ငြိမ်းချမ်းရေးအတွက် အပေါက်စောင့် ရှိနေမယ်
This article has been converted from Zawgyi One to Unicode
အလုပ်မရှိသဖြင့် သတင်းထောက် ဝင်လုပ်နေသော ဖိုးရှုပ် ကောင်းမှုကြောင့် ဦးရုက္ခစိုး မြန်မာငြိမ်းချမ်းရေး စင်တာသို့ ရောက်ခဲ့ရ ပြန်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးရာ နေရာသို့ အရောက် ဖိုးရှုပ်တို့ သတင်းထောက် အုပ်စုနှင့် ငြိမ်းချမ်းရေး အပေါက်စောင့် နှစ်ဦးတို့ အချင်းများနေသည်ကို တွေ့လိုက် ရတော့သည်။ သူတို့နှစ်ဦးမှာ သတင်းထောက်များကို ဓာတ်ပုံ ပြန်ရိုက်ယူနေ ကြသည်။ ရှေ့တည့်တည့်က တပုံရိုက်ပြီး မပြီးသေး၊ တရားခံများကို ဓာတ်ပုံ ရိုက်သကဲ့သို့ ဘေးတိုက် တခါ ရိုက်ယူနေ သောကြောင့် သတင်းထောက်များနှင့် အချင်းများနေကြခြင်း ဖြစ်သည်။
ထို အပေါက်စောင့် နှစ်ဦးက ကုတ်အင်္ကျီနှင့် ဘောင်းဘီ အမည်း အထက်အောက်ဆင်တူ ဝတ်ထားပြီး မျက်မှန်မည်းများ တပ်ထားကာ မြန်မာဗီဒီယို ဇာတ်ကားထဲမှ လူကြမ်းများကဲ့သို့ မျက်နှာကို မဲ့ရွဲ့၍ ကြောက်စရာပုံစံ လုပ်ပြ နေသော်လည်း ရယ်စရာ ကောင်းနေသဖြင့် ဦးရုက္ခစိုး တပါးတည်း ကြိတ်ရယ်လိုက် မိသည်။
ထိုစဉ် ဦးရုက္ခစိုးနောက်၌ တစုံတဦး လာရပ်ပြီး “ဘာရယ်နေတာလဲ ဦးရုက္ခစိုးရဲ့” ဟု မေးလိုက်သံ ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်ရာ လွယ်အိတ်ကြီးတလုံး လွယ်ထားသည့် နှုတ်ခမ်းမွေးကြီးနှင့် ခန့်ငြားလှသော အဘိုးအိုတဦးကို တွေ့လိုက်ရသည်။
ရုက္ခစိုး။ ။ ဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းပါလား။ ဒီကို ဘာလာလုပ်တာလဲ။
မှိုင်း။ ။ ကျုပ်ဘာသာကျုပ် နတ်ပြည်မှာ ကွမ်းဝါးနေတာဗျာ … လူ့ပြည်က ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး ဆိုတဲ့ အသံတွေ ကြားလို့ နားစွင့်မိပါတယ်၊ ကျုပ်နားမလည်တဲ့ ကြွေးကြော်သံတွေပါ ကြားနေရလို့ ဘာများလဲ လာကြည့်တာပါ။
ဦးရုက္ခစိုးနှင့် သခင်ကိုယ်တော်မှိုင်းတို့ အချီအချ ပြောဆိုနေသည်ကို ကြားသွားသော မျက်မှန်မည်းတပ် အပေါက်စောင့် နှစ်ဦးမှာ သတင်းထောက် များကို ဘေးတွင် ခဏ ရပ်ခိုင်းထားပြီး ဦးရုက္ခစိုးတို့ထံသို့ လျှောက်လာကြသည်။
အပေါက်စောင့် ၁။ ။ ဟေ့လူဒွေ့စ် … ခင်ဖျားတို့စ် ဘယ်သူတွေ့စ်လဲ။
အပေါက်စောင့် ခမျာ မြန်မာစကား မပီရှာပေ။
