ခေါင်းရင်းမှာ မာလာကာပင်ရှိတယ်၊ ဗုဒ္ဓံသရဏံပင်တွေလည်း ရှိတယ်။ ရေကန်ဟောင်းကြီး နေရာမို့ ရေစပ်စပ်မှာ ကန်စွန်းခင်း ကလေး ရှိသေးရဲ့။ တကယ်တော့ အဲဒီ အခင်းအကျင်းလေးက ကြီးကြီးကျယ်ကျယ် တပြန့်တပြော ကွင်းပြင်ကြီးလည်း မဟုတ်ပါဘူး။ ဘာရှိမှာလဲ၊ အလွန်ဆုံးရှိမှ ဆယ့်လေးငါးပေ အကျယ်ထဲမှာပဲပေါ့။ ဒါပေမယ့် သံဆန်ခါတပ် ပြတင်းပေါက် ကလေးက မြင်ရတဲ့ ဒီမြင်ကွင်းကလေးကို အခုထိ စွဲလမ်းနေဆဲပါ။ ငယ်ငယ်ကတည်းက ဒဂုန်တာရာ့စာတွေကို နှစ်သက် မိနေတော့ အဲဒီပြတင်းပေါက်လေးမှာ ခန်းဆီး အပြာလေးတပ်ထားတယ်။ ပြတင်းပေါက်လေး ဘေးမှာ စားပွဲသေးသေးလေး၊ ဘီရိုအိုလေး တလုံးနဲ့ ခုတင်လေးကြား စားပွဲလေးပေါ့။ စားပွဲလေးထိပ်က စင်လေးပေါ်ရယ်၊ ဘီရိုလေးပေါ်ရယ်မှာ စာအုပ်တွေ အထပ် တင်ထားတာပါ။ စားပွဲလေး ထိပ်က စင်လေးပေါ်မှာ စာအုပ်တွေအပြင် ပလာစတာအဖြူနဲ့ ထုတားတဲ့ ဗီးနပ်စ်ရုပ် လေးလည်း ရှိတယ်။ မန္တလေးမှာ ဘီလမ်းထောင့်က ကုန်တိုက် စဖွင့်တဲ့နေ့က အမှတ်တရ ဝယ်ခဲ့တဲ့ အရုပ်ကလေး။
မနက်စောစောဆို ခေါင်းရင်း မာလကာပင်ပေါ်မှာ စာကလေးတွေ ကျလိကျလိအသံ ညံလို့။ မိုးရက်တချို့မှာတော့ မာလာကာပင်ပေါက်၊ ကန်စွန်းခင်း ရေစပ်မှာ အုံးအင်၊ အုံးအင် ဖားသံတွေလည်း ကြားရရဲ့။
အဲဒီလို နေရာမျိုးလေးကို မွေးသည်မှ အိမ်ထောင်ကျစ အသက်အစိတ်လောက်အထိ နေခဲ့ဖူးပါတယ်။ အဲဒီ နေရာလေးကို စွန့်ခွါခဲ့တာ အခုဆို နှစ် နှစ်ဆယ်ကျော်ပါပြီ။ ဒါပေမယ့် အိပ်မက်မက်တိုင်း “ကိုယ့်အိမ်” ဆိုရင် အဲဒီနေရာလေးကိုပဲ စွဲစွဲမြဲမြဲ မက်နေတော့တယ်။
ပြတင်းပေါက်လေး … ခန်းဆီးပြာလေး … ကန်စွန်းခင်းလေး … မာလကာပင်လေး …
အိက်မက်ထဲမှာ အဲဒီနေရာလေး ပြန်ပြန်မြင်ရ၊ တွေ့ရတိုင်း လှိုက်ခနဲ၊ နင့်ခနဲ့ ဝေဒနာခံစားရတာလည်း အခုထက်တိုင် …။ဒါဟာ အိမ်လွမ်းစိတ် ခေါ်လေမလား မသိ။ ဒါဖြင့် အခုနေတာရော “အိမ်” မဟုတ်ဘူးလား။
