“မဟာမုနိ ရုပ်ရှင်တော်မြတ်မှာ မီးသင့်လောင်ရာ မျက်နှာတော်မှာ လက်လေးသစ်ခန့် ကွဲအက်၍ ရောင်လျှံတော် မပွင့်မလင်း ရှိသည်ကို။ ဂဏာစရိယ၊ ကဏပါမောက္ခ၊ သင်္ဃရာဇာ မဟာဓမ္မရာဇ် ဖြစ်တော်မူသော မာလာလင်္ကာရ ဓဇဓမ္မသေနာပတိ အတုလဓိပတိ သီရိပဝရ မဟာဓမ္မရာဇဂုရုံ တံဆိပ်နာမတော်ရှိသော သာသနာပြု ဆရာတော်ဘုရားကြီးနှင့် ဘဝရှင် မင်းတရားကြီး ဘုရားလက်ဝဲ လက်ယာ ကိုယ်တော်တိုင် ကြပ်မတော်မူလျက် ပဉ္စသိင်္ခနတ်သား၏ ဆောင်းသံနှင့်တူသော တူရိယာမျိုး ငါးပါးအသံတို့ကို တပြိုင်နက် တီးမှုတ်စေပြီးလျှင် မျက်နှာတော်အသစ် ဖွင့်တော်မူရာ သယမ္ဘူငုံအာ၊ ပဒုမ္မာမုံရင့်၊ ပွင့်လုဆဲဆဲ၊ လွန်ကဲထူးမြတ်သော၊ ဒဗ္ဘသမ္ဘာရ အဆောက်အဦတော် ရှိသည်ဖြစ်၍ ကဏ္ဍာပ္ပသရက်ပင်ရင်းနှိုက် မြတ်စွာဘုရား တန်ခိုးပြာဋိဟာ ပြတော်မူသည့်ပမာ ရောင်ခြည်တော် ကွန်မြူးလျက် လက်လေးသစ်ခန့် ကွဲအက်သော မျက်နှာတော်သည် စန္ဒရာပုဏ္ဏမီတိထိ စက်ဝန်းကဲ့သို့ ရွှန်းလက်သော ပကတိအဆင်းနှင့် တည်တော်မူသည်။
(ကန္နိမြို့ စစ်ကဲမင်းထင်ရာဇာ – မန္တလေးရတနာပုံ မဟာရာဇဝင်တော်ကြီး စာမျက်နှာ – ၂၀၃)
သက္ကရာဇ် ၁၂၄၅ ခု နှောင်းတန်ခူးလဆန်းက လောင်သောမီးကြီးကြောင့် မန္တလေး မဟာမုနိဘုရားစောင်းတန်း ကြီးလေးသွယ်၊ ပြာသာဒ်တော်ကြီးများ အထိ မီးစွဲလောင်ခဲ့ရာ ရွှေသားမကိုဋ်တော်၊ နားပန်တော်၊ စလွယ်တော် များနှင့် ကပ်လှူ ပူဇော် ထားသော ရွှေသင်္ကန်းတော်များ စီးဆင်းကျရောက် အရည်ပျော်သည်ဟု ဖတ်မှတ်ရဖူးသည်။ စုစုပေါင်း ရွှေချိန် ငါးထောင့်လေးရာ ငါးဆယ်ကျော်ရသည်ဟု ဆိုသည်။ ရုပ်ပွားတော်ရင်းမှာကား တစုံတရာ ချွတ်ယွင်း ပျက်စီးခြင်းမရှိ၊ ပကတိအတိုင်း တည်တော်မူသည်ဟု ဆိုသော်လည်း ကန္နိမြို့စစ်ကဲမင်းထင်ရာဇာ၏ မှတ်တမ်းအလိုအရ မျက်နှာတော်တွင် လက်လေးသစ် ကွဲအက်သည်ဟု သိရှိရသည်။ ထိုနှစ် ဝါဆိုလတွင် သီပေါ ဘုရင်က မကိုဋ်တော်အသစ်၊ နရတင်းတော်၊ နားပန်တော်၊ စလွယ်တော်၊ ဒုရင်တော်၊ သပိတ်တော်၊ သန်းသက် ရေစစ်တော်အစုံ၊ ယပ်ရိုးရှည်းများနှင့် ဖန်သလွန်တော်များကို ထေရ်ကြီးဝါကြီး သံဃာတော်များအမှူးထား၍ ဆရာတော်သံဃာတော် (၃၃၉) ပါး၊ မင်းညီမင်းသားမှူးမတ်တို့နှင့် တပ်ဝင်းအခမ်းအနားများ ဝှဲချီးခင်းကျင်းကာ ပြည်သူပြည်သားများရှေ့မှောက်လှူဒါန်းခဲ့သည်ဆို၏။
