ဆောင်းပါး

အညိုရောင် စည်းမျဉ်းအောက်က ဒုစရိုက်မြို့တော်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နေပူပူမှာ ချွေးတပြိုက်ပြိုက်ကျရင်း၊ ကျောက်သား မာမာတွေကို ထိုးခွဲရင်း ရလာတဲ့ ကျောက်ခဲတလုံးကို ကိုင်ကြည့်နေတဲ့ မှော်ဒေသအခေါ် ကောက်ရိုးသမား ကိုသာဉာဏ်ဟာ နဖူးကချွေးသီးတွေကိုသုတ်၊ သူ့ခေါင်းကို မိုးထားတဲ့ တောင်ကို ကြည့်နေရာက ပုဆစ်ဒူးတုတ် ထိုင်ချလိုက်ပါတယ်။

“ဘိုးဘိုးကြီးကို ပူဇော်ပါတယ်၊ ပသပါတယ်။ ပြစရာရှိတဲ့ ဂျေးတုံးတွေကို သားတော်အတွက် ပြသပေးပါ” လို့ ဆိုပြီး အမွေးတိုင် ၃ တိုင် ပူးကာ ကျောက်စိုင်အကြား ထွန်းညှိပူဇော် နေပါတော့တယ်။

အစိမ်းရောင် လွင်ပြင်လို့ခေါ်တဲ့ ဒီဖားကန့် ဒေသကို ရောက်နေတာ အခုဆို ၃ နှစ်ပြည့်ပါတော့မယ်။ သီချင်းတွေထဲကလို ကျောက်တူး သမားတဦးရဲ့ ဘဝဟာ လော်ပန်လောင်း တယောက် ဟုတ်မဟုတ်တော့ သေချာမသိပေမယ့် လက်တွေ့ သူပိုင်ဆိုင်ရခဲ့တာ ကတော့ နီမြန်းနေတဲ့ သူ့အသားအရေ၊ ၂ ပေပတ်လည် မြေစိုင်တွေပေါ်က သူ့ရဲ့ အကာအရံမရှိတဲ့ အိမ်ယာ၊ လက်ဆွဲတော် သံတိုင်တွေပါပဲ။

ပင်ပန်းမှုတွေ ပြေပျောက်စေအောင် သောက်သုံးခဲ့တဲ့ ယစ်ရွှေရည်လို့ ခေါ်တဲ့ အဖြူရောင်အရည်တွေနဲ့ ဆေးထိုးအပ် ဖြူဖြူ တွေကလည်း သူပိုင်ဆိုင်ထားတာ တွေပါလို့ကိုသာဉာဏ်က သူ့လက်မောင်းကို မြှောက်ပြရင်း ပိုင်ဆိုင်မှုကို သက်သေ ထူပြလာပါတယ်။

ရခိုင်ဒေသ မင်းပြားရပ်ကနေ လာရောက် အခြေချသူ တဦးဖြစ်တဲ့ ကိုသာဉာဏ်က သူ့မွေးရပ် ဌာနေကို မပြန်ဖြစ်တာ ၃ နှစ်ကျော် ၄ နှစ်နီးပါး ရှိနေပြီလို့ ဆိုပါတယ်။ မိသားစုဆီကို ပြန်ဖို့နဲ့ မိသားစုအတွက် အိမ်တအိမ် ဝယ်နိုင်ဖို့ရည်ရွယ်ချက်နဲ့ ဖားကန့် ဒေသကို ရောက်လာခဲ့ပေမယ့် အခုအချိန်ထိတော့ သူ့အနေနဲ့ မိသားစုကို ပြည့်စုံအောင်ထားနိုင်ဖို့ မစွမ်းဆောင် နိုင်သေးဘူးလို့ ဆိုပါတယ်။

“ကျောက်က ကြီးကြီးမားမားအောင်တာမျိုး မရှိသေးပါဘူး။ ရရ စားစားပဲ။ ဒီမှာက ကျောက်ရှာရတာ ကလည်း အစိုးရ စစ်တပ်ကို ကြောက်ပြီး ခိုးတူးရတာတွေ ရှိတယ်။ သဘောကောင်းတဲ့ တပ်ရင်းမှူးကျရင် ပြဿနာမရှိဘူး။ တချို့ကျတော့ လိုက်ဖမ်းတယ်။ ပြီးတော့ ရွေးခိုင်းပြီး ပိုက်ဆံရှာကြတယ်” လို့ ကျောက်ရှာသူ တဦးရဲ့ နေ့စဉ် ဖြတ်သန်းရတဲ့ ဘဝကို ပြောလာပါတယ်။

နိုင်ငံတော် လုံခြုံရေးဆိုတဲ့ ခေါင်းစဉ်အောက်က လူတွေကိုလည်း အချိန်အခါမရွေး ကြောက်ရသလို တဘက်မှာလည်း ပိုင်ရာဆိုင်ရာ ဆိုတဲ့ ခေါင်းစဉ်အောက်က လူတွေအပေါ်မှာလည်း အကြောက်တရား ရှိနေရတယ်လို့ ဆိုပါသေးတယ်။

