ဆီးဂိမ်းကာလတွင် အင်တာနက် ကွန်နက်ရှင် အလွန်ကောင်းစေရမည်၊ အလွန့်အလွန် ကောင်းစေရမညေ်ဟု ကြေညာ ထားသော်လည်း ဆီးဂိမ်းသာပြီးသွားသည် … အဝိုင်းလေးက လည်ကောင်းတုန်း။ “ဘကြီး MPT ညာတယ်” ဆိုသည့် ခေတ်သစ် ပုံပြင်တပုဒ် ထပ်ရေးရတော့ မလို ဖြစ်နေသည်။
ထားတော့ …။ ရှိစေတော့။ “ဒီဆိုင်က ကွန်နက်ရှင် ကောင်းတယ်” ဆိုပြီး ချွန်တွန်း လုပ်လိုက်သော ဖိုးရှုပ်နှင့် ကြွက်စုတ် နှစ်ကောင်ကိုသာ ဦးရုက္ခစိုး စိတ်ထဲက မေတ္တာ အတုံးလိုက် ပို့နေမိသည်။ ပြောသာပြောရသည် အင်တာနက်က ဘယ်နေရာမှ မကောင်း။ ဝိုင်ဖိုင် အလကားရသည့် နေရာတွေမှာ လိုက်သုံးတတ်သည့် ဦးရုက္ခစိုးပင်လျှင် ပိုက်ဆံပေးရသည့်နေရာမှာ ပိုကောင်းမလားဆိုပြီး ရောက်လာခြင်း ဖြစ်၏။
“ဦးရုက္ခစိုး လုပ်မနေနဲ့တော့၊ ပိတ်လိုက်တော့ လဘက်ရည်ဆိုင် သွားရအောင်”
နောက်က အသံထွက်လာလို့ လှည့်ကြည့်လိုက်တော့ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ နောက်မှာ ရောက်နေသည်။ ထိုနှစ်ကောင်ကို သိပ်အစာမကျေသော်လည်း ဆက်ထိုင်နေ၍ မထူးသည့်အတွက် ဦးရုက္ခစိုး ထလိုက်လာရသည်။ သုံး၍သာမရသည် ပိုက်ဆံကျတော့ နာရီဝက်ဖိုး ပေးလိုက်ရသည်။ ရုက္ခစိုးဆိုတာ VIP မဟုတ်သည့်အတွက် ဆိုင်ရှင်ကို ပြန်ငြင်းမနေတော့ဘဲ မကျေမနပ်နှင့် ပေးလိုက်ရခြင်း ဖြစ်သည်။
“မိုဘိုင်းဖုန်းတွေတောင် ဟလို ဟလို … ကြားရလား ကြားရလား ဆိုတာနဲ့တင် ဘာမှမပြောရသေးဘဲ ပိုက်ဆံ ဖြတ်သေးတာပဲ ဦးရုက္ခစိုးရယ်” ဟု ကြွက်စုတ်က နှစ်သိမ့်နေသေးသည်။ ဆိုင်ကထွက်လာတော့ ဖိုးရှုပ်က တက္ကစီ တစီးကို တားသည်။
ရုက္ခစိုး။ ။ ဟ လက်ဖက်ရည်ဆိုင် သွားမှာ တက္ကစီ ငှားဖို့ လိုလို့လား။
ကြွက်စုတ်။ ။ ဆိုင်ကောင်းကောင်းလေး သွားထိုင်မလို့ပါ ဦးရုက္ခစိုးရယ်။ ဒီနားမှာက ဆိုင်ကောင်းကောင်း မရှိလို့။
ဦးရုက္ခစိုး စိတ်ကို ထပ်မံလျှော့လိုက်သည်။ တက္ကစီပေါ်ရောက်တော့ တက္ကစီက ၅ မိနစ်ခန့်သာ မောင်းနိုင်ပြီး နေရာက မရွေ့တော့။
ရုက္ခစိုး။ ။ ဘာဖြစ်ပြန်တာလဲ၊ ကားပျက်လို့လား။
ဖိုးရှုပ်။ ။ မဟုတ်ဘူး ဦးရုက္ခစိုးရဲ့ … ကားတွေ ပိတ်နေတာ။
ကြွက်စုတ်။ ။ ရှေ့မှာ သစ်လုံးကားကြီးပဲ လေးစီး၊ ကွန်တိန်နာကားက ၂ စီး၊ သစ်လုံး မတင်ရသေးတဲ့ ၁၂ ဘီးကားကြီးက ၃ စီး။
ဦးရုက္ခစိုး သက်ပြင်းကို ဟင်းခနဲ ချလိုက်သည်။ ဒီနေ့အဖို့တော့ လက်ဖက်ရည်ဆိုင်ကော ရောက်ပါ့မလား။ ရန်ကုန်မှာ အင်တာနက် သုံးရင်း၊ ကားစီးရင်းဖြင့် အသက် တိုနိုင်သည်။ ဦးရုက္ခစိုးအတွက်ကတော့ မထောင်းတာ၊ တန်ခိုးဖြင့် ကြွလိုက်ရုံသာ၊ ဖိုးရှုပ်တို့၊ ကြွက်စုတ်တို့ကို ငဲ့နေသောကြောင့် သူပါ ရောပြီးနတ်သက်တိုသွား နိုင်သည်။
ရှေ့က သစ်လုံးကားများနှင့် ကွန်တိန်နာကားများက တစီးကို တစီး ဖယ်မပေးဘဲ၊ ကျော်တက်ရန် အပြင်းအထန် ကြိုးစား နေသောကြောင့် ပိုကြန့်ကြာနေရသည်။ ထိုစဉ် သူတို့ တက္ကစီဘေး လိုင်းကားပေါ်မှ ဒရိုင်ဘာက လက်ညှိုးတချောင်း ထောင်ပြသည်။ ဦးရုက္ခစိုး ကြောင်သွားသည်။
ရုက္ခစိုး။ ။ ဟာ … ဟေ့ကောင်တွေ၊ ဘေးက လိုင်းကားပေါ်က စပယ်ယာက ငါ့လိုပဲ ရုက္ခစိုးလား မသိဘူး။ ကြည့်ရတာ ရုက္ခစိုးဘဝနဲ့ အဆင်မပြေလို့ စပယ်ယာ ဝင်လုပ်တာ ဖြစ်မယ်။
ဖိုးရှုပ်။ ။ ပေါက်ပေါက် ရှာရှာ ဦးရုက္ခစိုးရယ်၊ စပယ်ယာ ရုပ်က ရုက္ခစိုးပုံ ပေါက်နေလို့လား။
ရုက္ခစိုး။ ။ ဟိုမှာ ကြည့်ပါလား လက်ညှိုးထောင်ပြ နေတယ်။ ငါလည်း ကိုယ်ရောင်လင်းချင်ရင် လက်ညှိုးထောင်နေကျလေ။ သူလည်း နတ်ဘဝက အကျင့်ပါလာပြီး လက်ညှိုးထောင်တာ ဖြစ်မှာပေါ့။
ကြွက်စုတ်။ ။ ဦးရုက္ခစိုး လွဲချက်က နိုင်းလောက်ရှိတယ်။ အဲဒါ တစီးလောက်လို့ ပြောတာဗျ၊ ကြည့်လိုက် လိုင်းကားတိုင်းက စပယ်ယာ အားလုံး လက်ညှိုးလေးတွေ တထောင်ထောင်နဲ့။
ဦးရုက္ခစိုး သူ့အလွဲနှင့်သူမို့ ငြိမ်နေလိုက်ရသည်။ ထိုစဉ် သူတို့စီးလာသည့် တက္ကစီ ဒရိုင်ဘာက “တောက်” တချက် ပြင်းပြင်း ခေါက်လိုက်ရာ သူတို့ အားလုံး လန့်သွားကြသည်။
“မပြောချင်ဘူးဗျာ …။ နှစ်ကုန်ခါနီးလို့ သစ်လုံးတွေကို နင်းကန်ပို့နေတာ။ နောက်နှစ်ကျ သစ်လုံးတွေ ပို့ခွင့် မရှိတော့ဘူးလေ။ အဲဒါကြောင့် လက်ကျန်တွေ အတင်းဖြတ်နေတာ … ပြီးတော့ ရုံးပြန်ချိန်ကြီးကို ဒီကွန်တိန်နာ ကားကြီးတွေက မြို့ထဲမှာ မောင်းစရာလား၊ စည်းကမ်းကို မရှိဘူးကြဘူး … ဗျစ်”
နောက်ဆုံးက “ဗျစ်” မှာ ဒရိုင်ဘာက ကွမ်းတံတွေးကို လမ်းဘေးသို့ မာန်ပါပါ ထွေးချလိုက်ခြင်း ဖြစ်၏။ သူ့ ကွမ်းတံတွေးက ကွန်ကရစ် လမ်းမ အသစ်စက်စက်ကြီးပေါ်တွင် ရဲခနဲ ဖြစ်သွားသည်။ ဒရိုင်ဘာ၏ တိုနေသော စိတ်ကို လန့်သောကြောင့် သူတို့ နှစ်ဦးနှင့် တပါး ဘာစကားမှ မဟရဲ။ ထို့ကြောင့် ခရုနှင့် ပက်ကျိကိုပင် ရှုံးရလောက်အောင် တရွေ့ရွေ့ သွားနေသော ကားပေါ်တွင် လိုက်ပါလာရင်း လမ်းဘေးဝဲယာကိုသာ ဟိုငေး ဒီငေး ငေးနေလိုက်ရသည်။
ဖိုးရှုပ်။ ။ ဟော … ဟိုလူကြီး မြင်ဖူးသလိုပဲ။
ကြွက်စုတ်။ ။ အေးကွ၊ ဒီမျက်နှာကြီး ငါ ကောင်းကောင်း သိတယ်။ အဲဒါ … ပိုက်ဆံခွာ မဟုတ်လား။
ကိုယ့်ဘာသာ နစ်မျောနေစဉ် ဖိုးရှုပ်နှင့် ကြွက်စုတ် အသံကြောင့် လှမ်းကြည့်လိုက်ရာ မျက်မှန်နှင့် နဖူးပြောင်ပြောင်၊ မျက်နှာကျော တင်းတင်း လူတယောက်ကို မြင်လိုက်ရသည်။ သူက ကျီးကြည့် ကြောင်ကြည့်နှင့် မှောင်ရိပ်ခိုနေသည်။ ပိုလိုရှပ်နှင့် ဘောင်းဘီရှည် ဝတ်ထားသော ထိုသူသည် အသက် ၆၀ ခန့် ရှိပြီဟု ထင်ရသည်။
ဖိုးရှုပ်။ ။ ကားနဲ့ ဆက်သွားလို့ မရတော့မယ့် အတူတူ ဆင်းရအောင်ကွာ။
ဖိုးရှုပ်က ပြောပြောဆိုဆို ကားပေါ်မှာ ပြေးဆင်းရာ ကြွက်စုတ်လည်း ကမန်းကတန်း ကားသမားကို ပိုက်ဆံရှင်းပြီး နောက်မှ လိုက်ပြေးသည်။ ဦးရုက္ခစိုးလည်း မနေသာ။
ဖိုးရှုပ်၊ ကြွက်စုတ်နှင့် ဦးရုက္ခစိုးတို့ ထိုသူရှေ့တွင် ရပ်လိုက်သည်နှင့် ထိုသူက ခါးကိုင်းပြီး “အနယား ဆရော” ဟု နှုတ်ဆက်သည်။
ဖိုးရှုပ်။ ။ ခင်ဗျား ဘာမှ လာနှုတ်ဆက်မနေနဲ့ … ပြော၊ အခုပြော … ဒီမှာ ဘာလာလုပ်တာလဲ။
ရုက္ခစိုး။ ။ ဟေ့ကောင်တွေ ဒီပေါက်ဖော်ကြီးက လက်ပန်းတောင်း ကလား၊ မြစ်ဆုံ ကလား။
ကြွက်စုတ်။ ။ ဟာ … အဲဒါ တရုတ် မဟုတ်ဘူးလေ၊ ကိုရီးယားဗျ။ အမျိုးသား ဘောလုံး အသင်း နည်းပြ။ သူလုပ်လို့ ကျနော်တို့ အသင်းရှုံးတာ။ ဒါတောင် မသိဘူးလား။
ကြွက်စုတ်က ဦးရုက္ခစိုးကို ငေါက်လိုက်သည်။
ရုက္ခစိုး။ ။ ရှုံးတာတော့ ကြားတယ်လေ။ ဒါပေမယ့် ငါက အမျိုးသား အသင်းပွဲတွေမှ စိတ်မဝင်စားတာ။
ဦးရုက္ခစိုးကသာ အေးအေးဆေးဆေး ရှိနေသော်လည်း ဟိုနှစ်ကောင်က ပိုက်ဆံခွာကို တခုခုလုပ်မည့်ဟန်ဖြင့် စားမတတ် ဝါးမတတ် ကြည့်နေကြသည်။ ထို့ကြောင့် ဦးရုက္ခစိုးက ပွဲကို ဝင်ထိန်းဖို့ ကြံလိုက်ရသည်။
ရုက္ခစိုး။ ။ နေကြပါဦးကွာ၊ သူလည်း ပရော်ဖက်ရှင်နယ်ပဲ၊ သူကိုင်တဲ့ အသင်း တမင်ရှုံးအောင်တော့ လုပ်မလား၊ ငါမေး ကြည့်ပါဦးမယ်။ ခင်ဗျားက ကျုပ်တို့ ဘောလုံးအသင်း ရှုံးအောင်လုပ်ခဲ့တယ် ဆိုတာ ဟုတ်သလား။
ပိုက်ဆံခွာ။ ။ ဟုတ်ပါတယ် ခင်ဗျာ။ ဒါ … ဒါပေမယ့် ခွာခွာ ဘာမှမသိပါဘူး ခညာ။ အဲဒါ အသင်း အုပ်ချုပ်သူကြောင့်ပါ ခညာ။
ပိုက်ဆံခွာက မပီကလာ ပီကလာ ပြန်ဖြေသည်။
ဖိုးရှုပ်။ ။ မဆိုင်တာတွေ လာမဖြီးနဲ့ … သေချာရှင်းပြ။
ပိုက်ဆံခွာ။ ။ တကယ်ပါ သူက ကျနော့်ကို ပြိုင်ပွဲ စည်းကမ်းတွေကို အင်္ဂလိပ်လို ရေးထားတာတွေ အိုင်ပက်ဖွင့်ပြီး လာရှင်းပြတယ်လေ။ အဲဒါ ကျနော့်ကို စော်ကားတာဗျ။
ကြွက်စုတ်။ ။ လုပ်ပြန်ပြီ၊ မဆိုင်တာတွေ။
ပိုက်ဆံခွာ။ ။ ဆိုင်တာပေါ့ ခင်ဗျာ။ ကိုရီးယားထုတ် ဆမ်ဆောင်း တက်ပလက်တွေ တကမ္ဘာလုံး သုံးနေကြတာကို သူက ကျနော် ကိုရီးယား လူမျိုးမှန်း သိရက်နဲ့ အမေရိကန်ထုတ် အိုင်ပက်သုံးပြီး ကျနော်နားမလည်တဲ့ အင်္ဂလိပ်စာတွေ လာပြတယ် ဆိုတာ သက်သက် အမျိုးသားရေးကို တိုက်ခိုက်တာ၊ စော်ကားတာ။ ဒါကြောင့် အသင်းကို လူစုံ မထုတ်တော့ဘဲ ကောင်လေး တွေကိုလဲ သေသေချာချာ သင်မပေးဘဲ လွှတ်ပေးလိုက်တာ။
ရုက္ခစိုး။ ။ ဒီလို တွက်လို့ ဖြစ်မလား။ ခင်ဗျားတို့ ဆမ်ဆောင်းလိုပဲ ပန်းသီးတွေလည်း တကမ္ဘာလုံး သုံးနေကြတာပဲ။ ခင်ဗျား တော်တော် မိုက်တဲ့သူ။ ခင်ဗျားရဲ့ တလွဲဆံပင် ကောင်းမှုကြောင့် ကျုပ်တို့တွေလည်း နစ်နာတယ်၊ ခင်ဗျားကိုလည်း အားလုံးက မုန်းနေပြီ။ ဒါနဲ့ ဘာလို့ ခင်ဗျားက ကိုရီးယား မပြန်သေးဘဲ ဒီမှာ ရှိနေရတာလဲ။
