ဆောင်းပါး

ပြဿနာ အကြွေးများ ကျန်နေသေးသည့် ရွှေဂက်စ် စီမံကိန်း

This article has been converted from Zawgyi One to Unicode


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဆက်သွယ် ထားသည့် မြန်မာ-တရုတ် ရွှေ သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း ရာနှုန်းပြည့် ပြီးစီး၍ ဓာတ်ငွေ့များ ပို့လွှတ်နေပြီ ဖြစ်သော်လည်း စီမံကိန်းနှင့် ပတ်သက်သည့် ပြဿနာများစွာ ဖြေရှင်းရန် ကျန်ရှိနေသေးသည်။

ရွှေသဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းသည် ၃ နှစ်တာ တည်ဆောက်ခဲ့ပြီးနောက် အလုံးစုံပြီးစီးသွားပြီ ဖြစ်ကြောင်း တနှစ် လျှင် သဘာ၀ ဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံ (၄၂၀ ဘီလီယံ ကုဗပေ) ကို တရုတ်နိုင်ငံသို့ နှစ်စဉ် ပို့လွှတ်နိုင်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သတင်းများက ဖော်ပြထားသည်။

သဘာ၀ ဓာတ်ငွေ့ ဂက်စ် ပိုက်လိုင်း စီမံကိန်း ပြီးစီးလည်ပတ်နေပြီ ဆိုသော်လည်း ဒေသခံပြည်သူများကမူ စီမံကိန်းကြောင့် လယ်ယာမြေ ဆုံးရှှုံးမှု၊ အလုပ်လက်မဲ့ ဦးရေများပြားလာမှု၊ စီမံကိန်း ဧရိယာများ၌ တနိုင်တပိုင် လုပ်ကိုင် စားသောက်နေ သည့် လုပ်ငန်းများ လုပ်ပိုင်ခွင့်မရှိတော့မှု စသည့် အခက်အခဲများကြောင့် စီးပွားရေး ကျပ်တည်းမှုနှင့် ကြုံတွေ့ နေကြရဆဲ ဖြစ်ကြောင်း သိရသည်။

ဂက်စ် စီမံကိန်း အခြေစိုက်ရာ ရခိုင်ဒေသခံများအပြင် ပိုက်လိုင်းဖြတ်သန်းရာ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် စ သည့် ဒေသခံများထံမှ သိမ်းယူထားသည့် လယ်ယာမြေများ၏ လျော်ကြေးငွေ အပြည့်အ၀ မရခြင်း နှင့် ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာများကိုလည်း ဖြေရှင်းပေးရန် လိုအပ်နေကြောင်း ပိုက်လိုင်း စောင့်ကြည့်ရေး အဖွဲ့များက ပြောသည်။

ပိုက်လိုင်း လုံခြုံရေးနှင့်ပတ်သက်၍ ပြည်သူများကို ရှင်းလင်းပြောဆိုမှု မရှိခြင်း အပေါ်တွင်လည်း ပိုက်လိုင်း လမ်းကြောင်း တလျှောက်မှ ဒေသခံများက စိုးရိမ်မှုများရှိနေသည်။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ဂက်စ်ယိုစိမ့်၍ အသေးစား မီး လောင်မှု တခုဖြစ် မကြာသေးခင်က ဖြစ်ပေါ်ခဲ့ပြီး ရှမ်းပြည်နယ်တွင်လည်း ဓာတ်ငွေ့ ယိုစိမ့်မှု တချို့ ဖြစ်ပွားခဲ့သည်။

ထိုပြဿနာများကို ဖြေရှင်းပေးရန် အဓိက တာဝန်ရှိသည့် စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်း (MOGE) ကို တင်ပြတောင်းဆိုကြသော်လည်း အလေးပေး ဆောင်ရွက်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။

ဂက်စ်ပိုက်လိုင်း စီမံကိန်းသည် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း China National Petroleum Corporation (CNPC) နှင့် MOGE တို့ အကျိူးတူ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ မြန်မာ အစိုးရသည် ထိုစီမံကိန်းမှ အမေရိကန် ဒေါ်လာ သန်း ၉၀၀ နှစ်စဉ် ရရှိမည်ဟု ရွှေသဘာ၀ လှုပ်ရှားမှုအဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့အပြင် ပိုက်လိုင်း ဖြတ်သန်း ခ လည်း ရရှိဦးမည် ဖြစ်သည်ဟု ဆိုသည်။ ရခိုင်ဒေသအတွင်း ဂက်စ်ပိုက်လိုင်းသည် ရွာပေါင်း ၄၀ ဝန်းကျင် ဖြတ်သန်းသွားကြောင်း သိရသည်။

ဂက်စ်ပိုက်လိုင်းနှင့် ဆက်စပ်၍ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင်းမှ လယ်ယာမြေပြဿနာ၊ အလုပ်သမား ပြဿနာ၊ ငွေကြေးပြ ဿနာ၊ ဒေသတွင်း ပျက်စီး ဆုံးရှှုံးသွားသည့် လမ်းများ စသည်တို့ကို ပြုပြင်ပေးရန်နှင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ် ဆောင်ပေးရန် ဒေသခံများ၊ လူမှုအဖွဲ့များ၊ နိုင်ငံရေး ပါတီများက MOGE ကို တင်ပြ တောင်းဆိုသော်လည်း ထူးခြားမှု မရှိသေး ကြောင်း သိရသည်။

CNPC ကမူ ကျောက်ဖြူ ဒေသနှင့် ဒေသတချို့ ဖွံ့ဖြိုးရေး အတွက် အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်ကို မြန်မာ အစိုးရ အာဏာပိုင်များထံ ပေးအပ်ထားကြောင်း မီဒီယာများကို ပြောဆိုထားသည်။

မြန်မာ အစိုးရကလည်း ကျောက်ဖြူဒေသ ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်မီး ရရှိရေး၊ ဒေသဖွံ့ဖြိုးရေးများကို ဆောင်ရွက်ပေးမည်ဟု မကြာခဏ ပြောဆိုလေ့ရှိသည်။ လက်ရှိတွင် ကျောက်ဖြူမြို့နှင့်ကျေးရွာ ၁၀ ခု ဝန်းကျင်ကို ရွှေ သဘာ၀ ဓာတ်ငွေ့ စီမံကိန်း မှ ရရှိသည့် ဓာတ်ငွေ့ဖြင့် ၂၄ နာရီ လျှပ်စစ်မီး ပေးထားသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရခိုင်ဒေသသို့ ယခုလဆန်းပိုင်းတွင် သွားရောက်ခဲ့စဉ်က ရွှေသဘာ၀ ဓာတ်ငွေ့ဖြင့် ရခိုင် ပြည် နယ်တဝန်း လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း၊ ၎င်း၏ ပြောဆိုမှုအား ရခိုင်ပြည်သူများ က ကြိုဆို သော်လည်း လက်တွေ့ လုပ်ဆောင်မှု ရှိမရှိကိုမူ စောင့်ကြည့်မည် ဖြစ်ကြောင်း ကျောက်ဖြူ လူမှုကွန်ရက်မှ ဦးထွန်းလွင်က ပြော သည်။

ရခိုင်ဒေသခံများကမူ ကျောက်ဖြူ ဒေသအတွက် သာမက ရခိုင်တပြည်လုံးကို ရွှေဂက်စ်ဖြင့် လျှပ်စစ်မီး ပေးရန်နှင့်ဒေသ ဖွံ့ဖြိုး ရေး လုပ်ဆောင်ပေးရန်၊ ရခိုင်ဒေသထွက် သဘာ၀ သယံဇာတများကို ရခိုင်ပြည်သူများ အချိုးကျ ခံစာခွင့်ရရေးတို့ကို သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူချိန်မှ စ၍ တောင်းဆိုနေကြသော်လည်း သိသာသည့် ပြောင်းလဲမှု မရှိသေးပေ။

ရခိုင်ဒေသထွက် သယံဇာတများသည် ရခိုင် ပြည်သူများ အတွက်သာမကဘဲ ပြည်ထောင်စု တဝန်းမှ တိုင်းရင်းသား ပြည်သူ အားလုံးနှင့်သက်ဆိုင်ခြင်းကြောင့် ပြည်သူအားလုံး အကျိုးခံစားခွင့် ရရေးအတွက် ဥပဒေ တရပ်ပေါ်ပေါက်ရန်လည်း ရခိုင် နိုင်ငံ ရေး ပါတီများနှင့် ရခိုင်လူမှုအဖွဲ့များက ဆောင်ရွက်နေကြောင်း သိရသည်။

ရွှေသဘာ၀ ဓာတ်ငွေ့ စီမံကိန်းအပြင် ရခိုင်ဒေသ၌ တည်ဆောက်ရန် စီစဉ်နေသည့် ကျောက်ဖြူ-ကူမင်း မီရထားလမ်း စီမံ ကိန်း၊ ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်း၊ ကုလားတန် စီမံကိန်း စသည်တို့ကို ရခိုင်ပြည်သူများ၏ ဆန္ဒသဘောထား မပါဘဲ ဆောင်ရွက်ခြင်း မပြုကြရန်အတွက် ရခိုင်နိုင်ငံရေး ပါတီများနှင့် ရခိုင်တပြည်လုံးမှ လူမှုအဖွဲ့များ၊ ဒေသဆိုင်ရာ ကိုယ် စားလှယ်များ စသည့် အဖွဲ့အစည်းပေါင်း ၂၀ ကျော်သည် မြောက်ဦးမြို့၌ အလုပ်ရုံ ဆွေးနွေးပွဲတခု ပြုလုပ်ပြီး ကြေညာချက် ထုတ်၍ ယမန်နေ့က တောင်းဆိုခဲ့ ကြသည်။

ထို့အတူ ရခိုင်ဒေသရှိ တည်ဆောက်ရန် ပြင်ဆင်နေသည့် ရေအားလျှပ်စစ် စီမံကိန်းများ၊ တိုက်တေနီယမ် ထုတ်လုပ်ရေး စီမံ ကိန်း၊ နေပူတောင် အလှဆင် မာဘယ်လ် ကျောက်ထုတ်လုပ်ရေး စီမံကိန်း၊ မာန်အောင်ကျွန်း ခရီးသွားဇုန် စီမံကိန်း၊ ဟိုတယ် ဇုန် စသည့် စီမံကိန်းကြီး ၁၀ ခု ဝန်းကျင်အား ရပ်ဆိုင်းရန်လည်း တောင်းဆိုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ရွှေသဘာ၀ ဓာတ်ငွေ့ စီမံကိန်း၏ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုများ အပေါ်တွင်လည်း ရခိုင်လူ မှုအဖွဲ့များက ဝေဖန်နေကြသည်။

ရွှေသဘာ၀ ဓာတ်ငွေ့ စီမံကိန်း လုပ်ငန်းများတွင် CNPC နှင့်အတူ အိန္ဒိယ၊ ကိုးရီးယား စသည့် နိုင်ငံခြား ကုမ္ပဏီများနှင့်ပြည် တွင်း ကုမ္ပဏီများ၊ ကန်ထရိုက် လုပ်ငန်းရှင် ၁၀၀ ကျော်တို့ကလည်း ပါဝင်လုပ်ကိုင်ခဲ့ကြသည်။

ဂက်စ်ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်း စီမံကိန်း ကဏ္ဍတချို့တွင် အိန္ဒိယ နိုင်ငံ Punj Lloyd ကုမ္ပဏီနှင့်ပူးပေါင်း လုပ်ကိုင်ခဲ့ကြ သည့် ကန်ထရိုက်လုပ်ငန်းရှင် ၁၃၂ ဦး သည် ၎င်းတို့၏ လုပ်ငန်းများအတွက် အသုံးပြုထားသည့် ကျပ်ငွေ သိန်းပေါင်း ၆ သောင်း ကျော် ရရှိရန် ကျန်နေသေးကြောင်း ကန်ထရိုက် လုပ်ငန်းရှင်များ က ပြောသည်။ စီမံကိန်းလုပ်ငန်းများတွင် လိုအပ် သည့် သဲ၊ ကျောက်၊ ဘိလပ်မြေ၊ စက်သုံးဆီ စသည့် ပစ္စည်းများအတွက် ရင်းနှီးမြှုပ်နှံထားကြသည့် ငွေများဖြစ်ကြောင်း သိရသည်။

“ကျနော်တို့နဲ့အဓိက ဆက်ဆံတာက အိန္ဒိယ Punj Lloyd ကုမ္ပဏီပါ၊ သူ့ဆီမှာ တောင်းတော့ တရုတ် ကုမ္ပဏီ CNPC က မပေးသေးလို့ပဲ ပြောတယ်၊ MOGE ရယ်၊ သမ္မတ ၊ နိုင်ငံရေးပါတီ တွေကိုပါ တိုင်ပေမယ့် ဘာမှမထူးသေးဘူး”ဟု လုပ်ငန်းရှင် တဦး က ဆိုသည်။

ကန်ထရိုက် လုပ်ငန်း တချို့တွင် လုပ်ကိုင်နေသည့် ဒေသခံများ လုပ်ခ လစာမရခြင်း၊ အိန္ဒိယကုမ္ပဏီမှ ငွေမချေခြင်း စသည် တို့ကြောင့် အလုပ်သမားများနှင့်ကန်ထရိုက် ကုမ္ပဏီ တချို့အကြား စက်တင်ဘာလတွင် ပြဿနာ ဖြစ်ပွားခဲ့ကြသေးသည်။

ငွေကြေး ပြဿနာများနှင့်ပတ်သက်၍ တိုင်ကြားမှု အဆင့်ဆင့် လုပ်ဆောင်ပြီးနောက်(MOGE) က ဖြေရှင်း ဆောင်ရွက်သွားမည်ဟု ပြောဆိုထားကြောင်း၊ သို့သော် မည်သည့်အချိန်တွင် ဖြေရှင်းပေးမည် ဆိုသည်ကို တိကျစွာ ပြောဆိုမှု မရှိကြောင်း၊ MOGE ၏ တာဝန်ရှိသူများကို တွေ့ဆုံရန် ကြိုးပမ်းသော်လည်း အတွေ့မခံကြောင်း လုပ်ငန်းရှင် တချို့က ပြောဆိုသည်။

“ဂက်စ်ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်း တလျှောက်မှာ ပါဝင်လုပ်ကိုင်ခဲ့တဲ့ ကန်ထရိုက် လုပ်ငန်းရှင် ၁၃၂ ဦး ကို အိန္ဒိ ကုမ္ပဏီက ငွေတွေ ပေးဖို့ သိန်းပေါင်း များစွာ ကျန်သေးတယ်၊ တောင်းရင်လည်း ဟိုလူ့ လွှဲချ၊ ဒီလူ့ လွှဲချ လုပ်နေတယ်၊ အချိန်ကာလ တ ခု အတွင်းမှာ မပေးရင်တော့ ဥပဒေကြောင်းအရ တရားစွဲဆိုရမှာပါ”ဟု စီမံကိန်းတွင် လောင်စာဆီ ရောင်းချပေးခဲ့သည့် လုပ်ငန်းရှင် တဦး က ပြောပြသည်။

Loading