“ပြောရရင် လက်နက်ရှိတဲ့သူ ဘယ်သူမဆိုကတော့ လက်နက် အားကိုး လုပ်ကြတာပါပဲ။ ဒီမှာ စီးပွားရှာသူတွေက နှစ်ဘက်တော့ ကြောက်ရတယ်။ ကွမ်းယာဆိုင်က အစ နှစ်ဘက်ကို အခွန်ပေးရတယ်။ ဒီဒေသမှာက လောင်းကစား ပေါတယ်။ အားလုံး နှစ်ဘက်ကိုပေး၊ ကျွေးကြရတယ်။ တခုက အစိုးရဆိုရင် စစ်တပ်၊ ရဲ နှစ်ဘက် ပေးရတာပေါ့။ သူတို့ကျတော့ ခဏခဏ တောင်းတာပေါ့။ KIA ဘက်ကတော့ တနှစ်တခါပဲ တောင်းတယ်။ ဒါပဲ ကွာပါတယ်” လို့ ပြောလာပါတယ်။

သတ္တုတွင်း ဝန်ကြီးဌာနက မေလ ၂၃ ရက်နေ့မှာ စတင်ပြီး ကချင်ပြည်နယ် ဖားကန့် ဒေသရဲ့ ကျောက်မျက် တူးဖော်ရေး လုပ်ငန်း အားလုံးကို နယ်မြေဒေသ မတည်ငြိမ်မှုကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်ကိုင်ခွင့် ရပ်နားပြီး အပြီး ပြောင်းရွှေ့ပေးဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီးတဲ့ နောက်ပိုင်း ဖားကန့်ဒေသမှာ လက်လုပ်လက်စား တကိုယ်တော် တူးဖော်မှုတွေသာ ရှိနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်အရ ဖားကန့် ဒေသမှာ ကျောက်မျက် တူးဖော်ရေး လုပ်ငန်းကို ဇွန်လကနေ အောက်တိုဘာလ အထိသာ ပိတ်သိမ်း မယ်လို့ ပါရှိပေမယ့်လည်း အခုထက်တိုင် ကုမ္ပဏီတွေကို ပြန်လည်လုပ်ပိုင်ခွင့် ပေးထားခြင်း မရှိသေးပါဘူး။

“အစိုးရ နားခိုင်းတာပဲ ကျေးဇူးတင်ရမှာပါ။ စက်တွေနဲ့ မတရားရှာလို့ မြေစာပုံတွေ ဖြစ်၊ ချောင်းတွေပိတ်၊ အိမ်တွေ ရွေ့ရတာ မနည်းဘူး။ အရင်က ဖားကန့်ကြီး မှော်ဟာ နာမည်ကြီးမှော်ပဲ။ အခုတော့ မြေပြန့်နီးနီး ဖြစ်သွားပြီ။ ကုမ္ပဏီတွေ တူးတုန်းကဆို မှော်တွေနားကို ဒေသခံတွေ မကပ်ရဲဘူး။ ကုမ္ပဏီတွေက အကုန်ယူတာ။ စက်တွေနဲ့ တူးတော့ ဘာမှမကျန်ဘူး။ သစ်ပင်တွေလည်း မရှိတော့ဘူး။ ရာသီဥတုတွေလည်း ဖောက်ပြန်ကုန်ပြီ။ အခု နားခိုင်းတော့မှသာ လက်လုပ်တူးတဲ့ သူတွေ တူးနိုင်တာ” လို့ ကျောက်ရေဆေးရှာသူ ကိုဇော်မြင့်က ဆိုပါတယ်။

ဒေသတွင်းမှာ ကျောက်မျက် တူးဖော်ရေး လုပ်ကိုင်နေတဲ့ ခိုင်လုံ၊ ကြိုင်၊ စံတော်ဝင်၊ အမျိုးသား ကြီးပွား တိုးတက်ရေး၊ 7 Star၊ ရွှေဟိန်းထက်၊ ကျောက်စိမ်းတောင်၊ ပတ္တမြားနဂါး စတဲ့ ကုမ္ပဏီပေါင်း ၅ဝ ခန့် ရှိတယ်လို့ ဒေသခံတွေထံက သိရပြီး ကျောက်စိမ်း တူးတဲ့ မှော်ပေါင်းကတော့ ၃၀၀ ကျော် ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တူးခွင့်ရတဲ့ ကုမ္ပဏီတွေမှာ နာမည်ကျော် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ ဇနီးပိုင် ကြိုင်ကုမ္ပဏီ၊ သားနဲ့ ချွေးမတို့ရဲ့ ရှယ်ယာပါ ဦးပိုင်ကုမ္ပဏီ စတဲ့ ကုမ္ပဏီတွေ ပါဝင်တယ်လို့ သိရပြီး လုံခြုံရေးအရ တာဝန်ယူထားတဲ့ ဖားကန့် ဒေသတွင်း အခြေစိုက် တပ်တွေမှာ ဒေသ လုံခြုံရေးအပြင်၊ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေကို လုပ်ကိုင်တဲ့ ကုမ္ပဏီကြီးတွေရဲ့ လုံခြုံရေး အပိုင်းကိုပါ စောင့်ကြပ်ပေးရတာ ရှိပါတယ်။

