ပွဲမခင်ကတည်းက မြန်မာ့လက်ရွေးစင်အသင်း ဝတ်စုံ အဖြူရောင်၊ အနီရောင်နှစ်မျိုးလုံးကို ဝတ်ဆင်ထားတဲ့ မြန်မာပရိတ်သတ် သုံးသောင်းကျော်က သုဝဏ္ဏဘောလုံး ကွင်းကြီးရဲ့ လေးဘက်၊ လေးတန်မှာ ပြည့်နှက်နေပြီး အမျိုးသားပရိတ်သတ်တွေတင်မက အမျိုးသမီးတွေကပါ လက်သီးလက်မောင်းတန်းပြီး “မြန်မာဟေ့… မြန်မာဟေ့” ဆိုတဲ့ သံပြိုင် ဟစ်ကြွေးသံတွေကလည်း ကွင်းတခုလုံး တုန်ခါမတတ် ဟိန်းထွက်နေပါတယ်။
မြန်မာအသင်းကွင်းထဲကို ရောက်လာတဲ့ အချိန်မှာလည်း လက်ခုပ်သြဘာတွေပေးပြီး အားပေးကြပြီး အသင်းနဲ့အတူ မြန်မာ နိုင်ငံတော် သီချင်းကို သံပြိုင်သီဆိုခဲ့ကြပါတယ်။ သီချင်းအဆုံးမှာတော့ ဘင်ခရာဝိုင်းမှာတီးတဲ့ ဒရမ်ကြီးတွေနဲ့ လင်းဂွင်းတွေကို တောင်ဘက်၊ မြောက်ဘက်နဲ့ အရှေ့ဘက်ပွဲကြည့်စင်တွေက တီးခတ်ခဲ့ကြပြီး “မြန်မာ … မြန်မာ … မြန်မာ” ဆိုတဲ့ စာသားကို ညီညီညာညာနဲ့ အကြိမ်ကြိမ် ဟစ်ကြွေး ဂုဏ်ပြုခဲ့ကြတယ်။
ပွဲစတင်ကစားချိန်ကတည်းက မြန်မာအသင်းဟာ ကစားကွက်ကို တည်မရဘဲ အင်ဒိုအသင်း ဘယ်၊ ညာ တောင်ပံ နှစ်ဘက်ရဲ့ ထိုးစစ်၊ တိုက်စစ်ဆင် ခြိမ်းခြောက်မှုတွေကို အကြိမ်ကြိမ် ခုခံနေခဲ့ရပါတယ်။ အင်ဒိုအသင်း ဘောလုံးပျက်လို့ မြန်မာခြေထဲရောက်တာနဲ့ မြန်မာ ပရိတ်သတ်တွေဟာ ညာသံပေးပြီး အားပေးကြပါတယ်။
ပရိတ်သတ်အားပေးမှု အရှိန်ကောင်းပေမယ့် မြန်မာ အသင်းဟာ ဘောလုံးကို သေသေသပ်သပ် အကွက်ဆင် မကစားနိုင်ဘဲ ကစားကွက် ပျက်နေကြတဲ့ အတွက် ရသမျှ ဘောလုံးတိုင်းဟာလည်း အဆုံးသတ်မလှပခဲ့ပါဘူး။
ပထမပိုင်းမပြီးခင်မှာပဲ အင်ဒိုနီးရှားအသင်း ထိုးဖောက်တိုက်စစ်ဆင်မှုကို ဟန့်တားရင်းနဲ့ ပင်နယ်တီ အပေးခံလိုက်ရပြီး ဒီပင်နယ်တီကနေ အင်ဒိုက တစ်ဂိုးသွင်းယူသွားနိုင်ခဲ့ပါတယ်။ ဒီပွဲသရေရရုံနဲ့ အုပ်စုအဆင့်ကို ကျော်လွှားပြီး နောက်တဆင့်ကို တက်မယ့် အခွင့်အရေးကို ရရှိမှာဖြစ်တဲ့ အတွက် မြန်မာအသင်းဟာ ဒုတိယပိုင်းမှာ ချေပဂိုးရဖို့ ကြိုးစားကြပါတယ်။