ရုက္ခစိုး။ ။ ကျုပ်က ဦးရုက္ခစိုးဗျ။ အရင်က ချင်းမိုင်ရုက္ခစိုးပေါ့၊ ခင်ဗျားနဲ့လည်း ချင်းမိုင်မှာ ခဏခဏ ဆုံဖူးပါတယ်။ ခင်ဗျား … “၅ ဘတ်” တက္ကသိုလ် ဆင်းကြီး မဟုတ်လား။ ခင်ဗျားဗျာ … တချိန်လုံး မြန်မာ့အရေး ကျွမ်းကျင်သူ လုပ်နေခဲ့ပြီး မြန်မာစကားကို ဘာလို့ မပီရတာတုန်း။
ဦးရုက္ခစိုး၏ စကားကြောင့် ထိုသူမှာ မျက်နှာကွက်ခနဲ ပျက်သွားသည်။
အပေါက်စောင့် ၁။ ။ ဒီမှာ ဦးရုက္ခစိုး … အရင်က ခင်ခဲ့တာတွေ ဘာတွေက ချင်းမိုင်ကျုံးထောင့်မှာ ကျန်ခဲ့ပြီ …၊ ကျနော်နဲ့ ခင်တယ်ဆိုပြီး ညာတာပါတေးနဲ့ ဝန်ကြီးနား ကပ်တော့ လာမကြံနဲ့။ ဝန်ကြီးနားကို ကျုပ်တို့ပဲ ကပ်မှာ။
ဆရာကြီး သခင်ကိုယ်တိုင်မှိုင်းက ဦးရုက္ခစိုးနား တိုးကပ်၍ “မသိလို့ မေးပါရစေ ဦးရုက္ခစိုးရယ်၊ အဲဒီ ၅ ဘတ် တက္ကသိုလ် ဆိုတာကြီးက ဘာလဲဗျ” ဟု မေးလိုက်ရာ ဦးရုက္ခစိုးက ၅ ဂဏန်းကို ထိုင်းဘာသာ စကားဖြင့် “ဟား” ဟု ခေါ်ကြောင်း၊ ထိုသူများမှာ ထိုင်းနိုင်ငံတွင် အခြေစိုက်ခဲ့ပြီး ဟားဘတ် တက္ကသိုလ် တက်ဖူးသည်ဟု အမြဲ ကြွားလေ့ရှိသဖြင့် အလွယ်တကူ “၅ ဘတ်” တက္ကသိုလ် ဆင်းများဟု ခေါ်ကြောင်း ရှင်းပြရပြန်သည်။
အပေါက်စောင့် ၂။ ။ ဒါနဲ့ … ဒီဘက်က အန်ကယ်လ်ကကော ဘယ်သူများလဲစ်။ နှုတ်ခမ်းမွေးကြီးနဲ့ … ရော့ကာစတိုင်ပဲဗျာ မိုက်တယ်။
ရုက္ခစိုး။ ။ အဲဒါ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟ၊ ငြိမ်းချမ်းရေး အဘိုး … မင်းတို့ ဘိုးအေကြီးပေါ့။
စိတ်ထွက်ထွက်နှင့် ဦးရုက္ခစိုးက ဘုမှုတ်လိုက်သည်။
အပေါက်စောင့် ၂။ ။ ဘာ … ငြိမ်းချမ်းရေး အဘိုး ဟုတ်လား၊ တခါမှ မကြားဖူးဘူး။ ငြိမ်းချမ်းရေး အဘပဲ ကြားဖူးတယ်။ လူလည်တော့ ကျမယ် မကြံနဲ့နော် … ကျုပ်တို့က အမေရိကန်နိုင်ငံ ၅ ဘတ် တက္ကသိုလ်ကနေ အပေါက်စောင့် ဝါးရင်းတုတ်ကိုင် ပီအိတ်ချ်ဒီဘွဲ့ ယူလာတဲ့ သူတွေ။ ဘာမှတ်လဲ။
မှိုင်း။ ။ အေးပါကွာ … အေပေးလေးတွေရာ … မင်းတို့ လုပ်စရာရှိတာ လုပ်စမ်းပါ။ မင်းတို့ရဲ့ ငြိမ်းချမ်းရေး အဘဆိုတာ နဲ့လည်း တွေ့ကြည့်ချင်ပါသေးတယ်။
အပေါက်စောင့် ၁။ ။ ဘာဗျ … ကျုပ်တို့ အဘကို လူတိုင်း တွေ့ခွင့်ရမယ်များ မှတ်နေလို့လား၊ ပြ ခင်ဗျားမှာ မှတ်ပုံတင် ပါလား၊ သန်းခေါင်စာရင်းကော ပါလား။
မှိုင်း။ ။ ငါ အခုနေတဲ့ နတ်ပြည်မှာတော့ မှတ်ပုံတင်လည်း မလိုပါဘူးကွာ၊ အဘိုးမှိုင်းဆို နတ်တိုင်းသိတာပဲ။ ပြီးတော့ သန်းခေါင်စာရင်းလည်း ဘယ်ရှိမလဲကွဲ့။
ရုက္ခစိုး။ ။ အင်း ကျုပ်လည်း တူတူပဲ၊ အခုတောင် ဖိုးရှုပ်ခေါ်လို့ ကန့်လန့်ကန့်လန့် ပါလာတာ။ အဲဒါတွေနဲ့ ငြိမ်းချမ်းရေးနဲ့ ဆိုင်လို့လား။
