“စောစောအိပ်လို့၊ စောစောထလို့ … စောစောလမ်းလျှောက်ကြပါစို့…”
အခုလို ဆောင်းဦးကာလ နှင်းတွေဖြိုင်ဖြိုင် ကျနေချိန်မှာ ငယ်စဉ်က အနှစ်နှစ်ဆယ်နီးပါး နားထဲစွဲနေတဲ့ သီချင်းသံကို ကြားယောင် နေမိတယ်။ အခုလို ဆောင်းဦးပေါက် စနေနေ့လို ညမျိုးမှာ နောက်ရက် မနက်စောစော လမ်းလျှောက်ပွဲ ဆင်နွဲှဖို့အတွက် စာရင်းကောက် လှုံ့ဆော် ပြင်ဆင်ကြတယ်။ ရပ်ကွက်ထိပ် ကင်းတဲမှာက ညလုံးပေါက် ဆန်ပြုတ်အိုးကြီး တည်ထားပြီး အလှည့်ကျ ကင်းစောင့်ကြရမယ့် အိမ်ထောင်ဦးစီးတွေ အိမ်ဆန်အိုးထဲက ဆန်တဆုပ် တခွက် ယူလာတာပါ။
ထင်းမီးဖိုကြီး အမြဲမပြတ် ဖိုထားပြီး ကျပ်ခိုးတွေ ဂျွတ်တက်နေတဲ့ ဒန်အိုးကြီးတလုံးနဲ့ ဆန်ပြုတ်များ ကျိုထားခြင်းဖြစ်တယ်။ သည်တုန်းက ကျနော်တို့က ဘာရှိဦးမလဲ …။ ၁၃ နှစ်၊ ၁၄ နှစ်သားပေါ့ …။ ကလေးမဟုတ်၊ လူကြီးမဟုတ် စက အရွယ်…။ ကင်းတဲမှာ ရပ်ကွက်ထဲက အိမ်နီးချင်းတွေနဲ့မို့ အိမ်ကလည်း စိတ်ချတယ်။
ဆန်ပြုတ်အိုးကြီး ပွက်ပွက်ဆူတော့ ရှိတဲ့ ဇလုံ၊ ပန်းကန်တွေနဲ့ အငွေ့ချောင်းချောင်းထသမျှကို တဖူးဖူး မှုတ်သောက်ရတာ ဝနိုင်ဖွယ် မရှိပါဘူး။ ရုံတော်ကြီး နန်ကင်း အလင်းဆိုင်က အီကြာကွေးတွေ ဝယ်လာသူက ဝယ်လာတယ်။ တညလုံးနီးပါး လမ်းလျှောက်လိုက် …၊ မီးလှုံလိုက်၊ ဆန်ပြုတ်သောက်လိုက်၊ လက်ဖက်ရည် သောက်လိုက်နဲ့ သန်းခေါင်ကျော် နာရီပြန် ၂ ချက်လောက် ရောက်တာနဲ့ ဓမ္မာရုံက ခဏယူထားတဲ့ အသံချဲ့စက်ကြီးကို ဂျစ်ကား ဘောနက်ပေါ်တင်ပြီး အသံကို အသားကုန် တင်ကာ “ဟဲလို … တက်စတင်း၊ တက်စတင်း…။ ဝမ်း၊ တူး၊ သရီး၊ ဖိုး…” ကို ကင်းတဲရှိ လူကုန် အသံပြဲကြီးတွေနဲ့ စမ်းသပ် ကြပြီးနောက် …
“စောစောအိပ်လို့၊ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ …” ဆိုတဲ့ သီချင်းရီကော်ဒါခွေကြီးကို အပြန်ပြန်အလှန်လှန် ဖွင့်တော့တယ်။ တရပ်လုံး ကြားအောင်လည်း ဟွန်းကြီးကိုထမ်းပြီး အရပ်ရှစ်မျက်နှာ လှည့်ရသေးတယ်။ ၃ နာရီထိုးတော့ တရပ်ကွက်လုံး နိုးပြီ။ ဟိုအိမ် သည်အိမ်က ချောင်းဟန့်သံတွေ ကြားလာရပြီ။ ဖယောင်းတိုင်မီး၊ မှန်အိမ်မီးလေးတွေ လင်းလက်လာပြီ။ တအိမ်နဲ့ တအိမ် လှမ်းအော်ပြီးနှိုးသံတွေ ဆူညံလာတယ်။ လက်မှတ်ထိုး စာရွက်တွေလည်း အဆင်သင့် ပြင်ထားကြတယ်။ ကင်းမှူးက သူ့တအိမ်လုံးက အိမ်ထောင်စု ဇယားပေါက် နာမည်တွေကို လမ်းလျှောက်တက်ရောက် လက်မှတ်ထိုး စာရွက်မှာ စပြီး ဖြည့်သွင်းတယ်။ လသားအရွယ် ကလေးငယ်လေး နာမည်လည်း ပါနေတာမို့ မသင့်တော် ပါဘူးလေလို့ ဆိုပြီး မှင်နဲ့ ကြောင်းပစ်နေတယ်။ မကြာခင် … ရပ်ကွက်တွင်းက တအိမ် တယောက် အနည်းဆုံး တဖွဲဖွဲ ရောက်လာပြီး လက်မှတ်ထိုးကြတာပေါ့။ ကင်းမှူးက နံနက် ၄ နာရီ နောက်ဆုံးစာရင်း လက်ခံမှာတဲ့ …။ တနင်္လာနေ့ နံနက် သမဝါယမ ဆိုင်အဖွင့်မှာ ဆပ်ပြာတဖြတ်စီကို သမဝါယမ အသင်းသား စာအုပ်နဲ့ လာရောက် ထုတ်ယူကြဖို့လည်း ဆော်သြ ကြတယ်။
မနက် ၄ နာရီထိုးတော့ ဂျစ်ကားပေါ်က အသံချဲ့စက်က “စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက် ကြပါစို့” သီချင်းသံ တညံညံနဲ့ မြို့နယ်စုရပ်ကို ရပ်ကွက်သူ ရပ်ကွက်သားတွေ ဦးတည်ကြတော့တယ်။ မိကျောင်းတံတား အတက် လမ်းမီးပျက် နေတော့ မှောင်ရိပ်မှာ တချို့က အပေါ့သွားသလိုလိုနဲ့ နဝေတိမ်တောင် လုပ်နေလို့ မြို့နယ်ရုံးမှာ လူစာရင်း ထပ်စစ်ဦးမှာနော်လို့ ကင်းမှူးက တကြော်ကြော်အော်နေတယ်။ ဒီလိုနဲ့ မြို့နယ်ရုံးရှေ့မှာ ရပ်ကွက်ပေါင်းစုံ တစုတဝေး ရောက်ရှိလာပြီး နံနက် ၅ နာရီထိုးတာနဲ့ “စောစောအိပ်လို့၊ စောစောထလို့၊ စောစော လမ်းလျှောက်ကြပါစို့ …” ဆိုတဲ့ သီချင်းသံ ဆူညံစွာ အရှေ့ဘက်ကျုံးဆီသို့ နှင်းမှုန်မှုန်အောက် တပျော်တပါး လမ်းလျှောက် ကြတော့တယ်။
“လူကြီးတွေက မဖြစ်လို့ အိပ်ရေးပျက်ခံပြီး လိုက်ကြတာပါတော် …၊ သင်းက ကလေးပီပီ အိမ်မှာ အိပ်မနေဘူး၊ တကတည်း တစ်ညလုံး မိုးလင်း …” လို့ အမေက ကျနော့်ကို မြည်တွန်တောက်တီးတယ်။ “ထူးပြီး လမ်းလျှောက်ရ ဦးမှာလားဗျာ …၊ ကျုပ်က ဈေးတောင်း ထမ်းပြီး မနက်တခေါက် ညနေတခေါက် တမြို့လုံး လှည့်သွားနေရတာ …” လို့လည်း ဦးကြီးက ပြောပါတယ်။
ငယ်စဉ်က ဒီဇင်ဘာ လမ်းလျှောက်ကြတဲ့ အကြောင်းပါ …။
×××× ×××× ×××× ×××× ×××× ××××
စာအုပ်တွေထဲက မန္တလေး ဒီဇင်ဘာကိုတော့ ဒီလို မှတ်သားဖူးတယ်။ ၁၉၄၂ ခု၊ မေလ ၁ ရက်နေ့မှ ၁၉၄၅ ခု မတ်လ ၂၀ ရက်နေ့အထိ မန္တလေးကို ဂျပန်ကသိမ်းပိုက်ပြီး အဝင်မှာရော အထွက်မှာပါ စစ်မြေတလင်း ဖြစ်ခဲ့တယ်။ မန္တလေးမှာ ရွှေနန်းကြီးက အစ မြို့ရဲ့ နေရာ အတော်များများ ပြာပုံဘ၀ ရောက်ခဲ့ရတယ်။ စစ်ကြီးကြောင့် မန္တလေးရဲ့ ရုပ်ဝတ္ထု ပစ္စည်းအများအပြား ပျက်စီးရတဲ့အပြင် မန္တလေးသူ မန္တလေးသားတွေရဲ့ စိတ်ဓာတ်တွေလည်း ပြိုလဲ ပျက်စီးခဲ့ရတယ်။ အထူးသဖြင့် လူငယ်တွေရဲ့ စိတ်ဓာတ်ပျက်ပြားမှုက အဆိုးရွားဆုံး ဖြစ်တယ်။ မီးလောင်ပြင် စစ်တလင်းမှာ အိုးအိမ်တွေကို ဖြစ်သလို ကုတ်ကပ် နေထိုင်ကြရပြီး ပြန်လည်ထူထောင်ရေး၊ ကျန်းမာရေး၊ ကြံ့ခိုင်ရေးတွေကို လျစ်လျူရှုပြီး အင်္ဂလိပ် စစ်တပ်က အမွေပေးခဲ့တဲ့ အရက်၊ ဘီယာနဲ့ အပျော်အပါး လိုက်စားမှုများဖြင့်သာ ဒုစရိုက်မျိုးစုံနောက် ရေစုန်မျောပါခဲ့တဲ့ လူငယ်များချည်း ဖြစ်နေတော့တယ်။ မီးလောင်သွပ်ပြား အတွန့်အလိန်များနဲ့ ရရာသစ်သား တိုစများ တိုင်ထူပြီး ရွှံ့ထဲဗွက်ထဲ ရောဂါဘယဘေး အမျိုးမျိုးနဲ့ နေထိုင်ရပေမယ့် ညနေစောင်းတာနဲ့ ရုံတော်ကြီးက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ယမကာဆိုင်တွေမှာ တရုန်းရုန်း စည်ကားနေတယ်လို့ ဆိုကြတယ်။
ဒါကြောင့် မြို့မိမြို့ဖများနဲ့ ပညာရှင်များက “ကမ္ဘာစစ်ကြီးအပြီး လွတ်လပ်ရေးအတွက်၊ အိုးအိမ်များ ပြန်လည်ထူထောင်ရေး အတွက်၊ အမျိုး ဘာသာ သာသနာအတွက်၊ လူငယ်များ ကိုယ်လက်ကြံ့ခိုင်ရေး အတွက် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ၁၉၄၅ ခု ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ဗုဒ္ဓဘာသာ ယောက်ျားလေး ကျောင်းဝင်းကြီးအတွင်း ဆောက်လုပ်ထားတဲ့ နေသူရိန်ရုံကြီးမှာ “လူမျိုးပြန်လည် ထူထောင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားပွဲတော်” ဆိုပြီး ကျင်းပခဲ့တယ်။
အဲဒီမှာ ပွဲတွေနဲ့ဝေးနေတဲ့ မန္တလေးသားတွေ တခဲနက် အားပေးကြသတဲ့။ အဲဒီပွဲမှာ ကာယဗလနဲ့ ကြံ့ခိုင်ရေးကို အားပေးတဲ့ သီချင်းတွေ၊ ပြဇာတ်တွေ၊ တေးသရုပ်ဖော်တွေနဲ့ ရွှေမန်းမောင်မယ် ရွေးပွဲလည်း ပါဝင်တယ်။ ယနေ့တိုင် ခေတ်စားနေတဲ့ ဆရာမြို့မငြိမ်းရဲ့ အိုလံပစ်၊ ယဉ်တကိုယ်မယ်၊ ကရဝိက် သမြူးဇစ် စတဲ့ သီချင်းတွေဟာ အဲဒီပွဲအတွက် ရေးစပ်တီးမှုတ်ခဲ့တဲ့ သီချင်းတွေ ဖြစ်တယ်လို့ မှတ်သားရပါတယ်။
×××× ×××× ×××× ×××× ×××× ××××
ဒီဇင်ဘာများစွာ ကျော်ဖြတ်သွားခဲ့ပါပြီ။
နှင်းတွေကတော့ ဝေမှိုင်းစွာ ကျနေဆဲပါပဲ။ မနက်စောစောမှာတော့ ချမ်းသေးတယ်။ နေတဖျား ရောက်တာနဲ့ အပူငွေ့က ရိုက်ခတ်လာတယ်။ ကျုံးနဘေးမှာ လမ်းလျှောက်သူ၊ အေရိုးဗစ် ကစားသူ၊ ဝူရှူးကစားသူ၊ ကြက်တောင်ရိုက်သူ၊ အနှေး ပြေးသူတွေနဲ့ စည်ကားနေပါပြီ။ အများတကာ ကျုံးနဘေးမှာ စည်ကားနေချိန် ကျနော်တို့ ရပ်ကွက်လေးက ငြိမ်သက် နေတယ်။ ငယ်စဉ်က ကြားဖူးခဲ့တဲ့ ဦးကြီးရဲ့ “ကျုပ်က ဈေးတောင်းထမ်းပြီး မနက်တခေါက်၊ ညနေတခေါက် တမြို့လုံး သွားနေတာ…” ဆိုတဲ့အသံကို အဝေးဆီက နှင်းမှုန်တို့က ပါးပါးလေး သယ်ဆောင်လာလေ သလား …။
ဟိုး… တောင်ဘက် ကျန်းမာရေး ကွက်သစ်ဆီက…။
“စွမ်းစွမ်းသန်သန်၊ လက်ရုံးထွားထွား…
ကျားမ မဟူ… ခွန်အားကြီးကျယ်…
တက်ခေတ်ဗမာ (မြန်မာ) မယ် … မွေး …” ဆိုတဲ့ သီချင်းသံကဖြင့် သေချာပေါက် လွင့်ပျံ့လာပါပြီ။
ကျနော်ကတော့ အိပ်ရာထဲ ကွေးကောင်းနေဆဲပါပဲ …။