ဒါပေမယ့် နည်းစံနစ်၊ ကြံ့ခိုင်မှု နည်းဗျူဟာ အစစအရာရာ သာလွန်နေတဲ့ အင်ဒိုအသင်းကို မြန်မာတို့ ကျော်လွှားနိုင်ခြင်း မရှိပါဘူး။ ဆန္ဒစောပြီး ကစားကွက်မရှိဘဲ ကန်တင်နေတဲ့ မြန်မာအသင်းနဲ့ ကြံ့ကြံ့ခံ ဖြတ်ထုတ်ပြီး စနစ်တကျ ကစားနေတဲ့ အင်ဒိုနီးရှားအသင်းတို့ရဲ့ သုဝဏ္ဏကွင်းထဲက ပြိုင်ပွဲဟာ မြန်မာ ပရိတ်သတ်တွေအတွက် ရင်တမမနဲ့ အားမလိုအားမရ ဖြစ်နေကြပါတယ်။
မြန်မာအသင်း ကစားနေတဲ့အပေါ် ယုံကြည်မှုတွေ ကျဆင်းလာတဲ့ ပရိတ်သတ် အချို့ဆိုရင် “ပင်နယ်တီ ရလိုက်ကွာ” လို့တောင် ကံတရားကို တောင့်တတဲ့အထိ ဖြစ်လာကြပါတယ်။ ပွဲကစားချိန် မိနစ် ၈၀ ကျော်လောက်မှာ မြန်မာအသင်း မကြာခဏ ထိုးဖောက် တိုက်စစ်ဆင်ခဲ့ပေမယ့် တစ်ဦးကောင်း ဦးစားပေး ကစားတာ၊ ပေးပို့မှုတွေ မသေသပ်တာ၊ ဂိုးပေါက်မတည့်တာတွေက မြန်မာအသင်းကို ကံဆိုးစေခဲ့ပါတယ်။
ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှာ အင်ဒို တောင်ပံတိုက်စစ်ကို ဟန့်တားကစားရာမှာ ကြမ်းတမ်းတယ်ဆိုပြီး ဗီယက်နန်ကွင်းလယ်ဒိုင်က မြန်မာ အသင်းကစားသမား ရဲလင်းအောင် ကို အနီကဒ်ပြထုတ်ပယ်ခဲ့ပါတယ်။
ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ မှန်သည် မှားသည်ထက် ပွဲပြီးချိန်နီးကပ်လာပြီး အရှုံးရလာဒ်ကို ရင်မဆိုင်နိုင်တော့ပဲ ပေါက်ကွဲ ချင်နေတဲ့ မြန်မာ ပရိတ်သတ်ကို မီးထိုးပေးလိုက်သလိုဖြစ်ပြီး အဲဒီနောက် ၂ မိနစ်လောက် အကြာမှာပဲ တောင်ဘက် ပွဲကြည့်စင်နဲ့ မြောက်ဘက်ပွဲကြည့်စင်ပေါ် ပရိတ်သတ်တွေဟာ ပလက်စတစ်ထိုင်ခုံတွေကို ခွာထုတ်ပြီး ကွင်းအတွင်းကို ပစ်လွှင့်ခဲ့ကြပါတယ်။
မိနစ် ၉၀ အရောက်မှာတော့ မြန်မာပရိတ်သတ်အချို့ ကွင်းထဲအထိ ဆင်းပြီး ပေါက်ကွဲပြကြပါတော့တယ်။ ကွင်းထဲဝင်လာတဲ့ မြန်မာ ပရိတ်သတ်တွေကို တာဝန်ကျ ရဲတွေက ထိန်းသိမ်းပြီး ခေါ်ဆောင်သွားသလို ကွင်းပေါ်မှာ ပလက်စတစ်ထိုင်ခုံတွေ ခွာပြီး ကွင်းထဲ ပစ်လွှင့်နေသူတွေကိုလည်း ဖမ်းဆီး ထိန်းသိမ်းပါတယ်။
ကွင်းတွင်းနဲ့ ပွဲကြည့်စင်တွေပေါ်မှာ ရုန့်ရင်းဆန်ခတ်ဖြစ်နေတဲ့ ပရိတ်သတ်တွေ ထိန်းသိမ်းနေတုန်းအချိန်မှာပဲ ကွင်းထဲကမှာ ကန်နေတဲ မြန်မာနဲ့ အင်ဒိုပွဲဟာ အချိန်ပြည့်သွားပြီး ပထမပိုင်းက ရရှိခဲ့တဲ့ ပင်နယ်တီ တလုံးနဲ့ပဲ အဆုံးသတ်သွားခဲ့ရပါတယ်။
ကိုယ့်မြေ၊ ကိုယ့်ကွင်း၊ ကိုယ့်ပရိတ်သတ်ရှေ့မှာ အနိုင်ရဖို့ ကြိုးစားရင်း ရှုံးနိမ့်သွားတဲ့ မြန်မာအသင်း ကစားသမားတွေမှာလည်း ဝမ်းနည်းပက်လက်နဲ့ ကွင်းထဲမှာ ငိုကြွေးကြပါတယ်။
မြန်မာ ဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကတော့ ရှုံးပွဲရလာဒ်အပေါ်မှာ ပေါက်ကွဲပြီး ခုံတွေကို ဆွဲခွာ ပစ်လွှင့်နေကြတဲ့ ပွဲကြည့်စင်ပေါ် ပရိတ်သတ်တွေကို လက်အုပ်ချီတောင်းပန်မှုတွေ ပြုလုပ်ခဲ့သလို ကွင်းအတွင်းမှာ စိတ်ဓာတ်ကျပြီး ငိုကြွေးနေတဲ့ မြန်မာကစားသမားတွေကိုလည်း နှစ်သိမ့်မှုတွေပေးနေတာတွေ့ရပါတယ်။
ပွဲကြည့်စင်လေးဘက်လေးတန်မှာ ပရိတ်သတ် တစ်သောင်းကျော်လောက်က အိမ်မပြန်နိုင်ကြဘဲ မင်သက်မိနေကြတုန်းပါ။ တချို့ကတော့ ငိုကြွေးကြပါတယ်။ ဒီကြားထဲ အရှေ့ဘက်ပွဲကြည့်စင်မှာရှိတဲ့ ပရိတ်သတ်အချို့က ပလက်စတစ်ထိုင်ခုံ အချို့ကို မီးရှို့လိုက်တဲ့အတွက် မီးသတ်အဖွဲ့က အပြေးအလွှား ငြိမ်းသတ်ခဲ့ရပါသေးတယ်။
၅ မိနစ်ခန့် အကြာမှာဘဲ ရာဂဏန်းခန့်ရှိတဲ့ မီးသတ်နဲ့ ရဲတပ်ဖွဲ့အင်အားတွေ ကွင်းထဲကို ဝင်ပြီး အိမ်ပြန်ကြဖို့ ဆော်သြလိုက်မှ ပရိတ်သတ်တွေ အိမ်ပြန်သွားကြတာပါ။ ဒါပေမယ့် ကွင်းအထွက်မှာတော့ နိုင်ငံတော်အလံတချို့နဲ့ မြန်မာဘောလုံး အသင်း တံဆိပ်ပါအကျီတွေကို ချွတ်ပြီး မီးပုံရှို့ကြပါတယ်။ လမ်းတစ်လျှောက်မှာရှိတဲ့ ဆီးဂိမ်းလှုံ့ဆော်တဲ့ ကြော်ငြာစာရွက်တွေ ကိုလည်း ဆုပ်ဖြဲကြပါတယ်။
မြန်မာ့လက်ရွေးစင်အသင်း ဆိုင်းဘုတ်တွေ ကိုလည်း ပရိတ်သတ်တွေက ခဲတွေနဲ့ပေါက်သူကပေါက်၊ လက်သီးနဲ့ ထိုးသူကထိုးနဲ့ နောက်ဆုံး မီးရှို့တဲ့အထိဖြစ်သွားလို့ မီးသတ်ကားတွေပါ ခေါ်ယူငြိမ်းသတ်ခဲ့ရပါတယ်။ ထပ်မံ ဖျက်ဆီးမှုတွေ မဖြစ်ပေါ်စေဖို့ အင်အားသုံးပြီး ထိန်းသိမ်းပေးဖို့ ကြိုးစားတဲ့ ရဲတွေနဲ့ ပရိတ်သတ်တွေအကြား သုဝဏ္ဏလမ်းဆုံ မီးပွိုင့်အရောက်မှာ ပြဿနာတွေ ဖြစ်ကြပါတော့တယ်။
ဝေဇယန္တာလမ်းမ မီးပွိုင့် တဘက်ခြမ်းမှာရှိနေတဲ့ ပရိတ်သတ်အချို့က မီးပွိုင့်ရဲကင်းဘက်မှာ ဒိုင်းတွေနဲ့ ကာရံထားတဲ့ ဝတ်စုံပြည့် ရဲတပ်ဖွဲ့တွေကို ခဲတွေနဲ့ ပစ်ပေါက်ကြသလို တခြားလေးဒေါင့်ကန်လမ်း တဘက်စီမှာရှိနေတဲ့ ပရိတ်သတ်တွေ ကလည်း ရဲတွေကိုခဲနဲ့ပစ်ပေါက်ဆဲဆိုကြပါတယ်။
တဖြည်းဖြည်းနဲ့ ရဲတပ်ရင်းတွေတိုးလာပြီး သင်္ဃန်းကျွန်း လေးဒေါင့်ကန်ဘက်အခြမ်းမှာရှိတဲ့ အုပ်စုကို တစုကို ဝင်ဖမ်းပါတယ်။ မိလာသူတဦးကို ဒိုင်းတွေ ရာဘာတုတ်တွေ ကိုင်ထားတဲ့ ရဲတပ်ဖွဲ့ လမ်းပေါ်မှာ တရွတ်တိုက်ဆွဲခေါ်သွားပြီး ရာဘာတုတ်နဲ့ တရကြမ်းဝိုင်းရိုက်ပုံတွေဟာ ဒီကနေ့ပွဲမှာ တချိန်လုံး ငြင်ငြင်သာသာ ကိုင်တွယ်နေတဲ့ ရဲတပ်ဖွဲ့ ရဲ့ပုံရိပ်ကို နာရီပိုင်းအတွင်း ဖျက်ဆီးလိုက်သလိုဖြစ်ပြီး ဘီလူးအစွယ်ပေါ်လာသလိုဖြစ်သွားပါတယ်။
တရွတ်တိုက်ဆွဲခေါ်ပြီး ရိုက်နေတာကို ပရိတ်သတ်တွေက မလုပ်ဖို့ပြောရင် ရဲတွေကို ဝိုင်းလိုက်ပြီး တိုက်ခိုက်မှ ဆွဲလက်စလူကို ချပြီး ထွက်ပြေးကြပါတယ်။ သိပ်မကြာခင်မှာပဲ ရာပေါင်းများစွာရှိတဲ့ ရဲတပ်ရင်းတွေ၊ မီးသတ်တွေ၊ မီးသတ်ကားတွေ ရောက်လာပြီး မီးသတ်ပိုက်နဲ့ထိုး လူစုခွဲပါတယ်။
အဲဒီအထဲမှာ ခဲနဲ့ပေါက်နေတဲ့ အထဲက ၅ ဦးထက်မနည်း ဖမ်းဆီးလိုက်တာကို တွေ့မြင်ရသလို ကွင်းထဲမှာ ဖမ်းဆီးခံရသူနဲ့ ပေါင်းရင် အနည်းဆုံး တစ်ဒါဇင် အထက်မှာရှိနိုင်ပါတယ်။ အဲဒီနောက် သုဝဏ္ဏ ဘောလုံးကွင်းဒေါင့် အခင်းဖြစ်ပွားရာ မီးပွိုင့်က ဝေဇယန္တာ လမ်းမကြီးနဲ့ လေးဒေါင့်ကန် လမ်းမကြီးကို ရဲတပ်ရင်းတွေနဲ့ ပိတ်ဆို့တားမြစ်လိုက်ပါတယ်။
ဒီသတင်းတွေဟာ နောက်တစ်နေ့ မနက်မှာတော့ ပုဂ္ဂလိက သတင်းစာမျက်နှာဖုံးတွေမှာ ပါလာပြီး သတင်းစာတွေလည်း တော်တော်ရောင်းကောင်းကြပါတယ်။နိုင်ငံခြားသတင်းဌာနတွေမှာလည်း အသီးသီးဖော်ပြကြပါတယ်။
လက်ရှိအိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာပြည်သူတွေ လှိုက်လှိုက်လှဲလှဲ အားပေးကြတာက ဘောလုံးပွဲတွေကို ဖြစ်ပါတယ်။ မြန်မာအသင်း ပထမပွဲစဉ်တွေမှာ ကစားထားတဲ့ အခြေအနေကို ကြည့်ပြီး အခုလို အုပ်စုကနေ စောစီးစွာ ထွက်သွားရမယ်လို့ မထင်ထားကြပါဘူး။
မြန်မာပရိတ်သတ်တွေနဲ့ အားကစားကလောင်ရှင် တချို့က မြန်မာအမျိုးသားအသင်းအနေနဲ့ ရွှေတံဆိပ်ဆု ရဖို့ ခဲယဉ်းပေမယ့် အမျိုးသမီးအသင်းကတော့ ရွှေတံဆိပ်ရရှိဖို့ အခြေအနေများတယ်လို့ ပြီးခဲ့တဲ့ မာဒေးကားပြိုင်ပွဲမှာ ကစားသွားတဲ့ ခြေစွမ်းအပေါ်မှာ သုံးသပ်ပြီး ပြောဆိုကြပါတယ်။ လက်ရှိအချိန်မှာလည်း မြန်မာအသင်းဟာ အုပ်စု (က) မှာ အုပ်စု ဒုတိယနဲ့ ဆီမီးဖိုင်နယ်ကို တက်သွားပြီဖြစ်ပါတယ်။
မြန်မာ အမျိုးသမီးအသင်းက အုပ်စု (က) မှာ လက်ရှိချန်ပီယံ ဗီယက်နမ်၊ ဖိလစ်ပိုင် တို့နဲ့ အတူ တစ်အုပ်စုတည်းကျခဲ့ပြီး ဖိလစ်ပိုင် အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် ဗီယက်နမ်ကိုတော့ ၁ ဂိုးနဲ့ ကပ်ရှုံးခဲ့ပါတယ်။
ဗီယက်နမ်နဲ့ ပွဲစဉ်မှာတော့ မြန်မာ အမျိုးသမီးအသင်းအနေနဲ့ နည်းစံနစ်ပိုင်း၊ ကြံ့ခိုင်မှုပိုင်းနဲ့ အသင်းလိုက် စုစည်းမှုတွေမှာ လုံးဝ မယှဉ်နိုင်ခဲ့ပဲ ရှုံးနိမ့်ခဲ့တာ ဖြစ်တဲ့ အတွက် ထိုင်းအသင်းနဲ့ ယှဉ်ရင်လည်း နိုင်ဖို့ မလွယ်တာကြောင့် မြန်မာအမျိုးသမီးအသင်းရဲ့ ရွှေအိပ်မက်လည်း ပြိုကွဲရမယ့် အနေအထားပါ။
အခုလို အရှုံးတွေ ဘာ့ကြောင့် ဘယ်သူ့ကြောင့် ဖြစ်ခဲ့ရတာလဲ။ တချို့က နည်းပြကြောင့်၊ တချို့ ဖုတ်ပူမီးတိုက် လုပ်တတ်တဲ့ မြန်မာအစိုးရ အုပ်ချုပ်သူတွေကြောင့် အမျိုးမျိုး အပြစ်တင်ကြတယ်။ အကြီးဆုံး အရှုံးကတော့ အရှုံးကို ရင်ဆိုင်ရဲတဲ့ သတ္တိ ဆုံးရှုံးတာ၊ ခံစားမှုကို ထိန်းချုပ်တတ်တဲ့ အသိဉာဏ် ဆုံးရှုံးသွားတာပဲ ဖြစ်မယ်ထင်ပါတယ်။