အာဆီယံနိုင်ငံများအတွင်း အလှည့်ကျတာဝန် ထမ်းဆောင်ရသည့် အာဆီယံဥက္ကဋ္ဌ ရာထူးကို ၂၀၁၄ ခုနှစ် အတွက် တာဝန်ယူရမည့် မြန်မာက ယမန်နှစ် အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံထံမှ လွှဲပြောင်းလက်ခံ ရယူခဲ့ပြီး ဖြစ်သည်။
ယင်းရာထူး တာဝန်အရ ဒေသတွင်းနိုင်ငံများ အရေးနှင့် ဆက်နွှယ်သည့် ဆွေးနွေးပွဲပေါင်းများစွာကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရတော့မည် ဖြစ်သည်။ ထိုအချိန်တွင် အာဆီယံနိုင်ငံများအတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာ ပြဿနာများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အကြောင်းအရာများက ဆွေးနွေးပွဲအသီးသီးတွင် ပါဝင်လာကြမည်ဖြစ်သည်။
အစဉ်အဆက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ များတွင် ဒေသတွင်း နိုင်ငံများအတွက် အရေးစိုက် ပြောဆို ဆွေးနွေးနေရသည့် အကြောင်းအရာ နှစ်ခု ရှိသည်။ ယင်းတို့မှာ အာဆီယံနိုင်ငံများ ဖြစ်သော ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့ နှင့် အာရှအင်အားကြီး တနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအကြား ယနေ့အထိ အငြင်းပွားနေဆဲဖြစ်သော တောင်တရုတ် ပင်လယ်ပြင်ဆိုင်ရာ ရေပိုင်နက်ကိစ္စ နှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖြစ်သော အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) ကို ၂၀၁၅ ခုနှစ်တွင် အကောင်အထည် ဖော်ဆောင်ရေးတို့ဖြစ်သည်။
အာဆီယံဥက္ကဋ္ဌ ရာထူးကို ပူပူနွေးနွေးယူထားသော မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုကြီးမားသည့် ထိုအရေး နှစ်ခုစလုံးကို ဆက်လက်ကိုင်တွယ် ထိန်းညှိရင်း အကောင်အထည် ဖော်သွားရမည်ဖြစ်သည်။ အာဆီယံ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ဖြစ်စဉ်အတွက် အရေးပါပြီး ဖြေရှင်းရခက်နေဆဲဖြစ်သော တောင် တရုတ်ပင်လယ်အရေးတွင် မြန်မာနိုင်ငံက ဥက္ကဋ္ဌနေရာမှ မည်သို့ ရပ်တည်သွားမည်နည်း ဆိုသည်နှင့် ၂၀၁၅ အာဆီယံ စီးပွားရေး အသိုက်အဝန်း AEC အကောင်အထည်ဖော်ဆောင်ရေးတွင် ကျန်ရှိနေသော အခန်းကဏ္ဍ များကို မည်သို့ ဦးဆောင်လုပ်ပေးသွားနိုင်မည်နည်း ဆိုသည့်အချက်တို့ ဖြစ်သည်။
တောင်တရုတ်ပင်လယ် အရေးတွင် ဥက္ကဋ္ဌ မြန်မာနိုင်ငံအနေဖြင့် တိုက်ရိုက် ပတ်သက်မှု မရှိသော်လည်း အာဆီယံနိုင်ငံများ၏အရေး ဖြစ်လာသဖြင့် ရှောင်လွှဲသွား၍မရဘဲ ပါဝင်ပတ်သက်ရတော့မည် ဖြစ်သည်။ ထိုအခြေအနေတွင် တဖက်အနေအထားမှာ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများ၏ ဥက္ကဋ္ဌ နှင့် အခြားတဖက်တွင် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံး၊ ကုန်သွယ်မှု အများဆုံးနှင့် လတ်တလော ဆီးဂိမ်းပြိုင်ပွဲတွင် အကူအညီများစွာ ပေးခဲ့သည့် တရုတ်နိုင်ငံဖြစ်နေသည်။
