စာရေးသူ ဂျပန်အမျိုးသမီး နိုရီကို အိုဆု (Noriko Otsu) ရေးသားသည့် Letter for Aung San Su Kyi (အောင်ဆန်းစုကြည် အတွက် စာတစောင်) စာအုပ်တွင် လောက နိယာမ တခုဖြစ်သည့် “သူတည်း တယောက်၊ ကောင်းဖို့ ရောက်မူ၊ သူ တယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း …” ဆိုသည့် လင်္ကာနှင့် အညီ စွန့်လွှတ်ခဲ့ရသူများ ပေးဆပ်ခဲ့ရသူများ ပေးအပ်ခဲ့ရသူများ.. စသည်ဖြင့် ပိုမိုထင်ရှားစွာ သိမြင်ရသည်။ သမိုင်း တဆစ်ချိုး အကူးအပြောင်းများတွင် စွန့်လွှတ် အနစ်နာခံသူများ ပေါ်ထွန်းပေါ်ထွက်ရသည်။ သို့သော် ၎င်းတို့သည် သာမန်လူသားဘ၀ လူသားဖြတ်သန်းမှုနှင့် ကင်းပ မနေကြပါ။ သူတို့၏ အန္တိမရည်ရွယ်ရာ လုပ်ဆောင်ရာက ပိုင်းခြားပေးသည်ဟုလည်း သိမြင်နိုင်သည်။
စုနှင့် နိုရီကိုတို့သည် အာရှသူ အချင်းချင်း ချစ်ခင်ကြခြင်းဟု ဆိုရပါမည်။ သို့သော် စာအုပ်ထဲတွင် ပုဂ္ဂိုလ်မင်လွန်းပြီး ချီးမြှောက်ချီးပ ရေးသားထားသည့် အရေးအသားများ မပါဝင်ခြင်းက ဤစာအုပ်၏ လေးနက်သော ထူးခြားချက်ဟု ထင်ပါသည်။ နိုရီကို ရေးပြထားသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် သာမန် အမျိုးသမီးတဦး၊ ခင်မင်ရသည့် အမျိုးသမီးတဦး၊ ရိုးသားရိုးရှင်းသည့် အမျိုးသမီးတဦးထက် ပို၍ အလွန်အကျူး ရေးဖွဲ့ပြခြင်း မရှိသည်ကို တွေ့ရသည်။ သို့သော် လေးစားချစ်ခင်ခြင်းနှင့် ဂုဏ်ယူခြင်းကို လေးလေးနက်နက် မြင်ရသည်။
စာရေးသူ ဂျပန်အမျိုးသမီး နိုရီကို၏ စာအုပ်ကို စာရေးဆရာမ မသီတာ (စမ်းချောင်း) က ဘာသာပြန်ထားခြင်း ဖြစ်သည်။ စာရေးသူ နိုရီကိုသည် စာရေးဆရာမ တဦး မဟုတ်သော်လည်း ဘွဲ့လွန်စာတမ်း အတွက် အမေရိကန်နှင့် အင်္ဂလိပ် စာပေ အများအပြားကို လေ့လာဖတ်ရှုခဲ့သူ ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် မိသားစုနှင့်လည်း အလွန်ရင်းနှီး ခင်မင်သည်ဟုလည်း ဆိုသည်။
စာအုပ်တွင် အခန်း ၈ ခန်းနှင့် နိဂုံစကား တို့ပါဝင်သည်။ အခန်း တခန်းစီ၏ အဖွင့်၌ အမှတ်တရ ဓာတ်ပုံ တပုံစီနှင့် တွေ့ကြုံ ဖြတ်သန်းခဲ့သည့် ခုနှစ် အပိုင်းအခြားကို ဖော်ပြထာားသကဲ့သို့ ထိုအခန်း၏ အရေးကြီး၊ အရေးပါသည့် စကားစုလေးများဖြင့် စတင်ထားသည်။ မှတ်တမ်း ဓာတ်ပုံပေါင်းများစွာဖြင့် ဝေဝေဆာဆာ ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။ သမိုင်းတန်ဖိုး ကြီးသည့် စာအုပ်လည်း ဖြစ်သည်။
