါဟော်သို့ ရောက်ခဲ့စဉ်ကလည်း စခန်းသာဟော်သို့ ခရီးမဆက်နိုင်ခဲ့။
ဒီတခေါက် ရှမ်းပြည်မြောက်ပိုင်း ခရီးစဉ်တွင် စခန်းသာဟော် သွားဖို့ ထည့်သွင်းခဲ့သည်။ သို့သော် ဒေသအခြေအနေမှာ ငြိမ်သက်မှု့မရှိသည့်အတွက် နယ်ခံမိတ်ဆွေ များကို အကူအညီတောင်းကာ သေသေချာချာ ပြင်ဆင်ခဲ့ရသေးသည်။
စခန်းသာသည် ကျောက်မဲမြို့မှ ၇ မိုင်ခန့် ဝေး၍ လားရှိုး- မန္တလေးကားလမ်းနံဘေးမှ ရွာကြီးဖြစ်သည်။ ကျောက်မဲမှ နာရီဝက်ခန့် သွားလိုက်သည်နှင့် လမ်းဘေးတနေရာ၌ အပြာရောင်အောက်ခံ၌ အဖြူရောင်စာလုံး ဖြင့် ရှမ်း- မြန်မာ နှစ်ဘာသာရေးထိုးထားသော စခန်းသာ ကျေးရွာအုပ်စု မြင်းကွင်း ကျေးရွာ ဆိုသည့် ဆိုင်းဘုတ်ကို တွေ့မြင်ရသည်။
ဆိုင်းဘုတ်နံဘေး မြေနီလမ်းကလေးထဲသို့ ချိုးဝင်လိုက်သည့်နှင့် လူတရပ်နီးပါးမြင့်သည့် ပြောင်းခင်းကြီးများ အလယ် ရောက်သွား ပြီး လူရိပ်လူခြေ မမြင်ရတော့သလို သွားရသည်ကလည်း တမျှော်တခေါ်ပင်။
ဤ ပြောင်းခင်းကျယ်ကြီးသည် ကိုလိုနီခေတ်က သီပေါစော်ဘွားကြီး ဆာစောချယ်၏ သားဖြစ်သူ စောအုံကြာနှင့် အပေါင်းအပါ ပြိုင်မြင်းဝါသနာအိုးတို့ နှစ်စဉ် မြင်းပွဲ ကျင်းပရာကွင်းကြီး ဖြစ်သည်။
၁၉၂၉- ၃၀ ခုနှစ်များမှ စတင်ကာ ကျိုက္ကဆံမြင်းကွင်းရှိ ရန်ကုန်တပ် ကလပ်မှ မြင်းသမားများ၊ မန္တလေး၊ လားရှိုး၊ နမ္မတူ၊ နမ့်ဆန် ဒေသ များမှ မျက်နှာဖြူ အရာရှိကြီးများ၊ မြန်မာသူဌေး မန်းညွန့် ဦးမောင်လေး၊ မစ္စတာ မာဖီးယားသား ချန်ချော ခိုင်၊ ပခုက္ကူ ဦးဘကျားစသည့် နာမည်ကြီး မြင်းသမားကြီးများကို ဖိတ်ကြားကာ တောင်ခါးပန်းတွင် ပွဲကြည့်စင်များထိုးပြီး မြင်းပွဲ အကြီးအကျယ် ပြုလုပ်သည့် နေရာဟု မှတ်သားဖူးသည်။ ယင်းသို့ မြင်းပွဲများတွင် လောင်းကစားစေရုံမက ၃၆ ကောင်ကဲ့သို့ လောင်းကစားပွဲများကို ဝှဲချီးကျင်းပကြောင်းလည်း ကြားဖူးသည်။
စောအုံကြာသည် အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ်တက္ကသိုလ် ကျောင်းထွက်တဦးပီပီ အနောက်တိုင်းဆန်ပြီး ခေတ်မီသည့် စော်ဘွား တဦးဖြစ်သကဲ့သို့ ပြိုင်မြင်းများ မွေးမြူခြင်းကိုလည်း ဝါသနာထုံသူတဦးဟု သိရသည်။
ပဒေသရာဇ် ခေတ်၊ ကိုလိုနီခေတ်မှသည် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ၊ နောက် ဆိုရှယ်လစ်ခေတ်ကိုဖြတ်၊ ယခု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်သည့် ဈေးကွက်စီးပွားရေးစနစ် အရောက်တွင် စော်ဘွားစောအုံကြာ၏ မြင်းကွင်းသည် ထိုင်းကုမ္ပဏီ CP ၏ ပြောင်းခင်း အတိအကျဆိုသော် ကြက်စာပြောင်းခင်းများ ဖြစ်သွားလေပြီ။