“များသောအားဖြင့် ဒီမှာက တရုတ်ကုမ္ပဏီတွေ များပါတယ်။ မြန်မာ ကုမ္ပဏီတွေနဲ့က ရှယ်ရာ လုပ်တာများတယ်။ တရုတ်နဲ့ ပေါင်း လုပ်တာပေါ့နော်။ ဗိုလ်ချုပ်ကြီးတွေ ပိုင်တာပေါ့။ ဒီမှာက ကိုယ်စားလှယ်တွေ ထားတယ်။ ဖမ်းတယ်ဆီးတယ် ဆိုတာက သူတို့ကုမ္ပဏီ တွေက သူတို့ပိုင်မှော်ထဲမှာ ဒေသခံတွေ ရှာနေတာကို ခွင့်မပြုချင်ရင် ဗိုလ်ချုပ်တွေကို ဒီမှာရှိတဲ့ ကိုယ်စားလှယ် တွေက ပြောတယ်။ ဒီတော့ဗိုလ်ချုပ်တွေက ဒီမှာရှိတဲ့ တပ်ကို ဖိအားပေးရင် ဖမ်းတယ်” လို့ ကျောက်သူဌေး တဦးဖြစ်တဲ့ ကိုဝင်းထွန်းထွန်းက ဆိုပါတယ်။

ဖားကန့်ဒေသတွင်းမှာ လမ်းပန်းဆက်သွယ်မှု ဆိုးရွားတာ၊ ဆက်သွယ်ရေး လိုင်းမကောင်းတာ ကလည်း အုပ်ချုပ်သူ လူတန်းစားတွေရဲ့ လုပ်ချင်ရာလုပ်ခွင့် ရတဲ့ အားသာချက်တွေ ရှိနေတာဖြစ်တယ်လို့ သူက ဆိုလာပြန်ပါတယ်။ လက်ရှိ ဖားကန့် လမ်းမှာဆိုရင် ကိုယ်ပိုင်စီး ယာဉ်တွေကားတွေ ဝင်ရောက်သွားလာဖို့ ခက်ခဲတဲ့ ချိုင့်တွေကြောင့် မြစ်ကြီးနားကနေ မိုင် ၆၀ ကျော်သာ ကွာဝေးတဲ့ ဖားကန့်ကို ရောက်ဖို့ အချိန် ၅ နာရီပေးပြီး သွားလာနေရပါတယ်။ မိုးရာသီမှာ ဆိုရင်တော့ ဖားကန့် ကနေ မြစ်ကြီးနားကို ရောက်ရှိဖို့အတွက် ၉ နာရီ ကြာပါတယ်။

“မြစ်ကြီးနား – ဖားကန့် လမ်းပိုင်း ဖွင့်ပေးထားတာ မှန်တယ်။ ည ၆ နာရီကျော်ရင် သွားလို့မရတော့ဘူး။ ကျန်းမာရေး ဖြစ်လို့ သွားရမယ် ဆိုရင်တောင် အဆင့်ဆင့် ထောက်ခံစာ တောင်းသွားရတယ်။ စစ်တပ်ကလည်း နယ်မြေ လုံခြုံရေး အတွက် တာဝန်ယူတယ် ဆိုပြီး စစ်ဆေးရေး ဂိတ်တွေ ချထားတယ်။ ပိုက်ဆံ တောင်းတယ်၊ တကယ်စစ်လားဆို မစစ်ဘူး။ သူတို့ မှာလည်း ဒီဟာနဲ့ကဲ စားနေရတာလေ။ အထက်က မကောင်းတော့ အောက်ခြေက လူတွေကတော့ တကယ်သနားဖို့ ကောင်းပါတယ်” လို့ မုံရွာသား ကိုလှိုင်မြတ်က ဆိုပါတယ်။

နာမည်ကျော် ကမ္ဘာသိ တွင်းထွက်အင်ပါယာ မြို့တော်တခု ဖြစ်တဲ့ ဖားကန့်ဒေသဟာ အစိုးရစစ်တပ်၊ နာမည်ကျော် ခရိုနီ သူဌေးပိုင် ကုမ္ပဏီတွေနဲ့ ပိုင်ရာဆိုင်ရာ လက်နက်ကိုင် အဖွဲ့တွေရဲ့ စိတ်ကြိုက်ငွေရှာရာ စားကျက်မြေ ဖြစ်လို့ နေပါတယ်။

“ဘယ်သူက ဒီမှာရောင်းမလဲ၊ အစိုးရက ဈေးဖြတ်လည်း နည်းတယ်။ ကျောက်စိမ်းတတုံး ရပြီဆိုရင် အဆင့်ဆင့် သွားရတယ်။ ဈေးပေးတာ နည်းတယ်။ ဒီတော့ ရှာလို့ရတာ ဈေးပေးတဲ့သူ ရောင်းတယ်။ ဈေးကွက်ဆိုတာမှ ဒီမှာမရှိတာ။ လုပ်လည်း လုပ်ပေးမထားဘူး။ အစိုးရက ကျောက်စိမ်း ရောင်းရရင် ရောင်းရငွေ ၁၀ ရာခိုင်နှုန်း ပေးရတယ်။ ဒီတော့ ရောင်းမယ်ဆိုလည်း ဈေးဖြတ်တဲ့ သူနဲ့ တိုင်ပင်ပြီး လျှော့ပြတာပေါ့။ ဒါက သူတို့ ခွင့်ပြုထားတဲ့ ကျောက်စိမ်း ကုမ္ပဏီတွေ ကိုယ်တိုင် ဒီလိုပဲ လုပ်နေတာ” လို့ ကျောက်စိမ်းကုန်သည် ဦးအိုက်ပေါင်းက ဆိုပါတယ်။