အခန်း (၁) အဖွင့်တွင် “နိုရီကို … ကျနော်က စုကို မြင်မြင်ချင်းမှာပဲ ချစ်မိခဲ့တာပါ” ဟူသော မိုက်ကယ် အဲရစ်၏ စကားကို ကောက်နုတ်ထားသည်။ “အောက်စဖို့ဒ်က စု (၁၉၇၄-၁၉၈၄)” ဟု ဖော်ပြထားသည်။ နိုရီကိုနှင့် မိုက်ကယ် အဲရစ် သိကျွမ်း ခင်မင်မှု၊ နိုရီကိုနှင့် စု ခင်မင်မှု နှင့် မိုက်ကယ်နှင့် စုတို့ တွေ့ဆုံကြခြင်း အကြောင်းများ ပါဝင်သည်။ ထို့အပြင် ဒေါ်ခင်ကြည်ကို လျှပ်တပြက် တွေ့ရမည့် ရုပ်ပုံလွှာ၊ အာဏာရှင် ခေတ်ကာလ မြန်မာနိုင်ငံ အခြေအနေ တစေ့တစောင်း၊ ထိုခေတ်က ထင်ရှားသည့် ပုဂ္ဂိုလ် အချို့အကြောင်းကိုလည်း နွှယ်ယှက်ဆက်စပ် ရေးဖွဲ့ တင်ပြထားသည်။ မိခင်ကြီး ဒေါ်ခင်ကြည်နှင့် ပတ်သက်ပြီး နိုရီကိုက “ကျမ ဒေါ်ခင်ကြည်နဲ့ သိတဲ့ ဂျပန်မိတ်ဆွေ တယောက်ဆီက ကြားခဲ့ရတာကတော့ သူ (ဒေါ်ခင်ကြည်) က အဆုံးအဖြတ်နဲ့ တုံ့ပြန်မှုကို ချက်ချင်းလုပ်နိုင်တဲ့ အမျိုးသမီး ဖြစ်သလို၊ လူထုကို အားတက်စေ၊ ဆွဲဆောင်လှုပ်ရှား စေနိုင်တဲ့ အစွမ်းကြီးသူ ဆိုတာပဲ ဖြစ်ပါတယ်” ဟု ရေးသား တင်ပြထားသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ဦးနုအစိုးရ လက်ထက်တွင် ရွေးကောက်ပွဲ ဝင်ကာ ကိုယ်စားလှယ် တဦးဖြစ်လာသလို၊ တဖက်ကလည်း မိသားစုကို မိခင်လိုတမျိုး ဖခင်လို တသွယ် တာဝန်ကျေခဲ့ကြောင်း စသည်ဖြင့် လေးစားဖွယ် ဖတ်ရှုရပါသည်။
အခန်း (၂) တွင် ၁၉၈၅-၈၆ ခုနှစ်၊ တိုကျိုရောက် စု။ “ချွေတာရေးလည်း ဖြစ်အောင် ကားတွေကြပ်တာလည်း ရှောင်ရှားရာကျအောင် စုက စက်ဘီး အဟောင်းလေး တစီး ဝယ်လိုက်ပါတယ်။ ခြောက်လ လုံးလုံး သူက မြန်မာဝတ်စုံ ဝတ်ပြီး အဲဒီ စက်ဘီးနဲ့ လျှောက်သွားတော့တာပဲ”။
အခန်း (၃) တွင် ၁၉၈၉-၉၅ ခုနှစ်၊ အချုပ်အနှောင်ထဲက စု။ “အစ ကတည်းက ဒီလိုနေ့မျိုး တနေ့ရောက်လာမယ် ဆိုတာ ကျနာ် သိပါတယ်။ မြန်မာလူထုက သူ့ကို လိုအပ်လာတဲ့ အခါ ကျနော်က အဲဒီလမ်းကို မပိတ်ပါဘူးလို့ စုကို ကတိပေးခဲ့တာပါ”။
အခန်း (၄) တွင် ၁၉၉၅-၁၉၉၉ ခုနှစ်။ ပုံရိပ်ရှင် စု။ “သူ မကွယ်လွန်မီ အချိန်အထိ ၂ နှစ်နီးပါး ကာလမှာ မိုက်ကယ်ဟာ စုပုံတူရဲ့ အောက်မှာ အိပ်သွားခဲ့တော့တာပါပဲ။ ဒီနေရာလေးဟာ တကယ်တော့ စုနဲ့ မိုက်ကယ်တို့ ၂ ယောက်ကြားက လျှို့ဝှက်နေရာလေး အဖြစ် မိုက်ကယ် မကွယ်လွန်မချင်း တည်ရှိသွားခဲ့တယ်လို့ ဆိုရမှာပါ” ဟု မှတ်တမ်းတင်ထားသည်။
အခန်း (၅) တွင် စုအတွက် စာတစောင်၊ စုမရှိတော့တဲ့ မိုက်ကယ့်ဘဝ။ “စုရေ … ရှင် မရှိလိုက်တာ မိုက်ကယ့်ကို လွမ်းစေတာသာ မကဘဲ ကင့်မ်အတွက်လည်း ဂရိပုံပြင်ထဲက သနားစရာ မင်းသားလေး အဖြစ်မျိုးကို တွန်းပို့ စေခဲ့ပါတယ်။ အလက်ဇန္ဒားလည်း အခိုက်အတန့်တော့ စိတ်ဒဏ်ရာ ရခဲ့သေးတာကိုး”။
အခန်း (၆) တွင် ၂၀၀၇ ခုနှစ်။ စု နိုင်ငံသို့ ခရီး။ “စုရဲ့ အိမ်ဟာ တက္ကသိုလ် ရိပ်သာလမ်းမှာမို့ ရန်ကုန်တက္ကသိုလ်ကနေဆို ခဲတပစ်လောက်ပဲ ဝေးပါတယ်။ ဒါပေမယ့် ကားသမားကို စုရဲ့ အိမ်ဘက်ကို မောင်းပေးဖို့ မပြောခဲ့ပါဘူး။ ကားသမားက စု အိမ်ကို စောင့်နေတဲ့ စစ်သားတွေနဲ့ ရဲတွေကို ကြောက်နေတာလေ။ စု ရှိနေတဲ့ နေရာနဲ့ အနီးဆုံးကို ရောက်ခဲ့ပေမယ့် ကျမတို့မျာ စုကို နှုတ်ဆက်တာလေးတောင် မလုပ်နိုင်ခဲ့ပါဘူး”။
အခန်း (၇) တွင် ၂၀၁၀- ၂၀၁၂။ မြန်မာ့ မိခင်။ “ဒီမိုကရေစီကို အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ရအောင်ယူဖို့ အတွက် ရှင်ဟာ ရှင့်ရဲ့ မိသားစုနဲ့ တကိုယ်ရေ ဘဝကို စတေးပစ် ခဲ့တယ်။ တခြားတယောက်က မတွေးရဲအောင် ရှင်မှာ စိတ်စွမ်းအားက ကြီးမားနေတာကိုး။ ဒါကြောင့်လည်း ကမ္ဘာမှာတောင် ရှင့်ကို အကြီးမြတ်ဆုံး ဂုဏ်ပြုလာကြပါတယ်။ ရှင်ဟာ မြန်မာနိုင်ငံရဲ့ မိခင်ပါပဲ”။
အခန်း (၈) တွင် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၃။ အမှတ်တရနေ့။ “ဓာတ်ပုံတချို့မှာ တွေ့ခဲ့တဲ့ သံချေးတက်နေတဲ့ ဂိတ်တံခါး နေရာတွေမှာ ဆေးဖြူသုတ်ထားတဲ့ သစ်သားတံခါးက အစားထိုး နေရာယူထားလေရဲ့။ ဂိတ်တံခါးရဲ့ သံဆူးကြိုး အကာအရံရဲ့ အပေါ်ဘက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်တပိုင်းပုံကြီးက နေရာယူထားပါတယ်။ ဖြတ်ခနဲ ကြည့်လိုက်ရုံနဲ့ ဒါဟာ စုအိမ်လို့ ပြောနိုင်ပါပေရဲ့”။
အောင်ဆန်းစုကြည် အတွက် ပေးစာတစောင် စာအုပ်တွင် ပေးဆပ်သည့် သူများထဲ၌ မိုက်ကယ်အဲရစ်လည်း ပါဝင်သည်၊ သားသမီးများလည်း ပါဝင်နေသည် စသည်ဖြင့် တွေ့မြင်ရပြီး ဆက်စပ်နေသည့် သမိုင်းဖြစ်ရပ်များ၊ ပါဝင်နေသည့် ပုဂ္ဂိုလ်များကို တလွှားချင်း တွေ့မြင်ရသည်။
စာအုပ်အပြင်အဆင်နှင့် ပတ်သက်၍ တချက်တော့ ပြောစရာတော့ ရှိသည်။ စာအုပ်တွင် မာတိကာ မပါသည့်အတွက် စာဖတ်သူ အနေနဲ့ မိမိပြန်လည် ဖတ်ရှုချင်သည့် အခန်းကို အလွယ်တကူ ရှာဖွေရန် မဖြစ်နိုင်သည့် အချက်ဖြစ်သည်။ ဘာသာပြန်သူက “ဒီစာမူကို ဘာသာပြန်ခွင့် ရတာရော၊ နိုရီကို-ဆာဒါယိုရှိ အိုဆု ဇနီးမောင်နှံနဲ့ မိသားစုသဖွယ် ခင်မင်ရင်းနှီးခွင့် ရတာကိုရော ကျေးဇူးတင်နေမိပါတယ်” ဟု ဆိုထားသည်။ ပြီးတော့ ဘယ်လိုပဲ အောင်မြင်ကျော်ကြား နေပါစေ အဲဒီမိန်းမ တယောက်ရဲ့ သာမန် အိမ်ရှင်မ တယောက်လို ဖြတ်သန်းခဲ့ရမှုတွေကို သိရတဲ့အခါ တခြား သာမန် အိမ်ရှင်မတွေကလည်း သူတို့ဘဝတွေ ဒီလောက်နဲ့ပဲ အဆုံးသတ်သွားဖို့ မလိုဘူးလို့ တွေးနိုင်အောင်လို့ နိုရီကိုတို့ ဇနီးမောင်နှံက ဆိုခဲ့တယ်” လို့ တင်ပြထားပါတယ်။ ။