ပိုက်ဆံခွာ။ ။ ကျနော် ချက်ချင်း ပြန်တာပဲဗျ။ ဒါပေမယ့် အခု မလာမနေရ ပြန်လာရမယ်ဆိုလို့ ပြန်လာတာ။
ဖိုးရှုပ်။ ။ ခင်ဗျားလို လူကိုများ … ဘယ်သူက ပြန်ခေါ်မှာလဲ။ လာလုပ်မနေနဲ့။
ပိုက်ဆံခွာ။ ။ တကယ်ပါဗျာ။ ကျနော့်ကို အကယ်ဒမီပေးပွဲ တက်ရမယ်ဆိုလို့ ဒီညနေ လေယာဉ်နဲ့ ချက်ချင်း ပြန်လာရတာပါ။
သူပြောတော့မှ ထိုနေ့ အကယ်ဒမီ ပေးပွဲ ကျင်းပသည့်နေ့ ဆိုသည်ကို သူတို့ အားလုံး သတိရသွားသည်။ လမ်းဘေးတွင် ထောင်ထားသော ရုပ်မြင်သံကြား စက်ကြီးကလည်း အကယ်ဒမီ ပွဲ မြင်ကွင်းများကို စတင် ပြနေပြီ ဖြစ်သည်။
ကြွက်စုတ်။ ။ ဒါဆိုလည်း ပွဲ ကျင်းပတဲ့နေရာကို တန်းမသွားဘဲ ဒီမှာ ဘာကိစ္စ မှောင်ရိပ်ခိုနေတာလဲ။
ပိုက်ဆံခွာ။ ။ သွားတာပဲလေ … ကားလမ်းပိတ်နေလို့ ဆက်သွားမရတာနဲ့ လမ်းလျှောက်ပြီးပဲ သွားတော့မယ် ဆိုပြီး ကားပေါ်က ဆင်းလာတုန်း ခင်ဗျားတို့နဲ့ တွေ့တာပဲ။
ထိုစဉ် ယခုနှစ် အကယ်ဒမီပေးပွဲတွင် ပါဝင်မည်ဟု ကြိုတင် ပြောထားသော အကယ်ဒမီ အထူးဆုကြီးကို စတင်ကြေညာ နေပြီ ဖြစ်သည်။ သူတို့အားလုံး စကားမပြောနိုင်ဘဲ ရုပ်မြင်သံကြား စက်ကြီးဆီ အာရုံရောက်သွား ကြသည်။
အစီအစဉ် ကြေညာသူ။ ။ ဒီနှစ်အတွက် အကယ်ဒမီ အထူးဆုကြီးကို ပူးတွဲဆု သုံးဆု တိတိ ပေးမှာ ဖြစ်ပါတယ်ရှင်။
ကြွက်စုတ်။ ။ အထူးဆုက သုံးဆုတောင်တဲ့ဗျ။
အစီအစဉ် ကြေညာသူ။ ။ ပထမဆုံး အထူးဆု အနေနဲ့ “တွေ့တဲ့သူတိုင်းကို ဖက်ငိုမယ်” ဆိုတဲ့ အလွမ်းဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသား သရုပ်ဆောင် အထူးဆု ရရှိသွားသူ ဘောအဖွဲ့ချုပ် အကြီးအကဲ ဦးဘောအုပ် …။
တီဗီထဲတွင် ဘောအဖွဲ့ချုပ် အကြီးအကဲ၏ မျက်ရည်လည်ရွှဲ မျက်နှာကြီး ပေါ်လာသည်။ သူက ဖက်၍ရသမျှ လူအားလုံးကို ဖက်ကာ တဟီးဟီး ငိုချင်းချနေလေ၏။
ဖိုးရှုပ်။ ။ ဟာ … ဘောအကြီးအကဲက ဘယ်တုန်းက ရုပ်ရှင်ရိုက်လိုက်တာလဲ …။
ကြွက်စုတ်။ ။ ငြိမ်ငြိမ်နေစမ်းပါကွာ … ဒီနှစ်က ရုံမတင်ရသေးတဲ့ ကားတွေကိုပါ ပေးမယ်လို့ ကြေညာထားသားပဲဟာ၊ မရိုက်ရသေးတဲ့ ကားလည်း ပေးချင်ပေးမှာပေါ့။
