ပူပြင်းခြောက်သွေ့တဲ့ မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်း မြင်းခြံခရိုင်ထဲမှာ ထူးထူးခြားခြား စိမ်းစိုနေတာကတော့ ပုပ္ပားတောင်ကြီးပါ။ ဒီလို ပုပ္ပားတောင်ကြီးကို သာယာလှပနေအောင် ကြက်မောက်တောင်ဆည်ကြီးက အဓိက အထောက်အကူပြုပေး နေပါတယ်။
ကြက်မောက်တောင်ဆည်ကြီးရဲ့ ပြာလဲ့လဲ့ ရေပြင်ပေါ်မှာ အဖြူ၊ အစိမ်း ကျောင်းဝတ်စုံလေးတွေ ဝတ်ဆင်ထားတဲ့ ကျောင်းသား၊ ကျောင်းသူလေး တွေရဲ့ သီချင်း ဆိုသံ၊ စကားပြောသံ၊ လှေလှော်သံတွေကို ကျောင်းတက်၊ ကျောင်းဆင်း ချိန်တွေမှာ နေ့စဉ်ကြားမြင်နိုင်ပါတယ်။
သူတို့ဟာ ပုပ္ပားတောင်ခြေမှာရှိတဲ့ မုံကုန်းရွာက ကျောင်းသားလေးတွေဖြစ်ပါတယ်။ ရွာမှာက မူလတန်းကျောင်းအဆင့်ပဲရှိတာမို့ အလယ်တန်းနဲ့ အထက်တန်းကျောင်း တက်လိုတဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေက ကျောက်ပန်းတောင်းမြို့နယ် မကျီးတိုင်းရွာ အထက်တန်းကျောင်းကို တက်ဖို့ ကြက်မောက်တောင်ဆည်ကြီးကို ဖြတ်သန်းနေကြရတာပါ။
မုံကုန်းရွာနားမှာရှိတဲ့ ညောင်ချိုင်းရွာက ကျောင်းသူကျောင်းသားတွေကတော့ ဆယ်ဘောင်ပေါ်က လမ်းအတိုင်း လမ်းလျှောက်ပြီး ကျောင်းသွားတက်လို့ရပေမယ့် မုံကုန်းရွာ ကျောင်းသူ၊ ကျောင်းသားတွေအဖို့တော့ ကုန်းလမ်း မပေါက်တော့ လှေကို အသုံးပြုပြီး ရေကြောင်းခရီးနဲ့ ကျောင်းသွားတက်နေကြရတယ်။ လှေရှိတဲ့ ကျောင်းသားတွေအိမ်ကနေ ယူလာပြီး သူငယ်ချင်းတွေစုပြီး စီးကြတယ်တဲ့။ အခကြေးငွေ ပေးစရာ မလိုပါဘူး။
မုံကုန်းရွာက ကားလမ်းမပေါက်တော့ ကားလာလို့မရ၊ ဆိုင်ကယ်တချို့တောင် နေသာလို့ လမ်းသာမှ တောင်ခြေလမ်းတိုင်း ကျောက်ပန်းတောင်းမြို့ဘက်ကို သွားလို့ရတာ။ ကျောင်းတက်ဖို့ လမ်းကြောင်းက ရေလမ်းကြောင်း တခုပဲရှိတော့ မိုး လေ ကြီးတဲ့ရက်တွေဆိုရင် ကျောင်းမသွားဖို့ အားလုံး ဆုံးဖြတ်ပြီး ခွင့်ယူကြတယ်လို့ ကျောင်းသားတွေက ပြောပြတယ်။
မကျီးတိုင်း အထက်တန်းကျောင်းကို လှေနဲ့ သွားတက်နေကြတဲ့ မုံကုန်းရွာ ကျောင်းသားဦးရေဟာ စုစုပေါင်း ၈၀ ဝန်းကျင် ရှိပါတယ်။ ဒီလမ်းကြောင်းက အန္တရာယ်များပေမယ့် အများစုက ရေကူးတတ်ကြတယ်လို့ ဆိုပါတယ်။ ၂၀၀၈ တုန်းကတော့ လှေမှောက်တုန်းကတော့ အလယ်တန်းကျောင်းသူလေးတစ်ယောက် ရေမကူးတတ်လို့ ဆုံးသွားပါတယ်တဲ့။
ကြက်မောက်တောင် ဆည်ကြီးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော် ကာလ ကတည်းက ဆိုဗီယက်ပညာရှင်တွေ အကူအညီနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ကျောက်ပန်းတောင်းမြို့နယ်ထဲက လယ်မြေဧက တသိန်းကျော်ကို ရေပေးနေတာ ဖြစ်ပါတယ်။
အရင်နှစ်တွေက ကျောင်းသားတွေကို လှေကြီးနှစ်စီးနဲ့ လိုက်ပို့နေတဲ့ လှေသမားတွေရှိပေမယ့် ဒီနှစ်ကျောင်းဖွင့် ရာသီ အစကတည်းက ခရမ်းချဉ်နဲ့ ကြက်သွန်စိုက်ခင်းတွေဘက်ကို ဦးလှည့်နေကြရတာမို့ ကျောင်းသားတွေ ကိုယ်တိုင်လှော်ပြီး ကျောင်းတက်နေကြရတော့တာပါ။
ကျောင်းသားလေးတွေ တချို့ကတော့ ကျောင်းသွားရင် ကုန်းလမ်းခရီးက သွားချင်တယ်လို့ ဆိုပါတယ်၊ အချိန် အကြာကြီး လှေထဲမှာ ထိုင်နေရတာထက် ကုန်းလမ်းတွေပေါ်မှာ ပြေးလွှားစော့ကစားရင်း ထိုင်နားချင်တဲ့နေရာမှာ ထိုင်နားမယ်၊ ကွေ့သွားချင်တဲ့နေရာမှာ ကွေ့သွားနိုင်တယ်လို့ သူတို့စိတ်ထဲမှာရှိတာကို ပြောပြပါတယ်။
တချို့ကျောင်းသားတွေကတော့ ကြက်မောက်တောင် ဆည်ကြီးထဲမှာ သူငယ်ချင်းတွေနဲ့ အတူတူ တစ်ယောက် တစ်လှည့် လှေကိုလှော်ရင်း လှေစီးပြီး ကျောင်းတက်ရတာ ပျော်တယ်လို့ဆိုပါတယ်။