ယင်းအပြင် မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး ဒီပလိုမေစီ ပြောင်းလဲတည်ဆောက်မှု ဖြစ်စဉ်အရ ဂျပန်၊ အမေရိကန်နှင့် ဥရောပနိုင်ငံများသို့ ဟန်ချက်ထိန်းယိမ်းသည့် အနေအထားတွင် တရုတ်၏အမြင် အပြောင်း အလဲရှိမည့် အချိန်အခါလည်းဖြစ်သည်။
ယင်းသို့သော အခြေအနေတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း တရုတ်၏ လေကြောင်းကာကွယ်ရေးဇုန် ထုတ်ပြန်ကြေညာချက်ကြောင့် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ တုံ့ပြန်မှုဆန်သည့် သတင်းများ ထွက်ပေါ်လာသည်။
တရုတ်နှင့် မပြေလည်မှုများရှိခဲ့သည့် ဂျပန်အစိုးရက အမျိုးသားလုံခြုံရေးကောင်စီ (NSC ) ဖွဲ့စည်းခဲ့သည်။ အလားတူ တောင်ကိုရီးယားက လေကြောင်းကာကွယ်ရေးဇုန် တိုးချဲ့လာသည်။ အမေရိကန်က တရုတ်၏ သတိပေးကြေညာချက်ကို ပယ်ချသည်ဆိုသော တုံ့ပြန်မှုများရှိလာသည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်းကလည်း တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်နှင့် အမေရိကန် စစ်သင်္ဘောနှစ်စင်းတို့ ထိပ်တိုက်ရင်ဆိုင်မှုမှ ပွတ်ကာသီကာ လွဲခဲ့ပြီး နှစ်ဖက်ထုတ်ပြန်ဖြေရှင်းမှုများ ထုတ်ပြန်ရသည့်အထိ မီဒီယာမျက်နှာစာတွင် ပေါ်ထွက်လာခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ဆက်ဆံရေးအသစ် ပြန်လည်ထူထောင်နေသော အမေရိကန်နိုင်ငံ၊ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်တွင် အကူအညီများစွာပေးနေသော ဂျပန်နှင့် အာဆီယံနိုင်ငံများ၏ ဥက္ကဋ္ဌဆိုသော အခြေအနေတို့တွင် တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံအချို့အကြား အဓိကအငြင်းပွားနေသော တောင်တရုတ်ပင်လယ်အရေးကို ကိုင်တွယ်ဆွေးနွေး ထိန်းညှိရမည့်အပိုင်းတွင် ပါးနပ်မှုများစွာဖြင့် ခရီးဆက်ရမည့်အခြေအနေ ဖြစ်လာသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များစွာ ရှိနိုင်သည်ဟု ခန့်မှန်းထားကြပြီး၊ ကုန်သွယ်ရေးလမ်းကြောင်း အတွက်လည်း များစွာအရေးပါနေသည့် တောင်တရုတ်ပင်လယ်အတွင်း ကျွန်းပိုင်ဆိုင်မှု အငြင်းပွားမှုမှာ အရှိန်မြင့်လာသည်ဟု ပြောရမည့် အခြေအနေဖြစ်သည်။ အငြင်းပွားမှုတွင်ပါဝင်သော အာဆီယံအဖွဲ့ဝင် တနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံဆိုလျှင် ကမ္ဘာ့ကုလသမဂ္ဂအထိ တက်ရောက်ဖြေရှင်းရန် ကြိုးစားခဲ့သည်။
