စာမေးပွဲ ပထမဆုံးနေ့ဖြစ်ရာ ကျောင်းဆီသို့ ရောက်လိုစိတ်စောနေသည့် ၁၀ တန်းကျောင်းသူ မတင်ေဋ္ဌးရီ တယောက် ကမ္ဘာအေးဘုရား လမ်းကိုဖြတ်ကာ လမ်းတဘက်ဆီသို့ ကူးလိုက်သည်။ ထိုစဉ် အဝေးမှ မောင်းနှင်လာသည့် စစ်ကားတစီးက သူလွယ်ထားသည့် လွယ်အိတ် ကလေးနှင့်ချိတ်လျက်သား ဖြစ်ကာ ဆွဲယူသွားပြီး လူခန္ဓာကိုယ် တခုလုံး ကတ္တရာလမ်း တလျှောက် ဒယဥ့်တိုက် ပါသွားခဲ့သည်။
ဆယ်တန်းကျောင်းသူ သမီးကို ကိုယ်တိုင်ကားမောင်းကာ ကျောင်းလိုက်ပို့သည့် စစ်တပ် အရာရှိတဦး၏ ကားသည် တခြားသော ကားများကို ဆက်တိုက် တိုက်မိပြီး အဝေးဆီသို့ မောင်းထွက်သွားချိန်တွင် အသက် ၁၆ နှစ် ဝန်းကျင် အရွယ်ရှိ မတင်ေဋ္ဌးရီမှာ ပေတရာ လမ်းမပေါ်သို့ ပုံရက်သား ကျကျန်ခဲ့၍ လောကကြီးနှင့် အဆက်အသွယ် ပြတ်သွားတော့သည်။
ရန်ကုန် ဆေးရုံကြီးသို့ အရေးပေါ်လူနာအဖြစ် ရောက်သွားသည့် မတင်ေဋ္ဌးရီသည် ရက်အနည်းငယ်ကြာ သတိလစ်နေခဲ့သည်။ ပြန်လည် ကောင်းမွန်လာချိန်တွင် သူ၏ ခြေထောက်များက လှုပ်ရှား၍မရတော့။ ခန္ဓာကိုယ် အောက်ပိုင်းအကြောများ၊ ခြေထောက်များ လှုပ်ရှားမှု ရပ်တန့်သွားတော့သည်။
အတန်းတင် စာမေးပွဲဖြေရန် ကျောင်းသို့သွားရာလမ်းတွင် ကားတိုက်ခံခဲ့ရသည့် သူ့သတင်းများက သတင်းစာများတွင် ဟိုးလေးတကြော် ဖြစ်ခဲ့သေးသည်။
ထို့နောက် ရန်ကုန်ဆေးရုံကြီးမှတဆင့် မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ မသန်စွမ်းသူများ ဆေးရုံ (ယခင်အခေါ်အဝေါ်) သို့ နာတာရှည် လူနာတယောက်အဖြစ် ပြောင်းရွှေ့ခဲ့ရသည်။
မိမိကိုယ်ကိုယ် ပြန်လည် သန်စွမ်းလာဦးမည်ဟု မတင်ေဋ္ဌးရီ တယောက်ယုံကြည်ထားခဲ့သည်။
“နောင်နှစ် ကျောင်းပြန်တက်ရင် လွယ်အိတ်အသစ်လေး ပြန်ဝယ်ပေးပါ၊ ယူနီဖောင်း အသစ် ပြန်ဝယ်ပေးပါဆိုပြီး အိမ်ကို ပူဆာခဲ့တယ်။ ပြန်မကောင်းတော့မှန်း သိတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ စိတ်ကူးပေါ်ခဲ့တယ်” ဟု ဒေါ်တင်ေဋ္ဌးရီက လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်က ကိုယ်တွေ့အဖြစ်အပျက်ကို ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်လျှက် ပြန်ပြောင်း ပြောပြသည်။
“ငါ့သမီးလေး သေမသွားတာဘဲ တော်သေးတယ်” ဆိုသည့် မိဘများ၏ ဖြေဆည်စကားများနှင့် ဘာသာရေး ယုံကြည်မှု ကြောင့် သူ အသက်ဆက်ရှင်ရန် ခွန်အားရရှိခဲ့သည်။
“ကျမ ဦးလေးမှာ ကားရှိတော့ သူ့ကားနဲ့ လိုက်ပို့မယ်ဆိုပြီး ပြောထားတယ်။ ဒါပေမယ့် ခုံနံပါတ်တွေ၊ အခန်းတွေ ရှာရဦးမယ် ဆိုတော့ စိတ်စောပြီး လမ်းလျှောက် သွားလိုက်တာ။ ကားနဲ့ လိုက်ပို့တာ စောင့်လိုက်ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး” ဟု သူက ဆက် ပြောသည်။
သူ့ဘဝတွင် မသန်စွမ်းသူများကို မြင်ပင်မမြင်ဘူးခဲ့ရာမှ၊ ကိုယ်တိုင် မသန်စွမ်းသူတယောက်၊ ဘီးတပ် ကုလားထိုင် အသုံးပြုရသူ တယောက် ဖြစ်လာချိန်တွင် အနာဂတ်ပျောက်ဆုံးသွားပြီး ဘဝလမ်းခရီးကို မည်သို့မည်ပုံ ဆက်လျှောက် ရမည်ကို မသိတော့လောက်အောင် စိတ်ဓာတ် ကျဆင်းခဲ့ရသည်။
အတွင်း လူနာအဖြစ် ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက် ကုသမှု ခံယူနေချိန်တွင် စာချင်း အဆက်အသွယ်သာ အမြဲရှိခဲ့သည့် လူငယ်သဘာ၀ မေတ္တာ ရှိနေသူက သူငယ်ချင်းတဦး၏ ဆက်သွယ် အကြောင်းကြားပေးမှုကြောင့် မိဘများမသိခင် တိတ်တခိုး ရောက်လာခဲ့သေးသည်။ ထိုအချိန် နောက်ပိုင်းမှစ၍ သူ့ကို အဆက်အသွယ် ဖြတ်တောက်ကာ သတင်းအစအန ပျောက်သွား သည်ဟု သိရသည်။
မျှော်လင့်ချက်မဲ့နေသည့် မတင်ေဋ္ဌးရီ တယောက် မိတ်ဆွေများ၊ သူငယ်ချင်းများ အားလုံးကို အဆက်အသွယ် ဖြတ်တောက် ကာ ဘဝကို တိတ်တဆိတ် တယောက်တည်း ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့သည်။ မွေးရပ်ဋ္ဌာနေသို့လည်း မပြန်ဖြစ်ခဲ့တော့ပေ။
ထိုစဉ်က ကာလကြာရှည် တက်ရောက်ကုသမှု ခံခဲ့ရသည့် မသန်စွမ်း လူနာများ ဆေးရုံတွင် သူနာပြုအုပ်ကြီး အဖြစ် တာဝန် ထမ်းဆောင်နေသည့် ဒေါ်ခင်သီတို့ ဇနီးမောင်နှံ၏ စိတ်ခွန်အား ပံ့ပိုးမှုများဖြင့် မဖြေလိုက်ရသည့် ဆယ်တန်းစာမေးပွဲကို နောက် တနှစ်တွင် ပြန်ဖြေဆိုရန် ကြိုးစားခဲ့သည်။ စာမေးပွဲဖြေဆိုနိုင်ရန် ဆေးရုံ၌ပင် သီးသန့်စာစစ်ဋ္ဌာန တခု စီစဉ်ပေးခဲ့သဖြင့် ပြန်လည် ဖြေဆိုနိုင်ခဲ့သည်။ မသန်စွမ်းတယောက် ဆယ်တန်းအောင်တော့ကော မည်သို့ ထူးခြားမည်နည်း ဆိုသည့် အဖျက် စကား ပြောခဲ့သူ တချို့ကိုလည်း ကြုံခဲ့ရသည့်အတွက် လူတို့၏ သဘောကို သူ သိခွင့်ရခဲ့သည်ဟု ဆို၏။
“သူငယ်ချင်းတွေ အဖြူအစိမ်းနဲ့ ကျောင်းသွားတာမြင်ရင် ကျောင်း သိပ်တက်ချင်ခဲ့တယ်။ ကျောင်းတုန်းက အားကစားမှာ ထူးချွန် ခဲ့တယ်။ ဘော်လီဘော ပြိုင်ပွဲတွေမှာ ပထမ၊ ဒုတိယဆု အမြဲယူရတယ်။ ဒါတွေအားလုံး ရိုက်ချိုး ခံလိုက်ရတယ်” ဟု မတင်ေဋ္ဌးရီက ထိုစဉ်က ခံစားချက်ကို ဖွင့်ဟသည်။
သို့သော် သူ့ကို ပြန်လည် အားတက်စေသည့် ပတ်ဝန်းကျင်ကောင်းကြောင့် သူ ဆယ်တန်းစာမေးပွဲကို အမှတ်ကောင်းဖြင့် အောင်မြင်ခဲ့သည်။
နောက်ပိုင်းတွင် သူ့အား ပေတရာ လမ်းမပေါ်တွင် ထားခဲ့ကာ ကားမောင်း ထွက်ပြေးသွားသူထံမှ လျော်ကြေး ၁၀၀၀ ကျပ်ဖြင့် အမှုကျေအေးခဲ့ရသည်။ ထိုစဉ်က သူ့အဖြစ်အပျက်နှင့် ပတ်သက်၍ သတင်းစာများတွင် ရေးသားဖော်ပြသည့် ဖြတ်ပိုင်းစ များကို အမှတ်တရအဖြစ် သိမ်းဆည်းခဲ့သော်လည်း နောက်ပိုင်းတွင် ပြီးခဲ့သမျှ မေ့ပစ်ရန် ကြိုးစားခဲ့သည်။
မေ့ပျောက်ရန် ကြိုးစားရင်းကပင် တချို့ ကိစ္စရပ်များကို အစဖော်၍ မရအောင် မေ့၍နေကြောင်း သူက ဆိုသည်။
“မေ့အောင် နေခဲ့တယ်။ မမေ့ရင်လည်း သေဖို့ပဲ ကျန်တော့တယ်။ ဘဝတလျှောက်လုံး ဖြောင့်ဖြူးဖို့က နားလည် ခွင့်လွှတ် နိုင်ဖို့ပဲ လိုအပ်ပါတယ်။ အဲဒီလိုတွေ ဖြစ်ပြီးတော့ ဘ၀ တလျှောက်လုံး ဘယ်လို နေထိုင်သွားမလဲ၊ ဘာလုပ်ရမလဲ ဆိုတာ တွေးရတယ်” ဟု ဒေါ်တင်ေဋ္ဌးရီက ပြောသည်။
ဆယ်တန်း အောင်မြင်ပြီးနောက်တွင် မသန်စွမ်းသူများ ကုန်ထုတ် သမဝါယမ အသင်းတွင် စာရေးဝန်ထမ်း တယောက်အဖြစ် အလုပ်လုပ်ခွင့် ရရှိခဲ့သည်။ ထိုဋ္ဌာနတွင် ၁၀ နှစ် နီးပါး တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့နောက် သမဝါယမ လုပ်ငန်းများ မဖျက်သိမ်းမီတွင် လက်ရှိ တာဝန်ထမ်းဆောင် နေသည့် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းသို့ ပြောင်းရွှေ့ လုပ်ကိုင်ခဲ့သည်။
ကြည့်မြင်တိုင် မျက်မမြင်ကျောင်းသို့ ရောက်ရှိချိန်တွင် စာရေး တဦးအဖြစ် လုပ်ကိုင်ခဲ့သော်လည်း၊ ဘီးတပ် ကုလားထိုင် အသုံးပြုသူ တဦးအနေဖြင့် ပြင်ပသို့ သွားလာ ဆက်သွယ်ရာတွင် အခက်အခဲ ကြုံရခြင်းကြောင့် မျက်မမြင် ကလေးများအား သချၤာဘာသာရပ်ကို သင်ကြားပေးရသည့် ဆရာမ တဦးအဖြစ် ပြောင်းလဲ လုပ်ကိုင်ခဲ့သည်။ ကလေးတွေကို စာသင်ပေးနိုင်ဖို့ အတွက် ကိုယ်တိုင် မျက်မမြင်စာ သင်ယူရသည်။ အရေးနှင့် အဖတ် ဘာသာရပ်များကို ၃ လကြာ သင်ကြားပြီးချိန်တွင် သူ ဆရာမ တယောက် ဖြစ်လာတော့သည်။
ကျောင်းဆရာမ တယောက်၏ ဘဝသည် သူကြိုက်နှစ်သက်သော ဘဝမျိုးမဟုတ်၊ သူ့ ရည်မှန်းချက်လည်း မဟုတ်ခဲ့ပေ။ သို့သော် မသန်စွမ်းမှု ဘဝချင်း တူညီသည့် မျက်မမြင် ကလေးငယ်များကို ပညာ အလင်းရောင် ပေးရသည့် အလုပ်ခွင်၌ သူပျော်မွေ့လာသည်။ ဝါသနာ မဟုတ်သော်လည်း စေတနာပါပါဖြင့် လုပ်နိုင်ခဲ့သည်။
“ငယ်ငယ်က ရည်မှန်းချက်က ကြီးလာရင် ဆရာဝန် လုပ်ချင်တာ၊ အနည်းဆုံးတော့ သူနာပြု လုပ်ချင်ခဲ့တာ။ ဒါပေမယ့် ကားတိုက်ခံရတော့ အဲဒါတွေ ပျောက်သွားတယ်” ဟု မျက်မမြင် လျှောက်လမ်းကို အသုံးပြုကာ ဖြတ်သွားဖြတ်လာ လုပ်နေသည့် ကျောင်းသားကလေးများကို လှမ်းကြည့်လျှက် မူလ မျှော်လင့်ချက်နှင့် လက်တွေ့ဘ၀ အချိုးအကွေ့ကို ပြန်လည် နိုင်းယှဉ် ပြသည်။
ဆရာမ တယောက်၏ ဘဝအစတွင် သူ့အတွက် အခက်အခဲများ ကလည်း စောင့်ကြိုနေခဲ့သည်။ မျက်မမြင် ကလေးငယ် များကို သချၤာဘာသာ ရပ်တွင်ပါဝင်သည့် အပိုင်းကိန်းများအကြောင်း သင်ကြားပေးရခြင်းက သူ့အတွက် ပင်ပန်းရသည့် အတွေ့အကြုံ ဖြစ်ခဲ့သည်။ ကလေးငယ်များ အတွက် ယခင်က မသင်ခဲ့ဖူးသည့် အကြောင်းအရာ ဖြစ်နေခြင်းကြောင့် သူတို့ နားလည်အောင် သင်ပေးဖို့ အချိန်ယူရသည်။
ထို့အပြင် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ အခြေခံပညာ ကျောင်းများသို့ သွားရောက် ပညာသင်ကြားသည့် ကလေး များအား သာမန်ကလေးများ နည်းတူ သင်ခန်းစာများ နောက်မကျစေရန် အချိန်ပိုယူကာ ပြန်လည် သင်ကြားပေးရသည်။ သူသည် ပင်ပန်းလှသော်လည်း ဘဝတူဖြစ်နေခြင်းကြောင့် ကလေးငယ်များအပေါ် ကိုယ်ချင်းစာနာစိတ်နှင့် အားပေးနိုင်ခြင်းကို အမြတ်တခုဟု သူက ယူဆသည်။ မိမိ၏ အားနည်းချက်ကို အကြောင်းပြုကာ ခွင့်ယူနိုင်သော်လည်း သက်ပြည့် ပင်စင် ယူရမည့် အချိန်အထိ သည်အလုပ်ခွင်တွင် တာဝန်ကျေအောင် သူလုပ်ကိုင်နေဦးမည် ဖြစ်သည်။ မည်သည့် အလုပ်ကိုမျှ မလုပ်ဘဲ အိမ်တွင်နားနေရသည့် အခြေအနေမျိုးကို ဒေါ်တင်ေဋ္ဌးရီ သဘောမကျ။ ယူထားသည့် လစာနှင့် ထိုက်တန်အောင် သူ ပြန်လည် တာဝန်ကျေပွန်ရမည်ဟု ဆုံးဖြတ်ထားခဲ့သည်။
“စာစသင်သင်ချင်းမှာ ယောင်ဝါးဝါးဖြစ်တယ်။ သူတို့ကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ စဉ်းစားတော့ မလွယ်ဘူး။ နောက်တော့ မိသားစုလို၊ ဆွေမျိုးလို ကိုင်တွယ်မယ်လို့ စဉ်းစားခဲ့တယ်” ဟု သူနှင့် တပည့်လေးများ အကြားရှိ ဆက်ဆံရေး အခြေအနေကို ပြောပြသည်။
သူသည် ဋ္ဌာနနှစ်ခုစလုံးတွင် အလုပ်လုပ်ခဲ့သည့် ကာလ တလျှောက်လုံး ပြင်ပ ပတ်ဝန်းကျင်နှင့် အကင်းရှင်းဆုံး နေထိုင်ခဲ့သည်။ အရင်းနှီးဆုံး သူငယ်ချင်းများကိုပင်လျှင် အဆက်အသွယ် ဖြတ်ခဲ့သည်။
“အခုအချိန်မှာ သူတို့နဲ့ ပြန်တွေ့ချင်လာတယ်။ အဲဒီတုန်းကလည်း မုန်းလို့ ရှောင်နေခဲ့တာမှ မဟုတ်ဘဲ။ လူတွေနဲ့ ရင်မဆိုင် ရဲလို့ပါ။ ရှက်တာရော၊ သိမ်ငယ်တာရော ပါတာပေါ့” ဟု သူထိုင်နေသည့် ဘီးတပ် ကုလားထိုင်လက်ရမ်းကို ဆုတ်ကိုင်လျှက် ဆရာမ ဒေါ်တင်ေဋ္ဌးရီက ပြောသည်။
ကျောင်းသားကလေးများနှင့် ဘဝကို မြှုပ်နှံထားသော သူ့အတွက် ထင်မှတ်မထားသည့် စိတ်လှုပ်ရှားဖွယ်ရာ အပြောင်းအလဲ တခုက ဝင်ရောက် လာလေသည်။ ထိုအပြောင်းအလဲကို နှိုင်းဆဖွယ် နှစ်ယောက်မရှိသည့် လူတယောက်က သူ့အတွက် ယူဆောင် လာခဲ့သည်ဟု ဆို၏။
သန်စွမ်းကျန်းမာခဲ့ချိန်က လူငယ်သဘာ၀ မေတ္တာမျှခဲ့ကြပြီး မသန်စွမ်းသူ တယောက် ဖြစ်သွားချိန်တွင် စာမလာ သတင်းမကြားရ တော့ဘဲ၊ အဝေးဆုံးကို ရှောင်ထွက်သွားခဲ့သည့် လူတယောက်သည် လူကြီး စုံရာဖြင့် သူ့မိဘများထံ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ရှေ့တန်း ထွက်သွားရာမှ ပြန်လာပြီး သူ့ကို လက်ထပ်ခွင့် တောင်းခံခြင်း ဖြစ်ကြောင်း သိရသည်။
“မိဘတွေက ပထမတော့ သဘောမတူ ချင်ကြဘူး။ သူက စစ်သားတယောက်ဆိုတော့ အဲဒီတုန်းက သူရှောင်သွားတာက ကိုယ့်ကို မြင်ပြီး စိတ်ထိခိုက်သွားလို့ သူလည်း သေချင်သေပါစေဆိုပြီး ရှေ့တန်းကို လိုက်သွားခဲ့တာလို့ပဲ ထင်တယ်” ဟု သူက အပြုံးဖြင့် စကားဆိုသည်။
မသန်စွမ်းသူ တယောက်အနေဖြင့် မိဘများ ကွယ်လွန်ပြီးသည့် နောက်ပိုင်းတွင် အားကိုးအားထားပြုစရာ လက်တွဲဖော် တဦး လိုအပ်သည်ဆိုသည့် ခံစားချက်ဖြင့် လက်ထပ်ခဲ့ပြီးနောက် နှစ်ပေါင်း ၃၀ တိုင် အိမ်ထောင်သက်တမ်းကို ကျော်ဖြတ်ခဲ့သည်။ သမီးလေးတယောက် မွေးဖွားနိုင်သည့် မိခင်တယောက် ဘဝကိုပါ ပိုင်ဆိုင်နိုင်ခဲ့သည်။ အိမ်ထောင် ပြုပြီးနောက် ဆေးပင်စင် ဖြင့် တပ်မှထွက်ခဲ့သည့် ခင်ပွန်းက မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်တွင် အလုပ် ဝင်လုပ်ခဲ့သည်။
မိမိကိုယ်ကိုယ် သိမ်ငယ်သည့် စိတ်ဖြင့် အိမ်ထောင်ဘက်ကို ပြောခဲ့ဖူးသည့် စကားများကို သူပြန်လည် အမှတ်ရနေဆဲ ဖြစ်သည်။
“စိတ်ပျက်နေသလား၊ စိတ်ကုန်နေသလား၊ သဘာဝတရားကို နားလည်ပါတယ်။ အိမ်ထောင် ထပ်ပြုချင်တဲ့သူတွေ့ရင် ပြောပါ။ ခိုး မလုပ်ပါနဲ့၊ ယူပြီးတော့် နှစ်ယောက် တပြိုင်တည်း မပေါင်းပါနဲ့။ ရှက်စရာ ကောင်းတယ်” ဆိုသည့် စကားကို အကြိမ်ကြိမ် သူ ပြောမိခဲ့သည်။ သို့သော် စကားနည်းပြီး အေးအေးဆေး ဆေးနေတတ်သည့် အိမ်ထောင်ဘက်က သူ့ကို စကားတခွန်းသာ တုန့်ပြန်ခဲ့သည်ဟု ဒေါ်တင်ေဋ္ဌးရီက ဆိုသည်။
“ငါသေရင် ဘာလဲဆိုတာ နင်သိမှာပါ” ဆိုသည့် တခွန်းတည်းသော စကားကို ခင်ပွန်းသည်က ပြောကာ ထမင်းဝိုင်းမှ ထထွက်သွားသည့် နေ့ကိုလည်း ဒေါ်တင်ေဋ္ဌးရီ တယောက် မှတ်မိနေဆဲဖြစ်သည်။
“သူဆုံးတော့ သူ့ရုံးက လူကြီးတွေ လာသတင်းမေးကြရင်း ကိုယ့်အပေါ်မှာ ဘယ်လောက် သစ္စာရှိတဲ့ ယောက်ျား တယောက် ဆိုတာ ပြန်ပြောပြကြတယ်။ အိမ်ထောင်ဘက် ဘဝမှာ အဆင်မပြေမှုလေးတွေ ရှိခဲ့ပေမယ့် ကိုယ့်အပေါ်မှာ သစ္စာ ရှိခဲ့တာ တွေကြောင့် ကျန်တာတွေအားလုံးကို ချေဖျက်လို့ရတယ်” ဟု သူက မျက်မှန်ကိုချွတ်ရင်း မျက်လုံးကိုပွတ်လျှက် စကား ဆက်သည်။
အတိတ် အားလုံးကို မေ့ဖျောက် ထားသော်လည်း ပြန်လည်တွေးတောရန် အကြောင်း ပေါ်လာသည့်အတွက် သူ တခွန်းချင်း ခပ်ဖြည်းဖြည်းပင် ပြောပြနေခြင်း ဖြစ်သည်။
သူ ဆယ်တန်း အောင်မြင်ထားသည်မှာ ကြာခဲ့ပြီ ဖြစ်သော်လည်း တက္ကသိုလ်ပညာရေးကို ဆက်လက်သင်ကြားရန် အကြောင်း ပေါ်လာပြန်သည်။ မိမိ သင်ကြားပေးလိုက်သည့် တပည့်တချို့ အထက်တန်း အောင်မြင်ကာ တက္ကသိုလ်ပညာရေးကို ဆက်လက် သင်ယူကြရာ ထိုစဉ်က ကြည့်မြင်တိုင် မျက်မမြင်ကျောင်းတွင် တာဝန်ယူနေသည့် ကျောင်းအုပ်ကြီးက သူ့အား မေးခွန်းတခု မေးခဲ့သည်။
“ကိုယ်သင်လိုက်တဲ့ တပည့်တွေက ဘွဲ့ရကြတော့ ဆရာမ ဘာကြောင့် တက္ကသိုလ် ဆက်မတက်တာလဲလို့ မေးတယ်။ အဲဒီတော့မှ ကျောင်းဆက်တက်ဖို့ သတိရတယ်” ဟု ဒေါ်တင်ေဋ္ဌးရီက ဆိုသည်။
ထို့နောက် မြန်မာစာမေဂျာကို အလုပ်တဘက် ဖြင့်ပင် အဝေးသင် တက်ရောက်ခဲ့ပြီး ဘွဲ့တခု ရရှိခဲ့သည်။ သို့သော် ထို ကာလအထိ သူ၏ ပတ်ဝန်းကျင်မှာ အိမ်နှင့် ကျောင်းသာ ဖြစ်သည်။ ဘီးတပ် ကုလားထိုင်ပေါ်တွင် အသက်ရှင် နေထိုင်ရသည့် မသန်စွမ်းသူ တယောက်၏ ဘဝကို သူရှက်သည်၊ သိမ်ငယ်သည်။ သူသွားရာ လမ်းတလျှောက်တွင် သူ့ကို လိုက်ကြည့်သည့် မျက်လုံးများကို သူရင်မဆိုင်ချင်။
သို့သော် ထိုအခြေအနေကို ပြောင်းပြန် ဖြစ်စေမည့် အချိုးအကွေ့တခုကို သူထပ်ကြုံရပြန်သည်။
ပြီးခဲ့သည့် ၂၀၀၂ နှစ်ခုနှစ်က နိုင်ငံခြားမှ မသန်စွမ်းသူများက ရန်ကုန် ကန်တော်ကြီး နန်းတော် ဟိုတယ်သို့ အလုပ်ရုံ ဆွေးနွေးပွဲ တခု လာရောက် ကျင်းပခဲ့ရာ၊ ထိုဆွေးနွေးပွဲသို့ သူတက်ရောက် ခဲ့ရခြင်းက အချိုးအကွေ့၏ ကနဦး အစဖြစ်သည်။ ထိုပွဲသို့ တက်ရောက်ခဲ့ခြင်းသည် သူနှင့် ပြင်ပကမ္ဘာကို ပြန်လည်ချိတ်ဆက် ပေးမည့် အခြေအနေတရပ်ကို ဖြစ်ပေါ်စေခဲ့သည်။
ကုန်လွန်ခဲ့သည့် ကာလများကို ထိုနည်းအတိုင်း ဖြတ်သန်းခဲ့ရခြင်းအတွက် နောင်တ ရမိတော့သည်။ မှားခဲ့သည်ဟု မြင်လာသည်။ ရှက်ခြင်း၊ သိမ်ငယ်ခြင်းများ မရှိခဲ့လျှင် ပတ်ဝန်းကျင်က ပေးမည့် စိတ်ဓာတ်ခွန်အား၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားများ ရရှိနိုင်မည်ဟု တထစ်ချ ယုံကြည်စိတ် ဝင်လာခဲ့လေသည်။ မသန်စွမ်းသူများ လှုပ်ရှားမှုတွင် သူတတ်နိုင်သမျှ ပါဝင်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် လူမှုဝန်ထမ်း ဦးစီးဋ္ဌာနက ချီးမြှင့်သည့် မသန်စွမ်း ထူးချွန်ဆုကို ရရှိခဲ့သည်။ ဖြတ်သန်းမှုများ အရ သူနှင့် ဘဝတူ မသန်စွမ်းများအတွက် ဒဿနများ အစီအရီ ထွက်လာသည်။
“ရှေ့ဆက်ရမယ့် ဘဝမှာ သိမ်ငယ်စိတ်တွေနဲ့ နေလို့မရဘူး။ ဘာလုပ်သင့်တယ် ဆိုတာ ဆုံးဖြတ်ချက် ချရမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သိမ်ငယ်စိတ်တွေကို ဖယ်ထားပါ၊ အကောင်းမြင်ပါ၊ သည်းခံခွင့်လွှတ်ပါ၊ ရိုးသားစွာ အသက်ရှင်ပါ။ တိုးတက်ရာ တိုးတက်ကြောင်း အတွက် သာမန်လူတွေထက် ၁၀ ဆပိုကြိုးစားပါ” ဆိုသည့်စကားကို သူ့ အတွေ့အကြုံ ဖြတ်သန်းမှုအရ သူပြောပြချင်သည်။
မွေးရာပါ မသန်စွမ်းမှုကြောင့် ဖြစ်စေ၊ ကြီးမှရရှိလာသည့် မသန်စွမ်းမှုကြောင့် ဖြစ်စေ သိမ်ငယ်စိတ်ဖြင့် အိမ်တွင်း အောင်းနေမည့် သူ့လိုလူများ ထပ်ပေါ်မလာစေချင်သည်မှာ ဒေါ်တင်ေဋ္ဌးရီ၏ ဆန္ဒဖြစ်သည်။
ယခင်ကထက် နှိုင်းစာလျှင် ယခုနောက်ပိုင်း မသန်စွမ်းသူများအတွက် အားတက်ဖွယ် အခွင့်အလမ်းများ ရှိနေသည်ကို သိစေလိုသည်။ မသန်စွမ်းသူများ အတွက် ရေးဆွဲနေသည့် ဥပဒေ၊ မသန်စွမ်းသူများအတွက် ပံ့ပိုးမှုပေးနိုင်မည့် အဖွဲ့ အစည်းများ ရှိလာနေခြင်းသည် အလင်းရောင်များပင် ဖြစ်ကြောင်း သူက ဆိုသည်။
ယနေ့ ကျန်းမာသန်စွမ်း နေသူများသည်လည်း မသန်စွမ်းသူများ၏ အောင်မြင်မှု၊ မသန်စွမ်းသူများ၏ ကြိုးစားမှုများကို အားပြုကာ၊ မိမိတို့ ခြေအကောင်း၊ လက်အကောင်းများဖြင့် ပို၍ကြိုးစားမည်၊ ပိုကောင်းအောင် လုပ်မည်ဆိုသည့် စိတ်ကို မွေးမြူစေလိုသည့် စိတ်က သူ့ ပကတိစိတ်ရင်းပင် ဖြစ်သည်။
“မသန်စွမ်းသူတွေကို စာနာပေးပါ၊ ကူညီပေးပါ၊ နားလည်မှုပေးပါလို့ ပြောချင်ပါတယ်” ဟု သူက ဆိုသည်။
တိတ်တဆိတ် နေထိုင်ခဲ့သည့် ဘဝမှ ပြင်ပ ပတ်ဝန်းကျင်သို့ ပြန်လည် တိုးဝင်လာနိုင်ခဲ့သည်။ သူသည် စိတ်ဓာတ်ကို ခိုင်မာအောင်၊ ဒုက္ခများကို ခါးစည်းခံနိုင်ရည် ရှိအောင် ကြိုးစားနေထိုင်ခဲ့သည်။ သိပ်မကြာခင် နိုင်ငံ့ ဝန်ထမ်း တယောက် ဘဝမှ သက်ကြီး ပင်စင်ဖြင့် အနားယူရမည့် အချိန် ကာလကို ရောက်လာတော့မည် ဖြစ်ရာ၊ နောင်ရေးအတွက် သူ ကြိုတွေးထား သည်များ ရှိသည်။ မိမိကြောင့် တခြားသူများကို ဒုက္ခမဖြစ်စေလိုသည့် စိတ်က သူ့တွင် ကိန်းအောင်းနေသည်။ အသက်အရွယ် ကြီးရင့်လာချိန်တွင် တဦးတည်းသော သမီး၏ မိသားစုနှင့် နေထိုင်ခြင်းထက်၊ ဘိုးဘွားရိပ်သာသို့ သွားရန်သာ ဆန္ဒရှိသည်ဟု သူက ဆိုသည်။
ပျိုမြစ်နုနယ်သော ဘဝတလျှောက်လုံးကို သည်ဘီးတပ်ကုလားထိုင်တွင် ထိုင်လျှက် ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ ယခုလည်း ဖြစ်သန်းနေဆဲဖြစ် သလို၊ နောင်လည်း ဖြတ်သန်း နေရဦးမည်။ အသက်ရှင် ရပ်တည်နေရန် ခွန်အားများ ပေးခဲ့သည့် သူ့မိဘများသည် အသက် ၉၀ ကျော် အရွယ် ရှိကြပြီဖြစ်ပြီး သူ၏ ဇာတိမြေဖြစ်သည့် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့တွင် နေထိုင်လျှက် ရှိသည်။ မိဘများ အသက်ရှင်နေချိန်အထိ သည် ဘီးတပ်ကုလားထိုင် ပေါ်တွင် ထိုင်လျှက်ပင် တနှစ်တကြိမ် ပြန်ဖြစ်အောင် ပန်းတနော်သို့ ပြန်ဦးမည်ဟု သူက ပြောသည်။
သူ့ဘဝကို သူ အကောင်းဆုံး ဖြတ်သန်းမည်ဟု ဆုံးဖြတ်ထားသည်။
နေ့လယ် ထမင်းစား ကျောင်းဆင်းချိန် ပြည့်သွားပြီဖြစ်ရာ သူ၏ ကျောင်းသားကလေးများ စာသင်ခန်းထဲသို့ တရွေ့ရွေ့ ဝင်လာကြသည်။ သူတို့ ဦးတည်နေသည်က ဝှီးချဲပေါ်တွင် ထိုင်နေသည့် ဆရာမနှင့် စားပွဲခုံ ရှိရာသို့ ဖြစ်သည်။ ထိုစားပွဲခုံ ပေါ်တွင် မျက်မမြင် လက်စမ်း စာရေးသည့် သင်ထောက်ကူ ကိရိယာများကို တင်ထားသည်။
“ဝှီးချဲက တသက်လုံးမှာ အကောင်းဆုံး အဖော်ပဲ။ အခုတော့ ဒီဝှီးချဲလေးက ခနော်နီခနော်နဲ့ ဖြစ်နေပြီ” ဟု သူက ရေရွတ် လိုက်ပြီး သူတို့၏ သင်ခန်းစာများကို ရှေ့ဆက်ရန် စတင်လိုက်လေသည်။