အဝေးမှ တဟုန်ထိုးပြေးဝင်လာပြီး မှတ်တိုင်အကျော်၌ ဝေါကနဲ ထိုးရပ်သည့် အထူးယာဉ်လိုင်း ကားပေါ်သို့ အသင့် စောင့်နေသော လူအုပ်ကြီးက အလုအယက် ပြေးလွှားတိုးဝှေ့ တက်လိုက်ကြသည်။ ခရီးသည်များ တက်၍ မပြီးသေး သော်လည်း ကားက စတင်ထွက်ခွာ လေသည်။ ခရီးသည်များက ကားအတက် ဝင်ပေါက်မှ အပြင်သို့ လျှံ၍ပင် ထွက်နေ လေ၏။ ယာဉ်နောက်လိုက်လုပ်သူက ကား၏ လက်ကိုင်တန်း နှစ်ဘက်ကို ဆွဲလျှက်၊ ကိုယ်ခန္ဓာက ကား၏ အပြင်ဘက်တွင် တွဲလွဲခိုကာ လိုက်ပါလာသည်။
“အနောက်ထဲ ဝင်စီးပေးကြပါ။ ဟိုရှေ့က အကျႌအကွက်နဲ့အစ်ကို အနောက်ဘက်ကို ဝင်လိုက်ပါ။ လုပ်ပါ၊ နောက်လူတွေ တက်လို့မရတော့ဘူး”
ကိုယ်တိုင် ကားတွင်းသို့ မဝင်နိုင်သေးသာ်လည်း သူက စူးစူးရှရှ ထပ်ကာထပ်ကာ အော်လိုက်သည်။ သူ၏ အော်ဟစ်သံ များနှင့်အတူ တချို့ ခရီးသည်တို့က ကားနောက်ဘက်ဆီသို့ အတင်းတိုးဝင် လိုက်ကြသည်။ တချို့က မူလရပ်နေသည့် နေရာ၌ပင် ပေ၍ ရပ်နေသည်။
“လုပ်ပါ။ နောက်လူတွေ တက်လို့ မရတော့ဘူး” ယာဉ်နောက်လိုက်က ထပ်၍ အော်သည်။ သူ၏ အသံက မာထန်နေသည်။ ဘယ်ဘက်တွင် ၃ ယောက်ထိုင်ခုံတန်းနှင့် ညာဘက်တွင် ၂ ယောက်ထိုင်ခုံတန်းရှိပြီး လမ်းအူ အလယ်ကြောင်းတွင် ကျောချင်းကပ် ရပ်နေကြသူများကြောင့် ကား၏ အနောက်ဘက်ဆီသို့ တိုးဝင်ရန် ခက်ခဲနေသည်။ လမ်းလယ် အူကြောင်းတွင် ရပ်နေသည့် လူဝကြီး တယောက်၏ ဗိုက်သည် သုံးယောက်ထိုင်ခုံ အစွန်မှ မိန်းကလေး၏ ကိုယ်ပေါ်သို့ အိကျနေသည်။
မိန်းကလေးမှာ ဟိုဘက်တိုးမရ၊ သည်ဘက်ရှောင်မရ ကျဉ်းကျပ်နေသည်။ ကျောချင်းကပ်ရပ်နေသည့် အလယ်လမ်း အူကြောင်းမှ လူများသည် ချွေးတဒီးဒီး ကျလျှက်ရှိကြသည်။ ချွေးမှတဆင့် ကူးနိုင်သောရောဂါများ၊ အသက်ရှူ လမ်းကြောင်းမှ ကူးစက်နိုင်သော ရောဂါများထက်၊ ကားပေါ်တွင် ခြေထောက်နှစ်ဘက် စုံရပ်ကာ စီးနင်းနိုင်ရေးက ထိုအချိန်တွင် ပို၍ အရေးကြီး နေကြသည်။
“အပေါက်မှာ ပိတ်နေမယ်ဆိုရင် နောက်ကား ပြောင်းစီးကြဗျာ”
“ဟ … အတင်းမတွန်းနဲ့လေ။ ဆက်တိုးလို့ မရတော့ဘူးကွ”
ခရီးသည်များ၏ ကျောကိုတွန်းလျှက် ပါးစပ်က တရစပ် အော်နေသည့် ယာဉ်နောက်လိုက်ကို မတ်တပ်ရပ်စီး ခရီးသည် အသက်ကြီးပိုင်း အမျိုးသားတဦးက ပြန်လှည့်၍ ပြောလိုက်သည်။
“ဒီလောက်တော့သည်းခံပေါ့ဗျ …၊ ဒါရုံးချိန်လေ။ နားလည်မှုတော့ ရှိမှပေါ့” ဟု ယာဉ်နောက်လိုက်က ပြန်ပြောသည်။
သူ၏ ခေါင်းတည့်တည့် ကားနံရံတွင် “သင်၏ မာနနှင့် စည်းစိမ်ကို အိမ်တွင်ထားခဲ့ပါ” ဆိုသည့် စတစ်ကာ စာတန်းကို တွေ့ရသည်။
“မင်းတို့က ခရီးသည်တွေကို ဘာများမှတ်နေလဲကွ …၊ ဒီမှာ လှုပ်လို့တောင် မရအောင် ကျပ်နေပြီ။ မဆံ့တော့တာကို စွတ်တင်နေတယ်”
ကားကို အတင်းမောင်းထွက်ဟန် ပြင်နေသည့် ကားဒရိုင်ဘာသည် နောက်ကြည့်မှန်မှတဆင့် ထိုအမျိုးသားကြီးကို လှမ်းကြည့်သည်။
ပြီးလျှင် သူ၏ယာဉ်နောက်လိုက်အား “ဟေ့ကောင်… ပိုက်ဆံ ၂၀၀ ပြန်ပေးလိုက်။ နောက်ကား ပြောင်းစီးခိုင်းလိုက်” ဟု လှမ်းအော်သည်။
