ဆောင်းပါး

အဆင်သင့် ဖြစ်ဖြစ် မဖြစ်ဖြစ်၊ တိုးရစ်တွေ လာကုန်ပြီ

This article has been converted from Zawgyi One to Unicode

“ဒီမှာ” ဟု တည်းခိုဖို့ နေရာ ရှာမရတော့သည့် အဆုံး ရန်ကုန်မြို့လယ်ရှိ ရုံးခန်းမှာ ညအိပ်ရတော့မည့် ဥရောပ မြောက်ပိုင်းသား ကမ္ဘာလှည့်ခရီးသည် နှစ်ဦးကို ဦးအေးကျော်က သူ့ရုံးခန်း၏ ကြမ်းပြင်ကို ညွှန်ပြလိုက်သည်။

မြန်မာနိုင်ငံကို ယမန်နှစ်က နိုင်ငံခြား ခရီးသွား တသန်း စံချိန်တင်ရောက်ရှိလာခဲ့ခြင်းကြောင့် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးမှု အားနည်းမှုက အခက်တွေ့စေသည်။

မြန်မာနိုင်ငံမှ စိတ်ဝင်စားစရာများကို တွေ့မြင်ခံစားနိုင်ရန်အတွက် စိတ်အားထက်သန်စွာဖြင့် ရောက်ရှိလာသည့် ဧည့်သည် များ ရုတ်တရက် မြင့်တက်လာခြင်းက ဟိုတယ်ခန်းများလုံလောက်မှုမရှိခြင်း၊ ပျက်စီးယိုယွင်းနေသော သယ်ယူ ပို့ဆောင် ရေး စနစ် တို့ကိုသာမက အစားအစာတို့၏ အရည်အသွေးအားနည်းမှုကိုပါ မီးမောင်းထိုးပြသလို ဖြစ်ခဲ့ရသည်။

ဟိုတယ်များကဲ့သို့သော ကဏ္ဍများတွင်မူ ယခုလောက်ကောင်းသည့် အချိန်ကာလမျိုး မရခဲ့ဖူးပါ။ “သူတို့ အတွက် နေ့တိုင်း ရွှေဥ တစ်ဥ ရနေကြတယ်” ဟု ရန်ကုန်မှ Rubyland ခရီးသွားဝန်ဆောင်မှု လုပ်ငန်းမှ ဦးအေးကျော်က ဟိုတယ်ခန်းများ လူပြည့်နေမှု နှင့် ဟိုတယ်လုပ်ငန်းရှင်များ အတွက် အဆင်ပြေစေသည့် အခန်းခများ အဆမတန်မြင့်တက်နေမှုများ ကို ရည်ညွှန်း၍ ပြောသည်။

ဧည့်လမ်းညွှန်တွေ အတွက်လည်း နေ့တိုင်းသည် နေ့ကောင်းရက်သာတွေ ဖြစ်နေသည်။ အလုပ်ချိန်ဇယားတွေ ပြည့်ကျပ် နေတာကို တောင်မှ ဂရုမစိုက်နိုင်ကြတော့ပါ။

“မနှစ်တုန်းက နိုဝင်ဘာလကနေ ဖေဖော်ဝါရီလအထိ နေ့တိုင်း အလုပ်ရှိတယ်” ဟု ရန်ကုန် အခြေစိုက် ဧည့်လမ်းညွှန် တ ယောက် ဖြစ်သော ဦးဇော်လင်း ကပြောသည်။ လုပ်သက် ၁၅ နှစ်ရှိပြီဖြစ်သည့် ဝါရင့်ဧည့်လမ်းညွှန် တယောက် အနေဖြင့် ယခုနှစ် ခရီးသွားရာသီတွင်လည်း လက်မလည်အောင် အလုပ်များဖို့ ရှိမည်ဟု သူက မျှော်လင့်ထားသည်။

“ကျနော် ဇွမ်ဘီ တကောင်လို ဖြစ်ခဲ့တယ်” ဟု အသက် ၂၄ နှစ်အရွယ်ရှိ အလွတ်ဧည့်လမ်းညွှန် ကိုအောင်စိုးလင်းက ဧည့် လမ်းညွှန် အဖြစ်ပထမဆုံး လုပ်ကိုင်ခဲ့သည့် အချိန်မှာပင်လျှင် ကသုတ်ကရက်နှင့် ဗျာများခဲ့ရသော ယမန်နှစ်က အဖြစ်ကို ပြန်ပြောပြသည်။