ထွက်ရှိနေတဲ့ ကျောက်စိမ်း အများစုဟာလည်း နိုင်ငံဘဏ္ဍာထဲ မဝင်ဘဲနဲ့ တရုတ်ပြည်ကို အချောင်ဈေးနဲ့ ရောက်နေရ ခြင်းဟာလည်း အစိုးရရဲ့ စီမံခန့်ခွဲမှု အားနည်းခြင်းနဲ့ ဥပဒေ စိုးမိုးမှု မရှိလို့ ဖြစ်တယ်လို့ ဒေသခံ ကျောက်မျက် ရောင်းဝယ် သူတွေက ဆိုပါတယ်။

တရားမဝင် ရောင်းဝယ် ဖောက်ကားနေမှုကြောင့် မြန်မာနိုင်ငံရဲ့ ဘဏ္ဍာငွေ ပမာဏဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းထောင်ချီ ဆုံးရှုံးလျက် ရှိနေပါတယ်။ ဒီဘဏ္ဍာငွေ ပမာဏကို လိုက်လံ တွက်ချက် စစ်တမ်းကောက်ယူ နိုင်ဖို့ ခဲယဉ်းနေဆဲ အခြေအနေ တခုမှာ ရှိနေပြီး အစိုးရ ထုတ်ပြန်ချက်တွေ မှာလည်း အခုလို ဆုံးရှုံးမှုဟာ အမှန်တကယ် ဖြစ်ပျက်နေတာလို့ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။

အစိုးရက တရားဝင် ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ကျောက်စိမ်းတင်ပို့မှုဟာ တရုတ်နိုင်ငံ ဘက်ကို အများဆုံး တင်သွင်းတာ ဖြစ်တယ်လို့ တရားဝင် ပြောကြားပေမယ့် ဘယ်လောက် ပမာဏ တင်သွင်းတယ် ဆိုတာကိုတော့ နှစ်နိုင်ငံစလုံးက တရားဝင်ပြောကြား ထားတာမရှိသလို သက်ဆိုင်ရာ ဝန်ကြီးဌာန ဘက်ကို မေးမြန်းရာမှာလည်း အကြောင်း ပြန်ကြား ဖြေဆိုမှု မရှိပါဘူး။

ဖားကန့်ကနေ ထွက်ရှိတဲ့ ကျောက်မျက်ရတနာ အကြမ်းထည်တွေ ပြည်ပ တင်ပို့ရောင်းချမှုကိုသာ ခွင့်ပြုထားပြီး ပြည်တွင်းမှာ တခြားဒေသတွေကို သယ်ယူ ရောင်းချခွင့် ပြုထားတာ မရှိသေးဘူးလို့ သိရပါတယ်။ ဒိလို ပြဿနာတွေကလည်း တရားမဝင် ဈေးကွက်ကို အားပေးရာ ရောက်နေတယ်လို့ ကျောက်စိမ်း ကုန်သည်တွေက ဆိုပါတယ်။

“ကျောက်မျက် အချောထည်ကတော့ ရောင်းလို့ရတယ်။ ဖားကန့်ကထွက်တဲ့ ကျောက်ကုန်ကြမ်း ကိုတော့ သယ်ယူခွင့် မပေးဘူး။ အဲဒီတော့ မှောင်ခိုတွေ လုပ်ပြီး တဘက်နိုင်ငံကို ရောင်းကြတာပေါ့။ သယ်ယူခွင့် ပေးရင်တော့ ကုန်ကြမ်းကို ကုန်ချော ထုတ်လုပ်ပြီး ရောင်းရင် ဈေးလည်း ပိုရတယ်။ သယ်ယူလို့ရတဲ့ လူတွေတော့ ရှိတယ်။ အဲဒီ လူတွေက အစိုးရနဲ့ ဖက်စပ် လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီတွေနဲ့ တခြား တရုတ်ကုမ္ပဏီတွေပဲ” လို့ ကျောက်စိမ်း ကုန်သည် ဦးရော်ဂျာက ပြောပါတယ်။

ဒေသတွင်း နယ်မြေ လုံခြုံရေးအရ ပခုက္ကူအခြေစိုက် (မ၁၀၁/ ခမရ ၂၅၁) စတဲ့ တပ်ရင်းတွေက တာဝန်ယူထားပြီး တခါတလေမှာတော့ လုံခြုံရေးအရ အကြောင်းပြချက်နဲ့ တနိုင်တပိုင် ကျောက်စိမ်း တူးဖော်သူတွေကို ဖမ်းဆီးကာ နေရပ် ပြန်ပို့မှုတွေ လုပ်တယ်လို့ နေရပ် ပြန်ပို့ခံရသူ ကိုသြဘာက ဆိုပါတယ်။