ပို၍ ဒေါသထွက်သွားသော ခရီးသည်နှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့၏ မကျေနပ်သံများ၊ အပြန်အလှန် ပြောဆိုသံများက ကားတစီးလုံး ညံသွားသော်လည်း ကျန်ခရီးသည်များကား တုတ်တုတ်မျှပင် မလှုပ်။ သူတို့မကြားသလို၊ သူတို့မသိသလိုပင် ရှိနေလေ၏။
“ခင်ဗျားကို ရှေ့တိုးခိုင်းနေတာ မကြားဘူးလား …၊ မတိုးချင်ရင် နောက်ကား ပြောင်းစီးဗျာ၊ ရော့ ၂၀၀”
“ဟေ့ကောင် မင်း အဲဒီလိုမပြောနဲ့ … အေး … မင်းတို့ ယာဉ်လိုင်းကို ငါတိုင်မယ်”
“ကြိုက်တဲ့နေရာတိုင်”
ထိုမြင်ကွင်းက ထိုင်ခုံရှိ အတိုင်းသာ ခရီးသည်တင်ရန် စည်းကမ်း သတ်မှတ်ထားသည့် ၂၀၀ ကျပ်တန် အထူးကားများအနက် တစီး၏ အတွင်းပိုင်း မြင်ကွင်းဖြစ်သည်။ ထိုအထူးကားများ ပေါ်ခါစက ခရီးသည်များအား ခရီးမဆုံးခင် ဖျော်ဖြေပေးမည့် LCD တီဗီများ တပ်ဆင်ထားသည်၊ ပြတင်းပေါက်များတွင် နေရောင်ကာသည့် ပလပ်စတစ် အပျော့လေးများပင် တပ်ဆင်ထား ခဲ့သည်။
ယခုမူ ထိုကားများကား ဘေးတခြမ်း စောင်းနေပြီး ပြိုလဲကျတော့မည့် အနေအထားများ ဖြစ်နေသည်။ တချို့ အထူးကား များတွင် ထိုင်ခုံများက ကျိုးညွတ်လျှက်ရှိသည်။ အပြင်သို့ချွန်ထွက် နေသော သံပြားအစများက တခါတရံတွင် ခရီးသည်များ၏ အဝတ်အစားများကို ထိုးခွဲတတ်လေသည်။
ထိုအရာများကား ရန်ကုန်လူထု နေ့စဉ် ရရှိနေသော လူထု ဝန်ဆောင်မှုများအနက် တခုပင်ဖြစ်၏။
ရန်ကုန်မြို့ရှိ သယ်ယူ ပို့ဆောင်ရေး ယန္တရားတွင် ပါဝင်လည်ပတ်လျှက် ရှိသည့် မော်တော်ယာဉ် လိုင်းပေါင်း ၁၇ လိုင်းရှိပြီး မော်တော်ကား စီးရေမှာ ယခုနှစ် ဧပြီလ စာရင်းအရ ၆၃၃၈ စီး ရှိသည်။ ထို့အပြင် ယာဉ်လိုင်း နံပါတ်ပေါင်း ၃၉၅ မျိုးရှိပြီး ရန်ကုန်မြို့နေ လူဦးရေ ၂ ဒဿမ ၃ သန်းမှ ၂ ဒဿမ ၅ သန်းအထိ မော်တော်ယာဉ် အသုံးပြုလျှက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး (ဗဟို) မှ သိရသည်။
ရန်ကုန်တိုင်း အတွင်းရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများလုပ်နေသည့် ယာဉ်လိုင်းများမှာ မထသ ဋ္ဌာနဆိုင်ရာ တချို့၏ ယာဉ်လိုင်းများ၊ ရွှေဧည့်သည်နှင့် မေတ္တာလှိုင်း ကဲ့သို့ ကုမ္ပဏီ ယာဉ်လိုင်းများ၊ အရှေ့ပိုင်း ခရိုင်၊ အနောင်ပိုင်း ခရိုင်၊ တောင်ပိုင်း ခရိုင်၊ မြောက်ပိုင်း ခရိုင် ယာဉ်လိုင်းများ၊ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး လက်အောက်ရှိ ပါရမီ၊ အဓိပတိ ယာဉ်လိုင်း များနှင့် သမဝါယမ ယာဉ်လိုင်း စသည် တို့ဖြစ်ကြောင်းလည်း သိရသည်။
“လူတွေကျပ်တာတော့ ရှိနေဦးမယ်။ ကျနော်တို့နိုင်ငံရဲ့ အနေအထားအရ သယ်ယူပို့ဆောင်ရေး ကဏ္ဍကြီး တခုလုံး ချိတ်ဆက် လေ့လာမှု လုပ်နေပါတယ်” ဟု ရန်ကုန်တိုင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
အလုပ်ခွင် အမျိုးမျိုး၊ ဋ္ဌာနအမျိုးမျိုးတွင် ရာထူးရာခံ အမျိုးမျိုးဖြင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေသူများ ဖြစ်လင့်ကစား၊ အများပြည်သူသုံး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များထံတွင် လက်အောက်ငယ်သားများက အထက်အရာရှိထံတွင် ဆူပူ မာန်မဲခံရသည့် ပုံစံမျိုး ဆက်ဆံခံခဲ့ရသည်မှာ ဆယ်စုနှစ် နှစ်ခု၊ သုံးခု မက ရှိခဲ့ပြီဖြစ်သည်။ ကိုယ်ထိလက်ရောက် စော်ကား ခံရသည့် သာဓကများလည်း ရှိသည်၊ ယနေ့တိုင်လည်း ရှိနေသည်။ ပြေလည်အောင် မဖြေရှင်းပေးသရွေ့ ထိုပြဿနာများက နောင်တွင်လည်း ဆက်လက် ရှိနေဦးမည် ဖြစ်သည်။
“အရင်စနစ်ကနေ မပြောင်းဘူးလားလို့ မေးရင်၊ လောလောဆယ်မှာ အတွင်းပိုင်း ဆောင်ရွက်မှုတွေပဲ ပြောင်းနိုင်သေးတယ်။ အပြင်ဖွဲ့စည်းပုံကို မပြောင်းနိုင်သေးဘူး။ ဘာတွေ ပြောင်းသလဲဆိုရင် ကားကျပ်မှုကို ဖြေလျှော့ဖို့အတွက် အရင် ချက်ပလက် တွေ၊ ဟိုင်းလပ်စ်တွေ၊ ဒိုင်နာတွေအစား ကိုရီးယား ဟွန်ဒိုင်းတွေ ပြောင်းလဲလာတယ်။ အသစ်သွင်းခွင့် ပြုလိုက်တဲ့ ကားတစီးမှာ အရင်ဒိုင်နာ ၃ စီးစာနဲ့မျှတဲ့ လူတွေစီးနိုင်လာတယ်” ဟု ဦးလှအောင်က ဆက်လက်၍ ပြောသည်။
ရန်ကုန်မြို့တွင်း နေ့စဉ် သယ်ယူပို့ဆောင်ရေး စနစ်ကို အသုံးပြုလျှက်ရှိသည့် မြို့နယ်အနှံ့မှလူပေါင်း ၂၉ ဦးကို ကျပန်းနည်း အရ အသေးစား စစ်တမ်း တခု ပြုလုပ်ကြည့်ရာ လူ ၂၈ ဦးမှာ လိုင်းကား အသုံးပြုသူများဖြစ်ပြီး ကျန်တဦးသာလျှင် ရထား အသုံးပြုသူ ဖြစ်ကြောင်း တွေ့ရသည်။
အလားတူ လက်ရှိ သယ်ယူပို့ဆောင်ရေးစနစ်ကို မည်သည့် အကြောင်းပြချက်ကြောင့် ကြိုက်နှစ်သက်ခြင်း မရှိကြောင်း ထပ်မံ စစ်တမ်း ကောက်ယူခဲ့ရာ ၁၇ ဦးက ကားပေါ်တွင် လူကျပ်ခြင်းကြောင့်ဟု ဖြေကြားပြီး ယာဉ်နောက်လိုက်များ ရိုင်းပျမှုကြောင့်ဟု ဖြေဆိုသူ ၈ ဦး ရှိသည်။ ကျန်သူများက ကားအပြိုင် မောင်းခြင်း၊ ယာဉ်စီးခ ပိုယူခြင်း၊ မှတ်တိုင်တွင် မရပ်ခြင်း စသည့် အကြောင်းအရာများကြောင့်ဟု ဖြေကြားခဲ့သည်။
“ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေဟာ ခရီးသည်တွေကို ဝန်ဆောင်မှု ပေးနေရတယ်ဆိုတဲ့ အသိတရားတွေ သူတို့မှာ မရှိဘူး။ သူတို့ ကားမောင်းပေးနေလို့ လူတွေစီးနေရတာ ဆိုတဲ့ ပုံစံမျိုးတွေ ချိုးနေကြတာ။ တနေ့လုံး အလုပ်လုပ်ရတာ မပင်ပန်းဘူး၊ ဘတ်စ်ကား တိုးစီးရတာနဲ့ ယာဉ်နောက်လိုက်တွေရဲ့ ဆက်ဆံရေးတွေကြောင့် ပိုပင်ပန်းတယ်” ဟု နေ့စဉ် ဘတ်စ်ကားဖြင့် ရုံးတက်ရုံးဆင်း ပြုလုပ်သည့် ကုမ္ပဏီ ဝန်ထမ်းတဦးက ပြောသည်။
ရန်ကုန်မြို့ပြ၏ လက်ရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေးသည် မြို့လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့်ကို ဝန်ဆောင်ပေးလျှက် ရှိသော်လည်း၊ အသုံးအများဆုံး အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်မှာ အိုဟောင်းနေသော ဘတ်စ်ကားများအား လူဦးရေ ကျပ်တည်းစွာဖြင့် မလုံမခြုံ စီးနင်းနေရခြင်း ဖြစ်ကြောင်း၊ မြို့ပတ်ရထား၏ သယ်ယူပို့ဆောင်နိုင်မှု အချိုးမှာ ၃ ရာခိုင်နှုန်းသာ ရှိကြောင်း မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း ရေးဆွဲရေးအဖွဲ့၏ လေ့လာတွေ့ရှိချက်အရ သိရသည်။
ရန်ကုန်တိုင်းအတွင်း သယ်ယူပို့ဆောင် ပေးလျက်ရှိသည့် မော်တော်ယာဉ်များသည် အများပြည်သူအတွက် အသက်အန္တရာယ် လုံခြုံမှုကို အာမခံချက် မပေးနိုင်ကြောင်း နေ့စဉ် လိုင်းကား စီးနင်းနေသူများက ပြောသည်။
နေ့စဉ် စီးနင်းသွားလာနေရသော မော်တော်ယာဉ်များသည် ခရီးသည်များ၏ အသက်အန္တရာယ် လုံခြုံရေးကို အာမခံနိုင်သည်၊ လုံခြုံမှုရှိသည်ဟု ထင်ပါသလားဟု မေးမြန်းခဲ့ရာ အများစုဖြစ်သည့် ၂၅ ဦးက မထင်ကြောင်း ဖြေကြားခဲ့ပြီး အာမခံနိုင်သည်ဟု ထင်မြင်သူ ၂ ဦးသာ ရှိခဲ့သည်။
“နေ့တိုင်း သွားလာနေရတာ လုံခြုံမှုမရှိဘူး။ ကားတွေက မဆင်မခြင် မောင်းတာတွေ၊ ကျော်တက်တာတွေ လုပ်တယ်။ မှတ် တိုင်တွေမှာလည်း မြန်မြန်ဆင်း၊ မြန်မြန်တက် တွန်းတင် တွန်းချတာတွေ လုပ်တယ်” ဟု အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီး တဦးက ပြောသည်။
ထို့အပြင် သန်လျင်မြို့တွင်နေထိုင်သည့် ဦးအောင်မြင့်ဦးကလည်း “ကားတွေတစီးနဲ့ တစီး မလိုအပ်ဘဲ အရှိန်ပြင်းပြင်းနဲ့ ပြိုင်မောင်းတာတွေကြောင့် ခရီးသည်တွေရဲ့ အသက်လုံခြုံရေးကို အာမမခံနိုင်ဘူးလို့ ထင်တယ်” ဟု ဆိုသည်။
ထိုသို့ ကားများ အပြိုင်အဆိုင်မောင်းနှင်ခြင်း၊ စည်းကမ်းလိုက်နာမှု မရှိခြင်း၊ ယာဉ်ကြံ့ခိုင်မှု အားနည်းခြင်းများကို အရေးယူနိုင်ရန် စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်အဖွဲ့ ၁၆ ဖွဲ့က ပုံမှန် စိစစ်လျှက်ရှိကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။
“မဆံ့တော့ဘူး ဆိုတာ သိသိကြီးနဲ့ တင်တယ်။ ဘတ်စ်ကား မှတ်တိုင်တိုင်းလည်း ကျနော်တို့ မဖမ်းနိုင်ဘူး။ အထူးအဖွဲ့တွေနဲ့ ဖမ်းရတယ်၊ ဖမ်းတိုင်းလည်း မရဘူး။ သူတို့ကိုယ်တိုင် ပြုပြင်မှရမယ်” ဟု မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
မြို့တွင်း သယ်ယူပို့ဆောင်ရေး စနစ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ပြုပြင်ရန် လိုအပ်နေသည့် အခြေအနေ ဖြစ်သော်လည်း ယခု အစိုးရသစ် လက်ထက်တိုင်အောင် အကောင်အထည် မဖော်နိုင်သေးသည့် အနေအထား ရှိနေဆဲဖြစ်သည်။ အများပြည်သူ နေ့စဉ် စီးနင်းနေရသည့် ဘတ်စ်ကားလိုင်းများသည် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ မသန်စွမ်းများ၊ ကလေးငယ်များ အတွက် သက်တောင့်သက်သာနှင့် လုံခြုံမှုရှိသော ဝန်ဆောင်မှုမျိုး မဟုတ်ပေ။
မြို့တွင်း သယ်ယူပို့ဆောင်ရေး စနစ်သည် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ မသန်စွမ်းများအတွက် သက်တောင့်သက်သာနှင့် လုံခြုံစိတ်ချမှုရှိ မရှိနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၂၇ ဦးက လုံခြုံစိတ်ချမှုမရှိဟု ဖြေကြားခဲ့ပြီး၊ ကျန် တဦးကမူ လုံခြုံစိတ်ချမှုရှိသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
ရန်ကုန်မြို့တွင် ပြေးဆွဲလျှက်ရှိသော မြို့တွင်း ခရီးသည်တင်ယာဉ်များ၏ မတော်တဆမှု၊ ယာဉ်တိုက်မှု များကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက် ယခုနှစ်တွင် ပိုမို မြင့်မားလာကြောင်း မထသ၏ စာရင်းဇယားများအရ သိရသည်။
ထို့အပြင် ခရီးသည်တင် ကားများအနက် ဒိုင်နာ ခရီးသည်တင်ယာဉ် စုစုပေါင်း ၁၈၈၉ စီး၊ ဟိုင်းလပ်စ် အမျိုးအစား ခရီးသည်တင်ယာဉ် ၈၈၅ စီး ရှိပြီး ဒိုင်နာနှင့် ဟိုင်းလပ်စ် ခရီးသည်တင် ယာဉ်များသည် ယာဉ်တိုက်မှုနှင့် မတော်တဆမှု အများဆုံး ဖြစ်ပွားကြောင်းလည်း သိရသည်။
ခရီးသည်တင် မော်တော်ယာဉ်များ၏ ကြံ့ခိုင်မှု အားနည်းခြင်း၊ ယာဉ်များကို အပြိုင်အဆိုင် မောင်းနှင်ခြင်း၊ မှတ်တိုင်များတွင် ခရီးသည် အတင်အချ အလျင်အမြန် ပြုလုပ်ခြင်းများသည် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက် နေသော အမူအကျင့်များ ဖြစ်ကြောင်း ခရီးသည်များက ဆိုကြသည်။
တခြမ်းစောင်းနေသော လိုင်းကားများ၊ မိုးရွာလျှင် ခေါင်မိုးမလုံသော လိုင်းကားများ၊ မှန်ပြတင်း အတင်အချ ပြုလုပ်၍မရသော လိုင်းကားများ၊ မတ်တပ်ရပ်စီး ခရီးသည်များအတွက် လက်ကိုင်ကွင်း မပါသောလိုင်းကားများနှင့် မကြာခဏ လမ်းလယ်တွင် ရပ်ထားသော လိုင်းကားပျက် များက ရန်ကုန်လူထု နေ့စဉ် မသုံးမဖြစ် သုံးနေရသည့် မြို့တွင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု ဖြစ်သည်။
နေ့စဉ် ရရှိနေသော မြို့တွင်း သယ်ယူပို့ဆောင်ရေး စနစ်၏ ဝန်ဆောင်မှုကို ကြိုက်နှစ်သက်ခြင်း ရှိ/ မရှိ စစ်တမ်း ကောက်ယူကြည့်ရာ ၂၅ ဦးက ကြိုက်နှစ်သက်ခြင်း မရှိကြောင်း ဖြေကြားခဲ့ပြီး ၄ ဦးကသာလျှင် ကြိုက်နှစ်သက်ကြောင်း ဖြေကြားခဲ့သည်။
ဘတ်စ်ကားများ ပေါ်တွင် အမျိုးသမီးများအား မဖွယ်မရာ ကိုယ်ထိလက်ရောက် စော်ကားပြုမူခြင်းများ၊ ကာယိန္ဒြေ ပျက်ယွင်းစွာ တိုးဝှေ့စီးနင်း နေရခြင်းများကြောင့် အမျိုးသမီး သီးသန့်ယာဉ်လိုင်းကို ဗန္ဓုလ သယ်ယူပို့ဆောင်ရေးက ပြေးဆွဲ ပေးခဲ့သော်လည်း ထိရောက်မှုရှိသည့် ဖြေရှင်းနည်းမျိုး မဟုတ်ဘဲ၊ ဆေးမြီးတိုဖြင့် ယာယီ ကုသခြင်းမျိုးသာ ဖြစ်ခဲ့သည်။
လိုင်းကားကို ခရီးသည်များ ကျပ်ညပ်စွာ စီးနင်းရခြင်းသည် ရုံးဆင်းချိန်နှင့် ရုံးတက်ချိန်များတွင် ပိုဆိုးလေ့ရှိပြီး နေ့လယ်ပိုင်း အချိန်များတွင် အနည်းငယ် သက်သာလေ့ရှိသည်။
“လိုင်းကားတွေဟာ နေ့လည်ပိုင်း လူမရတဲ့အတွက် ရုံးဆင်းရုံတက်ချိန်တွေမှာ မှတ်တိုင်တွေမှာ ကျောက်ချ ရပ်တာမျိုး လုပ်ကြတယ်။ နေ့လည်ပိုင်းတွေမှာ လူမရှိလို့ မရခဲ့တော့ ရုံးတက်ရုံးဆင်း ချိန်တွေမှာ ပိုရအောင်ရှာတယ်။ ဒါကို ဖြေရှင်းဖို့ အတွက်ဆိုရင် ယာဉ်နောက်လိုက်နဲ့ ယာဉ်မောင်းတွေကို လစာပေးစနစ်နဲ့ ခန့်တဲ့စနစ်ကို ပြောင်းဖို့လိုတယ်” ဟု ဦးလှအောင်က ပြောသည်။
ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များသည် တနေ့တာ ရှာဖွေရရှိသည့် ဝင်ငွေအား ယာဉ်ပိုင်ရှင်ထံသို့ ပြန်အပ်ကာ၊ ထိုငွေ စုစုပေါင်း၏ ရာခိုင်နှုန်းအလိုက် ပြန်လည်ရရှိခြင်း ဖြစ်သည်။
“ကျနော်တို့က ရာခိုင်နှုန်း အလိုက်ရတယ်။ ၇ သောင်းရှာရင် ၇ ထောင်ရတယ်။ ဂက်စ်ထည့်ကြေး ၃ ထောင်ပါဆိုရင် ၁ သောင်း ရတယ်။ တရက်ကို ဝင်ငွေပျမ်းမျှ ၉ ထောင်လောက် ရှိတယ်။ တနေ့လုံး မောင်းရင် ပျမ်းမျှ ၆ သောင်းကတော့ ရတယ်။ ယာဉ်မောင်းက ၁၀ ရာခိုင်နှုန်းရတယ်။ ယာဉ်နောက်လိုက် နှစ်ယောက်က တယောက်ကို ၅ ရာခိုင်နှုန်းစီ ရကြတယ်” ဟု ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ လမ်းမတော်မြို့နယ် ကျုံးကြီးသို့ မောင်းနှင်သည့် ၂၀၅ ယာဉ်လိုင်းမှ ယာဉ်မောင်း ဦးတင်အောင်ဝင်းက ပြောသည်။
ထို့အပြင် သူက ယာဉ်ကြော ပိတ်ဆို့ခြင်းများကြောင့် ယခင် ကာလများကထက် စာလျှင် နေ့စဉ် ဝင်ငွေ လျှော့သွားကြောင်း လည်း ဆက်ပြောသည်။
“ကျနော်တို့ ကားမောင်းရတာ လမ်းတွေကျပ်နေတယ်။ ပိုက်ဆံလည်း မရတော့ အုံနာတွေကလည်း ကားပြင်စရာရှိရင် တော်ရုံတန်ရုံ မထည့်ပေး နိုင်တော့ဘူး။ အထူးလိုင်းတွေ ထောင်လိုက်တော့ ခရီးသည် တော်တော် များများကလည်း ကျနော်တို့ ရိုးရိုးကားတွေကို သိပ်မစီးကြတော့ဘူး” ဟု သူက ဆိုသည်။
ရာခိုင်နှုန်းအလိုက် ရရှိနေခြင်းကြောင့် ခရီးသည်များ မတန်တဆ တင်ဆောင်ခြင်း၊ နေ့လယ်ပိုင်းများတွင် စီးနင်းသူ နည်းပါးသဖြင့် ရုံးဆင်း၊ ရုံးတက်ချိန်များတွင် ပိုမိုတင်ဆောင်ခြင်းများ ပြုလုပ်နေခြင်းဖြစ်ရာ လစာပေး စနစ်ကို ဖော်ဆောင်ခြင်းသည် ကားကျပ်ခြင်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းတခု ဖြစ်လာနိုင်ကြောင်း ဦးလှအောင်က သုံးသပ်သည်။
သူက “ယာဉ်လိုင်းတချို့မှာ လစာပေးစနစ်ကို ဖော်ဆောင်နေတယ်။ ယာဉ်မောင်းက သူ လစာရတယ်ဆိုတော့ ဖြည်းဖြည်း မောင်းလည်း ဒီလစာပဲဆိုပြီး လုပ်လို့မရအောင် စည်းကမ်း ထိန်းသိမ်းရေးတော့ လုပ်ရမယ်။ သွားရမယ့် အချိန်အတိုင်း မသွားရင် အပြစ်ပေးတဲ့ စနစ်နဲ့ သွားရမယ်” ဟု ပြောသည်။
ယာဉ်မောင်း ဦးတင်မောင်ဝင်းက “တရက်ကို မနက် ၇ နာရီကနေ၊ ညနေ ၇ နာရီလောက်အထိ မောင်းပေးနိုင်တယ်။ ကျနော်တို့က လက်မှတ်နဲ့ သွားရတာဖြစ်လို့ ခေါက်ရေ မပြည့်ဘဲ မောင်းတာမျိုး လုပ်လို့မရဘူး။ ကားတွေ ဘယ်လောက် ကျပ်ကျပ် ဂိတ်စနဲ့ ဂိတ်ဆုံးကိုတော့ ရောက်အောင် သွားကြရတာပဲ။ တလ ၃ သိန်းလောက်မှ မရရင် မောင်းဖို့ အဆင်မပြေဘူး။ ၃ သိန်းဝန်းကျင်လောက် ကျတော့လည်း ဘယ်အုံနာမှ ပေးမယ်မထင်ပါဘူး” ဟု ဆိုသည်။
ပြီးခဲ့သည့် နှစ်ဆန်းပိုင်းအတွင်း နိုင်ငံတော်သမ္မတ အမိန့်ဖြင့်ဖွဲ့စည်းခဲ့သည့် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ကလည်း ဘတ်စ်ကားလိုင်းများ လက်ရှိပြေးဆွဲနေသော စနစ်ကို ပြန်လည် ပြင်ဆင်သွားမည့် အစီအစဉ်နှင့် ယာဉ်လုပ်သားများကို လစာပေး စနစ်ဖြင့် ပြေးဆွွဲခြင်း အစီအစဉ်အား အကောင်အထည် ဖော်သင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးသို့ အကြံပြုတင်ပြခဲ့သည်။
ကားများကို အဓိက အသုံးပြုကြခြင်းကြောင့် လူဦးရေကြပ်တည်းမှု၊ ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်နိုင်စေရန် ရေရှည် စီမံကိန်းများအနေဖြင့် ပန်းလှိုင်မြစ်နှင့် ငမိုးရိပ်ချောင်းကို သုံးကာ ရေလမ်း ဖယ်ရီစနစ်များ၊ ရထားဘူတာနှင့် လိုင်းကားများ ချိတ်ဆက် ပြေးဆွဲမှု စနစ်များကို အကောင်အထည် ဖော်သင့်ကြောင်း အဆိုပါအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အကြံပြု ခဲ့သေးသည်။
အများပြည်သူ နေ့စဉ် အဆင်ပြေစွာ သွားလာနိုင်ရေးနှင့် ပတ်သက်၍ စီမံခန့်ခွဲရန် အဖွဲ့ဝင် ၁၀ ဦးပါဝင်သည့် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ (Yangon City Public Transport Authority -YCPTA) ကို သမ္မတ အမိန့်ဖြင့် ယခုနှစ်ဆန်းမှ စတင်ကာ ဖွဲ့စည်းခဲ့ပြီး ၅ လခန့် အကြာတွင် ပြန်လည် ဖျက်သိမ်းခဲ့သည်။
အဆိုပါအဖွဲ့ ဖျက်သိမ်းလိုက်သော်လည်း အကြံပြုချက်များကို ရန်ကုန်တိုင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးအဖွဲ့ (ဗဟို) က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းကာ ဆက်လက် အကောင်အထည် ဖော်သွား မည်ဖြစ်ကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
“ကျစ်လစ်တဲ့ ယာဉ်လိုင်း စနစ်ဖြစ်အောင် ပြန်ပြင်မယ်၊ လိုင်းတွေ ပြန်သန့်မယ်၊ ကုမ္ပဏီပိုင်၊ အဖွဲ့အစည်းပိုင် စနစ်မျိုးနဲ့ သွားမယ်၊ ပိုင်ဆိုင်မှု စုစည်းတာမျိုး၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို လစာပေးတဲ့စနစ်နဲ့ သွားတာမျိုး ဖြစ်နိုင်အောင် လုပ်ဖို့ အစီအစဉ်တွေ ရှိပါတယ်။ အခုက လိုင်းဝင်ထားပြီး ဝင်မဆွဲတဲ့ လိုင်းတွေ ရှိနေတယ်” ဟု YCPTA အတွင်းရေးမှူး ဖြစ်ခဲ့သည့် ဦးလှအောင်က ဆိုသည်။
လက်ရှိ ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် မြို့ပတ်ရထားများကို အများပြည်သူ အားကိုးလာသည့် သယ်ယူပို့ဆောင်ရေး စနစ်တစ်ခုအဖြစ် ဆောင်ရွက်ရန် လေ့လာမှု များလည်းရှိနေပြီး အထူးတွဲဆိုင်းများ၊ အဲယားကွန်း တွဲဆိုင်းများ ချိတ်ဆက်ပေးကာ ဝန်ဆောင်မှု တိုးမြှင့်နေသည် ကိုလည်း တွေ့ရသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်းဆောင်ရွက်လျှက် ရှိသည့် မဟာရန်ကုန်မြို့ ဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းတွင် မြို့ပြသယ်ယူပို့ဆောင်ရေး ကဏ္ဍ လည်း ပါဝင်နေပြီး၊ လက်ရှိတွင် JICA ၏ စီမံကိန်းရေးဆွဲရေးအဖွဲ့သည် မြို့ပြ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း စီမံကိန်းအတွက် လူထုစစ်တမ်း အမျိုးအစား ၁၁ မျိုးကို ကောက်ယူလျှက် ရှိသည်။
လုပ်သက် ၁၀ နှစ်ကျော်ရှိသည့် ယာဉ်မောင်း ဦးတင်အောင်ဝင်းက “လစာပေး စနစ်နဲ့သွားမယ်ဆိုရင် ကျနော်တို့က လစာ ၃ သိန်းလောက် ရမှ ဖြစ်မယ်။ မရရင်အဆင် မပြေဘူး။ တနေ့ကို အိမ်စားဖို့ အနိမ့်ဆုံး ၄၅၀၀၊ ၅၀၀၀ လောက်ကုန်တယ်။ အိမ်မှာ မိသားစု ၆ ယောက်ရှိတယ်။ အမေရယ်၊ ညီလေးရယ်၊ မိန်းမနဲ့ သား ၂ ယောက်ရှိတယ်။ အရင်တုန်းကဆိုရင် တယောက်တည်း ရှာစာ မိသားစု စားလို့ရတယ်။ အဲဒီတုန်းက ၅ ထောင်လောက်ပဲ ရပေမယ့် မိသားစု စားလောက်တယ်။ အခုက ၁ သောင်းရလည်း မလောက်ဘူး” ဟု သူက ပြောသည်။
မော်တော်ယာဉ် နောက်လိုက်တဦး ဖြစ်သူ ဦးခင်အောင်ကမူ လစာပေးစနစ် အကောင်အထည် ဖော်မည်ဆိုပါက ကုမ္ပဏီပိုင် စနစ်ထက်၊ တဦးချင်း ထိပ်တိုက် ဆွေးနွေးခွင့်ရသည့် ပုဂ္ဂလိကပိုင်ရှင် စနစ်ကိုသာ ပိုမိုကြိုက်နှစ်သက်သည်ဟု ဆိုသည်။
“တဦးတည်း ယာဉ်ပိုင်ရှင်ထက် လစာပိုပေးမယ် ဆိုရင်တော့လည်း ကုမ္ပဏီမှာ လုပ်တာ ကောင်းတာပေါ့။ လစာပေး စနစ်နဲ့ ကိုက်မယ် မထင်ဘူး။ ကျနော်တို့က လက်ရှိမှာ အနည်းဆုံး ၁ ရက်ကို ၇ ထောင်လောက်ရတယ်။ ၁ လကို ၂ သိန်း လောက် မရရင် မလုပ်နိုင်ဘူး။ ဒီနှုန်းကို ပေးနိုင်မယ်လို့တော့ မထင်ဘူး။ ပေးနိုင်မယ် ဆိုရင်တော့ လုပ်နိုင်ပါတယ်။ ပိုပေးနိုင်တဲ့ သူဆီကို ပြောင်းလုပ်ချင်တယ်” ဟု ယာဉ်နောက်လိုက် လုပ်သက် ၂၅ နှစ်ရှိပြီဖြစ်သည့် ဦးခင်အောင်က ပြောသည်။
ခရီးသည်များ ကောင်းမွန်သော ဝန်ဆောင်မှု ရရှိနိုင်ရေးအတွက် ပြင်ဆင်မှုများစွာ လုပ်ကိုင်ရဦးမည်ဟု သိရသည်။ နှစ်ရှည် စီမံကိန်းများအဖြစ် အကောင်အထည် ဖော်လျှက်ရှိရာ ရန်ကုန်လူထု အနေဖြင့် ရန်ကုန်မြို့တွင်း သက်သောင့်သက်သာ ခရီးသွားလာနိုင်ရေးအတွက် ကာလကြာရှည် စောင့်ဆိုင်းရမည့် အနေအထားပင်။
ခရီးသည်များ ကြပ်တည်းစွာ စီးနင်းလိုက်ပါနေရခြင်းကို ဖြေရှင်းနိုင်ရန်အတွက် အိမ်နီးချင်း နိုင်ငံတချို့တွင် အကောင်အထည် ဖော်နေသကဲ့သို့ ရန်ကုန်တွင်လည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ရန်ပုံငွေဖြင့် အခမဲ့ လိုင်းကားများကို ရုံးဆင်း/ရုံးတက် ချိန်များတွင် ဖြည့်စွက်ပြေးဆွဲ ပေးနိုင်လျှင် ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်း လိုင်းကားစီး ခရီးသည်များက အကြံပြုသည်။
ခေတ်အဆက်ဆက်က အစိုးရများ ဖြေရှင်မပေးနိုင်ခဲ့သည့် အရာကို ယခုအစိုးရသစ် လက်ထက်တွင် ဖြေရှင်းပေးနိုင်ရန် ကြိုးပမ်းနေသည် ဆိုပါက စောင့်ရမည့် အချိန်ကာလသည် ယခင်ကလောက် မကြာမြင့်တော့လျှင် ကောင်းမည်ဟုလည်း ရန်ကုန်မြို့နေ လူထုက ပြောဆိုကြသည်။
အများသုံး သယ်ယူပို့ဆောင်ရေးကို အဓိက အားထားနေရသည့် ခရီးများသည်နှင့် အများပြည်သူကို ဝန်ဆောင်မှုပေးနေသည့် ယာဉ်နောက်လိုက်များအကြား ဆက်ဆံရေး မပြေလည်မှုများ အမြန်ဆုံး ပျောက်ကွယ်သွားလျှင် ကောင်းမည်ဆိုသည့် ဆန္ဒကလည်း ရန်ကုန်လူထု၏ ဆန္ဒပင် ဖြစ်သည်။
ဘတ်စ်ကားများ ချောင်ချိစွာ စီးနင်းလိုသည်မှာ ရန်ကုန်လူထု၏ အရေးပါသော လိုအပ်ချက်၊ မျှော်လင့်ချက် ဖြစ်လာပေပြီ။ထိုမျှော်လင့်ချက်သည် လွန်ခဲ့သော ၁၀ စုနှစ် ၃ ခုကျော်လောက် ကတည်းက ဖြစ်တည်ခဲ့သော်လည်း ချွေးသံတရွှဲရွှဲ စီးနင်းနေရခြင်း၊ အိန္ဒြေမဲ့စွာ စီးနင်းနေရခြင်း၊ အသက်အန္တရာယ် မလုံခြုံမှုနှင့် စီးနင်းနေရခြင်းများက ယနေ့တိုင် နေ့စဉ် ကြုံတွေ့ နေရဆဲ၊ ထို မျှော်လင့်ချက် ရောင်ခြည်သန်းမည့် အချိန်ကို ရန်ကုန်လူထုက စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေ ကြပါသည်။