ထိပ်တန်း ဧည့်လမ်းညွှန် တယောက်၏ တနေ့တာ လုပ်အားခသည်လည်း လွန်ခဲ့သော ၂နှစ်ခန့်က တနေ့လျှင် အမေရိကန် ဒေါ်လာ ၂၅ ဒေါ်လာရှိခဲ့ရာမှ ယခုအခါ ဒေါ်လာ ၄၀ မှ ၅၀ ခန့်အထိဖြစ်လာသည်ဟု ဦးဇော်လင်း က ပြောပြသည်။ မြန်မာ နိုင်ငံ ဧည့်လမ်းညွှန်များ အသင်းကလည်း ဧည့်လမ်းညွှန် တယောက်၏ လုပ်အားခသည် တနေ့လျှင် ၃၅ ဒေါ်လာ ရသင့် သည်ဟု စက်တင်ဘာလ လယ်က အဆိုပြုခဲ့သည်။

ဧည့်လမ်းညွှန်များကို ထိန်းထားနိုင်ရန်အတွက် ရန်ကုန်မှ ခရီးသွားလုပ်ငန်းကြီးအချို့က လူသိများသည့် အလွတ် ဧည့်လမ်း ညွှန်များကို တလလျှင် အမေရိကန်ဒေါ်လာ ၁၅၀၀ ခန့်အထိပေး၍ ၎င်းတို့ ဝန်ထမ်းအဖြစ် အလုပ်ခန့်ထားနေကြသည်ဟု မြန်မာနိုင်ငံတွင် အကြီးဆုံး ခရီးသွားလုပ်ငန်းတွေထဲက တခုဖြစ်သော Tour Mandalay မှ မန်နေဂျာ တဦးဖြစ် သူ Marek Lenarcik ကပြောသည်။

မြန်မာနိုင်ငံမှ ထိပ်တန်း ဧည့်လမ်းညွှန်များသည် ဆက်ဆံရေးကောင်းမွန်ပြီး ပြဿနာဖြေရှင်းရာတွင် အခြားသူများထက် သာလွန်ကောင်းမွန်သူများ ဖြစ်သည်။

“လမ်းမှာ ကားပျက်ပြီဆိုရင်၊ ဒါမှမဟုတ် လေယာဉ်နောက်ကျရင်၊ လူတွေ နေထိုင်မကောင်းဖြစ်ရင်၊ ဒါမှမဟုတ် ဒေသခံတွေ နဲ့ ခရီးသည်တွေကြားထဲမှာ နားလည်မှုလွဲမှားတာတွေ ဖြစ်လာရင် ဒီလို ပြဿနာတွေကို အမြန်ဆုံး ဘယ်လို ဖြေရှင်းရမယ် ဆိုတာကို သိထားဖို့ လိုတယ်” ဟု ဦးဇော်လင်းက ပြောသည်။

ဧည့်လမ်းညွှန် ရှားပါးသည့် အခက်အခဲကို ဖြေရှင်းရန်အတွက် ခရီးသွားလုပ်ငန်း ကုမ္ပဏီများသည် ဘာသာစကား ကျွမ်းကျင်မှု ကဲ့သို့ အရည်အချင်းများရှိသည့် အခြားသူများကို တရားဝင်လိုင်စင်မရှိသော်လည်း ဧည့်လမ်းညွှန် အဖြစ် ငှားရမ်းရန် စဉ်းစားနေကြကြောင်းလည်း သိရသည်။

“လိုင်စင်မရှိပေမယ့် လိုင်စင်ရ လမ်းညွှန်တွေလိုပဲ ကျွမ်းကျင်တဲ့သူတွေ ရှိပါတယ်။ ဒီလို အရည်အသွေး၊ အရည် အချင်းမျိုး ရှိတဲ့သူရှိနေရင် သူတို့နဲ့ ကျမ အလုပ်လုပ်ချင်ပါတယ်” ဟု 7Days Travel & Tours မှ ဒါရိုတ်တာ မဒါလီခင် က ပြော သည်။ သို့သော်လည်း ထိုသို့ သူ၏ ကုမ္ပဏီ အနေဖြင့် ထိုသို့ ငှားရမ်းရန် အတည်ပြုဆုံးဖြတ်ရခြင်း မရှိသေးကြောင်း လည်း သူက ထပ်ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန က ဧည့်လမ်းညွှန်များကို အသိအမှတ်ပြုလိုင်စင်ထုတ်ပေးနေပြီး ၂၀၁၁ အတွင်း တွင် ဧည့်လမ်းညွှန် ၁၈၄ ယောက်ကို လိုင်စင်ထုတ်ပေးခဲ့ကာ သြဂုတ်လ အထိ စုစုပေါင်း ၃၃၄၄ ယောက် ထုတ်ပေး ခဲ့ပြီး ဖြစ်သည်။