ထိုနေ့မှာပင် ထိုရဟန်းရှင်လူမင်းပရိသတ်၊ ပြည်သူပြည်သား ပရိသတ်များအလယ်တွင် မဟာမုနိရုပ်ရှင်တော် မြတ်ကြီး၏ လက်လေးသစ်ခန့် ကွဲအက်သွားသော မျက်နှာတော်ကို ပြန်လည်ပြုပြင် ရောင်တော်ဖွင့်ခဲ့သည် ဆိုသည်မှာ ဝါတော်အကြီးဆုံး ရှေးဟောင်း ရုပ်ပွားတော်ကြီး၏ ရှေးဟောင်းပစ္စည်း ပြုပြင်ထိန်းသိမ်းမှုတွင် ပထမဦးဆုံး အရေးပါသည့် မှတ်တမ်းတခု ဖြစ်ခဲ့သည်။ (ထူးခြားသည်မှာလည်း ထိုပြုပြင်မှုသည် ရုပ်ပွားဆင်းတုတော်ကြီး လက်ရှိနေရာ စတင်စံပ္ပာယ်သည့်အချိန်မှ နှစ် ၁၀၀ တင်းတင်းပြည့်သည့်အချိန်၌ မီးလောင်ကျွမ်းခြင်း ဖြစ်သည်)
တကယ်တော့ ရှေးဟောင်း သုတေသနဆိုင်ရာ ရှုထောင့်မှကြည့်၍ ယခုကဲ့သို့ သက်တမ်းရ ရှေးဟောင်းရုပ်ပွားတော် ကြီးအား ပြန်လည်ပြုပြင်ခြင်းကို ဘုရင်ကိုယ်တိုင်ကလည်း ရဟန်းရှင်လူပြည်သူများ ရှေ့မှောက် သာသနာပြု ဆရာတော်ကြီး ကြပ်မတ် မှုဖြင့် ဆောင်ရွက်တော်မူခြင်း ဖြစ်သည်။ ထိုစဉ် ကိစ္စအ၀၀ကိုလည်း ကန္နိစစ်ကဲ မင်းထင်ရာဇာက လုံးစေ့ပတ်စေ့စနစ်တကျ မှတ်တမ်း တင်ခဲ့သောကြောင့်သာ နှောင်းလူတို့ သိမှတ်သားခဲ့ရသည်။
ရှေးဟောင်း ပစ္စည်းများအား ပြုပြင်ထိန်းသိမ်းမှုနှင့် ပတ်သက်၍ လေးစား အတုယူဖွယ် ဆောင်ရွက်မှုတခု ဖြစ်ပါ၏။
ရှေးဟောင်း အမွေအနှစ် ပစ္စည်းများနှင့်ပတ်သက်၍ မပျောက်ဆုံးအောင် ထိန်းသိမ်းရေး (Conservation)၊ ဆက်၍ မပျက်စီးရန် ကာကွယ်ရေး (Preservation) နှင့် မူရင်းပုံစံမပျက် ပြန်လည်တည်ဆောက်ရေး (Restoration) ဟူ၍ ထိန်းသိမ်းမှုပုံစံများကို ခွဲခြားထားသည်။
ဒါဆိုရင်ဖြင့် မပျောက်ဆုံးအောင် ထိန်းသိမ်းရေး (Conservation) က ပထမဦးစားပေး အဖြစ်သင့်ဆုံး ကိစ္စပေါ့။ ကာလဒေသ ပယောဂအရ ပျက်စီး ယိုယွင်းပြီးဆိုလျှင် ဆက်၍ မပျက်စီးရန်ကာကွယ်ရေး (Preservation) ဖြင့် ထိန်းသိမ်းရမည်။ ဒီ ၂ ချက်က အရေးကြီးသည်။ ဒါဖြင့် မူလရှိပြီးသား ရှေးဟောင်း အမွေအနှစ်ပစ္စည်းများကိုရော ရှေးဟောင်း အမွေအနှစ်မှန်း သိသိ မြို့သူမြို့သား များက စောင့်ရှောက် ထိန်းသိမ်းကြဖို့က ပို၍ အရေးကြီးသည်။
တကယ်တော့ မန္တလေး တမြို့လုံးကိုက ရှေးဟောင်း အမွေအနှစ် ပစ္စည်းကြီးဖြစ်သည်။ သာသနိက အဆောက်အဦး အတော် များများကိုက မန္တလေး မတိုင်မီကပင် တည်ရှိခဲ့သည့် အဖိုးတန် အမွေဖြစ်သည်။ မန္တလေး ကနဦးမူလ ၇ ဌာန အစမှသည် ထိုခေတ် အခါမှ အရပ်ရပ် အဆောက်အဦး များသည်လည်း အမွေအနှစ်များပင် ဖြစ်သည်။ ထိုအမွေအနှစ်များ၏ တန်ဖိုးကား လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ နိုင်ငံရေး ပေတံများနှင့် တိုင်းတာကာ တန်ဖိုးဖြတ်ရဦးမည်။ မည်သို့ဆိုစေ … ထိုပေတံများနှင့် စံပြုတိုင်းတာ သတ်မှတ်ထားသည့် အရာမှန်သမျှကား အမွေအနှစ် ပစ္စည်းချည်းဖြစ်၏။ အမွေကို ရယူခံစားပိုင်ခွင့် ရှိသည်ဆိုသည်မှာ ကြီးမြတ်သော ဂုဏ်ပုဒ်ပင် ဖြစ်သည်။ ယခု ထိုဂုဏ်ပုဒ်များ ကျနော်တို့ လက်ဝယ် ရောက်ရှိခဲ့ချေပြီ။
“လောကထ စရိယဖြစ်သော ပကတိပယ်ကို မင်္ဂလာဘုံကျော် ကျောင်းတော် မဟာရံ အရှေ့တောင် ထောင့်ကသည် နှစ်ဆယ့်ငါးတာ တောင်သို့ခွာ၍ အရှေ့မျက်နှာ ရှစ်တောတွင် တညီတညွတ် ကျောက်တိုင် လေးထောင့်လျှက် ထားသတည်း” ဟု အလျား ၂၅ တောင်၊ အနံ ၂၅ တောင် စတုန်ရန်းကို ပကတိပယ် သတ်မှတ်ပြီး ၎င်း၏ နှစ်ဆကို မင်းပယ်ဟု သတ်မှတ်ကာ အငြင်းပွားဖွယ် မြန်မာစံ အခြင်အတွယ်၊ အတိုင်းအထွာကို သက္ကရာဇ် ၁၁၅၃ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်နေ့က ဘိုးတော်ဘုရား ကိုယ်တိုင် မောင်းထောင် သာသနာတော်ပိုင် ဆရာတော်ကြီး ရေးသွင်းချက်ဖြင့် ကျောက်စာများကို ရေးထိုးစိုက်ထူ ခဲ့သည်။ ထို “ပယ်” ဧရိယာ စံမြေကွက်များနှင့် ကျောက်စာများမှာ ၁၁၅၃ ခုနှစ်ကတည်းက မန္တလေး ချမ်းမြသာစည် တောင်အကွက် ၉၀၂ ၌ တည်ခဲ့သည်။ “ပယ်ပုံတော် ကျောက်စာဝင်းကြီး” ဟု သုတေသနသမား အဆက်ဆက် တန်းဖိုးထား ထိန်းသိမ်းခဲ့ကြ၏။ မန္တလေး ရတနာပုံ မြို့တည်သည့်တိုင် ထိုဝင်းကို ပကတိအတိုင်း စောင့်ရှောက်ခဲ့သည်။ ပယ်အတိုင်းအထွာ မြေကွက်ကပင် အဖိုးတန် ရှေးဟောင်းပစ္စည်း အမွေအနှစ်မို့ မည်သည့် အဆောက်အဦးမှ မဆောက်လုပ်ဘဲ ထိန်းသိန်းခဲ့သည်။
ယခု ထိုကျောက်စာများကား . . .။