“ကျွန်တော် ၂ ခါ အဖမ်းခံရတယ်။ တခါက ကျနော် ကျောက်တွင်းသူဌေးကို ပြန်ရွေးခိုင်းတယ်။ နောက်တခါက ကျတော့ မိုးညှင်း ပြန်ခိုင်းတယ်။ ကျနော်လည်း ပြန်လာတာပေါ့။ စစ်တပ်က လူတွေက ခဏခဏ ပြောင်းရတယ်လေ။ တပ်ရင်းမှူးက တခါနဲ့တခါ မတူဘူး။ ဒီတော့ အရေးယူတာလည်း မတူဘူးပေါ့။ ကျနော့်သူဌေးက တရုတ်။ တခါကဆို တပ်မ ၁၀၁ က လူတွေနဲ့ ပေါင်းပြီး သိန်း ၁၀၀ တင် ကျောက်စိမ်း တူးခွင့်ရတယ်။ အဲဒီလိုဆို အေးအေးဆေးဆေး မဖမ်းတော့ဘူးပေါ့။ အဲဒီလိုတွေ လုပ်စားတာ ရှိတယ်” လို့ သူက ရှင်းပြပါတယ်။

အစိမ်းရောင်လွှမ်းနေတဲ့ ဒီလွင်ပြင်ကြီးဟာ လုံခြုံရေးပိုင်းအရ တည်ငြိမ်မှု မရှိသေးတဲ့ ဒေသတခု ဖြစ်နေတဲ့အတွက် နေထိုင် စားသောက် နေကြရတဲ့ လူတွေအဖို့ နေသတိ၊ စားသတိနဲ့ နေထိုင်နေရတယ်လို့ ဒေသခံတွေဆီကနေ ကြားသိရပါတယ်။

“ဘယ်လိုပြောရမလဲ၊ စားတာသောက်တာ ပြောတာက အစ သတိထားရတယ်။ တလောတုန်းကKIA နဲ့ စစ်တပ်တို့ အကြောင်းကို လဖက်ရည်ဆိုင်မှာ ရှမ်းတရုတ်တယောက်က အော်ကျယ်အော်ကျယ် ပြောတယ်။ သူက လက်နက်ကိုင် မှန်သမျှ ဓားပြနဲ့သူခိုးပဲ၊ အတူတူပဲ ဆိုပြီး ပြောလိုက်တယ်။ နောက်နေ့ အဲဒီလူရဲ့ အိမ်ကနေ လာရှာတယ်၊ မတွေ့တော့ဘူး။ အဲဒီလို လူတွေ အများကြီး၊ ဘယ်အဖွဲ့က ဘယ်သူက လျော့သွားမှန်း မသိဘူး” လို့ ဒေသခံ ဦးကျော်မြင့်က ပြောပြပါတယ်။

ဒီလိုဘဝတွေနဲ့ နေထိုင်ရတဲ့ ဖားကန့် ပြည်သူတွေမှာ အဆိုးရွားဆုံး ရင်ဆိုင်နေရတာ ကတော့ မူးယစ်ဆေး ပြဿနာ ပါပဲလို့ ဆိပ်မူ ကျေးရွာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဖြစ်သူက ဆိုပါတယ်။

“ဒီမှာက ဘယ်နေရာမဆို မူးယစ်ဆေး ရတယ်။ မူးယစ် အပေါဆုံးမြို့လို့ ပြောလို့ရတယ်။ မူးယစ်ဆေးက ဘယ်လောက် အမြစ်တွယ် နေသလဲ ဆိုရင် တလောက အထက်ပိုင်းကနေ လာဖမ်းတာမှာ ရဲတွေဆီကပါ မူးယစ်ဆေးမိတယ်။ဆေးဖြတ် စခန်းတွေ အစိုးရက ထားပေးတယ် ဆိုပေမယ့် မူးယစ်ဆေးက လွယ်လွယ်ရတော့ ဘယ်လိုမှ မပပျောက်နိုင်ဘူး။ ပြီးတော့ စီမံချက်နဲ့ ဖမ်းတယ် ဆိုရင်လည်း တကယ်လုပ်တဲ့ လူထက် လက်ခွဲရောင်းတဲ့ သူကိုပဲ ဖမ်းတာများတယ်” လို့ သူကဆက်ပြော ပါတယ်။

ဆေးသုံးသူဟာ ဖားကန့်နေ လူဦးရေ ၅ သိန်းကျော်ရဲ့ ခေါက်ချိုး နီးပါးခန့် ရှိပြီး သုံးစွဲမှုမှာ ရာမ၊ နံပါတ်ဖိုးဘိန်းဖြူ တို့ကို အများဆုံး သုံးစွဲလေ့ရှိတယ်လို့ ဆိုပါတယ်။ မူးယစ်ဆေး သုံးစွဲမှု ပြဿနာကြောင့် လူငယ်လူရွယ်တွေဟာ  စာရိတ္တပိုင်း ဆိုင်ရာ ပျက်စီးမှု များစွာရှိတယ်လို့ ၎င်းက ဆိုပါတယ်။