ပြောင်းခင်းအလယ်ဖြတ်ဖောက်ထားသည့် မီးရထားလမ်းကို ကျော်သည်နှင့် လမ်းမှာ ပို၍ဆိုးလာသည်။ မိုးဆက်တိုက် ရွာထား သည့်အတွက် ဗွက်ပေါက်ကာ မြေပျော့သောကြောင့် ကားဆရာမှာ ကားကို ဂရုတစိုက် မောင်းနှင်နေရ၏။ ဤအတိုင်း စခန်းသာဟော်ကုန်းကို ကားဖြင့်တက်ရန် မလွယ်ကူ၊ ထို့ကြောင့် မြင်းကွင်းရွာသို့ ဝင်ကာ သတင်း စုံစမ်းရသည်။
မြင်းကွင်းရွာတွင် ကားဆရာနှင့် ရှမ်းအမျိုးသားတသိုက် အပြန်အလှန်ပြောဆိုကြပြီးနောက် စခန်းသာဟော်ကုန်းသို့ ကား တက်၍ မရ၊ အနီးရှိ တောရဘုန်းကြီးကျောင်းအထိသာ ကားသွားနိုင်မည်၊ ထိုမှ တဆင့်ဆက်ပြီး စခန်းသာဟော်သို့ ခြေလျင်သာ သွားရမည်ဟု သိရသည်။
ဆက်လက်ထွက်ခွာခဲ့ရာ ချောင်းတခုကို ကျော်လွန်ပြီးသည်နှင့် တောင်စွယ်တခု ပေါ်သို့ တက်သည်။ တောင်စွယ် တဆစ်ချိုးအရောက် နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်အခါ ပြောင်း၊ မြေပဲနှင့် ပဲမျိုးစုံ စိုက်ခင်းများသည် မြစိမ်း ရောင် ကမ္ဗလာ ကဲ့သို့ ဖြစ်နေပြီး ကြည့်၍မဆုံး။ တချိန်က သည်ပြန့် သည်တောင်စောင်းတို့တွင် ဒေလီယာ၊ ဂန္ဓမာ၊ နှင်းဆီ၊ သစ္စာ ပန်းစသည့် ပန်းပင်များဖြင့် လှပေနေခဲ့ပေလိမ့်မည်။
မကြာမီတွင် တောရဘုန်းကြီးကျောင်းသို့ရောက်သည်။ ကျောင်းပရဝုဏ် အတွင်း လူသူ အရိပ်အယောင် မမြင်ရ။ ကျောင်းပေါ်မှာတော့ ရှမ်းလူမျိုး ဆရာတော်တပါး သီတင်းသုံးနေသည်။
ဆရာတော်သည် ပခုက္ကူ နှင့် မန္တလေးရှိ ကျောင်းတိုက်ကြီးများတွင် စာဝါလိုက်ဖူးသဖြင့် မြန်မာစကားကို ရေလည်စွာ ပြောဆိုနိုင်သည်။ ဘုန်းကြီးကျောင်းတို့၏ ထုံးစံအတိုင်း တိုင်ကပ်နာရီများကလည်း နေရာအနှံ၊ တနေရာတွင် ရှမ်းဘာသာဖြင့် ရိုက်နိုပ်ထားသည့် ဟော်နန်းများပုံပါ ပြက္ခဒိန်တခု ချိတ်ဆွဲထားသည်။
စခန်းသာဟော်သို့ သွားမည်ဖြစ်ကြောင်း ဆရာတော်အား လျှောက်သည့်အခါ ရှမ်းလက်နက်ကိုင်များ နှင့် စစ်တပ်တို့ မကြာသေးမီကမှ အနီးအနားတွင် တိုက်ပွဲဖြစ်ထားသည့်အတွက် ကပိ္ပယကြီးနှစ်ဦးကို လိုက်ပါစောင့်ရှောက်ရန် ထည့်ပေးလိုက်လေသည်။
စခန်းသာဟော်သို့ သွားသည့်လမ်းမှာ ကျောင်းနှင့်မနီးမဝေးရှိပြီး လျှိုတခု၏ အောက်ဖက်သို့ ဆင်းကာ တောလမ်းအတိုင်း လျှောက်ရသည်။ လမ်းဘေးဝဲယာတွင် ချုံများတောထနေပြီး အသွားအလာမရှိသည့်အတွက် လူသူခိုအောင်းချင်စရာ ဖြစ်နေပြီး အချိန်မရွေး အန္တရာယ်ပေါ်တတ်သည့် အနေအထားဖြစ်သည်။