ဘာပဲပြောပြော လူတိုင်းလူတိုင်းဟာ ငယ်ဘဝ၊ ငယ်ဇာတိကိုတော့ လွမ်းကြ၊ တသကြ၊ နှစ်သက်ကြသူချည်း နေမှာပါ။ ဘယ်လိုဘဝမျိုး ရောက်ရောက်ပေါ့။ အခု လက်ရှိဘဝက ငယ်ဘဝနဲ့ ဘာမှမဆိုင်၊ ၁၈၀ ဒီဂရီပြောင်းလဲ တိုးတက်ချင် တိုးတက်နေမယ်။ သို့မဟုတ် ဆုတ်ယုတ်ချင် ဆုတ်ယုတ်နေမယ် သိပ်ပြီးမထူးခြား၊ မကွဲပြား တာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ ဘာပဲပြောပြော ပြောင်းလဲမှုတခုခု ရှိမှာတော့ သေချာတယ်။
တခါတရံ အိပ်ရာက ဖျတ်ခနဲ လန့်အနိုး ကိုယ်အိပ်နေတဲ့ အိပ်ရာကလည်း ငယ်ငယ်ကအိပ်ရာပဲလို့ ဝေဝေဝါးဝါး မှတ်ထင် မိအောင်ထိ အိမ်လွမ်းစိတ်လေးတွေ ရှိတတ်ပါတယ်။
ဒီလိုပါပဲလေ …။
မန္တလေးမှာမွေး၊ မန္တလေးမှာ ကြီးရလေတော့ ငယ်ငယ်တုန်းက မန္တလေးကိုလည်း လွမ်းတာပါပဲ။ နန်းတော်ရှေ့ နဒီ မြောင်းထဲက ကြာပွင့်တွေ၊ ကြာဖတ်တွေ၊ ကျွဲခေါင်းသီး ခူးတဲ့ စည်ပိုင်းပြတ် လှေကလေးတွေ …။ ပြီးတော့ အောင်ပင် လယ်ကန်ပေါင်ရိုး၊ ရန်ကင်းတောင်၊ ပုဏ္ဏားကုန်းရွာ၊ မိုင်ကုန်းရွာ၊ ၁၀ ပေ လက်တံမြောင်း၊ မင်းဂံ ဘုတ်၊ ပြီးတော့ ရွှေပြည်စိုး။
“ရွှေပြည်စိုး” ကို ကျနော်စပြီး သိတာက သူငယ်ချင်း ကျော်ရွှေဆီကပါ။ အဲဒီတုန်းက ခုနှစ်တန်းကျောင်းသား …။ ကျနော်တို့ နေတဲ့ကျောင်းက မန္တလေး အနောက်ပြင်ပွဲကုန်းမှာ ရှိတဲ့ “လှသိပ္ပံ” တဖြစ်လည်း အမှတ် ၂၁ အထကပါ။ အဲဒီကျောင်းမှာ ရှစ်တန်းအထိ နေခဲ့ပြီးမှ အမှတ် ၁ ကျောင်းကို ပြောင်းခဲ့ပါတယ်။ ခုနစ်တန်းမှာ ကျော်ရွှေဆိုတဲ့ သူငယ်ချင်းရှိတယ်။ သူက ပိုက်ကျုံး၊ ဖို့ကုန်းအရပ်သား၊ ဒါပေမယ့် သူ့အရပ်ကို “ဖို့ကုန်း” လို့ခေါ်ရင် မကြိုက်ဘူး။ ဘီအိုစီကွက်သစ်တဲ့။ ကျော်ရွှေက သဘင်မှုမှာ အတော်ဝါသနာ ထုံတဲ့သူလို့ ပြောရပါမယ်။ ရွှေမန်းကျော်အောင်ရဲ့ မေဓာဝီတို့၊ မြို့တော်ဝင်းမြိုင်ရဲ့ “ကွမ်းဆော်” စတဲ့ ဇာတ်ထုပ်တွေဆိုရင် အလွတ်ရတယ်။ သူတို့အရပ်ကလည်း ချွတ်ဆို ဇာတ်ငှား၊ အငြိမ့်ငှားပြီး ပွဲခံနေကျ မဟုတ်လား။
ပြီးတော့ ဓာတ်ပြား ဇာတ်ထုပ်တွေလည်း တော်တော်ရတယ်။ စိုးမိုးမေတ္တာဆို အပိုင်ပေါ့။ ရုပ်ရှင်ဇာတ်လမ်းထဲက “ကိုယ်ရယ်၊ မင်းရယ်၊ ပိတောက်ရယ်” အကြောင်းများပြောရင် ဘယ်အချိန်ပြောပြော မမောဘူး။
တရက်တော့ သူက သီချင်းတပုဒ်ကို အကျအန ဆိုနေတယ်။ ကြားဖူးနေကျ သီချင်းမဟုတ်ဘူး။ ရွှံ့တွေလည်း ပါတယ်၊ ပုတီးတွေလည်း ပါတယ်၊ ဒေါ်လာပြားလည်း ပါတယ်။ ဒါပေမယ့် နားထဲမှာ စွဲနေတာက “အာ … ဝှာ … ဝှာ … ဝှာ … ဝှာ …” ဆိုတဲ့ အဆွဲပိုဒ်လေးပါ။
ကျော်ရွှေကလည်း အဲဒီအပိုဒ်ကို ခံတွင်းတွေ့တော့ သချၤာတွက်ရင်းလည်း “အာ … ဝှာ … ဝှာ … ”၊ မြန်မာစာရေးလည်း “အာ … ဝှာ … ဝှာ … ”၊ “အာ … ဝှာ … ဝှာ … ” လိုက်တာ ဘေးနားက ကျနော်တို့တောင် ကြာတော့ သီချင်းလေး ညည်းမိရင် “မြနဲ့မောင်နဲ့ အခုမှတွေ့တာ၊ လူပါး အား … ဟား … ဟား မဝခင်တုန်းက ပြောပြတော့ ရယ်စရာပါ အာ … ဝှာ … ဝှာ …” နဲ့ ဖြစ်ကုန်ပါရော။
ကျော်ရွှေက တကယ့် အငြိမ့်မင်းသမီးလေ ပေါက်နဲ့တူတာကိုး။ “လူပါး အာဟားဟား” ဆိုပြီး “လူပါးမဝ” ကို ရိုးရိုးမဝဘူး။ နောက်တော့ ကိုယ်က “အာ ဝှာ ဝှာ” သာ လုပ်နေရတယ်၊ ဘာမှမသိတော့ မေးနေရတာပေါ့။ ဒီတော့မှ ကျော်ရွှေက မင်းသမီး ရွှေမန်းသူ မြင့်မြင့်သန်းက အဲဒီသီချင်းဆိုပြီး ကတာ သိပ်ကောင်းတဲ့ အကြောင်း၊ မြင့်မြင့်သန်းဆိုတာ သစ်လွင် အငြိမ့်က ခေါင်းဆောင် မင်းသမီး ဖြစ်တဲ့အကြောင်း ရွှန်းရွှန်းဝေအောင် ပြောပြတော့တာပေါ့။ နောက်တော့ ဘုရားပွဲ၊ ကထိန်ပွဲတွေမှာ သစ်လွင် အငြိမ့်ဆိုရင် အော်ပရာတွေ ပြီးတောင် မပြန်နိုင်ဘဲ မြင့်မြင့်သန်းရဲ့ “အာ ဝှာ ဝှာ ဝှာ” ကို စောင့် နားထောင် ယူရတဲ့ အထိ။
လေဘာတီ မမြရင်ကိုတော့ မမီလိုက်လို့ ဘယ်လောက် ကောင်းတယ်ဆိုတာ မပြောနိုင်ပါဘူး။ ဒါပေမယ့် မြင့်မြင့်သန်းဆိုလို့ “ရွှေပြည်စိုး” သီချင်းကို အရသာသိ ကျော်ရွှေကြောင့် သီချင်းစာသားတွေ ရလာတော့ ကျုံးဘေး စက်ဘီးပတ်စီးရင်း “ရွှေပြည်စိုး” သီချင်းဆိုရတာ သိပ်ကောင်း။ ရန်ကင်းတောင် စက်ဘီးနဲ့ သွားတိုင်း ကန်လယ်ရောက်ရင် ရွှေပြည်စိုးသီချင်း ဟစ်ရတာ အရသာရှိ။ ကြံထားပါသေးတယ်။ ရည်းစားများ ရှိလို့ အောင်ပင်လယ် ကန်ဘောင်ရိုးမှာ ချိန်းတွေ့ရင် ရည်စားကို “အာ ဝှာ ဝှာ” ဆိုပြဦးမယ်လို့ …။ ဒါပေမယ့် ဒီကနေ့အထိ ဖြစ်မလာသေးပါဘူး။
တကယ်တော့ နန်းတော်ရှေ့ ဆရာတင် သီချင်းတွေက အသွား သိပ်ကောင်းတာကိုး။ စာသားတွေကလည်း မှတ်မိလွယ်၊ ဆိုလို့လွယ်၊ လူထဲက စကားလုံးတွေ …။
ပြီးတော့ ဖွဲ့ထားတာက မန္တလေး ပတ်ဝန်းကျင်က မြင်ကွင်းတွေ၊ စရိုက်တွေ …။ “ရွှေ ပြည်စိုး” သီချင်းသွား စိတ်ပါလက်ပါ လွတ်လွတ်လပ်လပ် ဆိုလိုက်ရရင် ရင်ထဲပေါ့ပြီး လန်းသွား တက်ကြွသွားတာကလား …။
တက္ကသိုလ်က ဘွဲ့လေးတခုရပြီး အလုပ်မရှိ အကိုင်မရှိ ဖြစ်နေချိန်မှာ စောစောက ဖို့ကုန်းသား ကျော်ရွှေနဲ့ပဲ အလုပ်မရှိ အလုပ်ရှာ၊ မနက်တိုင်း မန္တလေးတောင်ပေါ် တက်ကြပြီး ဆုတောင်းပြည့် ရင်ပြင်က လေတဝူးဝူးမှာ ရန်ကင်း တောင်ဘက် မျှော်ရင်း “ရွှေပြည်စိုး” ကို နေ့တိုင်း ဆိုဖြစ်တယ်။
နောက် အလုပ်ထဲရောက်၊ အောင်ပင်လယ် လယ်ကွင်းစပ်၊ ရန်ကင်းတောင်ခြေက သင်တန်းကျောင်း တကျောင်းမှာ ဆောင်းဦးပေါက် ခိုကြရပြီး သင်တန်းအဆင်း ကပွဲလေး လုပ်တော့ ဇာတ်ဆရာ ကျနော်က မင်းသမီးကို “ရွှေပြည်စိုး” ဆိုစေ၊ ကစေခဲ့တယ်။ ကျနော်လိုချင်တဲ့ “အာ … ဝှာ … ဝှာ …” ကို ကျနော့် ရွှေမင်းသမီးက ထပ်ချပ်မကွာဆိုနိုင်၊ ကနိုင်လို့ ဝမ်းသာပီတိ ဖြစ်ခဲ့ဖူးပါတယ်။
ဪ “ရွှေပြည်စိုး” ကား လွမ်းပိုဖွယ်ရာ “ရွှေပြည်စိုး”။
တလောက စာရွက်ဟောင်းလေး တရွက်ကို အလုပ်နဲ့ ပတ်သက်ပြီး အမှတ်မထင် တွေ့ရပါတယ်။ ပိုးဟပ်နံ့၊ ဝါကျင့်ကျင့် စာရွက်နဲ့ ခဲစာလုံး ထူထူရိုက်ချက်တွေ တွေ့ရင် စူးစမ်းချင်စိတ် အကျင့်ပါနေပါပြီ။ ကျန်တဲ့ နေရာလေးက ခဲစာလုံးတွေ ဖတ်ကြည့်တော့ ရွှေပြည်စိုးသီချင်း စာသားလေးပါလား …။
ဒါနဲ့ ကိုယ်ရတဲ့ “ရွှေပြည်စိုး” သီချင်းလေးကို ပါးစပ်ထဲထည့်ပြီး စာသားကိုဖတ်ကြည့်တော့ လား … လား အတော် လွဲနေတာတွေ့ပါလား …။ ကိုယ် ရထားတဲ့ စာသားတွေက အလွဲတွေ၊ အဖောင်း အပွတွေ၊ အဓိပ္ပာယ်မဲ့တွေ။
မူရင်းစာသားက အဓိပ္ပာယ်လည်းရှိ၊ ပိုပြီးလည်းလှ၊ ပိုပြီးလည်း ကျစ်လစ်ပါလား။
သာစည်နယ် ရွှေဖလားကန်က “ဆိုင်းငြိမ့်” တောမင်းသမီးလေး မမြရင် …။ သဘင့် တက္ကသိုလ် မန္တလေး ရွှေမြို့တော်ကြီး ရောက်လာပြီး နံပါတ်ဝမ်းတစ်၊ ဂဏန်းတစ် ဖြစ်လာတယ်။ မင်းပွဲ၊ စိုးပွဲ၊ သူဌေးပွဲတွေမှာ ဟိုးဟိုးကျော်ကာ မင်းတွေ၊ စိုးတွေ၊ သူဌေးတွေ ဝိုင်းဝိုင်း လည်လာပြီးသကာလ ရွှေဆို ရွှေ၊ ငွေဆို ငွေ ဖူးညွှတ်နေအောင် ဆင်နိုင်တဲ့ ရွှေမင်းသမီး မမြရင် ဖြစ်နေချိန်မှာ မမြရင်ရဲ့ “အိမ်လွမ်းစိတ်” လေးကို နန်းတော်ရှေ့ ဆရာတင်က စာနာပြီး ရေးဖွဲ့လိုက်တဲ့ သီချင်းပါကလား။ လူ့ စရိုက်၊ လူ့မနောနဲ့ မြန်မာ့ဓလေ့၊ မြန်မာ့စိတ်ထားကို အလွယ်ဆုံး အရိုးဆုံး စကားလုံးတွေနဲ့ ဖွဲ့ထားတဲ့ သီချင်းပေပ။
“မြနဲ့မောင်နဲ့ အခုမှတွေ့တာ၊ လူပါးမဝခင် တုန်းက … ပြောပြတော့ ရယ်စရာပါ။ ထဘီကလေး တိုတိုဝတ်ကာ ကျမ ငယ်စဉ်အခါ၊ လူထဲ မဝင်သေး … တော့ အလှပြင် ဆင်ချာ၊ မယ့်ရင် ကုန်ကုန်ပြောမယ်၊ တောသက်သက်မို့ ဘယက်ဒွာရရာ၊ ရွှံ့တွေ ကပ်စီကပ်စီ၊ ပုတီးလုပ်ကာ ဆွဲရပါတယ် အုန်းမှုတ်ပဲ့ကို ရှာရှာ၊ ဒိုလာပြားကြီး ဆယ့်ငါးပြားလောက် ဆွဲ … ရတာ၊ ကိုကိုတို့က မြှောက်စားပေမယ့် ဟိုတုန်းကလို မပျော်ပါ၊ မောင်မောင်တို့က မြှောက်စားပေမယ့် အရင်တုန်းကလောက် မပျော်ပါ … ကျမတို့ရွာကို ပို့ပါ ပို့ပါ … လွမ်းတဲ့သူနဲ့ တွေ့ရုံကလေးပါ၊ တယော ဘယ်လိုတောတော၊ အဆန်း ဘယ်လိုပေါပေါ၊ နားဝင် ချိုအောင် ဘယ်လိုပြောပြော … သဘောမကျနိုင်ဘူး အစ်ကို (ရွှေပြည် စိုး)၃ လွမ်းပိုဖွယ်ရာ ခရာ သံစုံကျူးကြော့ … ဉာဏ်ဟုန်၊ နန်းဘုံစင်္ကြာ … ပန်းညို၊ ပန်းနီ၊ ပန်းဝါ ဪ … သြော် … ပေါတဲ့ နေရာ … တောကွဲ ဟေမဝါ (ရွှေပြည်စိုး)၃ လွမ်းပို ဖွယ်ရာ …။
အခုလို မြို့ကြီးသူ မမြရင် မဖြစ်သေးခင်၊ တောသူ မမြရင်ဘဝက လူပါး မဝသေးတာတွေ အခုနေများ ပြန်ပြောရရင် ရယ်စရာပါ တဲ့။ ထဘီလေး တိုတိုဝတ်ပြီး လူထဲမဝင်သေးတော့ “အလှပြင်ဆင်ချာ” ပါသတဲ့။ “ချာ”ဆိုတဲ့ စကားလုံး သုံးပုံ ထိရောက် လှပါတယ်။
ကုန်ကုန်ပြောရရင် ဆွဲစရာ ဆင်စရာ ဘယက်ဒွါရရာ မရှိတော့ အုန်းမှုတ်ခွက်အပဲ့ “အုန်းမှုတ်ပဲ့” ကိုရှာပြီး အဲဒီ အုန်းမှုတ်ပဲ့တွေ ဆယ့်ငါးပြားလောက် “ဒိုလာ” ပြားကြီးတွေ လုပ်ဆွဲရဆိုတယ်။ အခုခေတ် အခေါ် “ဒေါ်လာ” ကျပ်ပြားတွေကို “ဒိုလာ” ပြားလို့ ခေါ်ကြဟန် တူရဲ့။ စာရေးဆရာ မငြိမ်း (ရွှေလီ) ရဲ့ အစ်မ မမပွားကတော့ တရက်မှာ ကျနော့်ကို ရွှေထည်ပစ္စည်း တခု ပြပါတယ်။ သူတို့ဘိုးဘွားအမွေအနှစ် ဆွဲပြား တခုတဲ့။ ရွှေဆွဲပြားပါ။ “ဒိုရာ” ပြားလို့ခေါ်ပါသတဲ့။ 1 DOYA လို့ ရေးထားပါတယ်။ အရှေ့အလယ်ပိုင်း ဒေသက ထုတ်လုပ်ပုံ ရပါတယ်။ အာရဗီ စာသားနဲ့ တူတဲ့ စာတွေလည်း ပါရဲ့။ အညှာလေးနဲ့ ဆွဲပြားအဖြစ် ငယ်ငယ်က ဆွဲခဲ့ကြရပါသတဲ့။ အဲဒီလို “ဒိုရာ” ပြားတွေ အရင်က ကျယ်ကျယ်ပြန့်ပြန့် ဆွဲခဲ့ကြလို့ “ဒိုရာ” ပြား မတတ်နိုင်တဲ့ တောသူ မမြရင်လေး အုန်းမှုတ်ပဲ့လေးတွေ ခွာပြီး ဆွဲခဲ့လေသလား မသိ။
အခု မန္တလေး ရွှေမြို့တော်သူ လျှမ်းလျှမ်းတောက် ဟိုးဟိုးကျော် မမြရင် . . . ။ မပျော်ပါဘူးတဲ့၊ ငယ်ငယ်တုန်းက ရွှေဖလား ကန်သူ မမြရင်။ မင်းတွေ၊ စိုးတွေ၊ ကုန်သည် သူဌေးတွေ၊ ပညာတတ် ကြီးတွေကြား မပျော်တဲ့ မမြရင်၊ ရွာက လွမ်းတဲ့သူဆီ ပြန်ပို့ပေးပါလို့ သနားစဖွယ် ပူဆာနေတဲ့ မမြရင်ရဲ့ “ရွှေပြည်စိုး” သီချင်းလေးပါ။
ဒါဟာ မမြရင်ရဲ့ အိမ်လွမ်းစိတ်ပေပဲပ၊ နန်းတော်ရှေ့ဆရာတင်ရဲ့ အိမ်လွမ်းစိတ် ပေပဲပ။
ကျနော်တို့လည်း ငယ်ဘဝ လွမ်းစိတ်လေးတွေ ပေါ်လာတိုင်း “ရွှေပြည်စိုး” သီချင်းလေး ဆိုညည်းမိတယ်။
“ဟိုတုန်းကလို မပျော်ပါ၊ အရင်ကလောက် မပျော်ပါ”
ကြီးလေးလှတဲ့ မိသားစုတာဝန်၊ လူမှုရေး တာဝန်တွေ တရက်ထက်တရက် တိုးလို့တိုးလို့ ပိုပိုလာလေတိုင်း “အိမ်လွမ်းစိတ်” လေးတွေ တိုးလို့ တိုးလို့ လာလေဦးမှာပါ။
အဲဒီလို အခါတိုင်းမှာ ရွှေပြည်စိုးသီချင်းလေးကိုပဲ ထပ်ကာ ထပ်ကာ ဆိုညည်း နေမိတော့တယ်။