[irrawaddy_gallery]
ယခင်က Modern Art, Post Modern Art ထို့နောက် ခေတ်ပြိုင်အနုပညာ (Contemporary Art) စသည်ဖြင့် ပြောင်းလဲ လာပြီးနောက် ၂၀၁၀ ခုနှစ် နောက်ပိုင်းကာလများသည် Art is Free ဆိုသည့် လွတ်လပ် အနုပညာသို့ပင် ပြောင်းလဲ လက်ခံလာနေပြီ ဖြစ်ပါသည်။ အနုပညာ ဖန်တီး ပုံဖော်တင်ဆက်မှုများတွင် မီဒီယံအမျိုးမျိုး သုံးစွဲပြီး၊ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ပြောင်းလဲလာနေသည့် အခုလို အချိန်တွင် အနုပညာ၏ အတွင်းသား အနှစ်သာရကို ဖမ်းယူဆုပ်ကိုင် တင်ပြနိုင်ဖို့ ပိုမိုကျယ်ကျယ် ပြန့်ပြန့် လေ့လာ ချဉ်းကပ်နိုင်မှသာ ပြည့်စုံမည် ဖြစ်ပါသည်။ ခေတ်အဆက်ဆက် အနုပညာရှင်များသည် မိမိတို့၏ စိတ်ခံစားမှုများကို ထင်ဟပ်ပုံဖော် ဖန်တီးမှုများဖြင့် အနုပညာ နယ်ပယ်ကို ချဲ့ထွင် တင်ပြနိုင်ခဲ့ကြပါသည်။
ယခုကာလတွင် အနုပညာရှင်၏ စဉ်းစားတွေးခေါ်ပုံ (Idea)၊ ဖန်တီးတင်ပြပုံ (Creation) နှင့် အနုပညာအပေါ် ခံယူချက်၊ ယုံကြည်ချက် (Belief on Art) များကို ချဉ်းကပ်ပြီး အနုပညာတန်ဖိုးရင်း (Net Value of Art) ကို ချဉ်းကပ် လာသည်ကို တွေ့ရသည်။ ယင်းသို့ ချဉ်းကပ်ရတွင် အနုပညာရှင် ဖြတ်သန်းခဲ့ရသည့် ခေတ်ကာလ အပိုင်းအခြားနှင့် အနုပညာရှင်၏ ရင့်ကျက်လာမှုကိုလည်း တပါတည်း ဖော်ပြဖို့လည်း လိုပါသည်။ အနုပညာရှင်များနှင့် ၎င်းတို့၏ အနုပညာ ဖန်တီးမှု အကြောင်း အင်တာဗျူးပြုလုပ် မေးမြန်းသည့် အခါတိုင်း အဆိုပါ အချက်များ ပြည့်စုံအောင် မေးမြန်းပါသည်။ ရည်ရွယ် ရင်းမှာ အနုပညာတန်ဖိုးရင်းကို ချင့်တွက်ကြည့်နိုင်ရန် ဖြစ်ပါသည်။
မြန်မာ့ပန်းချီလောကတွင် လူငယ်အနုပညာရှင်များ အပြိုင်းအရိုင်း ပေါ်ထွက်လာသည်ကို အားတက်ဖွယ် တွေ့ရပါသည်။ ၎င်းတို့၏ ဖန်တီးမှုအားလည်း အလွန်အားကောင်းသည်ကို တွေ့ရသည်။ ထင်ရှားသည့် လူငယ်ပန်းချီဆရာများ ထဲမှ Artist တင်အောင်ကျော်နှင့် တွေ့ဆုံ မေးမြန်း