အနီရောင် သစ္စာပန်းပင်များက လမ်းဘေးတဖက်တချက်တွင် အလေ့ကျပေါက်လျက်။ တချို့နေရာများတွင် ချုံနွယ်ပိတ်ပေါင်း များ ထူထပ်သည့် အတွက် ကပိ္ပယကြီး နှစ်ဦးက ရှေ့မှဓားဖြင့် ရှင်းကာ သွားရ၏။ ဟော်အနီးသို့ ရောက်လာလေ ချုံက ပိုမိုထူလာလေ၊ ကပိ္ပယကြီး နှစ်ယောက်၏ ဓားမှာလည်း ပို၍ ပို၍ သွက်လာလေလေပင်။
နာရီဝက်ခန့်လျှောက်မိသောအခါ ပန်းကနုတ်များစီချယ်ထားသည့် မြင့်မိုရ်ပိတ်၏ အလယ်၌ အမြီးဖြန့်ချထားသည့် ဒေါင်းရုပ် သဏ္ဍန် ပုံဖော်ထားသော စခန်းသာဟော် မုဒ်ဦးကြီးကို ချုံနွယ်ပိတ်ပေါင်းကြားမှ ဘွားကနဲ မြင်ရပါလေပြီ။
နေဝန်းထဲ၌ ကနေသည့် ဒေါင်းရုပ်သည် လွတ်လပ်ကြမ်းတမ်းသော ပဒေသရာဇ်ခေတ်ကို ပုံဖော်နေသည့် အလားရှိ၏။ လူသူအရောက်အပေါက်နည်းပြီး ဤမျှ ချောင်ကြသည်နေရာတွင် ခမ်းနားသည့် အဆောက်အဦနှင့် ဗိသုကာလက်ရာများကို မြင်ရသည်မှာ အိပ်မက်ထဲမှ ရတနာသိုက် ရှာတွေ့သလို စိတ်လှုပ်ရှားနေခဲ့သည်။
ဥရောပဆန်ဆန် တည်ဆောက်ထားသည့် ဟော်နန်းမှာ တထပ်တိုက်ဖြစ်ပြီး နှစ်ပရိစ္ဆေဒ အတော်ကြာ စွန့်ပစ်ထားခြင်းခံရသော်လည်း အဆောက်အဦးတွင် သုတ်လိမ်းထားသည့် အဝါရောင်ဆေးသားမှာမူ ပျက်ပြယ်ခြင်းမရှိသေး။
နောက်ဆုံး သီပေါစော်ဘွား စဝ်ကြာဆိုင်၏ ဇနီး သြစတြီးယန်းသူ သုစန္ဒီ(အင်ဂျီ) က စခန်းသာဟော်သည် အီတလီ မြောက်ပိုင်းတောင်ကုန်းတခုပေါ်မှာ ဆောက်ထားသော နို့နှစ်ရောင် အဆောက်အဦးတခုကဲ့သို့ ထည်ထည်ဝါဝါရှိလှသည်ဟု သူ၏ Twilight Over Burma စာအုပ်တွင် ဆိုထား၏။
မြေထဲပင်လယ်ထွက် အဖြူရောင် စကျင်ကျောက်ပြားခင်းထားပြီး စံနန်းအလယ် ခန်းမကို ဦးတည်နေသည်ဟု သူရေးခဲ့သည့် အဝင်ပေါက် လှေခါးကြီးမှာ ကျနော် မြင်တွေ့ရသောအခါ ချုံအတိဖုံးအုပ်နေပြီး စော်ဘွား အဖူးအမျှော်ခံရာ စံနန်းအလယ် ညီလာခံ ခန်းမကား အမိုးဗလာနတ္တိ။
ဟော်နန်းတခုလုံးမှာ တပိုင်းတစ ပြိုပျက်နေသည့် နံရံများ၊ ကပ်ပါးပင်များ တွယ်ကပ်နေသည့် ယက်မတန်းကြီ များနှင့် ၎င်းတို့ကို ထောက်ခံထားသည့် ရောမခေတ်ဟန် တိုင်ကြီးများကိုသာ ထောင်လျှက်သား မြင်တွေ့ရသည်။
ကြမ်းခင်း ကျွန်းသားပါကေးများမှာ အကောင်းပကတိနီးပါးရှိဆဲဟု ဆိုနိုင်သော်လည်း ရေညှိများ တက်ကာ တချို့နေရာများတွင် မြက်ရိုင်းနှင့် ချုံများပေါက်လျှက်ရှိ၏။
သစ်ပင်များ ချုံနွယ်များနှင့် ပြိုပျက်နေသည့် အုတ်ပုံများကိုကျော်ပြီး အထဲသို့ ဝင်ခါနီး ဂမ္ဘီရဆန်သည့် ကြီးမားသော မြွေကြီး နှစ်ကောင်ရှိသည်ဟု နယ်ခံတဦးက သတိပေးစကားကြောင့် ခြေလှမ်းများပင် တုန့်သွားမိသည်။ သစ်ပင်ချုံနွယ်များ၊ ကျိုးပဲ့နေသည့် အုတ်ပုံများအောက်တွင် မြွေဆိုးများက ခိုအောင်းနေနိုင်သည် မဟုတ်လား။
ပြန့်ပြူးသည့် တောင်စွယ်ပေါ်တွင် တည်ထားသည့် စခန်းသာဟော်သည် ပေ ၁၅၀ နီးပါးခန့်ရှည်ပြီး အဝင်ပေါက် အဆောင် မျက်နှာစာ၏ ဝဲ ယာတွင် နောက်ထပ် အဆောင်နှစ်ဆောင်ရှိ၍ အဆောင်များတွင် မီးလင်းဖိုကြီးများနှင့် လူနေအိပ်ခန်းများ ဖွဲ့ခဲ့ဟန်တူ၏။
မှတ်သားမိသည်မှာ မြန်မာဂီတပညာရှင် ဒေါ်စောမြအေးကြည် နာမည်ကျော် မိုးဒေဝါ ပတ်ပျိုးကို ယခု စခန်းသာဟော်တွင် နေထိုင်စဉ်က ဖွဲ့ခဲ့ခြင်းဖြစ်သည်။ မီးလင်းဖိုကြီးများ၏ အပေါ် အဖြူရောင်နံရံတွင် “အလွမ်းကမ္ဘာ” “အမှတ်တမဲ့မှ အမှတ်တရသို့” “နင့်ကိုငါချစ်တယ်” စသည့် မီးသွေးခဲဖြင့် ရေးထားသည့် ခေတ်သစ်နံရံစာများကိုလည်း တွေ့မြင်ရ၍ ဟော်နန်းက အလွမ်းရေစီးကြောင်းကို စိတ်ကူးယဉ်မိသည်။
ဘေးဘက် အဆောင်များ၏ နံရံတချို့မှာ ဖြိုဖျက်ခံထားရပြီး ကြမ်းခင်းအောက်ခံ အုတ်များလည်း မရှိတော့ချေ။ ရှေးဟောင်းတွေ ရောင်းစားကောင်း၍ သင်္ချိုင်းဂူများကိုပင် ဖြိုဖျက်ကာ အုတ်များ တူးဖော်ရောင်းစားနေသည့် ခေတ်ကြီးတွင် ဟော်နန်း အုတ်တိုက်ကြီး၏ အခြေအနေမှာ အလွန်စိုးရိမ်စရာ ကောင်းသည်။
ရှမ်းအမျိုးသားကပိ္ပယကြီးက ဟော်ကုန်းမှ အောက်ဘက် အဝေးတနေရာသို့ ကြည့်ကာ နှမြောတသသော မျက်နှာဖြင့် ဤကား ရေကန်၊ ဟိုကား စော်ဘွားမြင်းကွင်းစသဖြင့် ရှမ်းလိုတမျိုး၊ မြန်မာလိုတဖုံ ရှင်းပြနေစဉ် နံဘေးရှိ ချုံများကို တိုးဝှေ့လာသည့် အစိမ်းရောင် အကျီဝတ်ဆင်ထားသည့် လူတယောက်ကို ရုတ်တရက်မြင်လိုက်ရ၍ အားလုံး အံအားသင့်သွား၏။
ရှမ်းဘာသာဖြင့် မေးမြန်းသည့်အခါ ဖြေကြားခြင်းမရှိ။ တောအတွင်း ပြန်လှည့် ပြေးဝင် ပျောက်ကွယ် သွားလေသည်။ တောထဲကလူ လော၊ စစ်သားလော၊ ရွာသားလော မကွဲပြားပေ။ ဆရာမြသန်းတင့်၏ လွမ်းမောဘွယ်ကမ္ဘောဇ မှ ဟော်နန်းအစောင့်ကို သူပုန်များက ပစ်သတ်လိုက်ဖူးသည်ဆိုသည်ကို အမှတ်မထင် သွား၍ သတိရလိုက်မိသေး။
နေ့အလင်းရောင်သည် တဖြည်းဖြည်း နည်းလာပြီ။ အချိန်က လင့်လာလေပြီ။ လေ့လာမှုကို အဆုံးသတ်ပြီး သမိုင်းအရ တူးဆွမှုကို မြို့ပေါ်က အထောက်အထားတွေ ပေါ်မှာ ဆက်လက်လုပ်ဆောင်ရန် လာလမ်းအတိုင်း ပြန်ခဲ့ကြသည်။
စခန်းသာဟော်သည် ၁၉၀၀ပြည်နှစ်က စ တည်ဆောက်ခဲ့ရာ ယနေ့ဆိုလျှင် သက်တမ်း ၁၁၃ နှစ် တိုင်ပြီ။ ထိုစဉ်က စော်ဘွား ဆာစောချယ်နှင့် သားဖြစ်သူ စောအုံကြာတို့က နောက်လိုက်နောက်ပါ အခြွေအရံများဖြင့် သီပေါနွေ၏ အပူဒဏ်ကိုရှောင်ရန် ရည်ရွယ်၍ တောင်ပေါ်မြို့ကလေးအဖြစ် တည်ထားခဲ့ခြင်းဖြစ်ပြီး အင်္ဂလိပ်အစိုးရ မီးရထားဌာနဘက်ကလည်း စခန်းသာ၌ ဘူူတာလေးတခု ဖွင့်လှစ် ပေးခဲ့သည်။
၁၉၃၃ ခုနှစ်က ကျိုင်းတုံကျမိုင်း(စော်ဘွားလေး)နှင့် သီပေါစော်ဘွား ဆာစောချယ်၏ ညီ စောလူးမှမွေး သော စောအုံးညွန့်တို့၏ လက်ထပ်ပွဲကို စခန်းသာ မြင်းကွင်းတွင် ထီးဖြူရုံကြီးဆောက်ကာ ဒေါ်စောမြအေးကြည် ဦးစီးသည့် အချောအလှ ဟော်နန်း ပျိုဖြူ များ၏ ဂီတနှင့်အက ဖြေဖျော်မှု အပါအဝင် ပွဲလမ်းသဘင်များနှင့် ခမ်းခမ်းနားနား ကျင်းပခဲ့ကြောင်း လူထုဦးလှ၏ “ကျွန်တော်မြင်းသမား” စာအုပ်၌ ဆိုထား၏။
လက်ထပ်ပွဲတွင် သီပေါစော်ဘွားစောအုံကြာနှင့် ဥရောပတိုက်သားမျက်နှာဖြူများ၊ လူကုံတန်များသည် ညစာစားပွဲများ၊ ကပွဲများ၊ ၃၆ ကောင်ပွဲများနှင့် ပျော်ရွင်ခဲ့မည်။
မြန်မာပြည်သို့ ဒုတိယကမ္ဘာစစ်ရောက်လာသည့်အခါ ဂျပန်တပ်များ၏ လက်ချက်ဖြင့် ဟော်နန်း၏ ဘယ်ဘက်ခြမ်း မီးစွဲလောင်ခဲ့သော်လည်း ကျန် အဆောက်အဦများမှာ အကောင်းပကတိ ကျန်ရှိခဲ့၏။
နောက်ဆုံး သီပေါစော်ဘွား စဝ်ကြာဆိုင်လက်ထက်တွင် ပြန်ပြင်ရန် ကြိုးစားခဲ့သေးသည်။ သို့သော် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့ရာတွင် စဝ်ကြာဆိုင် အဖမ်းခံရသည့် နောက်ပိုင်း စစ်တပ်များ တပ်စွဲထားသည့်အတွက် ဤနေရာသို့ မည်သူမျှ သွားရောက်ခွင့်မရှိ တော့ပေ။ အဖမ်းခံရပြီး နောက်ပိုင်း စဝ်ကြာဆိုင် ပျောက်ဆုံးသွားခဲ့ရာ ဗထူး တပ်မြို့တွင် သုတ်သင်ခံခဲ့ရနိုင်သည်ဟု ယူဆချက်များရှိသည်။
စခန်းသာဟော်ကို မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်မှာတော့ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ဘိန်းဖြတ် စခန်းအဖြစ် အသုံးပြုခဲ့ဖူးသည်မှ အပ စွန့်ပစ်ခံထားရသည်မှာ ကြာပြီဖြစ်သည်။
