“… ရွှေနန်းတော်ဦး စွယ်တော်စင် ဘုရားမှာပူဇော်ရန် ရောင်စုံမီး၊ ဥပါမီး၊ မီးလင်းမြွေ စသော မီးပုံး အမျိုးမျိုး၊ မီးပဒေသာ၊ မီးတံခွန်၊ မီးပန်း၊ မီးရဟတ်၊ ဆင်သံ၊ မြင်းသံ စသော ရှို့မီး အမျိုးမျိုး။ တစ်ဆဲ့ခြောက်ဌာန ဘုရားရှင်တို့အား မီးစောင်းတန်း သွယ်တန်း ပူဇော်တော်မူရန်။ အရပ်ရပ် မီးစောင်းတန်း၊ လမ်းအရှည်တာ တသောင်းခြောက်ထောင်၊ တစ်တာလျှင် သုံးလုံးကျ။ မှန်မီးလုံးရေ လေးသောင်းရှစ်ထောင်။ တစ်ညလျှင် လေးလဲကျ။ ခြောက်ညသင့် ကျောက်ဖုယောင်းတိုင်ပေါင်း တသန်း တသိန်း ငါးသောင်း နှစ်ထောင်။ ပန်းထီးကိုးထောင်ကျော်။ ပန်းတံခွန် ကိုးထောင်ကျော်မှစ၍အလှူတော် အဘွယ်အရာများကို အစီအစဉ် အခမ်းအနား မျိုးတူမျိုးခြား ပွဲသဘင်စုံများနှင့်တကွ တောင်စမုတ်တော်သို့သွင်းပြရာ။ အသျှင်နှစ်ပါး ထွက်တော်မူ၍ ရေစက်သွန်းချတော်မူပြီးလျှင် …”
(မူရင်းသတ်ပုံ ကုန်းဘောင်ခေတ် မဟာရာဇဝင် ဇာတ်တော်ကြီးမှ)
မန္တလေး ရတနာပုံခေတ်၊ သီပေါမင်း နန်းတက်စဉ်ကာလ၊ သက္ကရာဇ် ၁၂၄၄ ခုနှစ်၊ သီတင်းကျွတ်လ၊ ဆီမီးမြင့်မိုရ်ပွဲတော် ခင်းကျင်း လှူဒါန်းပုံတွေကို ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီးမှာ မှတ်တမ်းတင်ထားတာထဲက ထုတ်နုတ်ပြတာပါ။
တကယ်တော့ ဆယ့်နှစ်လရာသီ ပွဲတော်များအနက် သီတင်းကျွတ်လ ဝါကျွတ်အလှူ ပွဲတော်ကို ရှင်ဘုရင်က ဦးစီးပြီး အခမ်းအနား ကျင်းပခဲ့ပုံဟာ အံ့ဘနန်းပါပဲ။ ဒီအစီအစဉ်တွေကြောင့် မန္တလေးရဲ့ သီတင်းကျွတ် ပွဲတော်တွေက အမွေ ဆက်ခံပြီး ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့တယ်လို့ သဘောပေါက် ရပါတယ်။ ရတနာပုံ မန္တလေးနေပြည်တော် နန်းမြို့တော် အတွင်း လွှတ်တော် မြောက်ဘက်မှာ အရှေ့မြင်းမိုရ်နဲ့ ရုပ်စုံစင်ရှိသတဲ့။ မြင်းမိုရ်ဆိုတာက … မြတ်စွာဘုရား ယခင်က ဝါတွင်းသုံးလ တာဝတိံဿနတ်ပြည်မှာ မယ်တော်မိနတ်သား အမှူးပြုပြီးနတ် ဗြဟ္မာသိကြားတို့ကို အဘိဓမ္မာ တရားများဟော ကြားပြီး မြင်းမိုရ်တောင်က သင်္ကဿနဂိုရ်ပြည်ကို ရွှေ၊ ငွေ၊ ပတ္တမြား စောင်းတန်းတွေနဲ့ နတ်များ ဗြဟ္မာများ ခြံရံဆင်းသက်ပုံကို ပမာပြုပြီး ဆီးမီး ရောင်စုံနဲ့ မြင်းမိုရ်တောင် အလား ပြင်ဆင် ထွန်းညှိပူဇော်တာကို ဆိုလိုတာပါတဲ့။
အရှေ့မြင်းမိုရ်၊ အနောက် မြင်းမိုရ်တွေအပြင် ဝင်းတော်လေးမျက်နှာမှာ ရွှေဆင်တော် ထားဖို့ တန်စောင်း လေးရပ်နဲ့ ရုပ်စုံစင် မြေနန်းတော် ယာဘက် ယာယီစံနန်းတော်နဲ့ အရှေ့ဝင်္ကပါ၊ အနောက်စမုတ်တော် ဝဲယာမှာ လေးကျွန်း မြင်းမိုရ်ဝင်္ကပါ တော်တို့ကိုလည်း ပြင်ဆင်ထားရှိပါသည်။ စက်ယန္တရားတွေနဲ့ လုပ်ဆောင်ရတဲ့ ပါရသီဇာတ်ရုံတော်ကြီးနဲ့ ဇာတ်ရုံဝဲယာမှာ အခြေ စက်ဘီးတပ် လက်ရှပ် ရုပ်စုံစင်တော်လည်း ရှိသတဲ့။
ရွှေမြို့တော် အတွင်းက တဆယ့်ခြောက်ဌာန ဘုရားရှင်တွေမှာလည်း ရုပ်စုံစင်တော် အလုပ်အဆောင်တွေ၊ ရွှေထီးစိုက် တန်ဆောင်း စင်ရှင်တွေ။ ဘုရားရှင်များလှူဒါန်းဖို့ ရွှေဆင်တော် လေးစီး၊ ဆင်နီတော် တစီး အလုပ်အဆောင်တွေ။ ဒီနောက် အလုပ်ရုံဌာန အရာရှိ၊ ဆင်ဝန်အရာရှိ၊ မြင်းဝန်အရာရှိ၊ လှေဖောင်အရာရှိ၊ ကျီဝန်အရာရှိ၊ တရုတ်၊ ကုလား၊ ယိုးဒယား၊ လင်းဇင်း၊ မီးပန်းအရာရှိတွေက အဲဒီ တဆယ့်ခြောက်ဌာန ဘုရားရှင်တွေဆီကို ရွှေနန်းတော်ကြီးကနေ မီးစောင်းတန်း သွယ်တန်းပြီး ပူဇော်ကြဖို့ စီမံဆောင်ရွက်ကြရ သတဲ့။ ရွှေနန်းတော်ကြီးက မဟာမြတ်မုနိ ဘုရားကြီးဆီ မီးစောင်းတန်းသွယ် တန်းရာမှာ ဝဲယာမီးတိုင်တွေ၊ နိုင်ငံခြားဖြစ် ပန်းမျိုးစုံ၊ ပြည်တွင်းဖြစ် ဖော့ပန်းမျိုးစုံ၊ ပန်းထီး၊ ပန်းဆိုင်း၊ ပန်းတံခွန် အမျိုးမျိုး ပြင်ဆင်ကြရသတဲ့။ သီတင်းကျွတ်လဆန်း ကိုးရက်နေ့ကနေ လဆန်း တဆယ့်လေးရက်နေ့အထိ ဝင်းတော်လေးမျက်နှာ ရုပ်စုံစင်တွေက ညစဉ်တပြိုင်တည်း ခင်းကျင်းကပြကြတယ်။ ဝင်းတော်လေးမျက်နှာက ဝင်းတော်အမှုတော်၊ ယွန်းစုအမှုထမ်းတွေက ရွှေဆင်တော်၊ ဆင်နီတော်တွေကို တန်ဆောင်းဆင်ရှင်နဲ့ အတူ ထမ်းဆောင်ပြီး အတီးအကတွေနဲ့ မှူးတော် မတ်တော် အရာရှိတို့ နေအိမ်တွေဆီ သွားရောက် တီးမှုတ်ကခုန်ကြတော့ ဆုလာဘ်တွေ ချီးမြှင့်ကြသတဲ့။ လေးမျက်နှာဝင်းပွဲတော်က သီတင်းကျွတ်လဆန်း တဆယ့်လေးရက်မှာ သိမ်းပါတယ်။
သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှာတော့ စွယ်တော်စင်ဘုရား၊ လောကဆီမီးဘုရား၊ မဟာလောက မာရဇိန်ဘုရားစတဲ့ တဆယ့်ကိုးဆူသော ရုပ်ပွားစေတီတော်တွေကို လှူဒါန်းပူဇော်မယ့် ရောင်စုံဆီမီးတွေ၊ မီးလင်းမြွေစတဲ့ မီးပုံးအမျိုးမျိုး၊ မီးပဒေသာ၊ မီးတံခွန်၊ မီးပန်း၊ မီးရဟတ်၊ ရှို့မီးအမျိုးမျိုး။ တဆယ့်ခြောက်ဌာန ဘုရားရှင်တွေဆီ မီးစောင်းတန်း သွယ်တန်း ပူဇော်မယ့် အရှည်ဟာ တာတသောင်းခြောက်ထောင် (၃၄ မိုင်ဝန်းကျင်) စုစုပေါင်း အရှည် အရှိမှာ တတာ (၁၀ ပေကျော်ခန့်) အတွင်း မီးမှန်အိမ် သုံးလုံးနှုန်းနဲ့ မီးအိမ်လုံးရေ ၄၈၀ဝ၊ တညမှာ ၄ ကြိမ် လဲလှယ်ထွန်းမယ်၊ ခြောက်ညအတွက် ကျောက် ဖရောင်းတိုင်ပေါင်း ၁၁၅၂၀ဝဝ၊ ပန်းထီး ၉၀ဝ၀ ကျော်၊ ပန်းတံခွန် ၉၀ဝ၀ ကျော်ကို အလှူတော် အဖွယ်အရာ အစီအစဉ် အခမ်းအနား မျိုးတူ မျိုးခြား ပွဲသဘင်စုံတွေနဲ့ တောင်စမုခ်တော်မှာ ခင်းကျင်းပြသပြီး အရှင်နှစ်ပါးက ထွက်တော်မူ ရေစက် သွန်းချသတဲ့။ ပြီးတာနဲ့ သက်ဆိုင်ရာ ဘုရားတွေဆီကို တာဝန်ပေးထားတဲ့ မှူးမတ် အရှာရှိတွေကတဆင့် လှူဒါန်း စေခဲ့တယ်။
မီးစောင်းတန်းတွေ သွယ်တန်းပူဇော်တဲ့ ဘုရားတွေက ရွှေနန်းတော်ကြီးကို ဗဟိုပြုပြီး၊ စန္ဒာမုနိဘုရား၊ ကုသိုလ်တော်ဘုရား၊ ကျောက်တော်ကြီးဘုရား၊ မန္တလေးတောင် ဗျာဒိတ်ပေးဘုရား၊ တောင်ထိပ်စေတီတော် ဘုရားဆီအထိ တလမ်း။ ဦးထိပ်တံခါးမှ ရတနာနဒီမြစ်ကို ကျော်ပြီး မင်္ဂလာဥယျာဉ်တော်၊ ၎င်းမှ တောင်သို့ မာရ်အောင်ရတနာ စေတီဘုရား (ဝါခင်းကုန်း ဘုရား) အထိ တလမ်း။ ကျော်မိုးတံခါး (မင်္ဂလာတံခါး) မှ တောင် မဟာဗောဓိညောင်ပင်သို့ တလမ်း။ ကျော်မိုးတံခါး (မင်္ဂလာတံခါး) လမ်းဆုံမှ အနောက်မဟာ လောကရုံသီ စေတီတော် (အိမ်တော်ရာ ဘုရား) သို့ တလမ်း၊ ယင်းမှ အနောက် ချမ်းသာကြီးဘုရား၊ ယင်းမှ တောင်ချမ်းသာရ ဘုရားသို့ တလမ်း။ ရွှေမြို့တော် အနောက်တောင်၊ တရုတ်တန်း လမ်းဆုံမှ တောင်ဘက် မဟာမုနိဘုရား၊ ယင်းမှ ရှင်ပင်းအုံ အင်းဘုရားသို့ တလမ်း။ ရွှေနန်းတော် အနောက်ဘက်တံခါးမှ တောင်ဘက် လောကဆီမီးဘုရားသို့ တလမ်း။ စည်ရှည်တံခါးမှ ဆုတောင်းပြည့် ဘုရား၊ ၎င်းမှ ရွှေကြီးမြင်ဘုရား၊ ၎င်းမှ ရတနာမဉ္ဇူ ဘုရားအရောက် တလမ်း။ အရပ်ရပ် ဝဲယာနှစ်ဘက်ပေါင်း စုစုပေါင်း တာတသောင်း ခြောက်ထောင်အရှည် မီးစောင်းတန်း အသွယ်သွယ် ထွန်းညှိ ပူဇော်ကြသတဲ့။
သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှ ၃ ရက်နေ့ အထိ မီးစောင်းတန်းများ အသွယ်သွယ် ထွန်းညှိတဲ့အခါ ရုပ်စုံပွဲ သဘင် များကိုလည်း ဘုရားစေတီ အသီးသီးမှာ တီးမှုတ်ဖျော်ဖြေစေတယ်။ ဒါမျှသာမ မီးစောင်းတန်း တလျှောက်မှာလည်း တညဉ့်လုံး တူရိယာသံ မပြတ်စေရဘူးတဲ့။ လမ်းတလျှောက် တီးမှုတ်ကခုန်နိုင်ကြဖို့ ဗုံရှည်၊ ဒိုးပတ်၊ အိုးစည် စတဲ့ တူရိယာအစုံ ငါးဆယ်ကျော်။ အတီးအက လူငါးရာကျော်ကို ပုဆိုး၊ ပုဝါ၊ အကျႌ အစုံအလင် အပြင် တညကို ငွေကျပ် ဒင်္ဂါးနှစ်ပြားစီ ဆုတော်ငွေ ပေးကာ နန်းတော်က ဘုရားဆီအထိ တဦးရောက် တဦးပြန် တီးမှုတ် ကခုန်စေသည်။
ဇာတ်ရုံတော် ကြီးတွေမှာလည်း ယိုးဒယားကြီး အတီးအက၊ မြန်မာဇာတ်ကြီး အတီးအက၊ ကုလားပါရသီ ဇာတ်ကြီး အတီးအက၊ ဂျွမ်းထိုး၊ တိုင်တက်၊ ကြိုးတန်းလျှောက်တဲ့ ပွဲတွေအပြင် ရုပ်စုံသဘင် တွေကလည်း ကပြကြနဲ့ ခြိမ့်ခြိမ့် သည်းသည်း ပါပဲ။
ကိုင်း …
ထူးခြားတာက ရတနာပုံ နေပြည်တော်က ကြီးကျယ်ခမ်းနားလှတဲ့ သီတင်းကျွတ်ပွဲတော်ကို မန္တလေး ရတနာပုံ နေပြည်တော် မှာ နှစ်စဉ်မပျက် ကျင်းပပုံကို ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီးက “မြင်းမိုရ် နှစ်ရပ်တွင်လည်း၊ ညနေသုံးချက်တီးခန့် အချိန်က၊ လေးချက်တီး ကျော်အချိန်ထိမှာ ယိုးဒယားဇာတ်ကြီး အတီးအက၊ မြန်မာဇာတ်ကြီး အတီးအက၊ ဂျွမ်းထိုး၊ တိုင်တက်၊ ကြိုးတန်းလျှောက်၊ တရုတ်နဂါး အတီးအက အစုံများကို ခင်းကျင်း ပြသရသည်။ ညလေးချက်တီး ကျော်အချိန်က ညဉ့်နှစ်ချက် တီးကျော် အချိန်ထိမှာ ရုပ်စုံပွဲ သဘင်ခင်းကျင်း ပြသရသည်” လို့ မှတ်တမ်းတင်တာကြောင့် မန္တလေးရတနာပုံနဲ့ တရုတ်နဂါးက ရှေးကတည်းက တွဲဖက်ပါဝင်နေကြောင်းပါဗျာ။ ။