အသက် ၃၉နှစ် အရွယ်ရှိပြီဖြစ်သော ကချင်အမျိုးသား ကိုတန်ရော်သည် လွန်ခဲ့သော ၈နှစ်က ဘိန်းဖြူ အကြီးအကျယ် စွဲလမ်းခဲ့သူဖြစ်သည်။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကျောက်စိမ်းတွေထွက်ရှိရာ ဖားကန့်ဒေသမှာ မူးယစ်ဆေးသုံးစွဲသူဘ၀ နှင့် ရှိနေခဲ့တုန်းက အိပ်မက်ဆိုးတွေကို သူက ပြန်ပြောပြခဲ့သည်။
“ကျနော် ဘိန်းဖြူစွဲခဲ့တာ ၁၀နှစ်မကဘူး။ အသက် ၁၅ နှစ်မှာ မူးယစ်ဆေး စ သုံးဖြစ်တယ်။ ဆေးဖြတ်လိုက်နိုင်တဲ့ အချိန်မှာ အသက် ၃၀ ရှိနေပြီ” ဟု ကျောက်တူးသမားတယောက်လည်း ဖြစ်ခဲ့ဖူးသော ကိုတန်ရော်ကပြောသည်။
ချမ်းသာကြွယ်ဝသည့် ကျောက်စိမ်းကုန်သည် မိသားစုမှ မွေးဖွားခဲ့သော ကိုတန်ရော်က သူ၏ ဖခင်သည် ငွေကြေးချမ်းသာ မှုကြောင့် မြစ်ကြီးနားဒေသတွင် လူသိများသည်ဟုဆိုသည်။ သို့သော်လည်း မူးယစ်ဆေးဝါးသုံးစွဲခြင်းက သူတို့မိသားစု၏ ဘဝကို ဖျက်ဆီးခဲ့၏။ ပျော်ရွှင်ဖွယ်ရာ နေရက်တွေ ပျောက်ဆုံးသွားပြီး မိသားစု၏ စည်းစိမ် ဥစ္စာတို့သည်လည်း ချွတ်ခြုံကျ ခဲ့ရသည်။
“ကျနော့် အဖေက အရင်တုန်းကတော့ ချမ်းသာတဲ့ ကျောက်စိမ်းကုန်သည်တယောက်ပါ။ ကျနော်တို့ မှာ အိမ်အကြီးကြီး တလုံးလဲရှိခဲ့တယ်။ ဒါပေမယ့် အခုတော့ ကျနော်တို့ သေးငယ်တဲ့ အိမ်ဟောင်းလေးတလုံးမှာနေရတယ်။ အိမ်မှာ ကျနော် နဲ့ ကျနော့် အကို ၄ ယောက် မူးယစ်ဆေးစွဲခဲ့ကြတယ်လေ။ ကျနော်တို့ အလွန်အကျွံဆေးစွဲခဲ့တဲ့ အတွက် မိဘတွေ အမြဲတမ်း မျက်ရည်ကျခဲ့ရတယ်” ဟု ကိုတန်ရော်က ဆိုသည်။
“ကျနော်တို့က ဘိန်းဖြူဝယ်ဖို့ အတွက် ခိုးပြီးရောင်းစားတဲ့ အတွက် မိဘတွေမှာ အဝတ်အစား ကောင်းကောင်းတောင် မရှိဘူး။ ကျနော်တို့က ဆေးသမားတွေဖြစ်နေလို့ ညီမတွေ၊ အမတွေကလည်းရှက်ကြတယ်။ ကျနော်တို့က ဘိန်း ဖြူဝယ်ဖို့ အတွက် သူတို့အဝတ်အစားတွေကိုလည်း ခိုးရောင်းတာပဲ။ အဲဒီအချိန်တုန်းက ကျနော်တို့ သွေးထဲမှာ ဘိန်းဖြူ ပဲရှိတယ်။ ဒါကြောင့် ဘာကိုမှ ဂရုမစိုက်တော့ဘူး” ဟု သူကထပ်ပြောသည်။
ငယ်ရွယ်စဉ်ကာလ ဖားကန့်မှာ ကျောက်တူးလုပ်ငန်း လုပ်နေချိန်တွင် ကိုတန်ရော်တို့ ညီအကိုတတွေ မူးယစ်ဆေးသုံးခြင်းကို ဘယ်လိုမှ မရပ်တန့်နိုင်ခဲ့။ မြစ်ကြီးနားမှာ အိမ်ရှိသော်လည်း သူတို့က ဖားကန့်နှင့် မြစ်ကြီးနား နှစ်နေရာလုံးမှာ နေကြသည်။ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ ဆိတ်မူ ရပ်ကွက်တွင် ကျောက်တူးသမား လုပ်ရင်း သူ၏ အကိုတွေ သေဆုံး သွားသည့် အချိန်အထိ ကိုတန်ရော် မူးယစ်ဆေးသုံးစွဲခဲ့သည်။ ဆိုင်းတောင်မှာ ဘိန်းဖြူထိုးလို့ရသည့် နေရာရှိသည်။ အကို ၄ ယောက်သေဆုံးသွားသည့် အချိန်တွင် သူ့ဆီမှာ ဘာမှမကျန်ခဲ့၊ လမ်းပေါ်မှာနေရပြီး အစားလည်း မှန်မှန်မစားရဟု ကိုတန်ရော်က ပြန်ပြောပြသည်။
တချိန်က မူးယစ်ဆေး အလွန်အကျွံသုံးစွဲသူတယောက်ဖြစ်ခဲ့သော ကိုတန်ရော်သည် ယခုအခါမှာတော့ မြစ်ကြီးနားမြို့တွင် ခရစ်ယာန်လူငယ် လူငယ် ပြုပြင်ပြောင်းလဲရေး ကျောင်း (Christian Youth Reform Ministry) ဟု သိကြသည့် ပြန်လည် ထူထောင်ရေး ဌာနတခုကို ဦးဆောင်ပြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေး၊ မူးယစ်ဆေးစွဲနေသူများကို နှစ်သိမ့် ဆွေးနွေးပညာပေးရေး နှင့် မူးယစ်ဆေးဖြတ်နိုင်ရေးများ ဆောင်ရွက်နေသည်။
ပြန်လည်ထူထောင်ရေး ဌာနကို စတင်တည်ထောင်ခဲ့သည့် လွန်ခဲ့သည့် ၂နှစ်မှ စတင်၍ မူးယစ်ဆေးဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ကိုတန်ရော် ပါဝင်လှုပ်ရှားခဲ့ပြီး မူးယစ်ဆေးစွဲနေသူ ၅၀ ကျော်ကို ကူညီပေးနိုင်ခဲ့သည်။ သူ၏ ပြန်လည် ထူ ထောင်ရေး ဌာနကို ၂၀၁၀ ခုနှစ်တွင်စတင်ဖွင့်လှစ်ကာ မူးယစ်ဆေးစွဲနေသူများကို နှစ်သိမ့်ဆွေးနွေးခြင်းနှင့် ဘာသာရေး အဆုံး အမများကို သင်ကြားပေးခြင်းဖြင့် အားပေးခဲ့သည်။ ဓမ္မသီချင်းများ သီဆိုခြင်း၊ သမ္မာကျမ်းစာ ဖတ်ရှုခြင်း၊ ဝတ်ပြု ဆုတောင်းသည့် အလေ့အကျင့် ပြုလုပ်ပေးခြင်းများလည်း ပြုလုပ်စေခဲ့သည်။
မူးယစ်ဆေး ပြတ်သွားပြီး ၃ နှစ် အကြာ အသက် ၃၃ နှစ်အရွယ်တွင် ကိုတန်ရော် လက်ထပ်ခဲ့သည်။ မူးယစ်ဆေးဖြတ်ဖို့ အနည်းဆုံး အကြိမ် ၃၀ လောက် သူကြိုးစားခဲ့သည်။ ဒါပေမယ့် မအောင်မြင်ခဲ့ပေ။ နောက်ဆုံးမှာ မူးယစ်ဆေးကို သူ ဘယ်လို အောင်မြင်စွာ ဖြတ်နိုင်ခဲ့သည့် အကြောင်းကိုလည်း ပြောပြသည်။
“အဲဒီအချိန်တုန်းက ကျနော် အရမ်းကို ပိန်လှီနေပြီ။ အရိုးနဲ့ အရေပဲ ကျန်တော့တယ်။ တနေ့မှာတော့ ကျနော် သေရမယ့်နေ့ အကြောင်းကို အမှတ်မထင် တွေးနေမိပါတယ်။ ကျနော် အရမ်းကြောက်သွားတယ်။ အဲဒီအချိန်မှာ သမ္မာကျမ်းစာရဲ့ အဆုံးအမတွေက ကျနော့် ရင်ထဲကို ဝင်လာပါတယ်” ဟု ကိုတန်ရော်က သူဆေးဖြတ်ဖို့ ဖြစ်လာပုံကို ရှင်း ပြသည်။
“နောက်ပြီး မူးယစ်ဆေးရဲ့ အိပ်မက်ဆိုးကနေ လွတ်မြောက်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ကျော်ဖြတ်နေတဲ့ ကျနော့်သူငယ်ချင်းတွေကို သတိရတယ်။ အဲဒီအတွေးတွေ ဝင်လာတဲ့ အချိန်မှာပဲ မြစ်ကြီးနားကိုပြန်ပြီး ဘုရားကျောင်းမှာ အလုပ်လုပ် နေတဲ့ ဆွေမျိုးတွေဆီကို သွားဖို့ ကျနော် ဆုံးဖြတ်လိုက်ပါတယ်” ဟု သူကဆိုသည်။
ဘိန်းဖြူ၊ မက်သဖက်တမင်းန်နှင့် ဘိန်းရှုခြင်း အလေ့အထက မြစ်ကြီးနား၊ ဗန်းမော်နှင့် ဖားကန့် မြို့နယ်များတွင် ကျယ်ပြန့်နေသည်။ မူးယစ်ဆေးဝါး သုံးစွဲမှု ကျယ်ပြန့်လာသည်နှင့် အမျှ တက္ကသိုလ်ကျောင်းသားများ ပင်လျှင် မူးယစ်ဆေး ကုန်သွယ်ခြင်း လုပ်ငန်းတွင် အချင်းချင်း အရောင်းအဝယ်လုပ်ခြင်းအားဖြင့် ပါဝင်လာကြသည်ဟု မြစ်ကြီးနား တက္ကသိုလ်မှ ကျောင်းသား တဦး ဖြစ်သော ကိုဘရန်ရှောင်က ပြောသည်။
“ကျောင်းသား ၁၀၀ မှာ ၅၀ လောက်က မူးယစ်ဆေးသုံးကြတယ်လို့ ကျနော်ထင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဘိန်းဖြူ သုံး ကြတယ်။ သူတို့တွေက ခြုံထဲမှာ ဒါမှမဟုတ် လူမမြင်နိုင်တဲ့နေရာတွေမှာ ဘိန်းဖြူထိုးကြတယ်။ မူးယစ်ဆေးက ပညာရေး တခုထဲ ထိခိုက်နိုင်တာ မဟုတ်ပါဘူး၊ ကျနော်တို့ရဲ့ အမျိုးသားရေးကိုလည်း ထိခိုက်နိုင်ပါတယ်” ဟုလည်း သူကပြောသည်။
ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှုက ပိုမို၍ ကြီးမားကျယ်ပြန့်လာသော်လည်း မူးယစ်ဆေးရောင်းသူများ နှင့် သုံးစွဲသူများကို ဥပဒေကြောင်းအရ ဆန့်ကျင်တိုက်ဖျက်နိုင်မှု နည်းပါးပြီး ထိရောက်မှုမရှိဟု မြစ်ကြီးနားနှင့် ဖားကန့် ဒေသခံ များကပြောကြသည်။ ဒေသဆိုင်ရာ အာဏာပိုင်များ နှင့် ရဲတပ်ဖွဲ့ကိုလည်း တရားမဝင် မူးယစ်ဆေးကုန်သွယ်မှုများကို လျစ်လျူရှုထားကြသည်ဆိုသော စွပ်စွဲမှုများ လည်းရှိနေသည်။ အာဏာပိုင်များ ကိုယ်တိုင်ပါဝင်ပတ်သက်မှု ရှိနေသည်ဟု လည်း အချို့က စွပ်စွဲကြသည်။
မြစ်ကြီးနားမြို့ခံများ၊ အသက်အရွယ်ကြီးရင့်သော ကချင်တိုင်းရင်းသားများက ဒေသ ဆိုင်ရာ အာဏာပိုင်များက ကချင် လူငယ် အသိုင်းအဝိုင်းကြားမှ မူးယစ်ဆေးပြဿနာကို မျက်ကွယ်ပြုထားခြင်းမှာ ကချင်လူငယ်များ၏ ပညာရည် ကျဆင်း စေရန် နှင့် နိုင်ငံရေးတွင် စိတ်ဝင်စားမှု မရှိစေရန်ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ပြောကြသည်။
မြစ်ကြီးနားမြို့ ကချင်နှစ်ခြင်း အသင်းတော်(Kachin Baptist Church) ဆက်သွယ်ရေးဌာန အကြီးအကဲ ဦးလမိုင်ရော်က “ အဲဒါက စစ်အေး တိုက်ပွဲ လိုပါပဲ။ မူးယစ်ဆေးရောင်းဝယ်မှုက လူငယ်တွေကို ဦးတည်တယ်။ အဓိကကတော့ တက္ကသိုလ်တွေကိုပဲ။ ကျောင်းသားတွေက လွယ်လွယ်ကူကူ ဝယ်နိုင်နေတယ်” ဟုပြောသည်။
“အရမ်းစနစ်ကျတဲ့ စီမံကိန်းတခုလိုပဲ။ ဘာကြောင့်လဲဆိုတော့ ကျနော်က မူးယစ်ဆေးရောင်းနေတာတွေ့တဲ့အခါ ရဲအဖွဲ့ဝင်တွေကို ဘာကြောင့် မူးယစ်ဆေးရောင်းတဲ့သူတွေကို မဖမ်းတာလဲလို့ မေးတယ်။ သူတို့က မူးယစ်ဆေးရောင်းတဲ့ သူတွေကို ဖမ်းဆီးဖို့ သူတို့မှာ အခွင့်အာဏာ မရှိဘူးလို့ပြန်ဖြေတယ်” ဟု မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အတွက် လှုပ်ရှား နေသူ တဦးလည်း ဖြစ်သော ဦး လမိုင်ရော် ကပြောသည်။
ကချင်နှစ်ခြင်း အသင်းတော်က လူထုဆွေးနွေးပွဲများပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါး အန္တရယ်ကို သတိထားမိကြစေရန် ပညာရေး DVD များဖြန့်ဝေခြင်း နှင့် မူးယစ်ဆေးစွဲနေသူများအတွက် ဆုတောင်းပွဲများ ပြုလုပ်ပေးခြင်း စသည့် မူးယစ်ဆေး ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်နေသည်။
မူးယစ်ဆေးများသည် ပုံမှန်အားဖြင့် တရုတ်မြန်မာနယ်စပ်မှ ရောက်လာခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။ အများစု က ပြည်တွင်းမှဖြစ်ပြီး ရှမ်းပြည်နယ်မှ ရောက်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံ အရှေ့ဖက်ပိုင်း ရှမ်ပြည်နယ်တွင် ၀ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် ၀ သွေးစည်း ညီညွှတ်ရေးတပ်မတော် (UWSA) က ဘိန်းဖြူချက် စက်ရုံများ တည်ထောင် လုပ်ကိုင်လျှက်ရှိသည်ဟူသော စွပ်စွဲချက်များလည်း ပေါ်ထွက်နေခဲ့သည်။
မြန်မာနိုင်ငံသည် အရှေ့တောင် အာရှတွင် အကြီးမားဆုံး ဘိန်းစိုက်ပျိုး ထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး တကမ္ဘာလုံး အတိုင်း အတာ နှင့် ဆိုလျှင် အာဖဂန်နစ္စတန်၏ နောက်တွင် ဒုတိယဖြစ်သည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာ ရုံး (UNODC) မှ အောက် တိုဘာလအတွင်း နေပြည်တော်၌ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစောင်တွင် အစိုးရဖက်မှ တိုက်ဖျက်ရေးအားထုတ်မှုများ သိသိသာသာ တိုးမြှင့် လုပ်ဆောင်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုက ၆ နှစ် အတွင်း ထပ်မံမြင့်တက်လာခဲ့သည်ဟု ဖော်ပြထားသည်။
“မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု သိသိသာသာ တိုးတက်လာတာ၊ မက်သဖက်တမင်းန်နဲ့ တရားမဝင်မူးယစ်ဆေးဝါး ရောင်း ဝယ်မှုတွေ တိုးလာတာဟာ ဒေသတွင်းက လူသားတွေရဲ့လုံခြုံရေးကို ခြိမ်းခြောက်မှုတွေများလာစေပါတယ်” ဟု UNODC ၏ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ဌာနေကိုယ်စားလှယ် Gary Lewis က ပြောသည်။
ကချင်ပြည်နယ် ပန်ဝါဒေသနှင့် ကမ်ပတ်တီး မြို့နယ်ကြားရှိ တောင်တန်းများ တလျှောက်တွင် ဘိန်းစိုက်ခင်း အမြောက် အများ ရှိနေကြာင်း မူးယစ်ဆေးဝါး ဆန့်ကျင်ရေး လှုပ်ရှားသူများပြောကြသည်။ အဆိုပါဒေသသည် အစိုးရနှင့် မဟာမိတ် ဖွဲ့ထားသည့် ကချင်လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်သော ဒီမိုကရက်တစ် ကချင်တပ်မတော်သစ်(NDAK) က ထိန်းချုပ်ရာ နေရာဖြစ်သည်။ ဦးဇခုန်တိန့်ရိမ်း ခေါင်းဆောင်သည့် (NDAK) သည် ယခုအခါ အစိုးရလက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့ တခုဖြစ်လာသည်။
တရုတ်လူမျိုး စီးပွားရေးသမားများ နှင့် မန္တလေးမြို့မှ မွတ်စလင်နှင့် ဟိန္ဒူဘာသာဝင် စီးပွားရေးလုပ်ငန်းရှင်များလည်း ဒေသဆိုင်ရာ အာဏာပိုင်များ၊ စစ်ဖက်တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဘိန်းစိုက်ပျိုးရေး လုပ်ကိုင်နေကြသည်ဟုလည်း မြစ်ကြီးနား ဒေသခံများက ပြောကြသည်။
မူးယစ်ဆေး သုံးစွဲမှုနှင့် စပ်လျှဉ်းသောပြဿနာသည် ဒေသခံမိသားစုများအတွက် အိမ်တွင်းရေးပြဿနာ ဖြစ်နေသည် ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ကဆိုသည်။
“တကယ်လို့ အိမ်တအိမ်မှာ မူးယစ်ဆေး သုံးစွဲသူတယောက်ရှိနေပြီဆိုရင် မိသားစုဝင်တွေဟာ နေ့စဉ် ပြဿနာတွေ ခံစား ရတော့တာပဲ။ သူတို့ အေးအေးချမ်းချမ်း မနေရတော့ဘူး။ မကြာခန စကားများရ ရန်ဖြစ်ရတယ်” ဟု လည်း ဦးလဂျွန် ငန်ဆိုင်းကပြောသည်။
“လူငယ်တွေ မူးယစ်ဆေးသုံးစွဲတာ များလာပြီဆိုရင် မိသားစုအတွက်၊ ပြည်နယ်အတွက်၊ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။ ဒါကြောင့် ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ ဒါပေမယ့် ကျနော်တို့ လုပ်ရမှာတွေ အများကြီးကျန်နေပါသေးတယ်” ဟု သူကထပ်ပြောသည်။
“ကျနော်တို့မှာ ဆိုရိုးစကားတခုရှိတယ်။ ဆံပင်မည်းတဲ့သူတွေ(လူငယ်တွေ)က ဆံပင်ဖြူတဲ့သူ (လူကြီးတွေ)ကို သင်းချိုင်း ကို လိုက်ပို့ရတယ်တဲ့။ ဒါပေမယ့် အခုကျတော့ ဆံပင်ဖြူတဲ့သူတွေက ဆံပင်မည်းတဲ့သူတွေကို သင်းချိုင်း ကို လိုက်ပို့ နေရတယ်” ဟု ဦးလမိုင်ရော်က လူငယ်များအတွင်း ဘိန်းဖြူသုံးစွဲမှု များပြားလာနေသည်ကို ရည်ရွယ်၍ပြောသည်။ မူးယစ် ဆေးသုံးစွဲသူ လူငယ်အများအပြားမှာ လူကြီးတွေထက် အရင်စော၍ သေဆုံးနေကြသည်။
မူးယစ်ဆေး သုံးစွဲဖူးသူတဦး ဖြစ်သော ကိုတန်ရော်ကလည်း မူးယစ်ဆေးသုံးစွဲခြင်းသည် ဆင်းရဲခြင်း၏ အစဖြစ်ပြီး မိသား စု၏ ဘဝရပ်တည်ရေးကိုလည်း ပြင်းထန်စွာထိခိုက်စေသည်ဟု ဆိုသည်။
“ကျနော့်မှာ အကို ၄ယောက်ရှိတယ်။ ကျနော်က အငယ်ဆုံးသား။ ကျနော်တို့ အားလုံး မူးယစ်ဆေးစွဲခဲ့ကြတယ်။ ကျနော့် ရဲ့ အကို ၄ ယောက်လုံး ဘိန်းဖြူကြောင့် သေခဲ့ရပြီ။ မိသားစုတစုမှာ ဆေးစွဲသူတယောက်ရှိရင် မိသားစုတခုလုံးကို အကြီး အကျယ် ထိခိုက်တော့တာပဲ။ သစ်ပင်တပင်နဲ့ ကျနော ်ဥပမာပြချင်ပါတယ်။ ရှင်သန်နေတဲ့ သစ်ပင်တပင်မှာ ငှက်ပေါင်းများ စွာ နားခိုလို့ရတယ်။ ဒါပေမယ့် အဲဒီသစ်ပင် လဲကျပြီဆိုရင်တော့ အနားက သစ်ပင်ငယ်လေးတွေလဲ ထိခိုက်ပျက်စီး သွား ရတော့တာပါပဲ” ဟု ကိုတန်ရော်ကပြောသည်။