နိုင်ငံတကာရေးရာနှင့် နိုင်ငံရေးဆောင်းပါးများ ရေးသားလျက်ရှိသော စာရေးဆရာကျော်ဝင်းက ယင်းအခြေ အနေများနှင့် ပတ်သက်ပြီး “ကိုယ်က အာဆီယံအဖွဲ့ဝင်ပဲဆိုပြီး အာဆီယံဘက်ကပဲ ရပ်မယ်ဆိုတဲ့သဘောနဲ့ တော့ သွားလို့မရဘူးထင်တယ်၊ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကလည်း ရှိသေးတယ်။ မယုတ် မလွန်ပုံစံမျိုးနဲ့ဖြေရှင်းဖို့ ဖြစ်နိုင်ခြေလည်း ရှိတယ်။ တရုတ်ရော ဂျပန်ရော အားလုံးက အာဆီယံရဲ့မိတ်ဖက်တွေ ချည်းပဲမို့ အဲ့ဒီမူဘောင်ထဲကနေ ဖြေရှင်းလို့ရမှာပါ။ ပြောရရင် အလွန်လှလှပပသိမ်သိမ်မွေ့မွေ့ကစားရမယ့် ဒီပလို မေစီပေါ့ဗျာ” ဟု ပြောသည်။
တရုတ်နှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးမှာ အနောက်နိုင်ငံများနှင့် အမေရိကန်တို့က ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သည့် ကာလတလျှောက် တွင် မိတ်ဖက်ဆက်ဆံရေးမှာ ပိုမိုရင်းနှီးကျွမ်းဝင်ခဲ့ပြီး၊ တရုတ် ရင်းနှီးမြှုပ်နှံ မှုမှာလည်း ထိုအချိန်တွင် အများဆုံး ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်သည့် နိုင်ငံဖြစ်ခဲ့သည်။ ထိုကာလအတွင်း တရုတ်သည် ကုလသမဂ္ဂတွင် မြန်မာဘက်မှ အမြဲကာကွယ်ရပ် တည်ပေးခဲ့ပြီး ယခင်စစ်အစိုးရအား နိုင်ငံတကာ မှ ဝိုင်းဝန်းကန့်ကွက်နေသည့်ကြားမှာပင် ထောက်ခံကူညီအားပေးခဲ့သည့်နိုင်ငံလည်း ဖြစ်သည်။
“ကျနော့်အမြင်ကတော့ တရုတ်ပြည်ကိစ္စက စိတ်လိုက်မာန်ပါ ဆုံးဖြတ်လို့မရဘူး။ ကျနော်တို့လို အိမ်နီးနား ချင်းကပ်နေတဲ့ နိုင်ငံငယ်လေး မပြောနဲ့ အမေရိကန်လိုနိုင်ငံတောင်မှ တရုတ်ကို ရန်ဘက်လို သွားဆက်ဆံလို့ မရဘူး။ သူတို့အချင်းချင်းမှာ ပြဿနာ တွေ ဘယ်လောက်ရှိရှိ မိတ်ဖက်ဆိုတဲ့ဘောင်ထဲကပဲ ချဉ်းကပ်တာ။ အဲ့ဒီမှာ ကျနော်တို့က အများဖြစ်စေ ချင်သလို တရုတ်ဆန့်ကျင်ရေးတွေ သွားလုပ်နေလို့ ကတော့ ဒုက္ခများမှာပဲ။ ဒီလိုလည်း သွားလိမ့်မယ် မထင်ပါဘူး။ အခု သမ္မတ တရားဝင်ပြောထားတဲ့ အရှေ့အနောက်မခွဲခြားဘဲ အားလုံးနဲ့ပူးပေါင်းဆောင် ရွက်မယ်ဆိုတဲ့ နိုင်ငံရေးပေါ်လစီပေါ့။ ဒီဘောင်ထဲ ကပဲ သွားလိမ့်မယ်ထင်ပါတယ်” ဟု အာဆီယံဥက္ကဋ္ဌ တာဝန်ယူမည့် သမ္မတဦးသိန်းစိန်၏ နိုင်ငံတကာ ဆက်ဆံရေးပေါ်လစီအပေါ် စာရေးဆရာ ကျော်ဝင်းက သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ် အရေးတွင် ကိုယ်တိုင်ပါဝင်ပတ်သက်သူမဟုတ်သည့် အတွက် အာဆီယံအခန်းကဏ္ဍကိုအသုံးချပြီး တံတား တစင်းသဖွယ်သော်လည်းကောင်း၊ သို့မဟုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးမျိုးဖြင့်သော်လည်းကောင်း နှစ်ဖက်ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဝင်ရောက် ဖြေရှင်းသွားနိုင် မည့် အခွင့်အရေး ရှိနေကြောင်းကို ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာ ဌာနမှ လက်ထောက် ကထိက ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ယခုလိုပြောဆိုသည်။