အပေါက်စောင့် ၂။ ။ ဆိုင်ဆိုင် မဆိုင်ဆိုင်ဗျာ …။ ကျနော်တို့က ကိုယ့်တာဝန် ကိုယ်ပေးထားတာ။ ကဲ … အဘိုးကြီး … ခင်ဗျားအိတ်ကြီး ရှာပါရစေဦး။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သူ့လွယ်အိတ်ကို ထိုးပေးလိုက်ရာ အပေါက်စောင့် ၁ က စေ့စေ့စပ်စပ် ရှာဖွေသော်လည်း ကွမ်းအစ်ကြီး တခုမှလွဲ၍ တခြား ဘာတခုမှ ရှာမတွေ့ပေ။
မှိုင်း။ ။ ကိုင်း … ကျုပ် အထဲဝင်လို့ရပြီလား။
အပေါက်စောင့် ၁။ ။ မရဘူး၊ မရဘူး … ဒီကွမ်းအစ်ကြီးက ငြိမ်းချမ်းရေးကို ပျက်ပြားစေတယ်။ ဒီအပြင်မှာပဲနေ။
ရုက္ခစိုး။ ။ ကြံကြံဖန်ဖန်ကွာ … ကွမ်းအစ်က ငြိမ်းချမ်းရေးကို ပျက်ပြားစေတယ်ရယ်လို့ တခါမှ မကြားဖူးပါဘူး။ တခြားလည်း သူ့အိတ်ထဲမှာ ဘာမှ မတွေ့ဘဲနဲ့။
အပေါက်စောင့် ၂။ ။ အဲဒီလို ဘာမှ မတွေ့တာကိုက သံသယ ရှိစရာပဲ၊ အဲဒါကြောင့် မဝင်နဲ့ဦး။
ထိုသို့ အချီအချ ဖြစ်နေစဉ် အဆောက်အအုံထဲမှာ ဗိုလ်ချုပ်ကြီးတဦး ထွက်လာသည် …။ အပြင်က သတင်းထောက်များက အင်တာဗျူး ရရေး အပြေးအလွှား ကြိုးစားကြသည်ကို မြင်လိုက်သော အပေါက်စောင့် နှစ်ဦးတို့မှာ သူ့ထက်ငါ ဦးအောင် ဗိုလ်ချုပ်ကြီး အနားသို့ တိုးကပ်၍ “အဘ” ချင်း မိုးမွှန်အောင် ခေါ်ကာ လမ်းရှင်းပေးခြင်း … ထီးမိုးပေးခြင်းတို့ ပြုရင်း သတင်းထောက်များကို ဟိန်းဟောက်တော့သည်။
“ဟိုလူ … ခင်ဗျား ဗိုလ်ချုပ်ကြီးကို ဘာလို့ ဗိုလ်ချုပ်ကြီးလို့ ခေါ်တာလဲ”
“ဗိုလ်ချုပ်ကြီးကို အဘလို့ မခေါ်ရင် ငြိမ်းချမ်းရေး ပျက်ပြားစေမယ် ဆိုတာ မသိဘူးလား”
“နေပူလားအဘ”
“ကျနော်တို့ စတိုင် မိရဲ့လား အဘ”
“ထမင်းစားပြီး ရေကော သောက်ခဲ့ရဲ့လားအဘ၊ ရေသောက်မလား၊ ကျနော် ခပ်ပေးမယ် အဘ”
“ကားအထိ လမ်းလျှောက်သွားရတာ ညောင်းရင် ကျနော် ကိုရီးယားကားထဲကလို ကုန်းပိုးပေးမယ်လေ အဘ”
“ပိစ် စင်တာကြီး အဓွန့်ရှည်ပါစေလို့ ဆုတောင်းပါတယ် အဘ”
“ငြိမ်းချမ်းရေး ဆွေးနွေးပွဲ … ရေရှည် တည်တံ့ပါစေလို့လည်း မျှော်လင့်မိပါတယ် အဘ”
“ဟေ့ ဟိုတယောက် ဓာတ်ပုံ မရိုက်နဲ့ဦး၊ ဒီတယောက်ပဲရိုက်၊ … ဟိုတယောက်က ငါတို့စာရင်းထဲ မပါဘူး၊ မင်းက ဗျူးခွင့်မရှိဘူး …၊ ဟုတ်တယ်နော် အဘ”
ထိုသို့ သတင်းထောက်များဘက် လှည့်ကာ ဟိန်းဟောက်လိုက် …၊ ဗိုလ်ချုပ်ကြီးဘက် လှည့်ကာ ဖားလိုက်၊ ကြွေးကြော်သံ ဟစ်လိုက် လုပ်ရင်း ငါးဘတ် တက္ကသိုလ်ဆင်းကြီးများ အလုပ်ရှုပ်နေသည်ကို ကြည့်ရင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းနေလေသည်။