အစီအစဉ် ကြေညာသူ။ ။ ဒုတိယ အထူးဆု အနေနဲ့ “ခွာခွာ ဘာမှမသိ” ဆိုတဲ့ အက်ရှင် ဇာတ်ကြမ်းကားကြီးရဲ့ အထူး ဇာတ်ပို့ သရုပ်ဆောင် ပိုက်ဆံခွာ …။
ထိုသို့ ကြေညာလိုက်သည်နှင့် … ဖိုးရှုပ်ကော၊ ကြွက်စုတ်ပါ ခုနက တင်းနေသမျှ မေ့သွားပြီး “ဟေး” ကနဲ့ ထအော်၍ အကယ်ဒမီပေးပွဲ တက်သူများ လုပ်နေကြအတိုင်း ပိုက်ဆံခွာကို ဝိုင်း၍ လက်ဆွဲနှုတ်ဆက်ကြ၊ အာပွားပေးကြ လုပ်နေကြ တော့သည်။ ပိုက်ဆံခွာက “ခွာခွာ ဘာမှမသိ” “ခွာခွာ ဘာမှမသိ” ဟု တတွတ်တွတ် ရွတ်နေသည်။ တီဗီတွင်တော့ ဘောအဖွဲ့ချုပ် အကြီးအကဲက သူ့အနားရှိ ဘောလုံး နှစ်သင်းစာ လူများကို ဖက်ငိုပြန်သည်။
ထိုစဉ် ရန်ကုန်တမြို့လုံးရှိ လျှပ်စစ်မီးများ ရုတ်တရက် ပျက်တောက်သွားရာ မှောင်အတိ ကျသွားလေတော့သည်။ ထို့ကြောင့် “ကျပ် ၅ သောင်းတန် စည်းကမ်းပြည့်ဝ မှန်ကန်သော အလံ မီးရှို့မှုကြီး” ဆိုသည့် မှတ်တမ်းရုပ်ရှင် ကားဖြင့် အကောင်းဆုံး ဇာတ်ညွှန်းနှင့် ဒါရိုက်တာဆုကို ဘောအဖွဲ့ချုပ် အကြီးအကဲ ဦးဘောအုပ်ကပင် ထပ်မံ ဆွတ်ခူး ရရှိသွားကြောင်း၊ ထိုဆုအတွက် ဝမ်းသာသဖြင့် ဘောအဖွဲ့ချုပ် အကြီးအကဲက နောက်ထပ် ဘောလုံးတသင်းစာ လူများကို ဖက်ငိုကြောင်း နောက်တနေ့ သတင်းစာဖတ်မှ ဦးရုက္ခစိုးတို့ သိရသည်။
ဖောင်ပိတ်သတင်း။ ။ အကယ်ဒမီပေးပွဲသို့ ကိုယ်တိုင် တက်ခွင့် မရလိုက်သော ပိုက်ဆံခွာသည် သူ့ကို မေတ္တာထားသူများ မသိခင် ညတွင်းချင်း ကိုရီးယား ပြန်မည် အကြံဖြင့် လေယာဉ်ကွင်းသို့ အသွား မည်သူက မည်သို့ မည်ပုံ လက်တို့လိုက်သည် မသိ “ခွာခွာ ဘာမှမသိ” ဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသူတို့က လမ်းပိတ်ကာ ကားကိုဝိုင်းထား သောကြောင့် ကားပေါ်မှ ဆင်း၍ ဖနောင့်နှင့် တင်ပါး တသားတည်း ကျအောင် ပြေးလေသောကြောင့် တက္ကစီခ မကုန်ဘဲ လေယာဉ်ကွင်းသို့ ရောက်သွား ကြောင်း၊ ဘောအဖွဲ့ချုပ် အကြီးအကဲက ပိုက်ဆံခွာနောက်မှ အမီလိုက်၍ ဖက်ငိုကြောင်း။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။