ဆောင်းပါး

မြို့ပြမှာလည်း ရမ်းကုတွေ ရှိတယ်

This article has been converted from Zawgyi One to Unicode

“ရမ်းကု” ဆိုတဲ့စကား ကြားရုံနဲ့ အဓိပ္ပာယ်ဖွင့်ဆိုဖို့ အထူးအထွေ မလိုအပ်လောက်အောင် မြန်မာနိုင်ငံသားတိုင်း နားလည်ကြမှာပါ။ ဘာမသိညာမသိ ရမ်းပြီးဆေးကုနေတဲ့သူ ဆိုတာ လိုက်ပြီး ရှင်းပြနေစရာတောင် မလိုလှပါဘူး။ အဓိပ္ပာယ်က ရှင်းလင်းပေမယ့် မရှင်းလင်းတာတွေကတော့ အများကြီး ဖြစ်ပျက်နေကြဆဲပါ။ ကျေးလက် တောရွာတွေမှာ သက်သက်ဆိုရင် ဒါက အသိအမြင်နည်းလို့၊ ကျန်းမာရေး ဝန်ဆောင်မှုနဲ့ အလှမ်းဝေးလို့ စသဖြင့် အလွယ်တကူ သတ်မှတ် ပေးလိုက်ရုံပဲပေါ့။ ရန်ကုန်လို မြို့ကြီးမှာ ဆင်ခြေဖုံးမျှ ဖြစ်စေ ရမ်းကု ဆိုတာ မကြားဝံ့ မနာသာ ဝေါဟာရလို့ ထင်ကြလေမလား။ ခဏခဏ သုံးနေကြတဲ့ ကဗျာဆရာတွေစကား ငှားပြောလိုက်ချင်ပါရဲ့။

“ဖြစ်ခဲ့တယ်၊ ဒါဟာ တကယ်ဖြစ်ခဲ့တယ်” လို့ …။

ရန်ကုန်မြို့တော်ရဲ့ စည်ပင်သာယာ နယ်နိမိတ်ထဲက ဆင်ခြေဖုံး မြို့နယ်တခုရဲ့ ကွန်ဒို တိုက်ခန်းကြီးတခုမှာ ဖြစ်ခဲ့ တာပါ။ အဲဒီမှာနေတဲ့ အမျိုးသားက တက္ကစီမောင်းပြီး အမျိုးသမီးက  လမ်းထိပ်မှာ မနက်စာလေးတွေ ရောင်းတဲ့ ဇနီးမောင်နှံနဲ့ ရင်းနှီးခဲ့ရာက ဒီဇာတ်လမ်းက ကိုယ်တွေ့ဖြစ်ခဲ့တာပါ။ မနက်စာကို ရံဖန်ရံခါ အပြင်စာ စားချင်ရင် သူတို့ ဆိုင်လေးကနေ မုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲ အဆင်ပြေသလို ဝယ်စားရာကအစ ကားအဆင်မပြေတဲ့အခါ တက္ကစီ ငှားစီးရာက အစ လူချင်း ရင်းနှီးလာကြတယ်၊ ဆရာဝန်မှန်း သိလာကြတယ်။ သူတို့က ဘွဲ့ရ ပညာတတ် မဟုတ်ပေမယ့် သမီးကြီးက ကွန်ပျူတာ တက္ကသိုလ်တောင် တက်နေပါပြီ။

ကိုယ့်အလုပ်ဆီ တလတခါ အပြန်မှာ လေယာဉ်ကွင်းကို သွားဖို့ တိုက်တလုံးထဲမှာ နေတဲ့ သူက အဆင်အပြေဆုံး ဆိုတော့ အမြဲ ချိတ်ဆက်ထားခဲ့ရာက ပိုပြီး ရင်းနှီးလာတယ်၊ မိသားစုကိစ္စတွေ ပြောဖြစ်လာကြတယ်။ သူ့မှာ သတိ သိပ်မကောင်း တော့တဲ့ အသက် ၈၀ လောက် အဖေ အိမ်မှာရှိတာ သိခဲ့ရတယ်။ ဒီလိုနဲ့ တရက် အလုပ်နား ပြန်လာခါစ မြို့ထဲထွက်ဖို့ သူ့ကိုခေါ်ရင်း ထွေရာလေးပါး ပြောလာကြရာကနေ …။