ခရီးသွား လုပ်ငန်းကုမ္ပဏီများသည် ဧည့်လမ်းညွှန်များသာမက အခြားသော ဝန်ထမ်းနေရာများ ကိုလည်း ခန့်ထားနေရသည်။ Unique Asia လက်မှတ်ရောင်းနှင့် ခရီးသွားလုပ်ငန်းတွင် မူလက ဝန်ထမ်း ၈ ဦး ရှိရာမှ ၃၀ အထိ တိုးမြှင့် ခန့်ထား ရသည်ဟု အမှုဆောင် ဒါရိုက်တာ ဦးလင်းဇော်ဝေမောင်က ပြောပြသည်။ Tour Mandalay တွင်လည်း ဝန်ထမ်း ၁၅၀ ကျော်ရှိရာ ၎င်း တို့ထဲမှ လေးပုံတပုံကို ပြီးခဲ့သည့် ၂ နှစ် အတွင်းတွင် ခန့်ထားခဲ့ခြင်းဖြစ်သည်။

ခရီးသွားလုပ်ငန်းသည် အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေသလို ကြီးမားသည့် စိန်ခေါ်မှုများလည်း ရှိနေသည်။ ခရီးသွားရာသီ၏ အမြင့်ဆုံး အချိန်နှင့် တိုက်ဆိုင်စွာပင် ယခုနှစ် ဒီဇင်ဘာလ အလယ်ပိုင်းတွင် မြန်မာနိုင်ငံ သည် အရှေ့တောင်အာရှ အားကစားပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပရတော့မည် ဖြစ်သည်။

ပြိုင်ပွဲကျင်းပမည့် ဒီဇင်ဘာလ ၁၁ ရက်မှ ၂၂ ရက်ကြားတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင် ကမ်းခြေသို့ ထောင်နှင့် ချီသော အားကစားသမားများ၊ လေ့ကျင့်ရေး ဝန်ထမ်းများ၊ အစိုးရ ကိုယ်စားလှယ်အဖွဲ့များနှင့် ပရိသတ်များ စုပြုံရောက်ရှိလာကြမည်။

အွန်လိုင်း ဝက်ဘ်ဆိုက် တခုဖြစ်သော Oway.com.mm က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန နှင့် ပူးပေါင်း၍ အား ကစားပွဲသို့ လာရောက်လာကြမည့် ဧည့်သည်များ အတွက် အွန်လိုင်းမှ ကြိုတင်စာရင်းသွင်းခြင်းကို လက်ခံဆောင်ရွက်ပေး နေသည်။ Oway ကို တည်ထောင်သူဖြစ်သော ဦးနေအောင်က ဟိုတယ်များ၊ လေကြောင်းလိုင်းများ၊ ခရီးသွားလုပ်ငန်းများ နှင့် မော် တော်ယာဉ် ငှားရမ်းခြင်း အထိအွန်လိုင်းမှ ကြိုတင် စာရင်းသွင်းခြင်းဈေးကွက်၏ အလားအလာကို သိရှိပြီး လက်ဦးမှု ရယူနိုင်ခဲ့သည်။

“ကျနော့်ရဲ့ ရည်မှန်းချက်က လျှင်လျှင်မြန်မြန် တိုးတက်နေတဲ့ကြားမှာ အလားအလာကောင်းတဲ့ နေရာကို ရယူ နိုင်ဖို့ပါပဲ၊ လက်ရှိ အချိန်မှာတော့ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက ဝန်ဆောင်မှု အရမ်း အားနည်းပါနေပါတယ်” ဟု နိုင်ငံရပ်ခြား တွင် ၁၆ နှစ်ကြာ နေထိုင်ခဲ့ပြီး မိခင်နိုင်ငံသို့ ၂၀၁၁ ခုနှစ်ထဲမှာမှ ပြန်လည်ရောက်ရှိလာခဲ့သော ဦးနေအောင်က ပြောသည်။

အွန်လိုင်းမှ ကြိုတင်စာရင်းသွင်းခြင်း ကျယ်ပြန့်လာသည်နှင့် အမျှ သမရိုးကျ ခရီးသွား လုပ်ငန်းရှင်များအတွက် ရွေးချယ် စရာ နည်းလာသည်။ သမရိုးကျ လုပ်ငန်းရှင်များ အနေဖြင့် အွန်လိုင်းမှ ကျန်ခဲ့သမျှကိုသာ လိုက်လံရှာဖွေနေရပြီး သယ်ယူပို့ဆောင်ရေး အတွက်လည်း ဒေသတွင်းမှာသာ ပြန်လည်ရှာဖွေရသည့် အခါ လောင်စာဆီဖိုးနှင့် ယာဉ်မောင်း ငှားရမ်းခ စသည်တို့ ကြောင့် အမြတ်လည်း နည်းလာသည်။

“ခရီးသွား လုပ်ငန်းရှင် တယောက်ကပြောတယ်။ ခရီးသွားအဖွဲ့ တဖွဲ့ကို ဒေသခံကားနဲ့ စီစဉ်ပေးတဲ့ အခါ ဒေါ်လာ ၁၀၀ က နေ ၂၀၀ ကြားလောက်ပဲ ကျန်တယ်တဲ့။ သူကတောင် ကျနော့်ကို နောက်တယ် သူ ပိုင်ရှင် မလုပ်ချင်တော့ဘူး လမ်း ညွှန်ပဲ လုပ်ချင်တော့တယ်၊ လမ်းညွှန်က ပိုက်ဆံပိုရတယ်တဲ့” ဟု ဦးဇော်လင်း က ပြောသည်။

အလယ်လမ်း ပျောက်နေ

မြန်မာနိုင်ငံ၏ စီးပွားရေးတခုလုံး ကဲ့သို့ပင် ခရီးသွားလုပ်ငန်းသည် ဈေးကွက်၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံး အစွန်း နှစ်ဘက်ကို သာ ထောက်ပံ့နေရပြီး အလယ်အလတ် အဆင့်အတွက် နေရာက ကန့်သတ်မှုတွေ ရှိနေသည်။

ငွေကြေးပြည့်စုံသော ခရီးသွားများက ထိပ်တန်း ဟိုတယ်ကြီးများတွင်တည်းကြသည်။ ဇိမ်ခံကားများနှင့် သွားလာကြ သည်။ အတွေ့အကြုံရင့် လမ်းညွှန်များကို ငှားရမ်းနိုင်ပြီး အကောင်းဆုံး အစားအစာများကို စားသောက် နိုင်ကြသည်။ ကျောပိုးအိတ်လွယ်ကာ ရောက်လာတတ်သည့် ခရီးသွားများကတော့ အခြေအနေမျိုးကို ဖြစ်စေ ရောင့်ရဲနိုင်ကြသည်။

သင့်တင့်မျှတသော ဈေးနှုန်းနှင့် သင့်တင့်မျှတသော ဝန်ဆောင်မှုကို မျှော်လင့်ထားသော လူလတ်တန်းစားများ ဈေးကွက် အတွက် အခန်းခမှသည် သင့်တော်သော ခရီးသွားလာရေး နှင့် အစားအသောက် ကိစ္စများအထိ အခက်အခဲများ ကြုံတွေ့ နေရဆဲဖြစ်သည်။

“ခုချိန်အထိ အစား အသောက် ပြဿနာရှိနေတုန်းပဲ” ဟု အစားအစာ၏ အရည်အသွေး၊ သန့် ရှင်းမှုနှင့် ဈေးနှုန်းကို ရည် ညွှန်း၍ ဦးဇော်လင်းက ပြောသည်။ “စားသောက်ဆိုင် ငယ်လေးတွေနဲ့ လမ်းဘေး အစားအစာတွေရဲ့ ဈေးနှုန်းကလည်း ထိုင်းနိုင်ငံနဲ့ တောင် နှိုင်းယှဉ်လို့တောင် မရပါဘူး။ ထိုင်းနိုင်ငံမှာ ဆိုရင် တဒေါ်လာလောက် ပိုက်ဆံနဲ့တောင်မှ အဆင့်မီပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ ရနိုင်တယ်။ ဒီမှာတော့ သာမန်ဟင်းမျိုးကိုတောင် အဲဒီထက် ဈေးပိုပေးရတယ်။ ညနေခင်းမှာ ရောင်းတဲ့ ဟင်းကို မနက်ကထဲက ချက်ထားတာဖြစ်မယ်၊ ဒါမှ မဟုတ် အရင်နေ့ကထဲက ချက်ထားတာ တောင်မှ ဖြစ်ချင်ဖြစ်နိုင်တယ်” ဟု ဦးဇော်လင်းက ဆိုသည်။

“အစား အသောက်နဲ့ ပတ်သက်လို့တော့ ကျနော်တို့ စိုးရိမ်စရာ နည်းနည်းရှိတယ်။ ဒါကြောင့် ကျနော်တို့ သိတဲ့ ကောင်း တဲ့ စားသောက်ဆိုင် တွေကိုပဲ ထောက်ခံရဲတယ်။ ဒါပေမယ့် ဧည့်သည်တွေက တခြားနေရာကို သွားစားချင်တယ် ဆိုရင်တော့ ကျနော်တို့က သူတို့ကို အခြေအနေနဲ့ ပတ်သက်ပြီး အပြည့်အစုံ ရှင်းပြပေးလိုက်တယ်” ဟု သူက ဆိုသည်။

ယခုနှစ် အတွင်းတွင် ခရီးသွားလုပ်ငန်းအတွက် အကြီးဆုံး အခက်အခဲမှာ ဟိုတယ်ခန်း ရှားပါးမှုဖြစ်သည်။ Rubyland ခရီးသွားလုပ်ငန်းမှ ဦးအေးကျော်က အစိုးရအနေဖြင့် ယခုအချိန်တွင် တည်ဆဲဥပဒေများအရ တားမြစ်ပိတ်ပင်ထားသော နေအိမ်များတွင် တည်းခိုနေထိုင်ခြင်းကို ခွင့်ပြုပေးလိုက်ပါက အခက်အခဲများ အလျှင်အမြန်ပြေလည်သွား နိုင်မည်ဟု ဆိုသည်။

ရန်ကုန်မြို့မှ အဆင့်မြင့် ဟိုတယ်ကြီးများ ဖြစ်ကြသော Traders၊ Park Royal နှင့် Chatrium တို့သည်လည်း ယခင်က ဈေးနှုန်းချိုချိုသာသာဖြင့် ရုံးခန်းများ အဖြစ် ငှားရမ်းထားခဲ့သော အခန်းများကို ဟိုတယ်ခန်းများ အဖြစ်သို့ ပြန်လည်ပြင် ဆင်နေပြီ ဖြစ်သည်။

အခြားသော နိုင်ငံတကာ ဟိုတယ်လုပ်ငန်းကြီးများကလည်း စီမံကိန်းအသစ်များ လာရောက်လုပ်ဆောင်နေကြပြီ ဖြစ်သဖြင့် ရန်ကုန်မြို့တွင် နိုင်ငံတကာ အဆင့်မီ ဟိုတယ်ခန်း ၁၀၀၀ ခန့် ယခုနှစ်ကုန်ပိုင်းလောက်တွင် အသင့်ဖြစ်လာမည်ဟု မျှော်လင့်ရကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း တခုဖြစ်သည့် Jones Lang Lasalle ၏ အဆိုအရ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနက တနိုင်ငံလုံး အတိုင်းအတာတွင် တရားဝင်လိုင်စင် ထုတ်ပေးထား သော ဟိုတယ်နှင့် တည်းခိုခန်း ၈၅၉ ခုရှိပြီး အခန်းပေါင်း ၃၁၀၀၀ ကျော်ရှိသည် ဟုပြောသည်။ ၂၀၁၁ ခုနှစ်တွင် လိုင်စင် ၇၃၁ခု နှင့် အခန်း ၂၈၀၀၀ ခန့် ရှိရာမှ တိုးတက်လာခြင်း ဖြစ်သည်ဟုလည်း သိရသည်။

အလားအလာကောင်းနေသည့် ဟိုတယ်လုပ်ငန်းသို့ ဝင်ရောက်လုပ်ကိုင်လာသည့် လုပ်ငန်းရှင် အသစ်များလည်း ရှိနေ သည်။ ယခုလအတွင်း၌ အခန်း ၂၈ ခန်းပါဝင်သည့် Grand Empire Blazing Hotel ကို ပုဂံတွင် ဖွင့်လှစ်တော့မည့် ကိုရဲမာန်သူသည် ရန်ကုန်မြို့တွင်နေထိုင်သူဖြစ်သည်။ မနှစ်တုန်းက ပုဂံမှာ ညအိပ်ဖို့ နေရာရှာမရသည့် ကမ္ဘာလှည့် ခရီးသည်တွေ ဒေသခံ ဘုန်းကြီးကျောင်းတွေမှာသာမက သုဿန်မြေမှာပါ အိပ်ခဲ့ကြရသည် ကို သူမြင်ခဲ့ရသည်။

“ခရီးသွားလုပ်ငန်းကို ကျနော် ကူညီနိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု တူထုသံတွေ လျှပ်စစ် ကျောက်စက်တိုက်သံတွေ ဆူ ညံနေသော ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းတွင် သူက ပြောပြသည်။

ပြုံးတဲ့ ရဲတွေ လာပြီ

ယခုနှစ် မှစတင်ပြီး အထူးလေ့ကျင့်ပေးထားသည့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁၇၅ ဦးက ကမ္ဘာလှည့် ခရီးသည်များ အများဆုံးလာရောက်သည့် နေရာများဖြစ်သော ရန်ကုန်၊ မန္တလေး နှင့် ပုဂံ တို့ တွင် ခရီးသည်များ အတွက် လုံခြုံရေးကို စောင့်ကြပ်ပေးတော့မည် ဖြစ်သည်။

ဥပဒေ စိုးမိုးရေးလုပ်ငန်းများတွင် နှစ်ပေါင်း ၄၀ ကျော် အတွေ့အကြုံရှိပြီး လတ်တလောတွင် အာဖဂန် နစ္စတန်၊ အီရတ် နှင့် ဂျော်ဒန် တို့တွင် ရဲအဖွဲ့ဝင်များကို လေ့ကျင့်ပေးခဲ့သော အမေရိကန် ဗိုလ်မှူးကြီး Mark Wilson ကို ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ ကိုလေ့ကျင့်ပေးရန် အတွက် ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ပေးခဲ့သည်။

Mark Wilson က သင်တန်းသားများကို စစ်တပ်ပုံပျောက်အောင် လုပ်ရခြင်းသည် အခက်အခဲတခုဖြစ်သည်ဟု ဆိုသည်။ “အခုဆိုရင်တော့ နေ့သစ်ကို ရောက်ပါပြီ။ မြန်မာနိုင်ငံကလည်း အသစ်။ ကျနော်လည်း ပျော်တတ်တဲ့ ရဲတွေ ရနေပါပြီ။ သူတို့ ကို စစ်တပ်ဆန်တဲ့ မီးခိုးရောင် ယူနီဖောင်းအစား နောက်ကျောမှာ Tourist Police လို့ရေးထားတဲ့ အဝါရောင် ပိုလို ရှပ်တွေ ဝတ်ခိုင်းလိုက်တယ်။ သူတို့ကို ပြုံးပါ၊ လူတွေကို စကားပြောပါ၊ လက်ပြနှုတ်ဆက်ပါလို့ ပြောရတယ်” ဟု သူကပြောသည်။

“သူတို့ ကို ရဲတွေလို မဟုတ်ဘဲ၊ ဒစ္စနေဥယျာဉ်က လုံခြုံရေးအစောင့်တွေလိုမျိုး ဖြစ်အောင် ကျနော် လေ့ကျင့်ပေးခဲ့ ပါတယ်” ဟု Mark Wilson က ဆက်ပြောသည်။

စက်တင်ဘာလ အလယ်ပိုင်းရောက်သည့် အချိန်တွင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့၏ ကိုယ်ပိုင် Facebook စာမျက်နှာ ရှိနေပြီဖြစ်သည်။ သို့သော်လည်း ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ သူတို့ ရုံးချုပ်မှ ဝန်ထမ်းများ ကတော့ ဝင်လာပြီး မေးမြန်းစုံစမ်းကြသည့် နိုင်ငံခြားဧည့်သည်တွေနှင့် ဆက်ဆံဖို့ အဆင်သင့် မဖြစ်သေးတာကို တွေ့ ရ သည်။ ယခုဆောင်းပါးရှင် ကိုယ်တိုင် နှစ်ကြိမ်မျှ သွားရောက် စုံစမ်းကြည့်သည့် အခါ တာဝန်ကျ အရာရှိများသည် ရိုးရှင်း သော အင်္ဂလိပ်စကားဖြင့် မေးမြန်းသည့် မေးခွန်း အနည်းငယ်ကိုပင် ဖြေကြားနိုင်ခြင်း မရှိကြပေ။

“စိတ်ဝင်စားဖို့ ကောင်းတဲ့ ခရီးသွားရာသီ ဖြစ်လာမှာပါ” ဟု Mark Wilson ကပြောသည်။ သူက ရဲ အရာရှိများကို ရဲလုပ်ငန်းသုံး အခြေခံအင်္ဂလိပ်စာ သင်ခန်းစာကို တပတ်လျှင် ၃ ကြိမ် သင်ကြားပေးနေသည်။ “ဆီးဂိမ်းကို လူတွေ အများ ကြီးရောက်လာကြမှာ။ ကစားပွဲတွေကို ကြည့်မယ့် ဧည့်သည်တွေလည်းလာကြမယ်၊ ပုံမှန် ကမ္ဘာလှည့် ခရီးသွားတွေလည်း လာကြမယ် ဆိုတော့ တကယ်ကို ကြီးကျယ်မယ့် ရာသီပါ။ စိန်ခေါ်မှုတွေလည်း အများကြီးပါပဲ” ဟုလည်း သူက ပြောသည်။

၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုက မှန်မှန်မြင့်တက်လာသော်လည်း လေ့လာမှုများ အရ မြန်မာနိုင်ငံတွင် ဧည့်သည်များ အများအပြားဝင်ရောက်လာလျှင် အခက်အခဲများ ရှိလာကြောင်းကို ယခုချိန်မှစ၍ တွေ့ ရှိနေရပြီ ဖြစ်သည်။

ဝင်ရောက်လာသည့် ခရီးသည် အရေအတွက်သည် တနှစ်လျှင် နိုင်ငံခြားဧည့်သည် ၂၂ သန်း လာရောက်နေသည့် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် စာလျှင် နည်းပါးနေဆဲဖြစ်ပါသည်။ လူဦးရေ ၆.၅ သန်းသာရှိသည့် လာအိုနိုင်ငံသည်ပင်လျှင် ယမန်နှစ်က ခရီးသည် ၃.၄ သန်းလက်ခံနိုင်ခဲ့သည်။

သို့သော် အစိုးရတွင်လည်း ကြီးမားသော အစီအစဉ်များ ရှိနေသည်။ ၂၀၁၅ ခုနှစ် အတွင်းတွင် ခရီးသွား ၃ သန်း ရှိလာရန် နှင့် ၂၀၂၀ ခုနှစ်တွင် ၇.၅ သန်းအထိရောက်လာရန် မျှော်မှန်းထားသည်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ၂၀၂၀ ခုနှစ်အထိ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၀၀ သုံးစွဲသွားရန် စီစဉ်ထားသည်။ ယမန်နှစ်က ခရီးသွား လုပ်ငန်းနှင့် သက်ဆိုင်သော ဝန်ဆောင်မှုကဏ္ဍမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၃၄ သန်း ရရှိခဲ့သည် ကို ၂၀၂၀ ခုနှစ်တွင် ဒေါ်လာ ၁၀ ဘီလီယံကျော် အထိ မြှင့်တင်နိုင်ရန်လည်း ဝန်ကြီးဌာနက မျှော်မှန်းထားသည်။

မြန်မာနိုင်ငံအတွင်းနှင့် ပြင်ပ ချိတ်ဆက်မှုတို့ကလည်း ဖြည်းဖြည်း မှန်မှန် တိုးတက်လာနေသည်။ ပြည်တွင်း လေကြောင်း လိုင်း တခုဖြစ်သည့် Air KBZ က ယခုလအတွင်းမှ စ၍ လေယာဉ် ၂ စင်း တိုးချဲ့ပျံသန်းမည် ဖြစ်ပြီး နှစ်မကုန်မီ နောက်ထပ် တစီး တိုးနိုင်ရန်လည်း မျှော်လင့်ထားသည်။ လက်ရှိ တွင် လေယာဉ် ၄ စီး ဖြင့် ပျံသန်းနေသည့် အတွက် အစီးရေ ၂ ဆနီးပါး တိုးလာမည် ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းကလည်း ဒေသတွင်းနိုင်ငံများသို့ ခရီးစဉ်များ တိုးချဲ့ ပျံသန်းနေသည်။ ထိုင်း လေကြောင်းလိုင်းများဖြစ်သည့် Nok Air နှင့် Bangkok Airways တို့ကလည်း ကမ္ဘာလှည့်ခရီးသည်များ လာရောက်တတ် သည့် နေရာများဖြစ်သော မော်လမြိုင် နှင့် မန္တလေးမြို့များသို့သာမက နေပြည်တော် အထိပါ ခရီးစဉ်များ စတင် ပျံသန်းနေပြီဖြစ်သည်။

သြဂုတ်လ ကုန်ပိုင်း၌ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်တလျှောက်တွင်လည်း နယ်စပ်ဝင်ပေါက် စခန်း ၄ ခု ဖွင့်လှစ်လိုက်ပြီး ကုန်းလမ်းခရီးမှ ဝင်ရောက်လာသည့် နိုင်ငံခြားသားဧည့်သည်များကို ပထမဆုံးအနေဖြင့် စတင်လက်ခံနေပြီဖြစ်သည်။

ယခင်နှစ် အတွင်းက နယ်စပ်ဝင်ပေါက်များမှ တဆင့် လာရောက်ခဲ့သော ဧည့်သည် ၄၆၅၆၁၄ ဦး အနက် အများစုမှာ ထိုင်း နိုင်ငံသားများ ဖြစ်ပြီး တရက် ထက်ပို၍ မနေခဲ့ကြပေ။ ယခု နယ်စပ်မှ ဗီဇာရယူပြီး ဝင်ရောက်လာသည့် နိုင်ငံခြားသား ဧည့်သည် များသည် နေထိုင်ခွင့် ၂၈ ရက်အထိရရှိကြပြီး ဆက်လက် ခရီးသွားနိုင်ကြသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအဖွဲ့(UMTA) မှ ဘုတ်အဖွဲ့ဝင်တယောက်ဖြစ်သော ဦးအေးကျော်က ၎င်းတို့ အဖွဲ့ အနေဖြင့် နယ်စပ်ဒေသများသို့ ယခုနှစ်အတွင်းတွင် ကိုယ်စားလှယ်များ စေလွှတ်ပြီး ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် သင်တန်းများ စီစဉ်ပေးသွားမည်ဟု ဆိုသည်။

“ကမ္ဘာလှည့် ခရီးသည်တွေကို ဘယ်လို ဆက်ဆံကိုင်တွယ်ရမယ် ဆိုတာကို လူတွေသိရှိ နားလည်အောင် လေ့ကျင့်ပေးဖို့ ကျနော်တို့ အဖွဲ့အနေနဲ့လည်း တာဝန်ရှိပါတယ်။” ဟု သူကပြောသည်။

ယခုအချိန်တွင် ခရီးသွားလုပ်ငန်း ဈေးကွက်အတွင်းသို့ လုပ်ငန်းရှင် အသစ်များလည်း ဝင်ရောက်လာနေကြပြီဖြစ်သည်။

အသစ်ဖွင့်လှစ်လိုက်သော မိုးကိုဆန်း ခရီးသွားလုပ်ငန်း ကုမ္ပဏီမှ မန်နေဂျာ စောလားလယ် က ဈေးကွက်အလား အလာ နှင့် ပတ်သက်၍ အကောင်းဖက်က ရှုမြင်ကြောင်း စက်တင်ဘာလ အတွင်းက ကရင်သတင်းဌာန တခုကိုပြောပြသည်။ ၎င်း ကုမ္ပဏီကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၇ မှ ပိုင်ဆိုင်ခြင်းဖြစ်သည်။

“ဂိတ်တွေ ဖွင့်လိုက်ပြီဆိုရင် နိုင်ငံခြားသားတွေ နိုင်ငံထဲကို လွတ်လွတ်လပ်လပ် ဝင်နိုင်ထွက်နိုင်ကြတော့မယ်။ မြန်မာနိုင်ငံ ကို ဧည့်သည်တွေလာရောက်တဲ့နှုန်းက မယုံနိုင်လောက်အောင် တိုးတက်လာမှာပါ” ဟု သူက ပြောသည်။

သို့သော်လည်း ယခင်က နိုင်ငံခြားသားများဝင် ရောက်ခွင့် မပြုခဲ့သော ဒေသများကို အဆင့်မြှင့်တင်ရန် လိုအပ်နေသေး သည်ဟု 7Days Tour မှ မဒါလီခင် ကပြောသည်။ စက်တင်ဘာလလယ်ပိုင်းက သူ၏ ဧည့်သည်တဦးသည် ထိုင်းနိုင်ငံသို့ မြဝတီလမ်းမှ တဆင့်ဖြတ်ကျော်သွားရန် ကြိုးစားခဲ့သည့်အခါ လမ်းဆိုးလွန်းသည့် အတွက် ခရီးသည်သည် ကားပေါ်မှာ ဆင်းပြီး မော်တော်ဆိုင်ကယ် ငှား၍ နယ်စပ်သို့ရောက်ရန် ကျန်သည့် မိုင် ၄၀ ခရီးကို သွားခဲ့ရသည်ဟု ဆိုသည်။

Marcus Allender သည် ဗြိတိန် နိုင်ငံသားတဦး ဖြစ်ပြီး မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် တဦးအဖြစ် ၂၀၁၀ ခုနှစ် က လာရောက်ခဲ့ဖူးသည်။ ယမန်နှစ်က ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် ဝက်ဘ်ဆိုက် တည်ထောင်ထားသည့် လုပ်ငန်းရှင် တဦး အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သြဂုတ်လ အတွင်းက ယခင်က တားမြစ်ပိတ်ပင်ထားသည့် နေရာတခုဖြစ်သော တနင်္သာရီ ဒေသသို့ သူရောက်ရှိခဲ့သည်။

“ထားဝယ်အထိ ရထားလမ်း ရှိတယ်။ ယုံဖို့ခက်ပေမယ့် တကယ်ဖောက်ထားတယ်။ Wikipedia အဆိုအရတော့ ၁၉၉၈ ခု နှစ်မှာ ဖောက်တာတဲ့။ လက်တွေ့မှာတော့ ၁၈၉၈ ခုနှစ်က စံချိန် စံညွှန်းတွေနဲ့ ဆောက်ထားသလိုပဲ လမ်းက အရမ်းဆိုး တယ်” ဟု Marcus Allender ကပြောသည်။

သို့သော် ကုန်တင်ကားတစီး၏ အမိုးပေါ်မှာ နာရီပေါင်းများစွာလိုက်ပါ၍ ဆိုးရွားကြမ်းတမ်းသည့် လမ်းများ ပေါ်တွင် သွား ရခြင်းမျိုးအပါအဝင် သူ၏ ခရီးစဉ်သည် အန္တရယ်များ၍ သက်တောင့်သက်သာ မရှိဘဲ ပင်ပန်းခဲ့သော်လည်း အလွန် စိတ် လှုပ်ရှားဖွယ်ရာ ဖြစ်သည်ဟု Marcus Allender ကပြောသည်။ တောတောင်ရေမြေ သဘာ၀ အပါအဝင် အရာရာသည် သူ့ အတွက် မကြုံဖူးသည့် ထူးဆန်း အံ့သြဖွယ်ရာများ ဖြစ်နေသည့် အပြင် မွန်တိုင်းရင်းသား များကလည်း လှိုက်လှဲဖော်ရွေစွာ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။

“ကျနော် အားထုတ်ခဲ့ရတာထက် ပိုပြီး တန်ပါတယ်ဗျာ” ဟု သူကဆိုလိုက်သည်။

(ANDREW D. KASPAR ၏ Ready or Not, the Tourists Are Coming ကို နိုင်မင်းသွင် ဘာသာပြန်သည်)

Loading