သို့သော် သမိုင်းဘီးတပတ်လည်ခြင်းလောဟု မေးခွန်းထုတ်စရာပင်။ ရှမ်းပြည်တွင် စော်ဘွားများသည် အင်္ဂလိပ်လက်ထက်မှ အာဏာစွန့်ချိန် ၁၉၅၉ ခုနှစ်အထိ ပဒေသရာဇ်၊ နယ်ရှင်ပယ်ရှင်များဖြစ်ပြီး သားစဉ်မြေးဆက် အုပ်ချုပ်ခဲ့သူများအဖြစ် နေထိုင်ခဲ့ကြသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် နိုင်ငံရေးအမြင်တိုးတက်လာသော ရှမ်းပြည်သူများ၏ ဆန့်ကျင်တော်လှန်ခြင်းကို ခံခဲ့ရပြီး အာဏာစွန့်ခဲ့ကြသည်။ သို့သော် ပဒေသရာဇ်စနစ်ထက် ဆိုးရွားသည့် စစ်အာဏာရှင်စနစ်ကို ကြုံတွေ့ရသောအခါ လူထုသည် စော်ဘွားများ၏ ရွှေခေတ်ကို တမ်းတကြပြန်သည်။
သီပေါ်စော်ဘွား၏ စခန်းသာဟော်နန်းကတော့ ၅၁ နှစ်ကြာ စွန့်ပစ်ခံထားရသောကြောင့် ယခုအခါ အပျက်အစီးများဖြင့်။ တခြမ်းပဲ့နေသည့် ဒေါင်းရုပ်က သမိုင်းတွင် ရွှေရောင်လွှမ်းသော နေ့များကို ထင်ဟပ်ပြနေသည်။
လက်ရှိ သီပေါစော်ဘွား၏ မျိုးနွယ်များအနေဖြင့်လည်း စခန်းသာဟော်ကို ပြန်လည်ပြုပြင်နိုင်ခြင်း မရှိတော့ပေ။ ရှမ်းစော်ဘွားများ၏ ဟော်နန်းတော်များ ကံမကောင်း။ ရှမ်းစော်ဘွားများထဲမှ တဦးဖြစ်သည့် ကျိုင်းတုံစော်ဘွား၏ ဟော်နန်းသည်လည်း စစ်အစိုးရလက်ထက် ၁၉၉၁ ခုနှစ်တွင် ဖြိုဖျက်ခံခဲ့ရသည်။ ညောင်ရွှေ ဟော်သည်လည်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထိန်းသိမ်းထားပြီး မိသားစုလက်သို့ ယခုတိုင် မရောက်သေးပေ။
နေထွက်ဘုရင် မြန်မာမင်းများ စံမြန်းရာ မန္တလေး ရတနာပုံ၊ ရွှေဘို စသည့် နန်းတော်များမှ အစ ပုဂံခေတ်၊ ပျူ ခေတ်တိုင် သမိုင်း ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်နေသည့်အချိန်တွင် နေဝင်ဘုရင် ရှမ်းစော်ဘွားများ၏ ဟော်နန်းများကိုလည်း ဝိုင်းဝန်း ပြုပြင်ကာ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်လျှင် သမိုင်းတန်ဘိုးသာမက တိုးတက်လာမည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် အကျိုးရှိရှိ အသုံးချနိုင်မည်ဟု ထင်မြင်မိပါသည်။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အချိန်ကာလ ဖြစ်နေသောကြောင့် ရှမ်းတိုင်းရင်းသားများ၏ သမိုင်းအမွေအနှစ်များ သက်ဆိုင်သူများလက်တွင် ပြန်လည်ထိန်းသိမ်းခွင့် ပေးအပ်သင့်ပါသည်။ အမြန်ဆုံး လုပ်ဆောင်သင့်သည်မှာ နယ်မြေငြိမ်းချမ်းရေး တိုက်ပွဲများ ရပ်သင့်ပြီ။ ခါးသီးသော အတိတ်ဒဏ်ရာများ ဖြေသိမ့်သင့်ပြီ။ ပြည်တွင်းစစ်တွင် အချင်းချင်း တိုက်ခိုက် သတ်ဖြတ်ရင်း ဆင်းရဲဒုက္ခတွင်းထဲမှ ရုန်းလွတ်သင့်ပါပြီ။