“ဆရာ … အဖေ အခြေအနေ သိပ်မကောင်းဘူး၊ သူ မအီမသာဖြစ်တာနဲ့ ဟိုဘက် ရပ်ကွက်က ဆရာဝန်ကို အိမ်ပင့်ပြီး ပြတယ်။ ဆေးတွေ အများကြီးထိုး၊ သောက်ဆေးတွေ အများကြီးပေးတာပဲ။ ဝမ်းတွေ လျှောတယ်၊ မဲတူး နေတာပဲ။လူလည်း မလှုပ်နိုင်တော့ဘူး။ အဲဒီကြားကနေ အခု ပိုဆိုးလာလို့ ပြန်ပြောတော့ မနေ့က ဆရာဝန်လာသွားပြီး စမ်းကြည့်တယ်။ သူ့ကလီစာတွေ အားလုံး ပျက်နေပြီတဲ့။ အခုသွားတဲ့ ဝမ်းတွေက အူတွေ ပြတ်ကျပြီး သွားနေတာတဲ့။နှလုံးကလည်း တခြမ်းပဲ ခုန်တော့တယ်။ အဲဒီ တခြမ်းရပ်ရင် သေတော့မှာလို့ ပြောတာပဲ”

ဘုရား … ဘုရား … ဆေးပညာ လောကမှာ ကိုယ် ဘယ်လောက် နောက်ကျကျန်ခဲ့ပြီလဲ။ အိမ်ကိုပင့်လာပြီး စမ်းကြည့့်ရုံနဲ့ အဲဒီလို အတိအကျပြောတဲ့ နည်းတွေ ပေါ်နေပြီလား။ သူက သိပ်ခေတ်မီပြီး စမ်းသပ်စရာတွေ အိမ်ကိုသယ်လာပြီး စမ်းသပ်လို့လား။ ခေါင်းထဲမှာ ရှုပ်ထွေး နောက်ကျိ သသယတွေ ပြည့်လာတယ်။

“အဲဒီ ဆရာဝန်က နာမည် ဘယ်သူလဲ၊ ဘာ အထူးကုလဲ၊ ဆေးခန်းဘယ်နားဖွင့်လဲ”

မေးခွန်းတွေ အစုံမေးမိတော့ သူကလည်း ပြောတယ်။ သေချာတာတော့ မကြားဖူး၊ မသိဘူး။ ဒါပေမယ့် ဆေး တက္ကသိုလ်က အများကြီးဆိုတော့ ကိုယ်နဲ့တကျောင်းတည်း မဟုတ်တာကြောင့် ဖြစ်လိမ့်မလားပေါ့။ သူဘာတွေနဲ့ စမ်းကြည့်လဲ၊ သွေးတွေ စစ်လား၊ ဓာတ်မှန်ရိုက်လား စသဖြင့်ပေါ့။ သူက ပြန်ပြောတယ် “နားကျပ်နဲ့ပဲ စမ်းတာ” တဲ့။

သြော် သူများ သားသမီးတွေ တော်လိုက်ပုံများ နားကျပ်လေးနဲ့ စမ်းရုံနဲ့ အူတွေပြတ်ကျနေတာ သိကြတယ်၊ နှလုံး တခြမ်းပဲ ခုန်တာ သိကြတယ်။ ငါ ကျောင်းပြေးခဲ့တာ များသွားသလားပေါ့ …။ တွေးရင်းနဲ့ စိတ်က တမျိုး ဖြစ်လာပြီ။ယုတ္တိ အတော်မရှိတာပဲ။ ဒါကြောင့် “ကဲ – ကိုယ် လာကြည့် ဦးမယ်ကွာ။ ပြန်ရောက်တဲ့ အချိန် လာခဲ့မယ်” လို့ ပြောလိုက်ရတယ်။

အိမ်ပြန်ရောက်တော့ ရှိတဲ့ နားကျပ်ရယ်၊ သွေးပေါင်ချိန်တိုင်း ပစ္စည်းလေးရယ် ကိုင်ပြီး သူတို့ အခန်းဆီ သွားခဲ့တာပေါ့။အဖိုးကြီးက အားနည်း နွမ်းလျနေတယ်။ သူ့ဝမ်းအိုးထဲကို ကြည့်လိုက်တာနဲ့ ဒါ အစာအိမ် သွေးကြော ပေါက်ရာကနေ ထွက်လာတဲ့ ဝမ်းအမည်းတွေဆိုတာ သိလိုက်ပြီ။ ကျန်တဲ့ နှလုံး၊ အဆုတ်၊ အသည်းတွေက အပြင်ပန်း စမ်းသပ်တာအရ အထူးအထွေ ချို့ယွင်းပုံ မရဘူး။ ကဲ … ဘာဆေးတွေ ထိုးထား၊ တိုက်ထားလဲ ဆိုတော့ သူတို့က ဆေးပုလင်းခွံ၊ဘူးခွံတွေ ပြကြတယ်။ အကောင်းစား အမည်တပ်ထားတဲ့ အားဆေးတွေပေါ့။ ပြီးမှ သောက်ဆေးတွေလည်း တိုက်နေရ တယ် ဆိုပြီး ဆေးတထုတ် ယူလာပြတယ်။

အဲဒီမှာ တရားခံကိုတွေ့ပါပြီ။ အစာအိမ် သွေးကြောပေါက်စေတဲ့ အကိုက်အခဲ ပျောက်ဆေး ပြင်းပြင်းတွေ ၂ မျိုး လောက် ပါနေတယ်။ ဟာ … မဟုတ်သေးပါဘူး။ အစာမစားနိုင်လို့ ဆိုပြီး အားဆေးတွေ အကြောက သွင်းနေတဲ့သူကို အစာမရှိရင် အစာအိမ် အန္တရာယ်ရှိတဲ့ ဆေးတွေ ဘာကြောင့် ပေးသလဲ။ လူနာသာ အစာမဝင်တာ သူတို့ကလည်း ဆေးတော့ ပုံမှန် တိုက်ပေး နေကြတယ်ဆိုပဲ။ ကိုင်း … ကျန်တာတွေထားတော့ လောလောဆယ်တော့ ဆေးရုံ တက်လိုက်ပါ ဆိုပြန်တော့ အိမ်မှာလူခွဲ မရှိဘူး၊ အသက်လည်း ကြီးနေပြီပဲ၊ သူတို့ ကိုးကွယ်တဲ့ ဘုန်းကြီး တွက်ချက် ထားတာကလည်း ၂ ရက်ဆို ကံကုန်ပြီ ဆိုကိုး။ “ဆရာကောင်းသလို ကုပေးပါ” တဲ့။ ကိုယ်ကလည်း အလုပ်နားတဲ့ တလတာမှာ ဆရာဝန်ဆိုတာ မေ့နေတာ။ အရေးအကြောင်း အတွက် နားကျပ်လေး ဆောင်ထားတာက လွဲရင် အိမ်မှာ တောင် ဘာဆေးဝါးမှ ရှိတာမဟုတ်။

အခုတော့လည်း ဘယ်လိုမှ ဟောလို့ပြောလို့ မရဘဲ ငုတ်တုတ်ထိုင် ကြည့်နေကြမယ့် သဘောကိုမြင်တော့ ကောင်းမယ် ထင်တာတွေ အကြံပေး စီစဉ်လိုက်ရပါတယ်။ ကိုယ်လည်း အမြဲလာကြည့်ပေးဖို့အဆင်ပြေတာ မဟုတ်လို့ အခြေအနေ ဆိုးတာ တခုခုဖြစ်ရင် ဆရာဝန် တယောက်ယောက်ကို ပြဖို့၊ ဆေးရုံတင်ဖို့ ပြောရင်း သူတို့ပြခဲ့တဲ့ ဆရာဝန် ဆိုသူ အကြောင်း မေးမြန်းစုံစမ်းခိုင်း ကြည့်ပါတယ်။

ညနေကျတော့ ဖုံးဆက်လာပါတယ်။ အဲဒီလူက ဆရာဝန် မဟုတ်ဘူးတဲ့။ ဆေးမှူးလို့တော့ ပြောတာပဲတဲ့။ ဒီမြို့နယ် ဆင်ခြေဖုံး ကာလလောက် ကတည်းက စက်ဘီးတစီးနဲ့ အိမ်စဉ်လှည့် ဆေးထိုးရင်း လက်ဆင့်ကမ်း လမ်းညွှန်ပြီး ကုသ နေကြတာ ဆိုပဲ။ အခုလည်း အိမ်မှာ ဆေးဆိုင်လိုလို၊ ဆေးခန်းလိုလို ဖွင့်ပြီး ဆေးအတွဲအစပ် ရောင်း၊ လာပြရင် ကုပေး၊ အိမ်ခေါ်ရင် လိုက်ကုပေးနေတာတဲ့။ ဆေးဖိုးဝါးခ ကျတော့လည်း ဘွဲ့ရ ဆရာဝန်တွေ အတိုင်း ယူတာပဲတဲ့။ အဲဒီလောက် ဆိုရင် ခန့်မှန်းဖို့တောင် မလိုဘဲ အတတ်သိလိုက်ပါပြီ။ ရမ်းကု ဆိုတာကိုပေါ့။

စိတ်ထဲမှာ ဘာမှန်းမသိတဲ့ ခံစားမှု တခု ရလာတယ်။ ရမ်းကု ပြဿနာက နယ်တွေမှာဆို ဒုနဲ့ဒေး။ ကိုယ်တိုင်လည်း နယ်တွေမှာချည်း ဆေးကုသတဲ့ အတွေ့အကြုံရှိခဲ့သူမို့ ရမ်းကုတွေ ရမ်းကားသမျှ သေကောင်ပေါင်းလဲတွေ ကယ်တင်ရ၊ လွှဲပို့ရ လုပ်ခဲ့ရတာလည်း မနည်းမနော။ အခုဟာက ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ဆိုတဲ့ မြို့တွင်း နယ်မြေ၊ လမ်းမကြီးတွေ မှာရော ရပ်ကွက်တွေထဲမှာပါ ဆရာဝန်အစစ်တွေ ဖွင့်ထားတဲ့ ဆေးခန်းတွေ၊ အထူးကု ဆေးခန်းတွေလည်း ရှိနေတဲ့နေရာ … ရမ်းကုက တွင်ကျယ်နေနိုင် သေးတာပဲလား။

အင်း ဖြစ်နိုင်တာပေါ့လေ။ မြို့ထဲမှာကိုပဲ ဆေးဆိုင်ကနေ ဆရာဝန် ညွှန်ကြားတဲ့ ဆေး မဟုတ်ဘဲ  ကြိုက်ရာဝယ်လို့ရနေကြ၊ ဝေဒနာကို ပြောပြရင် ဆေးအစပ်အတွဲ တွေကို ဆေးဆိုင်က ရောင်းတဲ့သူက လုပ်ပြီး ရောင်းနေကြ၊ အတိမ်းအပါး ရှိတော့လည်း ဆေးခန်းတွေ၊ ဆရာဝန်တွေကိုသာ ဖွပြီး အသံကုန်အော် အပြစ်ဖို့ကြပေမယ့် အဲဒီလို ရမ်းကု လမ်းစဉ်ကျတော့ ကံနဲ့ ယိုးမယ်ဖွဲ့လိုက်ကြ အရာရာဟာ စနစ်တကျ လွဲချော်နေတဲ့ အမွေဆိုးကို ဖောဖောသီသီ ရထားခဲ့ကြတာကိုး။ မြို့ကြီးပြကြီးမှာ အဲဒီလို ဘာမဟုတ်၊ ညာမဟုတ်တွေ ဝမ်းရေးလှနေကြတာ ပါကလား။

တွေးနေမိပါတယ်။ တရားခံရင်းက ဘယ်သူလဲ။ ကျန်းမာရေး အသိပညာ နုံနဲ့တဲ့သူတွေလား၊ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တကျ မပေးနိုင်သေးတဲ့ သက်ဆိုင်ရာ ဆိုတာတွေလား၊ လူ့အသက်ကို လောင်းကြေးထပ်ပြီး စနစ်တကျ သင်ကြား တတ်မြောက်ထားတာ မဟုတ်ဘဲ အသက်မွေးဝမ်းကျောင်း လုပ်နေတဲ့၊ လူမဆန်တဲ့ ဝိသမ သမားတွေကိုလား … ပြောချင်စရာတွေ အများကြီး ရှိနေပါသေးတယ်။ ပြောရမယ့် အကြောင်းအရာ တွေလည်း အများကြီး ရှိနေပါသေးတယ်။ သေချာတာကတော့ စိတ်ချမ်းမြေ့စရာတွေ မဟုတ်ဘူး ဆိုတာပါပဲ …။

Loading