ဖြစ်ခဲ့ပါသည်။ အမှုမဲ့ အမှတ်မဲ့ ပစ္စည်းလေးတွေကို ပန်းချီကားထဲမှာ စိတ်ဝင်စားဖွယ် ဖြစ်အောင် ရေးဆွဲတင်ပြသူ လူငယ် ပန်းချီဆရာ တင်အောင်ကျော်၏ ဖြေကြားချက်များတွင် အနုပညာ အပေါ် သူ၏ ခံယူချက် ယုံကြည်ချက် စသည်တို့ကို တွေ့နိုင်သကဲ့သို့ ဖန်တီးမှု အိုင်ဒီယာ ကွန်းဆက် (concepts) နှင့် အနုပညာ တန်ဖိုးရင်းကို ချဉ်းကပ် လေ့လာနိုင်ကြမည်ဟု မျှော်လင့်ပါသည်။
လူငယ်ပန်းချီဆရာ တင်အောင်ကျော်သည် ပန်းချီဆေးဗူးများ၊ စုတ်တံများ၊ ကင်းဗတ်များ၊ ဘောင်များ စသည့် နေ့စဉ်မြင်တွေ့နေကျ အရာဝတ္ထု ပစ္စည်းများကို သူ့၏ ပန်းချီကားထဲတွင် ထည့်သွင်း ရေးဆွဲပြတတ်သူ ဖြစ်သည်။ သူသည် Realism အခြေပြု ရေးဆွဲသော်လည်း “တူမှု” ထက် “တွေးမှု” ပါအောင် ရေးဆွဲနိုင်သူဖြစ်သည်။ Portrait ရေးဆွဲရာတွင် လည်း Character ကို ပီပီပြင်ပြင် ပေါ်လွင်အောင် ရေးဆွဲပြနိုင်သူ ဖြစ်သည်။
အနုပညာလက်ရာ (Artwork) တခု၊ ပန်းချီကားတခုကို ရေးဆွဲဖန်တီးရန် မည်သို့ ပြင်ဆင်သည်ကို Artist တင်အောင်ကျော်က အခုလို ရှင်းပြသည်။
“ပန်းချီကားတကားကို စတင်ရေးဆွဲဖို့အတွက် (၁) ရေးဆွဲမယ့် အကြောင်းအရာ (Subject)၊ (၂) ရေးဆွဲမယ့်ဆိုဒ် အနေအထား အချိုး (Size)၊ (၃) ဖွဲ့စည်းမှု (Composition)၊ (၄) အောက်လိုင်း (Drawing) တွေကို ပထမဆုံး စဉ်းစားပါတယ်။ ကျနော် ရေးဆွဲမယ့် အကြောင်းအရာရဲ့ Nature (သဘာဝ) ကတော့ ကိုယ့် အာရုံထဲမှာ အဓိက ရှိပြီးသား ပါပဲ၊ ကျန်တာကတော့ အထောက်အကူပြု ပစ္စည်းတွေ အဖြစ် သုံးတာပါပဲ” ဟု တင်အောင်ကျော်က ဆိုသည်။
ဆက်လက်၍ “တခါတလေမှာတော့ ရေးဆွဲမယ့် အကြောင်းအရာကို ကွန်ပျူတာနဲ့ အချိုးအစားဆိုဒ် အလင်းအမှောင်၊ အရောင်အသွေး လိုသလို ကစားကြည့်တယ်၊ ဆေးဗူးလေး တဗူးကို ရေးဆွဲတယ် ဆိုပါတော့ – Drawing အနေနဲ့ ဓာတ်ပုံထုတ်ယူပေမယ့် သူရဲ့ အလင်းအမှောင် Local အရောင်တွေက မျက်စိနဲ့ တိုက်ရိုက်မြင်ရတဲ့ အရောင်အတိုင်း ရေးတာပါ။ ဒါကိုမှ Beauty ဖြစ်အောင် Creation နည်းနည်း ပေါင်းဆင့်ပါတယ်။ မျက်စိ အမြင်ထက် ပိုကြည့်ကောင်းအောင် နည်းနည်း ထပ်ပြီး ပေါင်းလိုက်တာပါပဲ။ ဒါပေမယ့် ဓာတ်ပုံကို Copy ကူးတာမျိုး မဟုတ်တဲ့အပြင် လက်ရှိ မြင်နေရတဲ့ အရောင်အသွေးထက် ပိုကြည့်ကောင်းအောင် ရေးပါတယ်” ဟု ပြောသည်။
“အပြင်မှာ မြင်နေရတဲ့ အကြောင်းအရာ လေးတွေက ပန်းချီကားထဲမှာ ပိုကြည့်ကောင်း နေရမယ်လေ။ အပြင်မှာ မခံစားရ ပေမယ့် ပန်းချီကားထဲမှာ တခုခု ခံစားရအောင် စေ့ဆော် ဖန်တီးယူပါတယ်။ အပြင်မှာ အမှုမဲ့ အမှတ်မဲ့ ပစ္စည်းလေးတွေက ပန်းချီကားထဲမှာ စိတ်ဝင်စားစရာ ဖြစ်နေရမယ်။ ဒါက ကျနော် ရေးချင်တဲ့ ပန်းချီကား တချပ် ရေးဆွဲခြင်းပါ” ဟုလည်း ဆိုသည်။
အနုပညာ သမားများသည် Art Work တခုဖန်တီးရန် Beauty (သို့) Emotion (သို့) Concept စသည်ဖြင့် တခုခုအပေါ် အခြေပြု ဖန်တီးလေ့ ရှိကြသည်။ Artist တင်အောင်ကျော်က သူ အခြေပြု ဖန်တီးသည့် အကြောင်းနှင့် ပတ်သက်၍ “အနုပညာ ဆိုတာ စိတ်လှုပ်ရှားမှု တခုခုကနေ အတွေးထဲရောက်လာ၊ စိတ်ကူးထဲရောက်လာပြီး အတွေးစိတ်ကူးကို အမြင် (Visual) အဖြစ် ကြည်လင်အောင်လုပ်ပြီး အကောင်အထည် ပေါ်လာတာလို့ ကျနော် ထင်ပါတယ်။ အဲဒီတော့ ကျနော် တခုခု ဖန်တီးတော့မယ် ဆိုရင် Emotion က စတယ် လို့ ဆိုချင်တယ်။ အနုပညာရှင်တွေ တော်တော်များများက မိမိ၏ စိတ်သန္တာန်ကို မရိုက်ခတ်ဘဲ ဖန်တီးတဲ့သူ တော်တော်ရှားမယ် လို့ ထင်တယ်” ဟု ဆိုသည်။
သူ့အနေနှင့် ပန်းချီဆေးဗူးတွေ၊ ကင်းဗတ်၊ စုတ်တံတွေကို ပန်းချီကားထဲမှာ ဘာကြောင့် ထည့်သွင်းရေးဆွဲရသည်ကိုလည်း ရှင်းပြသည်။ “ကျနော် ဆေးဗူးလေးတွေကို ရေးဆွဲထားတဲ့ ကားလေးတွေ ရေးဖြစ်သွားတာက ဒီလိုပါ။ ကင်းဗတ်၊ စုတ်တံတွေ၊ Knife တွေ၊ ဆေးဗူးတွေ၊ စုတ်တံတွေ ချထားပြီး ဘာရေးရင် ကောင်းမလဲလို့ တွေးနေရင်း အဲဒီ ပစ္စည်းတွေကို တွေ့မိရာကနေ ရေးဆွဲဖို့ တွေးမိလာတယ်၊ ဖန်တီးဖို့ စိတ်မှာ ဖြစ်လာတယ်။ ဒါကဖန်တီးမှု တခု မတိုင်မီ ဖြစ်ရပ် တခု ဖြစ်နေတယ်။ ပန်းချီကား တချပ် ရေးဆွဲဖန်တီးမှု မစမီ အဖြစ်အပျက် လေး တခုပါ။ အဲဒီ အချိန်လေး ဟာ စိတ်လှုပ်ရှားဖွယ် ပါပဲ။ စိတ်မှာ ရေးဆွဲဖို့ သေချာပြီ ဆိုမှ အဲဒီ ပစ္စည်းတွေကို Composition နည်းနည်း ပြင်ယူပြီး ဆွဲလိုက်တာပါပဲ။ အခုပြောတာက Artwork တခု ဖန်တီးဖို့ အတွက် အနေအထား တခုပါ။ အခြား မတူတဲ့ အနေအထားတွေလည်း ရှိနေပါသေးတယ်။ အထူးသဖြင့်တော့ အမှုမဲ့ အမှတ်မဲ့ ဆိုသလို နေ့စဉ် မြင်တွေ့ နေရတဲ့ အရာတွေ၊ သိပ်ပြီး ထူးခြားတယ်လို့ သတ်မှတ်လို့ မရတဲ့အရာတွေကို စိတ်ကူးနှင့် ပေါင်းဆင့်ပြီး အနုပညာ လက်ရာတခု ဖန်တီး တင်ပြတာပါ။ ပြောရရင် စိတ်ခံစားမှုကို အခြေခံပြီး ဖြစ်လာတဲ့ လက်ရာတွေလို့ ဆိုနိုင်ပါတယ်” ဟု ပြောသည်။
ပန်းချီဆရာ တင်အောင်ကျော်ကို ၁၉၇၃ ခုနှစ်၊ စက်တင်ဘာ ၃၀ တွင် မွေးဖွားပြီး၊ ငယ်ရွယ်စဉ် ကလေးဘ၀ ကတည်းက ဆေးဗူးများ၊ စုတ်တံများနှင့် ရင်းနှီးနေခဲ့ရသူ ဖြစ်သည်။ ဖခင်မှာ ကျိုက်လတ်မြို့မှ ပန်းချီဆရာ တယောက် ဖြစ်သည်။ ကလေးဘ၀ ကတည်းက ဆေးဗူး စုတ်တံများနှင့် ကစားခဲ့ရသည်။ ပန်းချီ မရေးတတ် ရေးတတ်နှင့် ရေးဆွဲနေရသည်ကို ပျော်မွေ့ခဲ့သူ ဖြစ်ကြောင်း သူက ပြောပြသည်။ အသက်အရွယ် အနည်းငယ် ရလာသည့် အခါ မိသားစု စားဝတ်နေရေး အတွက် ဖခင်ကို ဝိုင်းကူလုပ်ကိုင်ပေးရင်း ကြီးပြင်းခဲ့ရသည်။
“အဖေ့ အလုပ်ကို ထမင်းစားရတဲ့ အလုပ်တခုထက် ပိုတယ် ဆိုတာတော့ သိနေတယ်။ ဘာလို့လဲ ဆိုတော့ သူများ အပ်တာထက် ကိုယ်လုပ်ချင်ရာ လုပ်နေရလို့ပါ။ ကျောင်းပိတ်တဲ့ နွေရာသီ တွေမှာတော့ ကျနော့်ရဲ့ ကိုယ်ပိုင်ဖန် တီးခွင့်ရတဲ့ အချိန်ဟာ အပျော်ရွှင်ဆုံး ကာလတွေပါပဲ” ဟု တင်အောင်ကျော်က ဆိုသည်။
သူဟာ ၁၉၈၈/၈၉ ကျောင်းတွေ ပိတ်လိုက်သည့်အခါ ပုံတူရေးဆရာ အလုပ်ကို လုပ်ကိုင်ခဲ့သည်။ ကျိုက်လတ်နယ် တဝိုက်က လူတွေကို ပုံတူတွေရေးရင်း မိသားစုတာဝန်ကို တဖက်တလမ်းက တာဝန်ယူခဲ့ရသည်။ သူ၏ ဖခင်သည် ကျိုက်လတ်မြို့ ဝန်းကျင် နယ်တဝိုက်တွင် ထင်ရှားသည့် ပန်းချီ ခင်ထွန်း ဖြစ်သည်။ ကျိုက်လတ်နယ်တွင် မသိသူ မရှိသလောက် ဖြစ်ကြောင်း၊ ဖခင်၏ ပညာကို အကုန်ရခဲ့ကြောင်း တင်အောင်ကျော်က ပြောပြသည်။
အချိန်ကာလနှင့် အတူ အရာရာသည် ပြောင်းလဲနေသကဲ့သို့ အနုပညာရှင်သည်လည်း အတွေ့အကြုံ အတွေးအမြင်များလည်း ပြောင်းလဲနေပါသည်။ ခေတ်ကာလ အပြောင်းအလဲ၊ နေရာဒေသ အပြောင်းအလဲတို့က အနုပညာရှင်အပေါ် ရိုက်ခတ်လေ့ရှိပါသည်။ အဲဒီကနေ အနုပညာဖန်တီးမှုကို ဖြစ်စေတာတွေလည်း တွေ့ရသည်။ Artist တင်အောင်ကျော်က သူ့ ဘ၀ ဖြတ်သန်းမှု အပြောင်းအလဲ တချို့ကို အခုလို ဆက်ပြောပါသည်။
“ရန်ကုန် ပြောင်းလာပြီး ၂၀၀၆ မှာ ဆရာဝင်းဖေမြင့် (WPM) နဲ့ စတွေ့ခဲ့တယ်၊ ဆရာ့ဆီက ပန်းချီနဲ့ ပတ်သက်တဲ့ အဓိကကျတဲ့ အပိုင်းတွေ ဆက်လက် သင်ယူဖြစ်ခဲ့တယ်။ ၂၀၀၇ ခုနှစ်မှာ Page 2007 ဆိုတဲ့ ပြပွဲမှာ ဆရာတို့နဲ့ တွဲပြီး ပထမဆုံး ပါဝင် ပြသခွင့် ရခဲ့တယ်။ အဲဒီနောက် အုပ်စွဲပွဲပေါင်း များစွာမှာ ပါဝင်ပြသခဲ့တယ်။ လက်ရှိအခြေအနေ အခုကတော့ ပန်းချီ တခုတည်းကို ဇောက်ချ လုပ်ကိုင်နေပါတယ်။ Solo Show အတွက် ပန်းချီကား စုနေပါတယ်၊ ဆရာသမားနဲ့ မိတ်ဆွေတွေရဲ့ အကူအညီ ပေးမှုတွေနဲ့ ပန်းချီလောကမှာ ရပ်တည်နေနိုင်တာပါ။ ကျနော်တို့လို နယ်က တက်လာသူတွေ အဖို့ တော်တော်လေး ကြိုးစားရပါတယ်” ဟု ပြောသည်။
အနုပညာ သမားတယောက်အတွက် အနုပညာအပေါ် ခံယူချက်၊ ယုံကြည်ချက်က အောင်မြင်မှုဆီကို တွန်းပို့ပေးပါသည်။ အနုပညာ ယုံကြည်ချက် ခံယူချက် အားကောင်းကောင်း မရှိသည့် အနုပညာရှင်များသည် အောင်မြင်မှုနှင့် ဝေးနေပါ လိမ့်မည်။ Artist တင်အောင်ကျော်က သူ၏ အနုပညာ ယုံကြည်ချက်နှင့် ပတ်သက်ပြီး “လူတိုင်းဘဝကို နေပျော်တဲ့ဘဝဖြစ်ဖို့ ဖန်တီး တည်ဆောက်ယူနေကြရ တာပါပဲ၊ အဲဒီအတွက် လုပ်ချင်တာလည်း လုပ်ရတာပဲ၊ မလုပ်ချင်တာလည်း လုပ်ရတာပါပဲ။ တခါတလေ မလုပ်ချင်တာကို လုပ်နေရတာမျိုးလည်း ရှိနေပါတယ်။ အနုပညာရှင်တွေ ကတော့ သူဝါသနာပါတဲ့ အလုပ်နဲ့ သူလုပ်ချင်တာ လုပ်နေရတဲ့ အတွက် နေပျော်တဲ့ ဘဝဖြစ် နေပြီးသားလို့ ထင်ပါတယ်။ အဲဒါကိုမှ ကိုယ်လုပ်ချင်တဲ့ အနုပညာ စိတ်ကူးစိတ်သန်းတွေ အတွက် တွေးရတယ် ကြံရတယ်၊ အကောင်အထည်ဖော် ရတယ်။ ဒါက အနုပညာသမားတိုင်း ဖြတ်သန်း ကြုံတွေ့ရတာပါ” ဟု ဆိုသည်။
ဆက်လက်၍ “အနုပညာ သမားမှာ သူ ဖြစ်ချင်တဲ့ အတ္တတခု ရှိနေတာကလွဲလို့ သူ့အပေါ်မှာ ဘယ်သူမှ ရှိမနေပါဘူး။ ကိုယ်ဖန်တီးချင်တဲ့ အရာကို ကျေကျေနပ်နပ် ဖန်တီးပြီးရင်လည်း ပီတိ ဖြစ်နေရတာပါ။ ကိုယ့်ဖန်တီးမှု တခုကို ဝယ်ယူ ပိုင်ဆိုင်သွားတဲ့သူ အနေနဲ့လည်း ကျေကျေနပ်နပ်တန်ဖိုးထား၊ အမြတ်တနိုး သိမ်းဆည်း စုဆောင်းကြ တာပါပဲ။ အဲဒါကြောင့် ကျနော် ကိုယ်တိုင် ဖန်တီးရေးဆွဲတာကို အားရကျေနပ်မှ အခြားသူတွေကို ပြသတယ်၊ စိတ်ဝင်စား ဝယ်ယူ လိုသူကို ပြပါတယ်။ ကျနော့်ကို အဖေက အမွေပေးခဲ့တဲ့ အတတ်ပညာလည်းဖြစ်၊ ဆရာဖေ (WPM) မျိုးစေ့ချပေးခဲ့တဲ့ အနုပညာ လည်းဖြစ်၊ အနုပညာရဲ့ နက်ရှိုင်းတဲ့ သဘောထားတွေကို ဒီထက် ပိုလေ့လာရင်း၊ သင်ယူရင်း ကျနော် ကိုယ်တိုင် ကျေနပ် အားရတဲ့ အနုပညာ ဖန်တီးမှုတွေ ဆက်လက် လုပ်ကိုင်သွားမှာပါ” ဟု ပြောသည်။
လူတိုင်းသည် ဘ၀ အောင်မြင်မှုနှင့် ပတ်သက်ပြီး အမျိုးမျိုး ယူဆကြပါသည်။ တချို့က ငွေကြေး၊ တချို့က ထင်ပေါ်ကျော်ကြားမှု၊ တချို့က ပညာ စသည်ဖြင့် ရှိနေကြပါသည်။ အောင်မြင်သည့် ပန်းချီဆရာ အနုပညာရှင်အဖြစ် ပန်းချီဆရာတိုင်း လိုလားကြပါသည်။ Artist တင်အောင်ကျော် မျှော်လင့်သည့် အောင်မြင်သည့် ပန်းချီဆရာဘဝက ဘယ်လိုပါလိမ့်။ သူ ပြောပြတာက “အောင်မြင်တဲ့ ပန်းချီဆရာဆိုတာ မပူမပန်မကြောင့်မကြဘဲ စိတ်ရှိသလောက် ဖန်တီး ရေးဆွဲနေနိုင်ရင်ပဲ အောင်မြင်တဲ့ အနုပညာသမားလို့ ယူဆပါတယ်” ဟု ရိုးရှင်းစွာ ပြောပါသည်။ ။