“မြန်မာက အာဆီယံဥက္ကဋ္ဌရာထူးကို ယူလို့ရင် ပြဿနာတော့ဖြေရမယ်။ ဒါပေမယ့် ဒီမှာထက်ပိုပြီး ပြဿနာ ရှိတာက တရုတ်နိုင်ငံနဲ့ မြန်မာရဲ့ ဆက်ဆံ ရေးပေါ၊့ ဒီဆီးဂိမ်းဖွင့်ပွဲမှာကိုက တရုတ်နဲ့ မြန်မာရဲ့ ဆက်ဆံရေး ပြယုဂ်တခု ပုံစံမျိုးပေါ့။ တရုတ်နဲ့ ဆက်ဆံရေးမှာ မြန်မာကအရမ်းကြီး သတိထားရမယ်၊ လုံခြုံရေးကိစ္စတွေမှာ ပေါ့၊ နောက်တခုက ရေပိုင်နက် သတ်မှတ်မှုတွေမှာ တရုတ်ရဲ့စံနှုန်းက တမျိုး၊ နိုင်ငံတကာက ဥပဒေရဲ့စံနှုန်းက တမျိုး မတူဘူး” ဟု ၎င်းက ပြောသည်။
ကြားဝင်ဖြေရှင်းမှုများတွင် ဥပဒေပိုင်းဆိုင်ရာ များ ရေပိုင်နက်သက်မှတ်မှုအပိုင်းများ၌ နိုင်ငံတကာ စံနှုန်း များနှင့်သာ ချိန်ထိုးကိုင်တွယ်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ယခုကဲ့သို့သုံးသပ်ပြောဆိုသည်။
“ဒါကို နိုင်ငံတကာဥပဒေတွေနဲ့ချိန်ထိုးပြီး လုပ် ရမှာပေါ့၊ အာဆီယံအနေနဲ့ပဲတောင် ဖြစ်ပါ့မလား ဆိုတာမျိုး အချို့တွေးထားကြတာမျိုးရှိတယ်။ အာ ဆီယံဥက္ကဋ္ဌအနေနဲ့ ဖြေရှင်းနိုင်ပါ့မလားဆိုတဲ့ အထိပေါ့။ စိန်ခေါ်မှုက တော်တော်ကြီးပါတယ်” ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ ရှုပ်ထွေးမှုများရှိနေသည့်အပြင် နိုင်ငံတကာဆက်ဆံရေး တည်ဆောက်မှုနှင့်ပါချိတ် ဆက်နေသော ယခုအရေးကို မလွဲမရှောင်သာ ကိုင်တွယ်ရမည်မှာ နိုင်ငံအတွက် ဂုဏ်ယူစရာတခု ဖြစ်လာနိုင်သော်လည်း လက်ရှိအနေအထားတွင် လိုအပ်ချက်များစွာရှိနေသည်ဟု ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောသည်။
“အခုအနေအထားကတော့ အများကြီးလိုသေး တာပေါ့၊ မြန်မာက နှစ်ပေါင်းများစွာ နိုင်ငံတကာ အသိုင်း အဝိုင်းတွေနဲ့ အဆက်ပြတ်ခဲ့တာမို့ ကြုံလာ နိုင်တဲ့အခက်အခဲတွေလည်းအများကြီးရှိမှာပါ။ နိုင်ငံစုံ သံတမန် ဆက်ဆံရေး Conference Diplomacy တွေမှာ မြန်မာအများကြီး ကျွမ်းကျင်ဖို့ လိုလာပါပြီ။ လူ့စွမ်းအားအရင်းအမြစ်လည်း လိုလာပြီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတခုတည်း ကိုင်တွယ်လို့ မဖြစ်တော့ဘူး။ ဒီမှာ ပညာရေးအသိုင်းအဝိုင်းရယ် အခြားပြည်တွင်းက ပိုပြီး ဒီကိစ္စတွေနဲ့ကျွမ်းဝင်တဲ့သူတွေကို အင်အားစုဖို့ တော့ လိုပါလိမ့်မယ်”ဟု ၎င်းကပြောသည်။
အာဆီယံဥက္ကဋ္ဌ တာဝန်ယူရသည့် တနှစ်တာအတွင်း ဒေသတွင်း နိုင်ငံများနှင့် သက်ဆိုင်သည့် ဆွေးနွေးပွဲပေါင်း ခြောက်ရာကျော် အိမ်ရှင်အဖြစ် ကျင်းပပေးရမည်ဖြစ်ရာ တနေ့လျှင် ပွဲနှစ်ပွဲ ပျမ်းမျှစီစဉ်ပေးရမည့် မြန်မာနိုင်ငံ အဖို့ အတွေ့အကြုံပေါင်းများစွာ ရရှိမည်မှာလည်း အသေအချာပင်ဖြစ်သည်။
မြန်မာနိုင်ငံသည် တောင်တရုတ်ပင်လယ် အငြင်းပွားမှုဖြစ်စဉ်တွင် တိုက်ရိုက်ပတ်သက်မှု မရှိသည့်အတွက် တရုတ်နှင့်အာဆီယံအကြားသို့ကြားဝင် ဖြေရှင်းပေးလိုသည့်ဆန္ဒရှိသည်ဟု အမေရိကန်နိုင်ငံ George Washington တက္ကသိုလ်ရှိ အယ်လီယော့ နိုင်ငံတကာရေးရာဌာနမှ ပါမောက္ခ Dr.Robert Sutter ၏ သုံးသပ်ချက်ကို စာရေးဆရာ ဒေါက်တာအောင်ခင် ဘာသာပြန်ရေးသားထားသည့် တရုတ် မြန်မာဆက်ဆံရေး စာတမ်းများတွင်တွေ့ရသည်။
တောင်တရုတ်ပင်လယ်အရေး လက်ရှိအနေအထား စိန်ခေါ်မှုများကို အာဆီယံဥက္ကဋ္ဌ သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့်အစိုးရ မည်သို့သိမ်မွေ့စွာ ကိုင်တွယ်သွားမည်ကို စောင့်ကြည့်ရမည့်နည်းတူ အာဆီယံ စီးပွားရေးအသိုက်အဝန်း (AEC) တွင် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့်မဖြစ်သေးသည့် အခြေအနေမှ ပြိုင်ဆိုင် နိုင်သည့် အနေအထားတခု ရောက်ရှိအောင် စွမ်းဆောင်ရမည်မှာလည်း စိန်ခေါ်မှုတခုပင် ဖြစ်သည်။
အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ AFTA အသက်ဝင်ပြီး အာဆီယံစီးပွားရေးအသိုက် အဝန်း AEC အဖြစ် ရောက်ရှိမည့်အချိန်တွင် အာ ဆီယံနိုင်ငံများအကြား အကောက်ခွန် အတားအဆီးများ သုညရာခိုင်နှုန်း အထိ လျှော့ချသွားရမည်ဖြစ်ပြီး အကောက်ခွန်မဟုတ်သော အတားအဆီးအချို့သာ ကျန်ရှိမည်ဖြစ်သည်။
ထိုအချိန် ထိုအနေအထားတွင် မြန်မာနိုင်ငံအနေဖြင့် သန်းခြောက်ရာမျှရှိသော အာဆီယံလူဦးရေ နှင့် ဈေးကွက် ကြီးအတွင်းတွင် ကုန်စည်များ၊ ဝန် ဆောင်မှုများ၊ ကျွမ်းကျင်လုပ်သားများနှင့် နိုင်ငံအချင်းချင်းကြား လွတ်လပ် စွာ စီးဝင်ကြမည်ဖြစ်ရာ ဈေးကွက် ယှဉ်ပြိုင်မှု၊ အရည်အသွေး ယှဉ်ပြိုင်မှု၊ ဈေးနှုန်းယှဉ်ပြိုင်မှု စသည်တို့က အလိုလိုပါဝင်လာရတော့မည် ဖြစ်သည်။
အခြားနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများနှင့် ဈေးကွက်တွင် ဈေးနှုန်းနှင့် အရည်အသွေးယှဉ်ပြိုင် ရောင်းချနိုင်ခြင်း မရှိသည့်လုပ်ငန်းများ ဘုန်းဘုန်းလဲသွားနိုင်သည့်အခြေအနေတခုသို့ရောက်ရန် နီးကပ်လွန်းလာသော ယခုလို အနေအထားတွင် မြန်မာ နိုင်ငံမှလုပ်ငန်းအများစုမှာ အဆင်သင့်မဖြစ်သေးသည်က များလျက်ရှိသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
မြန်မာနိုင်ငံ၏ လုပ်ငန်းများတွင် ၉၀ ရာခိုင်နှုန်း ကျော်မှာ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း များဖြစ်ပြီး အများစုမှာ ယှဉ်ပြိုင်နိုင်သည့် အခြေအနေမရှိဟု မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း (MIA) ၏ ဗဟိုအလုပ်အမှုဆောင် NIBBAN Electronics မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာအောင်သိန်းက ပြောသည်။
“ဒီကလုပ်ငန်းတွေကို AEC မှာ ယှဉ်ပြိုင်နိုင်မှု နဲ့ပတ်သက်ပြီးကြည့်ရင် လေးမျိုးလောက် ခွဲရမယ်။ပထမက မိရိုးဖလာလုပ်တဲ့ SME တွေပေါ့။ ဒီလုပ် ငန်းတွေကတော့ စိုးရိမ်ဖွယ်အဆင့်ပဲ။ ဒုတိယက ပြည်တွင်းမှာ အတိုင်း အတာတခုအထိ အောင်မြင်ပေမယ့် ခေတ်မမီတဲ့ လုပ်ငန်းတွေ၊ ဒါတွေက ရုန်းကန်ရမယ်။ တတိယက ပြည်တွင်းဈေးကွက်မှာ ဦးဆောင်နေတဲ့ Brand ဖြစ်ပြီး ပြည်တွင်းမှာ ဝင်လာရင် ယှဉ်ပြိုင်နိုင်ဖို့ အသင့် အနေအထားရှိတဲ့ Model SME တွေပေါ့။ နောက်ဆုံးတခုက Industry မှာ ထိပ်ဆုံးကဦးဆောင်တဲ့ လုပ်ငန်းအကြီးစားကြီးတွေပါ။ အပြင်ကလာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေနဲ့ Joint လုပ်နိုင်ပြီး ပြည်ပကိုပါဖောက်ဖို့ စီစဉ်ထားတဲ့ဟာမျိုး၊ ဥပမာ ပင်းယကုမ္ပဏီလိုမျိုး၊ ကိုကာကိုလာ ဝင်လာတယ်။ ကိုကာကိုလာနဲ့ ပင်းယဖြစ်သွားတယ်။ အားလုံးကို ခြုံလိုက်မယ်ဆိုရင်တော့ ပိရမစ်လိုပါပဲ။ အဆင်သင့် ဖြစ်တာက ထိပ်ဆုံးမှာ နည်းနည်းပေါ့” ဟု ၎င်းက ပြောသည်။
AEC ဖြစ်ရန် နီးကပ်နေပြီဖြစ်သော်လည်း အာဆီယံနိုင်ငံများအတွင်း နိုင်ငံအလိုက်ဖွံ့ဖြိုးမှုနှုန်း မညီမျှမှုများ ရှိနေရာ ယင်းအပိုင်းကိုညှိနှိုင်းရန်လိုအပ်ကြောင်း ဒေါက်တာမောင်မောင်လေးက ပြောသည်။
“ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာမျိုး ဘယ်လိုလုပ်မလဲဆိုတဲ့ အရေးတွေပေါ့၊ မြန်မာရဲ့ အပြောင်းအလဲ က နှစ်နှစ်ကျော်ပဲ ရှိသေးတယ်၊ အာဆီယံမှာ အခြားနိုင်ငံတွေက လုပ်ခဲ့တာကြာနေပြီ။ ဒီတော့ မညီမျှတဲ့ အပြောင်းအလဲမှာ အိပ်ရာက လန့်နိုးလာတဲ့မြန်မာနိုင်ငံကမယှဉ်နိုင်ပါဘူး။ လက်ဝှေ့ထိုးသလိုပေါ။့ ဖယ်သာ ဝိတ်တန်းနဲ့ ဟဲဗီးဝိတ်တန်း ထိုးရသလိုပါပဲ။ နောက်ပြီး သူတို့နိုင်ငံမှာ နိုင်ငံခြား မာလ်တီနေရှင်နယ် ကုမ္ပဏီ အကြီးကြီးတွေနဲ့ Joint Venture (ဖက်စပ်) လုပ်ပြီးသားတွေရှိတယ်၊ သူတို့ပါ အပါအဝင် အားလုံးဝင်လာခဲ့ရင် မြန်မာနိုင်ငံ အနေနဲ့ အသေးစားအလတ်စား တခုမှမခံနိုင်ပါဘူး၊ ဒါလေးတွေတော့ နိုင်ငံတော်ကနေ ကာကွယ် ပေးရပါလိမ့်မယ်” ဟု ၎င်းကပြောသည်။
သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်လုပ်ဆောင်မှုများတွင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် အတူ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုပါ အားလုံး တပြိုင်တည်း လုပ်ဆောင်နေရသဖြင့် အခက်အခဲများစွာရှိနေသည့် အခြေအနေမျိုးတွင် အာဆီယံ ဥက္ကဋ္ဌ ရာထူးနှင့် ထပ်တူလုပ်ဆောင်တာဝန်ယူရမည့် အရေးအရာတို့က များစွာရှိနှင့်နေပြီဖြစ်သည်။ ယင်း အရေးကိစ္စ များကို အာဆီယံဥက္ကဋ္ဌ တဦးအနေဖြင့် မည်သို့ ထိန်းညှိလုပ်ကိုင်ဆောင်ရွက်သွားမည် ဆိုသည်ကိုမူ စောင့်မျှော် ကြည့်ကြရဦးမည်သာဖြစ်သည်။