“မူးယစ်ဆေးသုံးချင်တော့ ဘာမှမကြောက်တော့ဘူး။ ခိုးတယ်၊ လုတယ်။ ဘယ်သူမှလည်း မကာကွယ်ပေးနိုင်ဘူး။ နေ့ခင်းလည်း ခိုးတယ်၊ ညလည်း ခိုးတယ်။ ဒီမှာ အိမ်တိုင်းအိမ်တိုင်း ကိုယ့်လုံခြုံရေး ကိုယ်ယူရတယ်။ အာဏာပိုင်တွေ ကလည်း ဘာမှမလုပ်ပေးနိုင်ဘူး၊ တိုင်လည်း မထူးဘူး။ အဲဒီ အခြေအနေ ရောက်နေတာ။ဒီမှာ ဘယ်လောက်တောင် ဆိုးလဲဆိုရင် ဘိန်းခန်းဖွင့်တာတောင် အခမ်းအနားနဲ့ ဖွင့်လို့ရတယ်။ ဆေးထိုးအပ်တွေဆို မှော်ထဲမှာ ပြန့်နေတာပဲ” လို့ သူက ဆက်ပြောပါတယ်။

ဖားကန့်ဒေသတွင်းမှာ ရှိတဲ့ ခပ်ပုံ၊ စိုင်းနောင်တောင်တန်း နားနဲ့ ရွာအစွန် တောစပ်များမှာ မူးယစ်ဆေးကို ကိုယ်ပိုင်တဲထိုးကာ လွတ်လပ်စွာ သုံးစွဲနေကြပြီး ဆေးထိုးအပ် တန်းလန်းနဲ့ သွားလာ၊ လူမြင်ကွင်းမရှောင် ဆေးသွင်း နေတတ်ကြတာကို တွေ့ မြင်နေရသော်လည်း အာဏာပိုင်များက မသိကျိုးကျွံပြုကာ မျက်ကွယ် ပြုထားတာကြောင့် အဲဒီဒေသရဲ့ ယဉ်ကျေးမှု တခုလို့ ဆိုရမလို ဖြစ်နေပါတယ်။

“ဒီမှာက မူးယစ်ဆေး သုံးစွဲသူအချင်းချင်း သတ်ဖြတ်တာတွေ ကြည့်မလား။ မူးယစ်ဆေး သုံးတာက ယောက်ျား၊မိန်းမ မရွေးဘူး။ တကယ့် အရွယ်ကောင်းတွေ ဖြစ်တဲ့ ၁၃၊ ၁၄ နှစ်တွေတောင် ရှိတယ်။ ပေါ်တင်ပဲ။ ကျောင်းနား ပတ်ဝန်းကျင်မှာ ဆိုလည်း အလွယ်တကူ ရတယ်။ ဆေးဖြတ် စခန်းတွေမှာ ဆေးဖြတ်ဖို့ မက်သာဒုံး သောက်ဖို့လည်း နေ့တိုင်း သွားနေရ သေးတယ်။ ဆေးဖြတ်ဖို့ ပိုက်ဆံသွင်းနေရ သေးတယ်။ လွယ်လွယ်ရတာပဲ၊ ဘိန်းပဲ ထိုးတာပေါ့” လို့ မမုံရွာသား ဦးရွှေသိန်းက ဆိုပါတယ်။

ဒီလို လူမျိုးတုံး ယဉ်ကျေးမှု နောက်ကွယ်မှာ နောက်ထပ် ခေတ်စားတဲ့ အကြောင်းအရာ တခုကတော့ ၂၀၁၂ ဝန်းကျင် လောက်က ခေတ်စားလာတဲ့ တရုတ်သူဌေးတွေ လာရောက် ဖွင့်လှစ်ထားတဲ့ လောင်းကစား ဝိုင်းတွေနဲ့၊ ဇိမ်ခံ အနှိပ်ခန်းတွေပဲ ဖြစ်ပါတယ်။

“ဒီမှာက အခုနောက်ပိုင်း ခေတ်စားလာတာ ဂိမ်းစက်တွေပဲ။ တချီကိုဆို သိန်း ၂၀၀၊ ၃၀၀ ဖြုတ်ခနဲ ကုန်တာတွေရှိတယ်။ နောက် ၄ ကောင်ဂျင်တို့ ဘာတို့လည်း ပေါတယ်။ လောင်းကစား တဝိုင်းအနေနဲ့ ကလည်း တရားဝင်တော့ ဖွင့်ခွင့်မရှိဘူး။ ဒါပေမယ့် ရဲနဲ့ အုပ်ချုပ်ရေးပိုင်း လူတွေက ပေါင်းပြီး လုပ်ခွင့်ပေးထားတာပေါ့။ အထက်ကနေ လာစစ်ရင် သူတို့တတွေက တဘက်လှည့်နဲ့ ရှောင်ခိုင်းတာပေါ့” လို့ ဒေသခံ ကိုကျော်ကျော်ငြိမ်းက ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်တွေအရ လောင်းကစားဝိုင်း တဝိုင်းဟာ ဖားကန့်မြို့နယ် ရဲစခန်းမှူးကို ကျပ် ၁၀ သိန်း၊ စစ်ဗျူဟာမှူး တွေဆီကို ကျပ် ၅ သိန်း၊ စီအိုင်ဒီ မိုးညှင်းအဖွဲ့ကို ၂ သိန်း၊ SB ကို ၅ သိန်း၊ စစစ အဖွဲ့ကို ၃ သိန်း၊ သက်ဆိုင်ရာ ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးတွေကို ၃ သိန်း၊ KIA အဖွဲ့ကို ၄ သိန်း၊ မယက ဖားကန့် အထွေထွေအုပ်ချုပ်ရေးကို ၇ သိန်း စတဲ့ ငွေကြေးတွေကို ဆက်ကြေးအဖြစ် လချုပ်ပေးရလေ့ ရှိတယ်လို့ ဒေသခံတွေ ကနေ ကောက်ယူထားတဲ့ စာရင်းတွေအရ တွေ့ရှိခဲ့ရပါတယ်။

ခေတ်သစ် ဇိမ်ခံခန်းတွေမှာ အတန်းအစား ၃ မျိုး ခွဲခြားထားတယ်လို့ သိရပါတယ်။ အပေါ်ယံသာ ထိတွေ့ကိုင်တွယ်ခွင့်၊ ရင်းနှီးကျွမ်းဝင် အဆင့်နဲ့ စိတ်ကျေနပ်မှု အကောင်းဆုံး ပေးနိုင်တဲ့ အဆင့် စသဖြင့် သတ်မှတ်ချက်တွေနဲ့ အသက် ၁၅ နှစ် ကနေ ၂၇ နှစ် အကြား အမျိုးသမီးငယ်တွေက ဖျော်ဖြေမှု ပေးလေ့ရှိတယ်လို့ လုပ်ကိုင်စားသောက် နေသူ မရိုစီက ဆိုပါတယ်။

“ဈေးတွေကတော့ အမျိုးမျိုးပေါ့နော်။ အဆင့်တခုကို အနည်းဆုံး သောင်းဂဏန်းကနေ သိန်းချီရှိတယ်။ လက်ရွေးစင်တွေ ရှိတယ်။ ဒီမှာက ကေတီဗီလို့ ပြောတယ်။ ဇိမ်ခံလို့ ပြောတယ်။ အမှန်ကတော့ ဖာခန်းပါပဲ။ သောကြာနေ့လို ညမျိုးဆိုရင် လက်ရွေးစင်တွေရဲ့ အထူးစပယ်ရှယ် ပြုစုမှု ဆိုတာရှိတယ်။ အဲဒီဟာဆို ခေါ်ဈေးပေါ် မူတည်ရတယ်။ ကျမတို့ တကယ်ရတာတော့ ၃ ချိုးတချိုးပေါ့။ ဒီမှာက လိင်အလုပ်သမတွေဆို ဆရာပဲ။ သူ့အထက်မှာ ရဲနဲ့တပ်ပဲ ရှိတယ်။ ဒီမှာက ရာမ၊ နံပါတ်ဖိုးလည်း ရတော့ ဆေးချလိုက်၊ လုပ်လိုက်ပေါ့။ စီမံချက်ဆိုလို့ လူတင်ပြရတယ်ဆို လိုက်သွားပေါ့။ ရဲတွေကို ပိုက်ဆံထက် ကိုယ်ပေးလိုက် ၁ လလောက်နေ ထွက်တယ်လေ။ တလကလည်း ထောင်ထဲမှာထက် ကုတင်ပေါ်က ပိုများတယ်” လို့ သူက ရယ်ရင်းက ဆိုပါတယ်။

ဇိမ်ခန်းတွေကို အများဆုံး လာရောက် ဖွင့်လှစ်တာ တရုတ်လူမျိုးတွေ များပြီး မြန်မာတိုင်းရင်းသား ပိုင်တွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။ ဇိမ်ခံမယ်တွေဟာ နယ်ခံတွေထက် အနယ်နယ် အရပ်ရပ်က လာတဲ့သူတွေ၊ အကြောင်းကြောင်းကြောင့် ရောက်လာသူတွေ များတယ်လို့ သူက ပြောလာပါတယ်။

“အစိုးရကို ဘာပြောချင်လဲ ဆိုတော့ အလုပ်မရှိလို့ လုပ်ရတာပေါ့။ နောက်ပြီး အစိုးရကကော ကျမတို့လို လုပ်စားသူတွေကို အဖတ်လုပ်လို့လား။ နေလည်း မနေနိုင်ဘူး။ ပြီးရင် နှိပ်ကွပ်ဖို့ပဲ ချောင်းနေတာလေ။ သူတို့ခွင့်ပြုလို့ လာလုပ်တဲ့ သူတွေ လုပ်တာပေါ့။ လာစစ်တဲ့ သူတွေကလည်း ချသွားဖို့ပဲ တတ်တာလေ။ ဒီအလုပ်က လွယ်တယ်မှတ်လို့လား၊ အလုပ်ဝင်ပြီဆို ပိုင်ရှင်ကို အရင် ဆက်သရတာ၊ သူက ကြိုက်တဲ့အဆင့်ကို သတ်မှတ်ပေးတာ” လို့ မရိုစီက သူတို့ဖြတ်သန်းတဲ့ ဘဝကို ပြောပြလာ ပါတယ်။

နောက်ထပ် မီးရောင်အောက်မှာ ကြီးစိုးနေတာ ကတော့ ဂိမ်းကစား ဆိုင်တွေပါပဲလို့ ဂိမ်းကစားရင်း အိမ်နဲ့ ခြေတဘက် ပေးလိုက်ရတဲ့ ကိုလှိုင်မြတ်က ဆိုပါတယ်။ ဂိမ်းစက်တွေကြောင့် သူရဲ့ သိန်း ၃၀၀ ကျော် တိုက်ခံအိမ်ပါ ခြံဝင်းလေးကို ပေးခဲ့ရသလို၊ ကျန်ရှိနေတဲ့ အကြွေးကို မဆပ်နိုင်တဲ့အတွက် အကြွေးတောင်းသူတွေရဲ့ ရိုက်နှက်မှုကြောင့် ခြေတဘက်ပါ ဆုံးခဲ့ရတာလို့ သူက ဆိုပါတယ်။

“ဘယ်လို ပြောရမလဲ၊ ဒီဖားကန့်က ဒုစရိုက်မြို့လို ဖြစ်နေတာပေါ့။ နိုင်ငံတကာမှာက အဲဒီလို လောင်းကစားတွေ လုပ်ခွင့်ပေးတယ်၊ လုပ်တယ်။ အစိုးရကို အခွန်တွေ ပေးရတယ်။ ဒီမှာကတော့ အစိုးရတောင် သိရဲ့လား မသိဘူး။ ရဲ၊ စရဖ၊ စစစ၊ စစ်တပ် ပေါင်းလုပ်ချင်သလို လုပ်ခွင့်ပေးနေတာ။ ရဲတွေနဲ့ စစ်တပ်ပါ ပါနေတော့ အထက်ကလာစစ်လည်း သူတို့က ဒီနေ့တော့ မဖွင့်နဲ့ပိတ် ဆိုပြီး လာပြောတယ်။ ပြီးရင် ၂ ရက်လောက် အပိတ်ပြသွားတယ်။ ဒါနဲ့ပဲ လုပ်စားနေတာ။ KIA ဘက်ကလည်း ဘာပြောမှာလည်း ဆက်ကြေး ကောက်တယ်။ သူတို့ကလည်း ဒီငွေနဲ့ပဲ ရပ်တည် နေတာကိုး။ ဘယ်သူမှလည်း မပြောရဲဘူးလေ၊ ပြောတာနဲ့ ပျောက်ချင်းမလှ ပျောက်မှာ” လို့ မမုံကျေးရွာနေ ကိုလှိုင်မြတ်က ဆိုပါတယ်။

မင်းမဲ့စရိုက် ဆန်တဲ့ အပြုအမူတွေနဲ့ ယဉ်ပါးနေရတဲ့ ဖားကန့်ပြည်သူတွေမှာ ထောက်ပြ ပြောဆိုဖို့ အတွက်လည်း အင်အားချင်း မမျှတမှု၊ လုံခြုံရေးအရ ဘယ်သူ့ကိုမှ ယုံကြည်ရမှုမရှိတဲ့ အခြေအနေတို့နဲ့ ရင်ဆိုင်နေရတာဟာ နှစ်နဲ့ချီနေတဲ့ အချိန်ကာလ တခုကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒီလို လူသိထင်ရှားတဲ့၊ လျှို့ဝှက်ချက်တွေ ရှိနေတဲ့ ကျောက်စိမ်းနယ်ရဲ့ မင်းမဲ့စရိုက် ဆန်လှတဲ့ အဖြစ်အပျက်တွေကို အစိုးရပိုင်းကတော့ လက်ရှိအချိန်အထိ မျက်ကွယ် ပြုထားတုန်း ဖြစ်ပါတယ်။

ခန့်မှန်းခြေ လူဦးရေ ၅ သိန်းနီးပါးရှိတဲ့ ဖားကန့်ဒေသမှာ ကျောက်စိမ်း မှော်ပေါင်း ၁၀၀ ကျော်ရှိပြီး လယ်ယာကိုင်း မရှိတာကြောင့်လည်း ကျောက်စိမ်း တူးဖော်ခြင်းကိုသာ အဓိကထားရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီဒေသဟာ လက်ရှိမှာတော့ လုံခြုံရေးအရ အနက်ရောင် မဟုတ်တော့ ပေမယ့်၊ အညိုရောင်အဆင့် သတ်မှတ်ချက် ရှိနေတဲ့ မြို့လေးတမြို့ ဖြစ်ပါတယ်။

“မြို့တွေမှာ အဆင့်သတ်မှတ်ချက် အဆင့်ဆင့် ရှိတယ်။ ဒီဒေသက ဥပဒေတော့ ရှိတယ်၊ ဒါပေမယ့် ဥပဒေ သက်ရောက်မှုက သိပ်မရှိတော့ ဒီဒေသကို လုံခြုံရေး အခေါ်ဆိုရင် အညိုရောင်လို့ သတ်မှတ်တာပေါ့” လို့ ဖားကန့် ဒေသပိုင်း လုံခြုံရေး တာဝန်ယူနေသူ တဦးက ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading