[irrawaddy_gallery]
မြန်မာပြည် အလယ်ပိုင်း မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်ထဲက ရာသီမရွေးစိမ်းလန်းနေတဲ့ ပုပ္ပားတောင်မကြီးကို လူ အများ က“မြန်မာပြည် အလယ်ပိုင်းရဲ့ ပန်းချီကား တချပ်”လို့ တင်စားကြသလို ဒေသခံ အညာသူ၊ အညာသားတွေ ကလည်း “အညာမြေ ရဲ့ အိုအေစစ်”လို့ တင်စား ခေါ်ဆိုကြပါတယ်။
ပုပ္ပားဟာ အညာဒေသ အပူပိုင်းဇုန်မှာ သဲကန္တာရပြင်ကြီးထဲက အိုအေစစ်လို မိုးပါးရေရှားရပ်ဝန်းရဲ့ စိမ်းလန်းစိုပြည်နေတဲ့ နေရာဖြစ်ပြီး စိမ့်စမ်းရေတွေ ရရှိတဲ့အတွက် ရာသီဥတုက အေးမြပြီး သစ်တောတွေလည်း ဖြစ်ထွန်းပါတယ်။
ဒီတောင်ကြီးကို တောင်ဘက်အရပ်ကနေ ကြည့်လိုက်ရင် စပါးပုံကြီးတပုံ ပုံထားသလို အလှဆုံး ပုံသဏ္ဌာန်ကို တွေ့မြင်ရမှာ ဖြစ်ပြီး ကျန်တဲ့ အရပ်မျက်နှာတွေကနေ ကြည့်ရင်လည်း ပုံသဏ္ဌာန်အမျိုးမျိုး မြင်ရတာကြောင့် ဒေသခံတချို့က “မျက်နှာ များတဲ့တောင်” လို့လည်း ခေါ်ဆိုကြပြန်ပါတယ်။
အမြဲစိမ်းတောကြီးဖြစ်နေတဲ့ ပုပ္ပားတောင်ဟာ ပဲခူးရိုးမရဲ့ မြောက်ဘက်အစွန်းမှာ သီးခြားထိုးထွက် နေတဲ့ မီးတောင် ဟောင်းကြီး တခုဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ သိန်းခွဲခန့်က ပေါက်ကွဲခဲ့တာဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။
မီးတောင် ပေါက်ကွဲ စီးဆင်းခဲ့တဲ့ တကျောလုံးမှာတော့ တောင်ကြော၊ လျှိုမြောင်၊ ချိုင့်ဝှမ်းတွေ ထူထပ်ပြီး သားရိုင်း တိရစ္ဆာန်တွေ ကျက်စား နေထိုင်ပါတယ်။
ပန်းချီကား တချပ်လို လှပနေတဲ့ ပုပ္ပားတောင်ကြီးဖြစ်ဖို့ မှန်ပြတောင်၊ စပါးပုံတောင်၊ ဆေးမွန်တောင်နဲ့ လပို့တောင် အပါအဝင် တောင်ထွတ်တွေ က စုပေါင်းပြီး အလှဆင်ပေး ထားကြတာပါ။
တောင်ပေါ်နဲ့ မီးတောင်ချိုင့်ဝှမ်းအတွင်းမှာတော့ အမြဲစိမ်းတော၊ တောင်ပေါ်တော၊ အထက်ရွက်ပြတ်ရောနှောတော၊ အောက် ရွက်ပြတ်ရောနှောတော၊ အင်တိုင်းတော၊ သန်းဒဟတ်တော၊ တောခြောက်၊ ဆူးခြုံပုတ်တောနဲ့ မြက်ခင်းတွေအပါအဝင် တော အမျိုးမျိုး ရှိပါတယ်။ မီးတောင် စတင်ပေါက်ကွဲခဲ့တဲ့ တွင်းဝရှိရာ ချုံမတွင်းတောကြီး ကတော့ တောအထူဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။
သစ်တောတွေ ပေါများလှတဲ့ ပုပ္ပားတောင်ပေါ်တက်တဲ့ လမ်းတွေထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ အေးစိမ့်တဲ့ အအေးဓာတ်ကို ကြုံတွေ့ ရမှာပါ။ နိုင်ငံခြားသား ခရီးသွားတွေကတော့ အပူပိုင်းဇုန်မှာ ထူးထူးကဲကဲကြုံတွေ့ရတဲ့ ဒီအအေးဓာတ်ကို သဘောကျကြပါတယ်။ ဒီတောင်ရဲ့ အမြင့်ဆုံးအပူချိန်က ၁၀၈ ဒီဂရီ ဖာရင်ဟိုက်ရှိပြီး အနိမ့်ဆုံး အပူချိန်ကတော့ ၅၅ ဒီဂရီ ဖာရင်ဟိုက် ရှိပါတယ်။
အခုဆိုရင် ပုပ္ပားတောင်ကြီးပေါ်ကို နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေ တော်တော်များများ စိတ်ဝင်တစား ဝင်ထွက်လေ့လာနေ ကြတာ တွေ့ရပါတယ်၊ တချို့ကတော့ သဘာဝပေါက်ပင်တွေ၊ ငှက်လိပ်ပြာနဲ့ အင်းဆက်တွေ၊ သစ်ခွနဲ့ ပရဆေးပင်တွေကို လေ့လာကြပါတယ်။
တချို့ကတော့ ကမ္ဘာပေါ်မှာရှားပါးပြီး မျိုးသုဉ်းမယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ မျောက်မျက်ကွင်းဖြူတွေကို လေ့လာကြတာပါ။ မျောက်မျက်ကွင်းဖြူတွေကတော့ မီးတောင်ဝကြီးထဲမှာရှိတဲ့ လျှိုမြောင်၊ ချိုင့်ဝှမ်းတွေထဲက တောအုပ်တွေထဲမှာ ကျက်စားပါတယ်။
လေ့လာသူတွေက မီးတောင်ဝကြီး အတွင်းအထိ ဆင်းပြီး လေ့လာကြတာဖြစ်သလို တောကြောင်ရိုင်းတွေနဲ့ အခြား တောရိုင်း တိရစ္ဆာန်တွေကို သွားရောက် လေ့လာကြပါတယ်။ ဒီတောင်ပေါ်မှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေထဲမှာ လူကို ရန်ပြုတိုက်ခိုက် တတ် တာဆိုလို့ တောဝက်တမျိုးပဲ ရှိပါတယ်။ ဒါကလည်း ရံဖန်ရံခါ လမ်းကြုံတဲ့ အခါမျိုးမှ ဖြစ်ပါတယ်။
ပုပ္ပားတောင်ပေါ်မှာ သစ်မျိုး ၃၀၀ ၊ ဝါးမျိုး ၈ မျိုး၊ ပရဆေး ၁၄၅ မျိုး၊ သစ်ခွ ၅၂ မျိုး၊ နို့တိုက် သတ္တဝါ ၁၀ မျိုး၊ ငှက်မျိုးစိတ် ၁၃၀ ခန့်၊ လိပ်ပြာမျိုးစိတ် ၁၀၀ ခန့်နဲ့ သစ်ခွ မျိုးစိတ် ၁၂ မျိုးတို့ကို တွေ့ရှိထားကြောင်း သစ်တော ဦးစီးဌာနနဲ့ သားငှက်ထိန်းသိမ်းရေး အဖွဲ့ (WCS) မြန်မာနိုင်ငံ အစီအစဉ်တို့က ပူးပေါင်း ထုတ်ပြန်ထားပါတယ်။
ဒီလိုမျိုးစိတ်တွေကို စိတ်ဝင်စားကြတဲ့ နိုင်ငံခြားသားတွေက ပုပ္ပားတောင် ဥယျာဉ်ပညာပေးပြခန်းမှာ နမူနာအဖြစ် သွားရောက် ကြည့်ရှုပြီးတော့မှ လမ်းပြတွေအကူအညီနဲ့ တောတွင်းကိုဝင်ပြီး လေ့လာကြတာဖြစ်ပါတယ်။
တချို့ခရီးသည်တွေကတော့ တောင်မကြီးပေါ်ကို အပျော်တမ်း လမ်းလျှောက်တက်ကြပါတယ်။ တောင်ခြေမှာတော့ ခရီးသည်တွေ တည်းခိုနိုင်တဲ့ မြန်မာ သူဌေးကြီး ဦးတေဇရဲ့ Popa Mountain Resort တခုလည်း ရှိပါတယ်။
ပုပ္ပားတောင် ဥယျာဉ်ကြီးထဲမှာ မြင်းစီးစခန်းတွေ ရှိနေတာကိုလည်း နိုင်ငံခြားသားတွေက နှစ်ခြိုက်ကြပါတယ်။ ရှားပါးလှတဲ့ စန္ဒကူး တောကြီးကိုတော့ ၁၆ ဧက ကျယ်ဝန်းတဲ့ ခြံစည်းရိုးတွေ ကာရံထားပြီး အထဲမှာ ဆတ်တွေနဲ့ သမင်တွေလည်း ရှိပါတယ်။
ပုပ္ပား ဒေသကို ဒီဇင်ဘာ၊ ဇန်နဝါရီလတွေဆိုရင် ဆောင်းခိုငှက်တွေ လာကြတော့မှာဖြစ်တဲ့အတွက် ဆောင်းခိုငှက်တွေကို စောင့်ပြီး ဓာတ်ပုံရိုက်တဲ့ လူတွေလည်း ရောက်လာကြတော့မှာပါ။
ပုပ္ပားတောင်ကြီးဟာ သူ့အပေါ်မှာ မှီခိုနေကြတဲ့ တောရိုင်းတိရစ္ဆာန်တွေအတွက် လုံခြုံမှုပေးရုံတင် မကပါဘူး။ ပုပ္ပား၊ ကျောက်ပန်း တောင်းမြို့ အပါအဝင် ဒီတောင်ကြီးကို မှီခိုနေကြတဲ့ ဒေသခံ ရွာသူ ရွာသားတွေကလည်း ဒီတောင်ကြီးကနေ စိမ့်ထွက်နေတဲ့ စိမ့်စမ်း ရေတွေကို အဓိကထားပြီး သောက်သုံး နေကြရတာပါ။
ဒီတောင်ကထွက်တဲ့ ရေထွက်ပေါင်း ၁၁၁ ခုရှိတဲ့ အထဲမှာ နှစ်ပေါက်ထွက်တဲ့ ရေထွက်က ၃၆ ခုရှိပါတယ်။ အဲဒီအထဲမှာ အကြီးဆုံး ရေထွက်တွေ ဖြစ်တဲ့ ငဝစမ်း ရေထွက်၊ နှမတော် ရေထွက်နဲ့ ရေဆူ ရေထွက် တို့ကတော့ ထင်ရှားပါတယ်။
တောင်ခြေမှာ ရှိတဲ့ ဒေသခံရွာတွေကတော့ မြေပဲ၊ ပဲစင်းငုံ၊ ပဲနောက်၊ ကြက်သွန်၊ နဂါးမောက် စတဲ့ ရာသီပေါ်သီးနှံတွေကို အဓိက ထား စိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းကြပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် ၄၉၈၁ ပေမြင့်တဲ့ ပုပ္ပားတောင်ကြီးရဲ့ နိမ့်ဆင်းသွားတဲ့ ဆင်ခြေလျှောပေါ်မှာတော့ ပေ ၂၄၁၇ ပေ မြင့်တဲ့ မတ်ဆောက်တဲ့ ပုပ္ပားတောင်ကလပ် တခုရှိပါတယ်။ ဒီတောင်ကလပ်ကိုတော့ သုတေသနပညာရှင်တွေက မီးတောင် ပေါက် ကွဲစဉ်တုန်းက လွင့်စင်လာတဲ့ အစိတ်အပိုင်းတခုလို့ ပြောဆိုတာတွေရှိသလို၊ မီးတောင်လည်တိုင်လို့ ပြောဆိုတာလည်း ရှိပါတယ်။
အဲဒီတောင်ကလပ်ပေါ်မှာတော့ ဘုရားပုထိုး စေတီတွေ၊ နတ်ကွန်းတွေ ရှိပြီး နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေ၊ ပြည်တွင်း အနယ်နယ်အရပ်ရပ်က လာတဲ့ နတ်ကိုးကွယ်ယုံကြည်ကြတဲ့သူတွေ၊ ဘုရားဖူးတွေ၊ အပန်းဖြေ လေ့လာရေး ခရီးထွက်သူတွေနဲ့ နေ့စဉ် လူစည်ကားနေတဲ့ နေရာတခု ဖြစ်ပါတယ်။ ပုပ္ပား ဒေသဟာ နတ်ကိုးကွယ်မှု အခြေခံဒေသ တခုဖြစ်ပြီး ပုဂံ ခေတ်ကတည်း က ထင်ရှားတယ်လို့လည်း မှတ်တမ်းတွေက ဆိုပါတယ်။
သဘာဝ အလှတရားတွေ၊ တောရိုင်းတိရစ္ဆာန်တွေနဲ့ အခြားစိတ်ဝင်စားစရာတွေ ရှိနေတဲ့ ပုပ္ပားတောင်ကြီးကို နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေနဲ့ လေ့လာလိုသူတွေ ပိုပြီး လေ့လာလည်ပတ်နိုင်အောင် ပြုလုပ်ပေးရမယ့် အစီအစဉ်တွေ အားနည်းနေတာ ကိုတော့ ခရီးသွားလုပ်ငန်းရှင်တွေက အားမလို အားမရ ဖြစ်ကြပါတယ်။
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန် က“နိုင်ငံခြားသား ခရီးသွားဧည့် သည် တွေအတွက် ရွေးချယ်စရားတွေ အများကြီး ရှိသင့်တာပေါ့၊ တချို့သူများနိုင်ငံတွေမှာ ဒီလို သဘာဝ အခြေခံကောင်းတွေ မရှိဘဲနဲ့တောင်မှ ပြုပြင်ပြီးတော့ ဒါတွေကို ဖန်တီးနေကြတာလေ၊ ကျနော်တို့မှာ မီးတောင်ကြီး ရှိနေတာ၊ သဘာဝတောနဲ့ သားရိုင်း တိရစ္ဆာန်တွေ ရှိနေတာ၊ ဘေးပတ်ဝန်းကျင်မှာ လေ့လာစရာ ကျေးရွာတွေ ကလည်းရှိတော့ သူတို့အတွက် ရွေးချယ်စရာလေးတွေ များများ ရှိအောင် လုပ်ပေးထားရမှာ”လို့ ဆိုပါတယ်။
မီးတောင်ဟောင်းကြီးဖြစ်တဲ့ ပုပ္ပားတောင်ကြီးကို ၁၉၀၂ ခုနှစ်မှာ အစိုးရက သစ်တော ကြိုးဝိုင်း စတင်ထူထာင်ခဲ့ပြီး ၁၉၇၃ ခုနှစ်မှာထပ်ပြီး တိုးချဲ့ခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်မှာတော့ သဘာဝ ထိန်းသိမ်းရေး နယ်မြေအဖြစ် စတင်ခဲ့ပြီး ၁၉၉၃ ခုနှစ်ထဲမှာ အများပြည်သူ လေ့လာနိုင်ဖို့အတွက် အစိုးရက ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပုပ္ပားတောင်ရဲ့ လက်ရှိ စုစုပေါင်း ဧရိယာက ၄၇၉၉၃ ဧက ဖြစ်ပါတယ်။
ပုပ္ပားဒေသဟာ မြန်မာနိုင်ငံရဲ့ ခရီးသွားဇုန်တွေထဲမှာတော့ ပုဂံဇုန်ထဲမှာ ရှိနေပါတယ်။ ဒီနေရာကို ရောက်ဖို့ အတွက် ရန်ကုန် ကနေ ကုန်းလမ်းခရီးအတိုင်း ဘက်စ်ကားနဲ့ မိုင် ၄၁၀ ဖြတ်သန်းခဲ့ရပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံး လာရောက်ကြ တဲ့ ပုဂံ-ညောင်ဦး နဲ့ကတော့ မိုင် ၃၀ သာ ကွာဝေးပြီး မန္တလေးက ဆိုရင်တော့ မိုင် ၁၆၀ ရှိပါတယ်။
ပုပ္ပားတောင်ကို ရောက်ရင်တော့ ထူးထူးခြားခြား သင်းပျံ့တဲ့ မွှေးရနံ့တခုကိုလည်း ရရှိနိုင်ပါတယ်။ အဲဒါကတော့ စကားဝါပန်းတွေရဲ့ ရနံ့တွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေကတော့ ပုပ္ပားတောင်ကိုရောက်ရင် စကားဝါရနံ့လေး ရလိုက်မှ ပိုပြီး ပြည့်စုံတယ်လို့ ဆိုကြ ပါတယ်။ ဒေသခံ အညာသူ၊ အညာသားတွေကတော့ သူတို့ဒေသရဲ့ စကားဝါပန်းတွေ ပေါများတာကို ဂုဏ်ယူပြီး“စကားဝါမြေ” လို့တောင် တင်စား ပြောဆိုကြပါတယ်။ ။