[irrawaddy_gallery]
“ကျနော်တို့ မြို့ပေါ်မှာ မူးယစ်ဆေးဝါးက ဟင်းသီးဟင်းရွက် ဈေးလို ရောင်းနေတုန်းပဲ၊ ဥပဒေ စိုးမိုးမှုကတော့ လုံးဝကို မရှိတာ”လို့ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ အရာရှိ တဦးက နမ့်ခမ်းမြို့ရဲ့ မူးယစ်ဆေးဝါး ရောင်းချ၊ သုံးစွဲနေမှုတွေကို ညွှန်းဆို ပြောပြပါတယ်။
သူ့ရဲ့ ပြောပြချက်ကြောင့် သိချင်စိတ်နဲ့ ကျနော်တို့ ရောက်ရှိနေတဲ့ မန်တုံမြို့နယ်ထဲကနေ နမ့်ခမ်းမြို့ကို ခရီးနှင်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့က မူးယစ်ဆေးဝါး ရောင်းတဲ့ နေရာတွေကို သွားဖို့အတွက် TNLA တပ်မှူးတွေကလည်း အကူ အညီ ပေးပါတယ်။ နောက် တနေ့ မနက်မှာတော့ တောင်တက် လမ်းတွေကို ကျော်ဖြတ်ရမှာ ဖြစ်တဲ့အတွက် တရုတ် နိုင်ငံထုတ် Kenbo ဆိုင်ကယ် ၂ စီးရဲ့ ဘီးတွေကို ချိန်းကြိုးပတ်ပြီး နမ်းခမ်းမြို့ခရီးစဉ်ကို စတင်လိုက်ပါတယ်။
မန်တုံကနေ နမ့်ခမ်းကို သွားတဲ့လမ်းကတော့ မိုင်းဝီးမြို့ပေါ် တနေရာက လွဲပြီး အဆင်းအတက် တောင်ပေါ်လမ်းတွေချည်းပဲ ဖြစ်ပါတယ်။ လမ်းတလျှောက်မှာတော့ လက်ဖက်စိုက်ခင်းတွေ အပြင် ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထိ သွယ် တန်း ထားတဲ့ မြေဖို့ပြီးလက်စ ရေနံနဲ့ ဂက်စ် ပိုက်လိုင်းကြီးလည်း မြင်တွေ့ရပါတယ်။
မညီညာတဲ့ တောင်ပေါ်လမ်းတွေကို နေ့တဝက်လောက် ကျော်ဖြတ်လာခဲ့ အပြီးမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့ ကို စတင်မြင်တွေ့ခွင့်ရခဲ့ပါပြီ။ မြို့အဝင်ဂိတ်မှာတော့ နမ့်ခမ်းမြို့နယ် အခြေစိုက် ပန်းဆေး ပြည်သူ့စစ်အဖွဲ့တွေက မြို့ကိုဝင်ထွက် နေတဲ့ ကားနဲ့ဆိုင်ကယ် တွေကို စစ်ဆေးမှုတွေ လုပ်နေတာကို မြင်ရပါတယ်။
မြို့ထဲကို ဝင်လာတဲ့အချိန်က ညနေ ၄ နာရီခွဲလောက် ရှိနေပါပြီ။ မြို့ထဲမှာ သွားလာနေတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ အပါအဝင် လူသုံးကုန်ကအစ စက်ပစ္စည်း ရောင်းတဲ့ ဆိုင်တွေအဆုံး နေရာတိုင်းမှာလိုလို တရုတ်နိုင်ငံကလာတဲ့ ပစ္စည်းတွေက စိုးမိုးထားတာမြင် ရပါတယ်။
မြို့ထဲ လမ်းတွေကို နာရီဝက်လောက် လှည့်ပြီးတာနဲ့ ကျနော်တို့ကို လိုက်ပို့သူ တဦးက“ခင်ဗျားတို့ သွားချင်တဲ့ နေရာတွေထဲက တနေရာကို လိုက်ပို့မယ်၊ ကင်မရာတွေ မထုတ်ပါနဲ့၊ နေရာက အရမ်းနီးကပ်လွန်းတော့ အန္တရာယ်များတယ်၊ ဒီနေ့တော့ ဒီအတိုင်းပဲ အရင်လေ့လာကြည့်လိုက် ပြီးမှတမျိုးစဉ်းစားကြတာပေါ့”ဆိုပြီး မြို့အစွန်မှာရှိတဲ့ ဖာလင်ရွာဘက်ကို ကျနော်တို့ ဦးတည်ခဲ့ ပါတယ်။
ဖာလင်ရွာအစွန်မှာရှိတဲ့ ပတ်လမ်းရဲ့ လမ်းအကွေ့တခု အရောက်မှာတော့ ကျနော်တို့ဆိုင်ကယ်တွေကို ဘီးလိမ့်ယုံလောက်ပဲ ခပ်မှန် မှန်လေး မောင်းခဲ့ကြပါတယ်။ လမ်းဘေးတလျှောက်မှာတော့ ခြေလှမ်း ၅ လှမ်းစီလောက် အကွာမှာ ၃ ယောက် တစု၊ ၅ ယောက် တစု၊ ၇ စု ၈ စု လောက် အစုအဖွဲ့လိုက် ထိုင်ပြီး မူးယစ်ဆေးဝါး သုံးစွဲနေကြတဲ့ လူတချို့ကို အနီးကပ် တွေ့မြင်ရပါတယ်။
လမ်းဘေးမှာပဲ အားလုံးက လမ်းဘက်ကို မျက်နှာမူပြီး သုံးစွဲနေကြတာပါ၊ လမ်းရဲ့ တဖက်မှာတော့ လယ်ကွင်းတွေပဲ ရှိပါတယ်။ သုံးစွဲနေသူတွေတချို့ကတော့ ဆေးထိုးအပ်နဲ့ လက်ဖျံက သွေးကြောတွေထဲကို ထိုးသွင်းနေတာတွေ့ရသလို တချို့က လက်ဖျံကို တဖောင်းဖောင်းရိုက်ပြီး သွေးကြော ရှာနေသူတွေကိုလည်း တွေ့ရပါတယ်။
တချို့အစုတွေမှာတော့ ကိုယ်တိုင် အပ်ကိုကိုင်ပြီး သွေးကြောထဲ ထိုးသွင်းနေတာကို တွေ့မြင်ရသလို တချို့အဖွဲ့တွေမှာတော့ မိတ်ဆွေရဲ့ အကူအညီနဲ့ထိုးနေကြတာကို တွေ့ရပါတယ်။ ခုံတလုံးကို ရှေ့မှာချပြီး လွယ်အိတ်တလုံးနဲ့ ဆေးရောင်းနေတဲ့ အမျိုးသား နှစ်ယောက်ကတော့ ကျနော်တို့ ဆိုင်ကယ်တွေကို အကဲခတ်ကြည့်နေတာတော့ သတိထားမိလိုက်ပါတယ်။
တချို့အဖွဲ့တွေကတော့ သစ်ပင်ကိုမှီပြီး ခြေပစ်လက်ပစ် ထိုင်နေကြပါတယ်၊ နားလည်သူတွေ ပြောပြချက်အရတော့ ဆေးထိုး သွင်း ပြီးလို့ ဇိမ်ယူနေတာလို့ ဆိုပါတယ်။
မူးယစ်ဆေးဝါး သုံးနေကြတဲ့ အစုတော်တော်များများကတော့ လူအများသွားလာနေကြတဲ့ လမ်းဖြစ်လို့ ရယ်လားမသိ ကျနော်တို့ ဆိုင်ကယ် ၂ စီးကို အာရုံမထားဘဲ ဇိမ်ယူသူကယူ၊ သုံးဖို့ပြင်ဆင်နေတဲ့သူက ပြင်နဲ့ ဂရုစိုက်ဟန်တောင် မရှိပါဘူး။
ဒါပေမယ့် အတန်းလိုက် ဆေးသုံးစွဲနေတဲ့ အဖွဲ့တွေရဲ့ နောက်ဆုံးအဖွဲ့မတိုင်ခင် ၄ ယောက် တဖွဲ့ကတော့ ကျနော်တို့ ဆိုင်ကယ် ကို ခပ်လှမ်းလှမ်းမှာကတည်းက အာရုံထားပြီး စိုက်ကြည့်နေပါတယ်။ မျက်နှာတွေက သူစိမ်းတွေဖြစ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ သူတို့ ၄ ယောက် အနက် ၃ ယောက်ကတော့ စူးစူးရဲရဲကို စိုက်ကြည့်နေကြတာပါ။
သူတို့ရဲ့ဘေးမှာလည်း တထွာလောက်ရှိတဲ့ ဓားတလက်ကိုလည်း မြေကြီးမှာစိုက်ထားတာ တွေ့ရတဲ့အတွက် ကိုယ့်ဘက်က သူတို့ စိတ်ဝင်စားမှု လျော့သွားအောင် အတတ်နိုင်ဆုံးကြိုးစားပြီး ဟန်မပျက် နေရပါတယ်။
ကျန်တဲ့ တယောက်ကတော့ ဒီသုံးယောက်ကို အကာအကွယ်ယူပြီး ကန်တော့ပုံပြင်ထားတဲ့ ငွေရောင်စာရွက်လေးပေါ်မှာ အနီရောင် ဆေးပြားကိုတင်ပြီး အောက်က မီးနဲ့ ရှို့ပြီးတော့ ထွက်လာတဲ့ အငွေ့တွေကို အအေးသောက်တဲ့ ပိုက်နဲ့စုပ်ယူနေ တာ ကတော့ ကျကျနနပါပဲ။ ကျနော်တို့လည်း သူတို့ကို စိတ်ဝင်စားဟန်မပြဘဲ ပုံမှန်မြင်တွေ့နေကြဟန်ပန်နဲ့ပဲ ပြုံးပြလိုက်ပြီး ကျော်ဖြတ် လာခဲ့ပါတယ်။
ဆေးသုံးစွဲသူတွေ မျက်နှာမူထားတဲ့ ဘက်ကလွဲရင် နောက်ကျောဘက်အခြမ်းမှာ လူနေအိမ်တွေရှိသလို အဲဒီရွာထဲက လူတွေ လည်း သွားလာနေကြပါတယ်။ အနီးမှာ ရှိနေတဲ့ အိမ်တွေကတော့ သူတို့ကို အန္တရာယ် ပြန်ပြုနိုင်တဲ့ အတွက် တိုင်တန်းတာတွေ မလုပ်ရဲကြဘူးလို့ ဆိုပါတယ်။
ရွာသားတွေပြောပြချက် အရတော့ ဒီလမ်းကွေ့မှာ မူးယစ်ဆေးဝါးရောင်းချနေတာ မိုးလင်းကနေ မိုးချုပ်အထိလို့ သိရပြီး လက်လုပ် လက်စား အလုပ်သမားတွေကအစ အလုပ်မသွားခင် တချိန်၊ အလုပ်ကပြန်လာရင် တကြိမ်နဲ့ နေ့လယ် ထမင်းစားချိန်တောင် လာပြီး သုံးစွဲသူရှိပြီး ဒီနေရာလေးမှာတင် တရက်ကို သုံးစွဲသူ ၆၀ နဲ့ ၈၀ အကြားမှာရှိတယ်လို့ သိရပါတယ်။
မင်္ဂလာ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၀ ကျော် အမျိုးသား တဦးက“ဒါတွေက ငါတို့ဆီမှာ မမြင်ချင်လည်း နေ့စဉ်နေ့တိုင်း တွေ့မြင်နေရတဲ့ မြင်ကွင်းပေါ့ကွာ၊ သူတို့အတွက်တော့ ပြဿဒါးနေ့ဆိုတာ မရှိဘူး၊ နေ့တိုင်းက ရက်ရာဇာတွေချည်းပဲ၊ တခါတလေ စီမံ ချက်နဲ့ ရဲတွေလာတာတောင် သူတို့က ဓားနဲ့လိုက်ခုတ်တာ၊ တော်တော်ဆိုးတယ်”လို့ ရှင်းပြပါတယ်။
နောက်တနေ့ မနက်မိုးလင်းတာနဲ့ နမ့်ခမ်းမြို့ပေါ်က မူးယစ်ဆေးဝါး သုံးစွဲသူတွေ အများဆုံး လာပြီးသုံးစွဲကြတယ်လို့ နာမည်ကြီးနေ တဲ့ မင်္ဂလာရပ်ကွက်နဲ့ ပေါက်နေ ရပ်ကွက် အကြားက နမ့်ခမ်းချောင်းကို သွားဖို့ ဓာတ်ပုံကင်မရာနဲ့ ဗီဒီယို ကင်မရာတွေ ညကတည်း က အားသွင်းပြီး အဆင်သင့် ပြင်ထားပါတယ်။
အဲဒီ့နေရာမှာ လာပြီးမူးယစ်ဆေးဝါး သုံးစွဲသူတွေကလည်း အနည်းဆုံး ဓားတချောင်းတော့ ဆောင်လာကြကြောင်း၊ ရောင်းချသူ တချို့ကလည်း သေနတ်ကိုင်တဲ့ သူပင်ရှိကြောင်း၊ နမ့်ခမ်းချောင်း အနီးမှာနေထိုင်သူတွေတချို့က သတိပေးတဲ့အတွက် ကျနော်တို့ကို လုံခြုံရေးယူပေးတဲ့ TNLA အဖွဲ့ဝင်တချို့ကလည်း အဆင်သင့် ပြင်ဆင်ခဲ့ကြပါတယ်။
ဒါ့အပြင် နမ့်ခမ်းချောင်းဘေးက လယ်သမားတချို့ကလည်း ဓားကိုင်ပြီး ကျနော်တို့နဲ့ အတူ လိုက်ပါ အကာအကွယ်ပေးခဲ့ပါတယ်။ လယ်သမားတွေကတော့ သူတို့က စပါးစိုက်ပြီး စပါးတွေမှည့်တဲ့ အချိန်ကြရင် မူးယစ်ဆေးဝါး သုံးစွဲသူတွေက စပါးနှံတွေကို ကတ်ကြေးနဲ့ ဖြတ်ယူရောင်းစားတဲ့ ဒဏ်ကို မခံနိုင်လို့ အခုလိုလိုက်ပြီး ကူညီတာလို့ ဆိုပါတယ်။
“စပါးတွေမှည့်တဲ့ အချိန် ဖြတ်ယူခံရတာ နှစ်ပေါင်းလည်း မနည်းတော့ဘူးဗျာ၊ ဒီလူတွေကို ရဲတွေကလည်း အခုချိန်အထိ မရှင်းနိုင် သေးဘူး၊ ကျနော်တို့ကလည်း ညဘက် ဘယ်သွားစောင့်ရဲမလဲ၊ ဒီမြို့ပေါ်မှာကတော့ တိုင်လည်း ဘာမှမထူးဘူးလေ၊ ဒါကြောင့် ဒါကို ဖော်ထုတ်ပေးမယ့် လူတွေကို ကျနော်တို့က ကူညီမယ်”လို့ လိုက်ပို့တဲ့ လယ်သမားတဦးက ပြောပြပါတယ်။
နမ့်ခမ်းချောင်းကို မထွက်ခွာခင်မှာတော့ လုံခြုံရေးယူပေးတဲ့သူတွေက အသွားလမ်းမှာ ဓာတ်ပုံနဲ့ ဗီဒီယို ကင်မရာတွေကို ထုတ်ပြီး မရိုက်ဖို့ လျှို့ဝှက် ယူဆောင်လာဖို့ သတိပေးပါတယ်၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ ရောင်းဝယ်သူတွေ အင်အားများတဲ့အတွက် ရိုက် ယူတာကို တွေ့သွားရင် အပြန်လမ်း ပိတ်သွားမှာကို သူတို့လည်း စိုးရိမ်ကြပါတယ်။
တလမ်းလုံးက မူးယစ်ဆေးဝါး ရောင်းချနေတာတွေ၊ သုံးစွဲနေတဲ့ သူတွေကိုလေ့လာ မှတ်တမ်းယူပြီး အပြန်လမ်း ပြေးလို့ လွတ်နိုင် တဲ့ နေရာရောက်မှ ထုတ်ရိုက်ဖို့ သတိပေးတဲ့အတွက် ကျနော်တို့လည်း ဓာတ်ပုံနဲ့ ဗီဒီယို ကင်မရာတွေကို လုံလုံခြုံခြုံ သိမ်းဆည်းပြီး ယူလာခဲ့ပါတယ်။
နမ့်ခမ်းချောင်းကို အရောက်မှာတော့ ချောင်းရဲ့ တဖက်ကမ်းမှာ ရှိတဲ့ ဝါးရုံတွေ၊ သစ်ပင်ခြုံနွယ်တွေ၊ ကမ်းပါးရံတွေနဲ့ ကျောက်ခဲ ကျောက်တုံးတွေကို အမှီပြုပြီး မူးယစ်ဆေးဝါးမျိုးစုံ သုံးစွဲနေကြသူတွေကို အစုလိုက်၊ အစုလိုက် ချောင်းရိုးတလျှောက်မှာ တွေ့ရတာ ဟာ ပျံကျဈေးတန်းလေးတခုလို တွေ့မြင် ရပါတယ်။
ရောင်းချသူတွေနဲ့ သုံးစွဲသူတချို့ကတော့ သူတို့နဲ့ ဆန့်ကျင်ဘက် ချောင်းဘောင်ပေါ်မှာ တန်းစီပြီး လျှောက်သွားတဲ့ ကျနော်တို့ တွေကို အကဲခတ်ပြီး ကြည့်နေတာ သတိထားမိပေမယ့် စိတ်ဝင်စားဟန်မပြဘဲ လေ့လာရင်းနဲ့ လျှောက်သွား ဖြစ်ပါတယ်။ သူတို့ရဲ့ မျက်ကွယ်နေရာ အရောက်မှာတော့ ဓာတ်ပုံနဲ့ ဗီဒီယို ကင်မရာတွေကို ထုတ်ပြီး မှတ်တမ်းတင်ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးရောင်းတဲ့သူတွေကတော့ ကွမ်းယာခုံလောက်သာရှိတဲ့ ၂ ပေ ၄ ပေလောက်ရှိတဲ့ ခုံကို မိုးကာစတွေနဲ့ ကာရံပြီး ရောင်းချနေကြတာကိုလည်း တွေ့မြင်ရပြီး အဲဒီခုံဘေးတွေမှာလည်း ဝယ်သူတွေ၊ သုံးသူတွေနဲ့ ပြည့်နေပါတယ်၊ ချောင်းရိုး တလျှောက်လုံးမှာဆိုရင် စုစုပေါင်း ရောင်းသူ၊ ဝယ်သူ ဦးရေ အနည်းဆုံး ၅၀ အထက်မှာ ရှိပြီး တရက်လုံး ဝင်ထွက်သုံးစွဲနေသူ အရေအတွက်ကတော့ ရာဂဏန်း အထက်မှာ ရှိတယ်လို့ နေစဉ်မြင်တွေ့နေရသူတွေက ပြောပြလို့ သိရပါတယ်။
ဒီနေရာမှာ အများဆုံးလာပြီး သုံးစွဲနေတဲ့သူတွေကတော့ ဘိန်းဖြူနဲ့ မြင်းဆေး ခေါ် WY တံဆိပ် စိတ်ကြွဆေးတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ ဘိန်းဖြူကတော့ ဆေးထိုးအပ် စလင်းသေး တခုကို ကျပ် ၁၅၀၀၀ ဝန်းကျင်မှာရှိပြီး မြင်းဆေးကတော့ ၁၀၀၀၊ ၁၅၀၀၊ ၂၀၀၀ ဆိုပြီး သုံးမျိုးရှိပါတယ်။ သုံးစွဲသူတွေထဲမှာ ရဲဝန်ထမ်းတချို့တောင် ညနေပိုင်းတွေမှာ အရပ်ဝတ်နဲ့ လာသုံးတာ ရှိတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဆေးရောင်းချ နေသူတွေ၊ သုံးစွဲနေသူတွေရဲ့ မြင်ကွင်းတွေကို ကျနော်တို့က အပြန်လမ်းမှာ ရိုက်ကူးဖို့ ပြင်လိုက်ပြီးတော့ အတူပါလာတဲ့ ဗီဒီယို သတင်းထောက်ကတော့ ဗီဒီယိုကင်မရာကို ပဝါအညိုစနဲ့ ပတ်ပြီး ချိုင်းမှာညှပ်လိုက်ပါတယ်။ ပြီးတော့ သုံးစွဲနေသူ တွေရှိနေတဲ့ နေရာတွေကို တဘက် ချောင်း ဘောင်ပေါ်ကနေ လမ်းလျှောက်သွားနေရင်းနဲ့ ရိုက်ယူ ပါတယ်။ ဓာတ်ပုံကင်မရာ က တော့ လုံးဝ ထုတ်ရိုက်ဖို့ မလွယ်ကူတဲ့အတွက် မူလအတိုင်းပဲ သိမ်းပြီးယူသွားရပါတယ်။
အပြန်မှာတော့ ဓာတ်ပုံ ကင်မရာ ထုတ်မရိုက်ဖြစ်တာကလွဲလို့ အသွားကထက် ဈေးတန်းတခုလုံးကို ရဲရဲကြည့်ပြီး လေ့လာဖြစ် ပါတယ်။ ဒီမြင်ကွင်းကို ဖော်ပြဖို့အတွက် ဓာတ်ပုံလိုအပ်တာတော့ အသေအချာပါ။
ဒါကြောင့် နောက်ဆုံးထွက်ပေါက် အရောက်မှာတော့ ဓာတ်ပုံကင်မရာကို ထုတ်ပြီး မျက်ကွယ်ကနေ ရိုက်ဖြစ်ပါတယ်။ ဒါပေမယ့် မြင်ကွင်း ကောင်းကောင်း မရတာနဲ့ ပေါ်တင် အနေအထားနဲ့ပဲ ထရိုက်လိုက်တော့ ရောင်းချသူရော၊ သုံးစွဲနေသူတွေရော မြင်ကုန်ပြီး အလန့်တကြားဖြစ်ကုန်ပါတယ်။
သုံးစွဲသူတွေက “ဟိုမှာ ဓာတ်ပုံရိုက်နေတယ်”ဆိုပြီး စပြောလိုက်ရာကနေ သိသွားတာပါ။ ရောင်းချသူတဦးကတော့ မိုးထားတဲ့ ထီးအပြင်ဘက်ကို ခေါင်းထွက်ပြီး လှမ်းအော်ပြောပါတယ်။ “ရိုက်စမ်းပါ၊ မင်းတို့ ကြိုက်သလောက် ရိုက်စမ်းပါ၊ မင်းတို့ အဲဒီလိုရိုက်လေ ငါတို့က ကြိုက်လေပဲ”လို့ ပြောပါတယ်။
ဘာသဘောနဲ့ ပြောတာလဲမသိပေမယ့် စောင့်နေတဲ့ လူတယောက်ကတော့ ဓားတိုတလက်နဲ့ နမ့်ခမ်းချောင်းကို ဖြတ်ပြီး တက် လာပါတယ်၊ အနားရောက်တော့ ကျနော်တို့ကို ကာကွယ်ပေးထားသူတွေက စုလာတဲ့အတွက် လမ်းကြောင်းလွှဲပြီး ထွက်သွားပါတယ်။
ဓာတ်ပုံ မှတ်တမ်းတင်တာကို သိသွားတဲ့အတွက် ကျနော်တို့ ဒီမြို့ပေါ်မှာ အချိန်ကြာကြာ နေလို့ မရနိုင်တော့တဲ့ စိုးရိမ်မှုတွေ ဖြစ် လာတာကြောင့် နမ့်ခမ်းမြို့ပေါ်ကနေ အမြန်ဆုံး ထွက်ဖို့ ကားတစီး ငှားလိုက်ပါတယ်။
နမ့်ခမ်းမြို့ပေါ်က မထွက်ခင်အချိန်လေးမှာပဲ ဒီလိုမူးယစ်ဆေးဝါးတွေ ဈေးရောင်းသလို တရားဝင် ရောင်းချနေတာ လွတ်လွတ် လပ် လပ် သုံးစွဲခွင့်ရနေတဲ့ အကြောင်းတွေကို မြို့ပေါ်က အစိုးရ မူးယစ်နှိမ်နှင်းရေး အဖွဲ့တွေကို ထိပ်တိုက်သွားမေးဖို့ ဆုံးဖြတ်ထား ပေ မယ့် နာရီပိုင်းအတွင်း ဒီမြို့ကထွက်ဖို့လိုတာနဲ့ မရောက်ဖြစ်ခဲ့ပါဘူး။
ဒါ့အပြင် နမ့်ခမ်းမြို့ပေါ်မှာ တရားဝင်ရောင်းချခွင့်၊ သုံးစွဲခွင့်ရသလို ပေါ်ပေါ်တင်တင် ရောင်းနေတဲ့ အဓိကနေရာ သုံးနေရာထဲက တနေရာကျန်နေပါသေးတယ်။ အဲဒီနေရာကတော့ မင်္ဂလာ ရပ်ကွက်ရဲ့ ကွက်သစ်ပိုင်းမှာပဲဖြစ်ပါတယ်၊ ရတဲ့ အချိန်လေးထဲမှာ ကျနော်တို့ အဲဒီနေရာကို ဆိုင်ကယ်တစီးနဲ့ အပြေးသွားပြီး ရိုက်ကူးဖြစ်ခဲ့ပါသေးတယ်။
အဲဒီနေရာမှာတော့ ကျနော်တို့သွားတဲ့အချိန် သုံးစွဲနေတဲ့လူ ၃ စုလောက်ပဲတွေ့ရပါတယ်၊ စုစုပေါင်း လူ ၁၀ ကျော်လောက် ရှိပါတယ်၊ ကျနော်တို့ ရောက်သွားတာ နောက်ကျသွားတာလည်း ဖြစ်ပါတယ်။ အဲဒီရပ်ကွက်က မျက်မြင်တွေပြောပြချက်အရ အခုမြင် တွေ့နေရတဲ့ လူအရေအတွက်ဟာ အနည်းဆုံးလို့ သိရပါတယ်။
အဲဒီမြင်ကွင်းကို နေ့စဉ်မြင်တွေ့နေရတဲ့ မင်္ဂလာရပ်ကွက်သား တဦးကတော့“ဒီနေရာကတော့ မနက်ပိုင်း တချိန်လောက်နဲ့ ညနေ ပိုင်း တချိန်လောက်တော့ လူစည်တယ်၊ အဲဒီအချိန်ဆို အနည်းဆုံး ပုံမှန် လူ ၃၀ အထက်မှာရှိတယ်၊ အဲဒီအထဲမှာ ကလေး ကျောပိုးပြီး ဆေးလာလာသုံးနေတဲ့ အမျိုးသမီး ၂ ဦးတောင်ပါတယ်”လို့ ပြောပါတယ်။
အခုမြင်တွေ့ခဲ့ရတဲ့ နမ့်ခမ်းမြို့ပေါ်က လက်ဖက်ရည်ဆိုင်ရောင်းသလို၊ ပျံကျဈေးလေးရောင်းသလို မူးယစ်ဆေးဝါး တွေကို ပေါ်ပေါ် တင်တင် အစုအဖွဲ့လိုက် ရောင်း၊ ဝယ်၊ သုံးစွဲနေကြတဲ့ နေရာတွေရှိသလို အိမ်တွေမှာ သွားဝယ်ယူလို့ရတဲ့ နေရာတွေလည်း ရှိတယ် လို့ မြို့ခံတွေက ပြောပြကြပါတယ်။
မူးယစ်ဆေးဝါးတွေ တရားဝင်လိုမျိုးရောင်းချ၊ သုံးစွဲခွင့်ရနေမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့တွေ ကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်လို့ မြို့ခံတွေရဲ့ စွပ်စွဲသံတွေကိုလည်း ကြားခဲ့ရပါတယ်။
မူးယစ်ဆေးဝါး ရောင်းချသူတွေ၊ သုံးစွဲသူတွေ ပေါများလာတာနဲ့အမျှ မြို့ပေါ်မှာ အကျင့်စာရိတ္တ ပျက်ပြားတဲ့ လူတွေလည်း ပေါများနေတဲ့အတွက် မြို့ပေါ်က အိမ်တွေဆိုရင် သူခိုးရန်ကြောက်ရလို့ သူတို့အိမ်တွေမှာ ဒဏ်အိုး၊ ဒဏ်ခွက်တွေက အစ ဆိုင်ကယ်၊ ကား အဆုံး အလွယ်တကူမထားရဲဘူးလို့ ဆိုပါတယ်။
မူးယစ်ဆေးဝါး ရောင်းချ၊ သုံးစွဲမှုတွေ တွင်ကျယ်နေတဲ့ နမ်းခမ်းမြို့ကို အစိုးရ အဖွဲ့အသီးသီးက အဓိက အုပ်ချုပ်ပါတယ်။ မူးယစ်နှိမ်နှင်းရေး တပ်ဖွဲ့တွေလည်း ရှိပါတယ်။
ဒါ့အပြင် ပန်းဆေး ပြည်သူ့စစ် တပ်ဖွဲ့တွေလည်း ရှိပါတယ်။ ပန်းဆေး ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးကျော်မြင့် ကတော့ လွှတ် တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်သလို နယ်မြေအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၊ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုတွေနဲ့ သတင်းထွက်နေသူလည်း ဖြစ်ပါတယ်။
အခုတလော နမ့်ခမ်းမြို့ပေါ်မှာ ဗုံးပေါက်ကွဲမှုတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေကို လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပေမယ့် မူးယစ် ဆေးဝါး ရောင်းတဲ့ နေရာတွေမှာတော့ “ရက်ရာဇာ” ကျနေမြဲပါ။ မြို့ခံတွေအနေနဲ့ ဒီမြင်ကွင်းတွေကို ဆက်လက် မြင်တွေ့နေရဆဲ ဖြစ်သလို အာဏာပိုင်တွေအနေနဲ့ ဘာကြောင့် အရေးမယူနိုင်တာလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ။