ဦးရုက္ခစိုးနှင့် မီးစက်သံ တဒုန်းဒုန်း
This article has been converted from Zawgyi One to Unicode
ညဘက် ပျင်းပျင်းရှိသည်နှင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့နှစ်ဦးသား ဦးရုက္ခစိုး စံမြန်းရာ သစ်ပင်ကြီးဆီသို့ ရောက်လာသည်။ အသံပေးကြည့်သည်၊ ဦးရုက္ခစိုးကား မရှိ။ သစ်ပင်ကြီးက မှောင်အတိ။
ဖိုးရှုပ်။ ။ ဘယ်များ သွားနေပါလိမ့်ကွာ။ ဦးရုက္ခစိုးဟာ ရန်ကုန်ရောက်လာမှ တော်တော်လေး ခြေများနေတယ်။
ကြွက်စုတ်။ ။ အေးလေကွာ … ချင်းမိုင်မှာတုန်းကမှ တွေ့ရမယ့်သူဆိုလို့ ငါတို့ပဲ ရှိတာဆိုတော့ ဘယ်အချိန်တွေ့ချင် တွေ့ချင် ဒွိုင်ဆူထေ့တောင်ပေါ် သွားလိုက်တာနဲ့ တွေ့ရတာပါ။
ရုက္ခစိုးတို့မည်သည် သူ့ကို တလိုက်သည်နှင့် ဘယ်လောက် အလှမ်းကွာဝေးနေပါစေ ကြားနိုင်သော သဘောရှိ၏ (ယုံချင်ယုံ မယုံချင်နေ … ကိုတာတေ၏ ဦးရုက္ခစိုးကတော့ ၎င်းအတိုင်းဟုမှတ်) ထို့ကြောင့် သူ့ကို အမည်ခေါ် တ, နေသော ဖိုးရှုပ်နှင့် ကြွက်စုတ်ရှေ့တွင် လက်ညှိုးထောင်ကာ ကိုယ်ရောင် လင်းစေလိုက်သဖြင့် ရုတ်တရက် ဘွားခနဲ ပေါ်လာလေတော့သည်။
ဖိုးရှုပ်။ ။ ဟာ … မီးလာပြီဟေ့။
ရုက္ခစိုး။ ။ နင့်ကြီးတော်ကြီး မီးလာရမှာလား၊ ငါလာတာဟဲ့ ငါလာတာ။
ဖိုးရှုပ်။ ။ သြော် ဦးရုက္ခစိုးကိုယ်က လင်းတာကိုး … သိပါဘူးဗျာ … မီးများလာတာလားလို့။
ကြွက်စုတ်။ ။ ဘယ်တွေ လျှောက်သွားနေတာလဲ ဦးရုက္ခစိုးရယ် … ကျနော်တို့မှာ ရှာလိုက်ရတာ။
ရုက္ခစိုး။ ။ ရှာလိုက်ရတာတွေ ဘာတွေ လာလုပ်နေသေးတယ်၊ ငါလက်ညှိုးထောင်လို့ မင်းတို့ မြင်ရတာများ။ ခုနကလည်း ဘာတဲ့ … ငါ့ကို ရန်ကုန်ရောက်မှ ခြေများသလေး ဘာလေးနဲ့။
ကြွက်စုတ်။ ။ အဟဲ … ဦးရုက္ခစိုးကို ရုက္ခစိုးဆိုတာမေ့ပြီး အတင်းပြောမိတာ ဆောရီးနော်။
ကြွက်စုတ်က မျက်နှာချိုသွေးလိုက်သည်။
ဖိုးရှုပ်။ ။ အဲဒါ ထားပါဦး … ဦးရုက္ခစိုးက ဘယ်တွေ လျှောက်သွားနေတာလဲ။
ရုက္ခစိုး။ ။ ဘယ်သွားရမလဲကွ …။ ဒီမှာက မီးခဏခဏ ပြတ်လို့ မီးစက်နှိုးတဲ့ ဟိုတယ် သစ်ပင်တွေဆီ သွားနေနေတာ။
ကြွက်စုတ်။ ။ ရုက္ခစိုးက မီးလိုလို့လားဗျာ။ အမှောင်ထဲတောင် မြင်ရတာပဲဟာ။
ရုက္ခစိုး။ ။ နားမလည်ဘဲ လာမဝေဖန်နဲ့ … ဒီရုက္ခစိုးက ခေတ်ရုက္ခစိုးကွ။ မီး မရှိရင် အသက်မရှင်ချင်ဘူး … အဲလေ … လျှပ်စစ်မီးနဲ့မှ လုပ်လို့ရတဲ့ အလုပ်တွေက ရှိသေးတယ်။ ဒီပုံနဲ့ဆိုရင်တော့ ငါ့အလုပ်တွေ နှောင့်နှေးကုန်တော့မှာပဲ။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးက ဘာအလုပ်တွေ လုပ်နေလို့ လုပ်ငန်းနှောင့်နှေးမှာလဲဗျ။
ရုက္ခစိုး။ ။ မုခစာအုပ်မှာ အချိန်နဲ့ တပြေးညီ ဓာတ်ပုံတွေ တင်ရမယ်၊ စားရင်စားတဲ့အကြောင်း၊ သွားရင်သွားတဲ့ အကြောင်း၊ ဘယ် သူငယ်ချင်းတွေနဲ့ ဘယ်လို ဆုံနေတယ် ဆိုတဲ့အကြောင်း … ခုမှ သတိရတယ် လာစမ်းပါဦး … မင်းတို့ နှစ်ယောက်နဲ့ ဓာတ်ပုံလေး တွဲရိုက်ဦးမှပဲ။
ပြောပြောဆိုဆို ဦးရုက္ခစိုးက သူ့ စမတ်ဖုန်းလေးကို ဖွင့်နေသည်။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးတော့ မုခစာအုပ် ရောဂါ စွဲနေပြီ။
ကြွက်စုတ်။ ။ ဒါဆို ပြန်ကြားရေး ဝန်ကြီးလောက်တော့ အေးအေးဆေးဆေး လုပ်လို့ရပြီ။
တယောက်ပေါက် နှိပ်ကွပ်နေသော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ စကားကို မမှုသည့်အလား ဦးရုက္ခစိုးက နှစ်ယောက်ကြားဝင်ကာ ဓာတ်ပုံကို ပြောင်းပြန် ကြိုးစား၍ ရိုက်နေလေသည်။ သို့သော် မီးမလာသောကြောင့် မှောင်နှင့်မည်းမည်း ဖြစ်နေရာ စမတ်ဖုန်းတွင် အရုပ်မထင် ဖြစ်နေပြန်သည်။ ရုက္ခစိုး၏ ကိုယ်ရောင်ကိုယ်ဝါကလည်း ပြချင်တိုင်း ပြလို့မရ၊ အထက်နတ်ကြီး များ၏ အညိုငြင် ခံရနိုင်သည်။
ထိုစဉ် မီးက ဖြတ်ခနဲ ပြန်လာသည်၊ နှစ်ယောက်နှင့် တပါးတို့မှာ “ဟေး” ဟု အော်မည် ကြံကာရှိသေး မီးက အားမပြည့်သဖြင့် မလင်းချင် လင်းချင် ဖြစ်နေသောကြောင့် အားမလို အားမရ ဖြစ်နေရသည်။ ဦးရုက္ခစိုး ဓာတ်ပုံ တပုံ ရိုက်ပြီးချိန်တွင် မီးက ပြန်ပြတ် သွားတော့သည်။
ကြွက်စုတ်။ ။ ဒါနဲ့များ ဆီးဂိမ်းအိမ်ရှင် လုပ်ဦးမတဲ့၊ ဒီပုံနဲ့တော့ အရှက်တွေ ကွဲဦးမယ်။
ကြွက်စုတ်က အားမလိုအားမရ ရေရွတ်လိုက်သည်။
ရုက္ခစိုး။ ။ အဲဒါပဲ … မင်းတို့က အဆိုးမြင်မယ် ဆိုတာချည်းပဲ။ သတင်းတွေမှ မဖတ်တာ။ ဆီးဂိမ်းဖွင့်ပွဲမှာ အစိုးရမီးကို လုံးဝ မသုံးဘဲ မီးစက်ကြီးတွေနဲ့ ဖွင့်မှာကွ။ နိုင်ငံတကာမှာ ဘယ်သူမှ မလုပ်သေးတဲ့ အသစ် … အသစ် … သဘောပေါက်။
ဖိုးရှုပ်။ ။ အစိုးရမီးကို လုံးဝ မသုံးဘူးဆိုတော့ ဆီးဂိမ်းကို တာဝန်ယူ ကျင်းပမယ့် အစိုးရက သူ့အီးပီစီကို ယုံကြည်မှု မရှိတဲ့ သဘောပေါ့နော်။
ကြွက်စုတ်။ ။ မီးစက်ကြီးတွေနဲ့ ဖွင့်ပွဲလုပ်မှာဆိုတော့ အဲဒီမီးစက်ကြီးတွေက ထွက်တဲ့ အပူငွေ့တွေ၊ အသံတွေနဲ့ သဘာဝ ပတ်ဝန်းကျင်တော့ ထိခိုက်တော့မှာပဲ။
ဖိုးရှုပ်။ ။ ဟုတ်တယ် … တကယ်ဆိုရင် ဟိုအကြံပေး ပရောဟိတ်ကြီး ပြောတဲ့ နည်းကိုပဲ သုံးသင့်တာ၊ လျှပ်စစ်မီး မရှိရင် ဖရောင်းတိုင်ထွန်း ဆိုတာလေ။
ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ တယောက်တပေါက် ထင်ကြေး ပေးနေသည်ကို ဦးရုက္ခစိုး ဂရုမစိုက်အား၊ ရိုက်ထားသည့် ဓာတ်ပုံ တပုံကို မုခစာအုပ်ပေါ် ကြိုးစား တင်နေသည်။ သို့သော် ကွန်နက်ရှင် ပြတ်တောင်း ပြတ်တောင်းကြောင့် ဓာတ်ပုံက ဆံ့တငင်ငင် ဖြစ်နေပြန်သည်။
ရုက္ခစိုး။ ။ တောက် … ကွာ … ဖုန်းက ဘတ္ထရီ ကုန်တော့မယ် ပုံက မတက်သေးဘူး။
ကြွက်စုတ်။ ။ အဲဒါ ပြောတာပေါ့ ဦးရုက္ခစိုးရဲ့ ဆီးဂိမ်းက တလပဲ လိုတော့တယ်၊ အခုထိ ကွန်နက်ရှင်က မကောင်း၊ မီးက ပြတ်တောင်း ပြတ်တောင်းနဲ့ နိုင်ငံတကာ ရှေ့မှာ ဘယ်လို မျက်နှာသွားပြမလဲ။
ရုက္ခစိုး။ ။ မင်းတို့တွေက အတွေးအခေါ်တွေ တော်တော် ညံ့သေးတာပဲ။ ဒီလိုပွဲမျိုးမှာမှ ကမ္ဘာမှာ မြန်မာဟေ့လို့ ပြရအောင် လူကြီးမင်းတွေက တမင် စီစဉ်ထားတာ … သဘောပေါက် …၊ လျှပ်စစ်မီးမရှိရင် အင်ဗာတာသုံး၊ အင်ဗာတာ အားကုန်ရင် မီးစက်သုံး၊ မီးစက်ဆီကုန်ရင် ဖရောင်းတိုင်ထွန်းမှာပေါ့။
ဖိုးရှုပ်။ ။ တက်မရှိရင် လက်ထိုးလှော်မယ် ဆိုတဲ့စကားကို မီးမလာရင် မီးစက်နဲ့ ထွန်းမယ်လို့ ပြောင်းရတော့မယ် ထင်တယ်။
ရုက္ခစိုး။ ။ ဒါပေါ့ကွာ … ခေတ်နဲ့အညီပေါ့။ ဖုန်းဘတ္ထရီ အားကုန်မှာစိုးရင် မိုဘိုင်းအားသွင်းစက်ကလေး ဝယ်ထားလို့ပါ ဖြည့်လိုက်။ အဲဒါ တို့ မြန်မာ။ ငါတောင် မဝယ်ထားမိလို့ အခု ဖုန်းက အားကုန်တော့မယ်။
ကြွက်စုတ်။ ။ အင်တာနက် ကွန်နက်ရှင် မကောင်းရင်ကော ဘယ်လိုလုပ်ရမလဲ။
ရုက္ခစိုး။ ။ အဝိုင်းလေး လည်နေတာကြည့်ရင်း တရားမှတ်ပေါ့ကွ …၊ ကုသိုလ်တောင် ရသေး။
ဦးရုက္ခစိုးကို ဖိုးရှုပ်ကော ကြွက်စုတ်ပါ နိုင်အောင် မပြောနိုင်တော့သောကြောင့် ပါးစပ်ပိတ်ပြီး ခေါင်းတခါခါ လည်တခါခါ နှင့်သာ ကြည့်နေရတော့သည်။
ရုက္ခစိုး။ ။ ကဲကဲ ဘာမှ စိတ်ပျက်မနေကြနဲ့ … ငါတိုင်ပေးမယ် လိုက်ဆိုကြ … အခု မြန်မာပြည်ရဲ့ ဆီးဂိမ်းဆောင်ပုဒ်ကို ငါကိုယ်တိုင် ပြောင်းမယ်။
ဖိုးရှုပ်။ ။ ဆီးဂိမ်းဆောင်ပုဒ်ကို ပြောင်းရအောင် ဦးရုက္ခစိုးက အကြီးအကဲလား။
ရုက္ခစိုး။ ။ အကြီးအကဲတော့ မဟုတ်ဘူးပေါ့ကွာ … ဒါပေမယ့် အကြီးအကဲကို ပြောပြီးသား၊ သူကလည်း သဘောတူတယ်။ လွှတ်တော်မှာ တင်ပေးမယ်တဲ့။
ကြွက်စုတ်။ ။ လုပ်ချင်ရာသာ လုပ်တော့ ဦးရုက္ခစိုးရေ … ကျနော်တို့လည်း မြန်မာပြည်ထဲ ပြန်ရောက်နေမှတော့ မီးစက် ကြည့် ကရတော့မှာပေါ့။
ရုက္ခစိုး။ ။ မှန်တယ် … မင်းလည်း စကားပုံကို ခေတ်နဲ့ လျော်ညီအောင် ပြင်တတ်လာပြီပဲ။ အဲဒီတော့ အကျင့်ရအောင် လိုက်ဆိုထားကြ … ဆီးဂိမ်းမှာ အားကစားပွဲတွေ ကြည့်တဲ့အခါမှာ အဲဒီဆောင်ပုဒ်ကို လည်ချောင်းကွဲအောင် အော်ရမှာ။
ထို့နောက် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ဦးရုက္ခစိုး သင်ပေးသည့်အတိုင်း တသဝေမတိမ်း လိုက်အော်ကြရင်း လည်ချောင်းကွဲ အသံနာ၍ ၂ ရက်ခွဲခန့် အိပ်ရာထဲ လဲကြလေတော့သတည်း။
စာဖတ်ပရိသတ်များ အနေဖြင့် ဆီးဂိမ်းအမီ လေ့ကျင့်နိုင်ရန် အောက်ပါ ဆောင်ပုဒ် အတိုင်နှင့် အဖောက်ကို မျှဝေ ပေးလိုက်ပါသည်။
ရုက္ခစိုး။ ။ မီးစက်သံ တဒုန်းဒုန်း …။
ရှုပ်/ ကြွက်။ ။ တို့မြန်မာကို တူရင် တုကြ …။