ဆောင်းပါး

ဒုစရိုက်သမားတွေ ပျော်တဲ့ မြို့မူဆယ်

This article has been converted from Zawgyi One to Unicode

တရုတ် – မြန်မာ နယ်စပ်ဒေသ မူဆယ်မြို့ဟာ လူမျိုးပေါင်းစုံ လာရောက် အလုပ်လုပ်ကိုင်ရာ မြို့ဖြစ်ပြီး တရုတ်ပြည်ကနေ မြန်မာပြည်တွင်းကို သွင်းကုန်အများဆုံး တင်သွင်းတဲ့ မြို့ဖြစ်ပေမယ့် ဒီမြို့လေးရဲ့ လုံခြုံရေး အခြေအနေကတော့ စိုးရိမ်စရာ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တနယ်တကြေးကနေ လာရောက်နေထိုင်တဲ့ အနယ်နယ်အရပ်ရပ်က ပြည်သူတွေနဲ့ ဒေသခံ တိုင်းရင်းသား အားလုံးရဲ့ စားဝတ်နေရေး အတွက် စီးပွားရှာဖွေလို့ ကောင်းတဲ့ မူဆယ်မြို့မှာ ငြိမ်းချမ်းရေး ယူထားတဲ့ ရှမ်းတပ်ဖွဲ့တွေ၊ လက်နက်ကိုင် ပြည်သူ့စစ်တွေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား သုံးစွဲနေတဲ့ သူတွေလည်း သူ့အစုနဲ့သူ ရှိနေကြပါတယ်။

လူမျိုးစုံတဲ့ ဒေသဖြစ်တဲ့ အတွက် ဒုစရိုက်သမားတွေဟာ နေ့နေ့ညည သောင်းကျန်း နေပေမယ့် လုံခြုံရေး တာဝန်ယူထားတဲ့
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူ့ရဲတွေကို အားကိုးလို့ မရဘူးလို့ မူဆယ်ပြည်သူတွေက ပြောဆို နေကြပါတယ်။

မူဆယ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဓားပြမှု၊ လုယက်မှု မှန်သမျှ အမှုမှန် ပေါ်ခဲ့တယ်လို့ မရှိဖူးပါဘူး။ ဒေသခံပြည်သူတွေ အနေနဲ့လည်း အလုပ်သွားလုပ်ဖို့၊ အပြင်ထွက်ဖို့ ထိတ်လန့်နေကြတဲ့အပြင်၊ ညနေပိုင်း ဆိုရင်လည်း အိမ်ကို စောစောပြန်ပြီး တံခါးပိတ် နေကြဖို့ပဲ စိတ်စောနေကြရပါတယ်။

“အခုဆိုရင် မူဆယ်မှာ နေ့တိုင်း လုယက်မှုတွေ၊ ဓားပြမှုတွေက နေ့ရောညပါ ရှိနေပါတယ်။ ရဲတွေကို တိုင်ရင်လည်း ဘာမှ ထူး မလာဘူး။ တိုင်းရင်းသား ဒေသဆိုတော့ ရဲတွေကို အမှုဖွင့်ဖို့လည်း နားမလည်ကြဘူး။ ရဲတွေကလည်း လုံခြုံရေးအတွက် ဘာမှ လုပ်မပေးကြဘူး” လို့ တောင်ရပ်ကွက်မှာ နေထိုင်တဲ့ ဦးစိုင်းအောင်မြင့်က ဧရာဝတီကို ပြောပါတယ်။

ရဲတပ်ဖွဲ့တွေက မူဆယ်မြို့ လုံခြုံရေးအတွက် ကင်းလှည့်ပေးနေတယ်လို့ ပြောပေမယ့်လည်း နေ့စဉ်နဲ့အမျှ လုယက်မှုတွေ ဖြစ်နေတာ ထူးဆန်းနေတယ်လို့ သူက ဆက်ပြောပါတယ်။

ပြည်သူ့ တာဝန် ထမ်းဆောင်နေတာပါလို့ ပြောနေတဲ့ ရဲတွေဟာ လုံခြုံရေး ကင်းလှည့်ဖို့အတွက် ဒေသခံတွေဆီက ငွေကြေး ကောက်ယူမှုရှိကြပေမယ့် ဘယ် ဒုစရိုက်သမားတွေကိုမှ မဖော်ထုတ်နိုင်ဘူးလို့ သိရပါတယ်။

“မူဆယ်ရဲတွေက ပိုက်ဆံကို လွယ်လွယ်ရတော့ အလုပ်မလုပ်ချင်တော့ဘူး၊ အချောင်ရဖို့ပဲ ကြံနေကြတယ်။ အဲဒါကြောင့် ရဲတွေကို ပြောင်းပေးဖို့လိုရင် ပြောင်းပေးစေချင်ပါတယ်” လို့ ဦးစိုင်းအောင်မြင့်က ဆက် ပြောပါတယ်။

မူဆယ်မြို့မှာ ဓားပြတိုက်မှုတွေ ဖြစ်ပွားတာဟာ မနှစ်က စတင်ပြီး သိသိသာသာ များပြားလာခဲ့ရာက အခုနှစ်ထဲမှာ ပိုမို များပြားလာတဲ့ အကြောင်း၊ ဆိုင်ကယ်ကယ်ရီ သမားတွေ၊ တရုတ်ငွေ လှဲလှယ်သူတွေ၊ ကားသမားတွေနဲ့ ရွှေဆိုင်တွေကို
ပစ်မှတ်ထားပြီး ကလေးငယ်တွေကိုပါ မရှောင် လုယက်တာ၊ လူသတ်မှု ကျူးလွန်တာတွေ အထိ ရဲတင်းစွာ ပြုလုပ်လျှက် ရှိတဲ့အကြောင်း ကြားသိရပါတယ်။

မကြာသေးခင်ကမှ ဖြစ်ပွားခဲ့တဲ့ ဓားပြမှုတွေလည်း ရှိနေပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့က ခရစ်ယာန် ရပ်ကွက် ဗိုလ်တည်းရပ် လမ်းကြားမှာနေတဲ့ ဆရာဝန် အိမ်ကို လူ ၂ ဦး ရောက်လာပြီး အိမ်ထဲဝင်ရောက်ကာ ဓားနဲ့ ခုတ်ခဲ့တဲ့ ဖြစ်ရပ် တခုနဲ့ အခုရက်ပိုင်း အထိ လမ်းသွားလမ်းလာတွေကို ဓားနဲ့ခုတ်၊ ဆိုင်ကယ် လုယူမှုတွေ ဖြစ်ပွားနေပေမယ့် ရဲတပ်ဖွဲ့တွေကတော့ တယောက်မှကို ဖမ်းမမိသေးဘူးလို့ မူဆယ်မြို့ ရဲစခန်းကနေ စုံစမ်း သိရှိရပါတယ်။

“လုယက်မှုကတော့ နေ့တိုင်း လိုလိုပါပဲ။ ကျနော်တို့လည်း လုံခြုံရေး ကင်းစခန်းတွေ လှည့်နေပါတယ်။ ပြည်သူတွေကိုတော့
သတိနဲ့ နေထိုင်ဖို့ ပြောထားပါတယ်။ ဒုစရိုက်သမားတွေ ကိုလည်း လိုက်လံ စုံစမ်းနေပါတယ်။ နယ်စပ်ဒေသ ဆိုတော့ တရုတ်တွေနဲ့ ပေါင်းပြီး ဒုစရိုက်သမားတွေကို ရှင်းနေရပါတယ်” လို့ မူဆယ်ရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်မှူး တဦးက ဧရာဝတီကို ရှင်းပြပါတယ်။

စက်တင်ဘာလထဲမှာ လုယက်မှု တခုနဲ့ ကြုံတွေခဲ့ရတဲ့ ပန်လုံရပ် စည်ပင်ဝန်ထမ်း အိမ်ရာမှာနေထိုင်သူ ဒေါ်အေးမြကလည်း သူကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ကို ပြောပြပါတယ်။

“ကျမဆိုရင် မနက် ၆ နာရီလောက်မှာ မနက်စားဖို့ အိမ်ရာကနေ ကလေး ၂ ယောက်နဲ့ ထွက်လာတဲ့ အချိန်မှာ လူ ၂ ဦးရဲ့ ဓားပြတိုက်တာ ခံခဲ့ရတယ်။ ကလေး တယောက်ကိုတော့ ဓားနဲ့လှမ်းခုတ်တာ နှာခေါင်းကို ထိသွားတယ်။ ကျမကတော့ လက်ကျိုး သွားပါတယ်” လို့ ဒေါ်အေးမြက ဆိုပါတယ်။

ဒေါ်အေးမြ လုယက်ခံရတဲ့ နေရာဟာ လူခြေ တိတ်ဆိတ်တဲ့ နေရာဖြစ်ပြီး ဓားပြလာတိုက်တဲ့ လူဟာလည်း အသက် ၂၀ ဝန်းကျင် လူငယ်အရွယ်သာဖြစ်တယ်လို့ သိရပါတယ်။

တန်ဖိုးကြီးတဲ့ ပစ္စည်းတစုံတရာ ပါသွားခြင်း မရှိတဲ့ အကြောင်း၊ ဒါပေမယ့်လည်း လုယက်မှုကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာဟာ
အလွန်ပြင်းထန်တဲ့ အကြောင်း၊ ရဲတွေကတော့ ဖြစ်စဉ်ကို မေးမြန်းသွားပြီး ဆက်လက် ဆောင်ရွက်ခြင်း မရှိသေးကြောင်း ဒေါ်အေးမြက ပြောပြပါတယ်။

မူဆယ် ကျောင်းတွေမှာ ကျောင်းတက်နေတဲ့ ကလေးငယ်တွေ ဆီကပါ ပိုက်ဆံလုယက်တာမျိုး ရှိနေတဲ့အတွက် မိဘတွေက ကလေးတွေကို အပြင်တယောက်တည်း မသွားကြဖို့၊ မုန့်စား ကျောင်းဆင်းချိန်တွေမှာလည်း မိမိအခန်းနဲ့ နီးတဲ့ နေရာမှာပဲ ကစားကြဖို့ မှာကြားနေရတယ်လို့ သိရပါတယ်။

“အောက်တိုဘာ ၃ ရက်နေ့က ကျနော့်သားနဲ့ သူ့သူငယ်ချင်း သုံးယောက် အိမ်သာသွားနေတုန်း အသက် ၂၀ အရွယ် တရုတ် လူမျိုးတယောက်က ပိုက်ဆံရှိလားဆိုပြီး သူတို့ကို မေးတယ်တဲ့။ မရှိဘူးဆိုတော့ လက်သီးနဲ့ထိုး၊ ဗိုက်ကို ကန်ပြီး အိပ်ကပ် ထဲက ငါးရာတန်ကို ယူသွားပါတယ်” လို့ အမှတ် ၃ အထက်တန်း ကျောင်းမှာ ကျောင်းတက်နေတဲ့ ပဉ္စမတန်း ကျောင်းသား တဦးရဲ့ ဖခင်က ပြောပြပါတယ်။

မူဆယ်မြို့မှာ ည ဒုစရိုက်သမားတွေ ပေါများလာတဲ့အတွက် ညမှဖွင့်တဲ့ ဆိုင်တွေဟာလည်း စောစောပိတ်နေရ တာကြောင့် အခက်တွေ့ နေရကြောင်း၊ ညဘက်မှာ ဘယ်သူမှ အပြင်အထွက်ရဲတဲ့အတွက် ဆိုင်ရှင်တွေဟာလည်း အရောင်းအဝယ် ကျသွားတဲ့ အကြောင်း၊ စီးပွား လာရောက်ရှာဖွေတဲ့ ကုန်သည်တွေ အတွက်လည်း အခက်ကြုံနေကြရကြောင်း ဒေသခံတွေက ဆိုပါတယ်။

မူဆယ်ဒေသ ဒုစရိုက် ကင်းစင်းမှုအတွက်ကို ရက်ကွက် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး အဖွဲ့တွေက ဦးစီးပြီး မိမိ
ရပ်ကွက် အေးချမ်းအောင် ဆောင်ရွက်သွားမယ်၊ ဒုစရိုက်သမား တွေကိုလည်း ရှင်းလင်းအောင် ဖမ်းဆီးပေးဖို့ ရဲတွေကို ပြောမယ်လို့ သိရပါတယ်။

မူဆယ်ဟာ နယ်စပ်ဒေသ ဖြစ်တဲ့အတွက် ဒုစရိုက်သမားတွေ ရှောင်ပုန်းလို့ ကောင်းတဲ့ ဒေသလို့ ပြောမယ် ဆိုရင်လည်း ပြောနိုင်ပါတယ်။

“တရုတ်ပြည်ဘက်က ဒီလိုအချိန်ဆိုရင် ထောင်ထဲက ဒုစရိုက်သမားတွေကို ရှင်းလင်းတတ်တယ်။ အဲဒီလူတွေက နယ်စပ် ဖြစ်တဲ့ မူဆယ်ကိုလာပြီး လုယက်မှုတွေ လာလုပ်တတ်တယ်။ ဒီလို နေ့တိုင်း ဆက်တိုက်ဖြစ်တာ တနှစ်ကို တကြိမ်လောက် ဖြစ်တယ်။ နောက်ပိုင်း ဘာမှ အမှုမပေါ်ဘဲ ဒီအတိုင်း ပြီးသွားတာတွေက နှစ်တိုင်းလိုလိုပါပဲ” လို့ မူဆယ် တောင်ရပ်ကွက်မှာ နေထိုင်တဲ့ နန်းအေးအောင်က ပြောပါတယ်။

မူဆယ်မြို့ ရပ်ကွက်တွေကတော့ တောင်ရပ်ကွက်၊ ဟိုမွန်ရပ်ကွက်၊ ခရစ်ယာန်ရပ်ကွက်၊ ကောင်းနောင် ရပ်ကွက်နဲ့
ကောင်းမူးတုန် ရပ်ကွက်တို့ ဖြစ်ကြပြီး တရပ်ကွက်မှာ အိမ်ခြေ ၅၀၀ ရာကျော်ရှိပါတယ်။ မူဆယ်မြို့မှာ လူဦးရေ နှစ်သိန်း နီးပါးခန့် နေထိုင်တယ်လို့ သိရပါတယ်။

မနှစ်က ဇန်နဝါရီလထဲမှာ မူဆယ်မြို့ စံပယ်ရွှေဆိုင် ပိုင်ရှင် သားအမိနှစ်ဦး ဓားပြတိုက် ခံခဲ့ရလို့ တဦးသေဆုံးပြီး ပစ္စည်း ကာလ တန်ဖိုးငွေ ကျပ်သိန်း ၂၀၀၀ လောက် ဆုံးရှုံးခဲ့ရပါတယ်။ ဒီနှစ် ဇန်နဝါရီလမှာလည်း ကားသမားတဦးနဲ့ တရုတ်ငွေ လဲတဲ့ အမျိုးသမီး နှစ်ဦး ဓားပြတိုက် လုယက်ခံရမှု ဖြစ်ပွားခဲ့ပါသေးတယ်။ ဧပြီ ၁ ရက်နေ့ကတော့ မူဆယ်မြို့ စည်ပင်သာယာ အမှတ် ၁ ဈေး အပေါ်ထပ်က ရွှင်လင်းရောင် ရွှေဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး အသေးစား လုယက်မှု၊ ခိုးမှုနဲ့ ဓားပြတိုက်မှု တွေကတော့ နေ့တိုင်း နီးပါး ရှိနေဆဲ ဖြစ်ပါတယ်။

မူူဆယ်မြို့မှာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလက စတင်ပြီး ဓားပြတိုက်မှု ၁၀ မှုကျော်၊ လုယက်မှု ၂၅ မှုခန့်နဲ့ ဖောက်ထွင်းမှု
၅ မှုသာ ရှိကြောင်း၊ တရားခံတွေကို လက်ရှိအခြေအနေအထိ ရဲတပ်ဖွဲ့ဝင်တွေက ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။

Loading