မှိုင်း။ ။ နေစမ်းပါဦး ဦးရုက္ခစိုးရဲ့ … အဲဒီလူတွေ ဘာလုပ်ကြတာလဲ။
ရုက္ခစိုး။ ။ အစက နိုင်ငံခြားမှာတုန်းကတော့ မြန်မာ့အရေး ကျွမ်းကျင်သူတွေပေါ့ ဆရာကြီးရယ်၊ အခုတော့ မြင်တဲ့ အတိုင်းပဲ။ ငြိမ်းချမ်းရေး ပွဲစား လုပ်နေတာ ထင်တယ်။
မှိုင်း။ ။ ဘာ … ငြိမ်းချမ်းရေး ပွဲစား … ဟုတ်စ။ ကျုပ်တော့ ငြိမ်းချမ်းရေး လုပ်ရင်း ဘာပွဲမှ မစားခဲ့ပါဘူးဗျာ၊ ကျုပ်ဘာသာ ကျုပ် ကွမ်းလေးပဲ တယာပြီးတယာ ထိုင်စားနေတာပါ။
ရုက္ခစိုး။ ။ ကွမ်းစားတယ် မလုပ်နဲ့ အခု အဲဒီကွမ်းကိုတောင် မျက်စောင်းထိုးနေပြီ မဟုတ်လား။
မှိုင်း။ ။ ပြီးတော့ သူတို့ ကြွေးကြော်တာကလည်း ဘာတဲ့ … ပိစ်စင်တာ အဓွန့်ရှည်ပါစေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရေရှည်တည်တံ့ပါစေတဲ့။ ကျုပ်တော့ နားမလည်ပါဘူး။
ရုက္ခစိုး။ ။ ဆွေးနွေးပွဲ ရေရှည်တည်တံ့မှ ငြိမ်းချမ်းရေးရဖို့ ကြန့်ကြာ၊ သူတို့ ပိစ်စင်တာကြီးလည်း အဓွန့်ရှည်ပြီး စားပေါက်ချောင် … အဲ … နိုင်ငံခြားက ပိုက်ဆံတွေ ဆက်ရနေမှာပေါ့။
ဆရာကြီးက မတိုးမကျယ် ပြစ်ပြစ်နှစ်နှစ် တချက် ဆဲလိုက်ကာ “တော်ပြီဗျာ … ကျုပ်ဘာသာ မှတ်ပုံတင်မလိုတဲ့ နတ်ပြည် ပြန်တော့မယ်။ သူတို့ဘာသာ ငြိမ်းချမ်းရေးရရ၊ မရရ၊ သေနတ်နဲ့ပဲ ပစ်ပစ်၊ လောင်ချာနဲ့ပဲ ထုထု … နောက် ဘယ်တော့မှ မလာတော့ဘူး” ဟု ပြောရင်း ပျောက်ကွယ် သွားတော့သည်။
ထိုစဉ် ဦးရုက္ခစိုး အနားသို့ စိတ်တိုနေသည့် ဖိုးရှုပ် ရောက်လာပြန်သည်။
ရုက္ခစိုး။ ။ ဟဲ့ ဖိုးရှုပ် … မင်းတို့ ငြိမ်းချမ်းရေး အဘကို အင်တာဗျူးဖို့ အထဲဝင်တော့လေ။
ဖိုးရှုပ်။ ။ ဘာအဘကိုမှ မဗျူးတော့ဘူး။ တော်ပါပြီ ဦးရုက္ခစိုးရယ် … ကျနော်တို့ နိုင်ငံတော် အကြီးအကဲ အိမ်ထဲ ဝင်တုန်းကတောင် ဒီလောက် အစစ်အဆေး မခံခဲ့ရဘူး။ ပြန်တာပဲ ကောင်းတယ်။
ပြောပြောဆိုဆို ဘောက်ဆတ် ဘောက်ဆတ်နှင့် လျှောက်သွားသော ဖိုးရှုပ်နောက်သို့ ဦးရုက္ခစိုး အပြေးလိုက်သွား သော်လည်း သူတို့နောက်တွင် အပေါက်စောင့် နှစ်ဦး၏ တယောက်တပေါက် ကြွေးကြော်သံများက ပဲ့တင်ထပ်ကာ ကျန်ခဲ့လေ၏။
“ငြိမ်းချမ်းရေးရဖို့ အဓွန့်ရှည်ကြာပါစေ”
“ငြိမ်းချမ်းရေး အဘ … ရာထူးမြဲပါစေ”
“ပိစ် စင်တာကြီး … ပိုးစိုးပက်စက် ပိုက်ဆံဝင်ပါစေ”
(ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။)