အိမ်ရှင်မတယောက်အနေနဲ့ နံနက်စောစော အိပ်ရာကနိုးတာနဲ့ ပထမဦးဆုံး အာရုံထဲဝင်လာတဲ့ စိတ်ကူးက “ဒီနေ့ဘာဟင်းချက်ရင်ကောင်းမလဲ” ဆိုတဲ့ စိတ်ကူးပါ။ အိမ်မှာရှိတဲ့လူကုန် လျှာရင်းမြက်စေဖို့ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ရမယ့် တာဝန်ဟာ အိမ်ရှင်မတွေရဲ့ မသေမချင်း ထမ်းဆောင်ရမယ့် တာဝန်ပါ။ မိန်းမဆိုတာ မီးဖိုချောင်ဝင်ရတယ်ဆိုတဲ့ ပုံသေနည်းကို ဘယ်သူက ချမှတ်ခဲ့တာလဲ။ ကျမ မကြာခဏ စဉ်းစားမိတယ်။ ကျမအိမ်ထောင်ကျတော့ အိမ်မှုကိစ္စမနိုင်တဲ့ကျမကို ခင်ပွန်းသည်က ကူပါတယ်။ သူနံနက်ဝေလီဝေလင်း ဈေးသွားလိုက်တာ ၆ နာရီဆို ပြန်ရောက်ပြီ။ ဝယ် လာတဲ့ သားငါးတွေ ဆားနနွင်းနယ်ပြီးမှ သူကရုံးကို ထွက်သွားတာပါ။
အဲဒီလို အပါးခိုနေရာက မြိတ်ကနေ ရန်ကုန် ပြောင်းလာတော့ ကျမမဖြစ်မနေ ရှေ့တန်းကိုတက်လာရ ပါတော့တယ်။ ရန်ကုန်မှာက ဘယ်သူ့ဘယ်သူမှ မကူနိုင်ဘူးလေ။ ကျောက်မြောင်းက သီတာဈေး ကလေးဟာ ကျမတို့အားထားရတဲ့ ဈေးကလေးပေါ့။ တသက်လုံး မိန်းမပီပီ အောက်ခြေစေ့စေ့မနေခဲ့ရတဲ့ ကျမဟာ ဈေးဝယ်ခြင်းအတတ်ပညာမှာ အတော်ညံ့ပါတယ်။ ကျမဟာ ပစ္စည်းကောင်း၊ မကောင်းမကြည့် တတ်ရုံသာမက ဈေးဆစ်ဖို့၊ အပိုအဆစ် တောင်းဖို့ လည်း တွန့်ဆုတ်သူပါ။
ဒီလိုနဲ့ ကျောက်မြောင်းမှာ နှစ်တွေအကြာကြီးနေပြီးမှ ဘဝအလှည့်အပြောင်းအရ ဒဂုံမြို့သစ်မြောက်ပိုင်းက “မဟာမြိုင်အိမ်ရာစခန်း”ဆီ ရောက်ခဲ့ရတယ်။ ဒီတော့ ကျမ မဟာမြိုင်ဈေးနဲ့ တိုးပြီပေါ့။ မဟာမြိုင်နဲ့ တော်ဝင် အိမ်ရာ နှစ်ခုဟာ ရပ်ကွက်ကြီး တခုစာ လူနေထူထပ်လှတယ်။ ဒီကလူတွေအားလုံး ဒီဈေးကလေးကို အားထား ကြရတယ်။ နေ့စဉ် ဈေးသွားဝယ်ရင်း ဈေးရောင်းဈေးဝယ် ရသမယ်လိုဒီထဲ စီးမျောစုန်ဆန်နေမိတယ်။ အိမ်မှာ ရေခဲသေတ္တာ ရှိပေမယ့် နှစ်ရက်၊ သုံးရက် တပတ်စာဝယ်မထား၊ နေ့စဉ်ဈေးသွားပြီး လတ်လတ်ဆတ်ဆတ် ဝယ်စား ချင်တဲ့ အာသီသက ဈေးကလေးဆီ နေ့စဉ်တွန်းပို့နေ တော့တယ်။
ဈေးကလေးဆိုပေမယ့် အထင်သေးလို့ မရပါဘူး။ ပိုက်ဆံများရှိလို့ကတော့ လိုတာအကုန်ရနိုင်တဲ့ ဈေးကလေးပါ။
တခြားမပြောနဲ့ ချေသား၊ ဆတ်သားလို ရှားပါး အသားတွေ ရနိုင်သလို၊ ကမာလို၊ ခရုလို၊ ခုံးလို ရှားပါး ပင်လယ်စာတွေလည်း ရနိုင်တယ်။ စားသောက် ဆိုင်ကြီးတွေမှာ ခုံးသုပ်တပွဲကို လေးထောင့်ငါးရာလောက် ပေးမှစားရချိန် ဒီဈေးကလေးမှာ ဂုံးငါးရာဖိုး ဝယ်ရင် နံနက်၊ ည စားမကုန်ဘူး။ နံနက် ၆ နာရီ လောက်က ရှင်သန်နိုးထလာတဲ့ ဈေးကလေးဟာ နေ့ခင်း ၁၁ နာရီလောက်ဆို ကွဲပါပြီ။ ဈေးမကွဲခင် ဈေးလည်းဝယ်ရင်း ဈေးသည်တွေနဲ့ စကားစမြည် ပြောကြည့်တော့ ပထမဦးဆုံးတွေ့ရသူက မဝင်းဝင်းမော်ပါ။
ဂန္ဓမာ ဖြူ၊ ဝါနဲ့ မေမြို့ပန်းရောင်စုံကြားမှာ အပြုံးချိုချိုနဲ့ မဝင်းဝင်းမော်ဟာ ၄၂ တိုးချဲ့ရပ်ကွက် က လာရောင်း သူပါ။ ပန်းတွေကတော့ အမှန်မရှိ၊ ပေါ်တာရောင်းတာဖြစ်ပြီး တရက်အရင်းက ခြောက်သောင်း ခုနှစ်သောင်း ရှိပါသတဲ့။ တနေ့စာ တနေ့ ရောင်းမကုန်ရင် ဘာလုပ်သလဲမေးတော့ မလှမ်းမ ကမ်း သင်္ဘောဆိပ် ရပ်ကွက် ဈေးကလေးမှာ ထပ်ရောင်းတယ်လို့ ဆိုပါတယ်။ သူကိုယ်ပိုင် အရင်း အနှီးနဲ့မို့ ကားခနုတ်ပြီး တနေ့အမြတ်ငွေ လေး- ငါးထောင်ဆိုတာ မဝင်းဝင်းမော်အတွက် သပိတ်ဝင် အိတ်ဝင်ပါပဲ။
ဧရာဝတီတိုင်း လပွတ္တာမြို့က မညိုညိုမာက တော့ သွက်သွက်လက်လက် ချက်ချက်ချာချာကလေးပါ။ သူ့ရှေ့မှာ ကက္ကူရံ၊ ငါးကွန်းရှပ်၊ ကသပေါင်း ခြောက်တွေ အပုံလိုက်ဖြည့်ခင်းထားပြီး အသံစာစာနဲ့ ဈေးခေါ်နေပါတယ်။ “အရောင်းအဝယ်ပါးတယ် အစ်မရဲ့ ရောင်းမကောင်းဘူး။ သူများဆီက တဆင့် ယူရောင်းရတာလည်း ပါတယ်။ ဟို မြောက်ဥက္ကလာ(၂) ဈေးကလေ။ လမ်းစရိတ်နဲ့ စားသောက်တာနဲ့မကိုက် ပါဘူးအစ်မရယ်။ ဘယ်လောက်ကျန်မယ် တိတိကျ ကျကတော့ ပစ္စည်းကုန်မှပဲ သိမှာ။ ကိုယ့်မှာလည်း ဒီအလုပ်ပဲရှိလို့ ဒါပဲဆက်လုပ်နေရတယ်။ ရှင်..အတိုးလား၊ အတိုးနဲ့မဆွဲရပါဘူး၊ ကျမအောက်က ညီမက လယ်လုပ်တော့ သူ့ဆီက ငွေသွားဆွဲလိုက်တာ ပဲ။ ညီအစ်မချင်းဆိုတော့ အတိုးမပေးရပါဘူး”
ဒီဈေးမှာ ကျမသဘောကျတဲ့ ကလေးမလေး နှစ်ယောက်ရှိတယ်။ နှစ်ယောက်စလုံးအရွယ်တွေက မတိမ်းမယိမ်းပါ။ ရှိလှ အသက် ၂၁-၂၂ နှစ်ပေါ့။ ဒီနှစ်ယောက်မှာ မစန်းထွေးက အသက်နည်းနည်း ပိုငယ်ပုံရတယ်။ ဝတ်လိုက်ရင် သရီးကွာတားနဲ့ ရှပ် အကျႌနဲ့။ သူက သူ့ကိုယ်သူ ကုန်စိမ်းသည်လေး မစန်းထွေးတဲ့။ ကဗျာဆန်လိုက်ပုံက။ စကားပြော လည်း သွက်သလားမမေးနဲ့။ သူကအသက်ကြီးတဲ့ မိန်းမကြီးတွေကို အန်တီလို့ဘယ်တော့မှမခေါ်ဘူး။ ဘယ်သူ့ကိုမဆို အမေပဲ။
ကျမတို့ကလည်း သူ့အမေခေါ်သံလေး ကြွေ ကြွေပြီး သူ့ဆိုင်အားပေးရတာလေ။ ဒါကြောင့် သူ့ဆိုင်ကလည်း အမြဲလူတွေအုံနေတာကိုး။
“နေတာက ဇော်ဂျီလမ်းမှာ။ ကုန်တွေကို မြောက်ဥက္ကလာ(ဈ) ဈေးကယူရောင်းတာ အမေရဲ့။ ရောင်းရပါတယ်၊ မဆိုးပါဘူး။ အရင်းလား၊ ခုနစ် သောင်းလောက်ရှိတယ်။ တရက်ကို ခြောက်ထောင် လောက်တော့မြတ်တယ်။ ပင်တော့ပင်ပန်းတယ်။ နံနက် ၁ ချက်ခွဲအချိန်ကြီးထပြီး ဈေးကြိုရတာလေ။ တနေ့တနေ့ အိမ်စရိတ်တော့ ရတယ်။ ကျောင်းနားနေ တာပေါ့။ အဟီး..ဆယ်တန်းရှုံးလို့ ဆက်မနေတော့ ဘူး။ စာဖတ်ဝါသနာတော့ပါတယ်”
ဘာစာအုပ်တွေဖတ်သလဲ လို့ ကျမကမေးတော့ “ဘုရားစာအုပ်”တဲ့။
နောက် ကုန်စိမ်းသည်လေး မဥမ္မာကတော့ (၄၇) ရပ်ကွက်က အောင်မင်္ဂလာလမ်းမှာနေပါသတဲ့။ သူလည်း မြောက်ဥက္ကလာ(ဈ) ဈေးက နံနက် (၂) နာရီကြီး ဈေးကြိုရသူပါ။ တိုက်ဆိုင်စွာ သူလည်း အမေခေါ်သန်တဲ့ ကလေးမပါပဲ။
“သမီးက အိမ်ထောင်နဲ့၊ ယောက်ျားက ဈေးကြိုပေးတယ်။ အရင်က မုန့်ထုပ်တွေ ထုပ်တဲ့စက်ရုံမှာ လုပ် သေးတယ်။ ဘာပဲပြောပြော ကုန်စိမ်းက ကိုယ့် အတွက်ကျန်တယ်လေ။ ခုနစ်သောင်းခွဲလောက်တော့ ရင်းရတာပေါ့။ တသောင်းလောက်ကျန်တဲ့ရက် လည်း ရှိတာပဲ။ ဒါပေမယ့် စရိတ်ထောင်းတယ်အမေရယ်။ သားလေးက အခုသူငယ်တန်းမှာ ကျောင်း ထားနေရပြီ။ စောစောကတော့ ကျောင်းမှာသင်မယ်၊ တသောင်း ဆိုလို့ ပေးပြီးသား။ အခု ကျောင်းမှာသင် လို့ မရတော့ဘူး၊ အိမ်မှာ လူစုပေးပါဆိုလို့ လေး ယောက်စုပေး ထားတာ နှစ်သောင်းတောင်းတယ်။ ကျမတို့မပေးနိုင်ဘူးဆိုပြီး အတင်းပြောလို့ အခု သူငယ်တန်းကျူရှင် စရိတ်က တလ တသောင်းခွဲ အမေရေ။ တော်သေးတာပေါ့၊ ကျမတို့မှာ နေစရာ မပူရလို့။ ယောက္ခမ အိမ်အောက်မှာ ကပ်နေတာလေ”
မဥမ္မာတယောက်ကတော့ ပြုံးတုံးတုံးနဲ့ သူ့ဘဝ သူအတန်အသင့် ကျေနပ်နေပုံပါပဲ။ ကျမကို စကား လှမ်းပြောလိုက်၊ ဈေးခေါ်လိုက်၊ လာပါ အစ်မရဲ့ လာပါ အမေရဲ့နဲ့ အော်ခေါ်နေတယ်။
ခဏကြာတော့ စက်ဘီးကလေးနဲ့ ဦးထုပ် ဆောင်းပြီး (ကိုရီးယားမင်းသမီးလိုလို) ကောင်မလေးတယောက် ဆိုင်ရှေ့ရောက်လာတယ်။ လက်ထဲမှာလည်း ဟန်းဖုန်းလေးကိုင်လို့။ မဥမ္မာက ဘော်ဒါ ဘာယူမလဲ၊ ယူပါဦးနဲ့ ဈေးခေါ်တော့ ကောင်မလေး ဝယ်ဖြစ်သွားတယ်။ “ဘယ်လိုလဲ ဒီဈေးမှာ ဈေးဝယ် လို့ကောင်းရဲ့လား” လို့ မေးလိုက်တော့ မဆိုးပါဘူး အန်တီတဲ့။ သူ့အသီးအရွက်တွေက ညသိပ်တွေ မဟုတ်ဘူး၊ လတ်လတ်ဆတ်ဆတ် တွေ။ ဒါကြောင့် သူ့ဆီကပဲ ဝယ်ဖြစ်တာပါလို့ ဆိုပါတယ်။
မဥမ္မာဆိုင်နဲ့ကပ်နေတဲ့ နေရာကလေးမှာ ထင်း ရှူးသေတ္တာပုံးကလေးချပြီး နွားနို့ဒိန်ချဉ်ရောင်းတဲ့ ကောင်မလေးကတော့ ဝင်းသူဇာမြင့်တဲ့။ သူကလေး က ကျမမြင်သလောက် မျက်နှာကလေး အစဉ်ညှိုး နေသူပါ။ ကျမစကားစကြည့်တော့ သူမှာအမေရှိပြီး အမေနဲ့တလှည့်စီ ရောင်းတဲ့အကြောင်း၊ ပထမတန်း အရွယ် ညီမလေးတယောက် ရှိကြောင်း၊ နွားနို့ ဒိန်ချဉ် အရောင်းအဝယ်အတွက် ငွေရင်းငါးထောင် လိုပြီး အမြတ်ငွေက ထောင့်ငါးရာလို့ဆိုပါတယ်။
“သမီးတို့က အောင်ချမ်းသာ(၄)လမ်းက ပေ ၄၀-၆၀ မြေပေါ်မှာ အိမ်ဆောက်ပြီးနေကြတာ။ အရှေ့က အဘွားအိမ်၊ အနောက်က သမီးတို့အိမ်ပေါ့။ ၆ တန်းလောက်အထိ ကျောင်းနေဖူးပါတယ်။ အဖေ မရှိတော့လည်း ကျောင်းထွက်လိုက်ရတာပေါ့”
ဈေးရဲ့ အလယ်လမ်းကြောင်းမှာ ငါးကလေး တွေ ပုစွန်ကလေးတွေ ပုံပြီးရောင်းတဲ့ ဈေးသည်လေး တွေကတော့ မလှမ်းမကမ်း သဲကွင်းဆိုတဲ့ နေရာက လာတဲ့ ကလေးတွေပါ။ ငမိုးရိပ်ချောင်းကို အမှီပြုပြီး သဲမော်တော် တွေဆိုက်ကပ်၊ သဲတွေပုံထားရာ နေရာကို သဲကွင်းလို့ခေါ်ပါတယ်။ အဲဒီမှာ အစီ အစဉ်မကျ ဖင်လှည့် ခေါင်းလှည့်လူနေသာရုံ တဲအိမ် ကလေးတွေ အလုံးနှစ်ဆယ်လောက်ရှိတယ်။ အဖေ တွေ၊ အမေတွေ မြစ်ထဲကရှာပေးသလောက် ဈေး ကလေးမှာ လာပုံရောင်းတာဆိုတော့ ဈေးချိုချိုနဲ့ ဆင်းရဲသူ ဆင်းရဲသား သာမက လူလတ်တန်းစား တွေလည်း အားပေးကြပါရဲ့။ စားသောက်ဆိုင်တွေမှာ လိုက်တောင်းနေတဲ့ ကလေးတွေနဲ့စာရင် ဒီကလေး တွေ ဝမ်းစာရှာဖွေမှုက သမာအာဇီဝ မကျပေဘူးလား။ ဒါပေမယ့် ကျောင်းနေအရွယ်တွေ ငါးဗန်းရှေ့ ရောက်နေတာကို စဉ်းစားမိပြန်တော့ သူကလေး တွေရဲ့ အနာဂတ် ကိုမျှော်တွေးပြီး သက်ပြင်းချမိပြန် ရော။
ဒီဈေးမှာ နေ့တိုင်းဈေးဝယ်ပြီး သူကိုယ်တိုင် ကတော့ စက်ချုပ်လုပ်ငန်းနဲ့ အသက်မွေးတဲ့ သင်းသင်းက ကျမနဲ့ ခင်မင်ရင်းစွဲရှိပြီး စကားကို ဟောဟောဒိုင်းဒိုင်း ပြောတတ်သူပါ။
“သမဝါယမက ငွေချေးတယ် ချေးတယ်ဆိုပြီး အတိုးကို အပြီးနုတ်ထားလိုက်တာ။ ပြီးတော့လည်း စုငွေဆိုပြီး ငါးထောင်ကဖြတ်သေး။ သူတို့ စုငွေဖြတ် တာနဲ့ အတိုးနုတ်တာနဲ့ သတ်မှတ်ရက် အကြေဆပ် ရတာနဲ့၊ ဆရာမနှယ်.. ကိုယ့်ငွေနဲ့ကိုယ့်ကိုပြန်လှည့် ချေးပေးနေသလို မဖြစ်နေဘူးလား။ ဒါတောင် ဆင်း ရဲသူ ဆင်းရဲသားတိုင်း ရတာမဟုတ်ဘူး။ သူတို့နဲ့ ပလဲနံပသင့်တဲ့လူမှ။ ဟိုတလောက တန်ဆောင်တိုင် မှာ တရုတ် သူဌေးတွေလာပြီး အိမ်ထောင်စုတစုကို ဆန် ၃ ပြည်၊ ဆီပုံးကလေးနဲ့တပုံး၊ ငွေသုံးထောင် လှူပါရော လား။ တိုကင်ဝေလိုက်တာ အိမ်ထောင်စု တစုကို တိုကင်တခု မဟုတ်ဘဲ၊ လက်သင့်ရာဝေတော့ အိမ်ထောင်စုတစုတည်းမှာ တိုကင်နှစ်ခုသုံးခု ရလို ရ၊ မရတဲ့ အိမ်ထောင်စုက လုံးဝမရ၊ စေတနာရှိသူက ရှိတာတောင် ကိုယ့်အရပ်ကလူကြီးတွေ ကောင်းဦးမှ။ လက်သင့်ရာ စားတော်ခေါ်တဲ့အကျင့်က ပျောက်ကို မပျောက်ဘူး။ ဆရာမရေ ခေတ်ပြောင်းပြီ ထင်နေ လား ..မပြောင်းသေးပါဘူး”
ဟုတ်ပါ့။ သင်းသင်းစကားက အထိုက်အလျှောက်မှန်နေလို့ ဘယ်လိုအားပေးရမှန်းတောင် မသိတော့ပါဘူး။
ဒီဈေးမှာ ကျမနဲ့မျက်မှန်းတန်းမိတဲ့ ဆိုင်တ ဆိုင်လည်း ရှိပါသေးတယ်။ မနီလာထွန်းရဲ့ ဘေထုပ် အရောင်း ဆိုင်ပါ။ သူက သူ့အကျႌတွေလိုပဲ ခေတ်မီမီ လှလှပပ နေတတ်သူပါ။ ကမာရွတ်သံလမ်းကနေ လာရောင်းတဲ့ သူပေါ့။ မနီလာထွန်းက Law နဲ့ ကျောင်းပြီးထားလို့ ကျမအံ့ဩမိပါသေးတယ်။ ကျမ တို့အရင်က နားလည် ထားတာက ဘေထုပ်ဆိုင်ဆိုတာ နိုင်ငံခြားကလာတဲ့ အထည်ဟောင်းတွေပေါ့။ အခုကတော့ ရောကုန်ပါပြီ။ ကိုယ့်ပြည်ကိုယ့်ရွာက ဆိုင်ကျ အိမ်ကျ ဝယ်ပြီးမဝတ်ချင်တော့လို့ ပြန်ရောင်းတဲ့ တပတ်ရစ်တွေလည်း ဒီဈေးကွက်ထဲမှာ လည်နေပြီပေါ့။ အကျႌတွေ စကပ်တွေ လတ်လတ် ဆတ်ဆတ် အသစ်နီးပါးဆို ဈေးတမျိုး။ အဟောင်းပုံ ပေါက်နေရင် ဈေးတမျိုး။ အစားစားပါပဲ။
“ပစ္စည်းတွေကို မင်္ဂလာဈေးက သွားဝယ်တာပါ။ တဆိုင်လုံးပစ္စည်းအရင်းချည်း ငါးသိန်း။ မြေကြီး အငှား ၃ လကို လေးသောင်းခွဲ ပေးရပါတယ်။ ဆိုင်ကိုတော့ကိုယ့်ဘာသာဆောက်ထားတာပါ။ ဆိုင်သိမ်းတော့ ပစ္စည်းတွေ သေတ္တာပုံးထဲ ပိတ်ပြီးသိမ်းရုံ ပဲ။ အခုက ပွင့်လင်းရာသီဆိုတော့ အရောင်းအဝယ် မဆိုးပါဘူး။ အန်တီ ရောင်းချင်တာရှိလည်း ယူလာနော်။ အကျႌလှလှလေးတွေလည်း အားပေးပါဦး။ ဒီပုံဆန်းလေးဆို အန်တီ နဲ့လိုက်မှာ။ လည်ပင်းမဟိုက် တာတွေလည်း ရှိပါတယ်။ အားပေးနော်။ အိမ်မှာ သမီးလေးက ဒီနှစ် ၁၀ တန်းဆိုတော့ ကျူရှင်စရိတ် တလ တသိန်း ရှာရတယ်။ အင်း..ယောက်ျားက ကားအရောင်းအဝယ်ဆိုတော့ ဝင်ငွေပုံမှန်မရှိဘူး။ ကားတစီးပွဲဖြစ်ရင် လေးငါးသောင်းတော့ စီတယ်။ ဒေးလီးဝင်ငွေမရှိတာ တခုပါပဲ။ ဒီအထည်ဟောင်း လုပ်ငန်းက မိဘအမွေဆက်ခံတဲ့ လုပ်ငန်းအနေနဲ့ လုပ်တာပါ”
သမီးဦး ၁၀ တန်းရောက်မှ ဒုတိယကိုယ်ဝန် ဆောင်ထားတဲ့ မနီလာထွန်းက ကိုယ်ပိုင်စီးပွားရေးက လွတ်လပ်လို့ Law နဲ့ ဘွဲ့ရထားပေမယ့် အစိုးရ အလုပ်မလုပ်တာလို့လည်း ဆိုပါသေးတယ်။ ဈေး ကလေးကိုအမှီပြုပြီး လူတွေရောင်းဝယ်ကြ၊ ဖောက် ကားကြ၊ ငွေရင်းမရှိသူတွေ ငွေချေးကြ လုပ်ရတော့ အတိုးပေးလိုက်၊ အရင်းဆပ်လိုက်၊ ငွေပြန်ချေးလိုက် ဒီသံသရာက မထွက်နိုင်သူတွေက အများစုပါ။
ကိုယ့်မျက်စိရှေ့မှာ မြင်ရ၊ ကြားရသမျှကို စာရေးဆရာပီပီ ရင်နဲ့အပြည့်ခံစားတတ်သူ ကျမ အဖို့တော့ မဟာမြိုင်ဈေးကလေးထဲကနေ ဈေးဝယ် ရင်း ဘဝပေါင်းများစွာကို ဖတ်ရှုဖို့ အခွင့်အရေး ရနေတာပဲ ဖြစ်ပါတယ်။
မဟာမြိုင်ဈေးလေးထဲကအပြန်မှာတော့ တနေ့ စာ ချက်ပြုတ်ဖွယ်ရာတွေက ကျမရဲ့ ဈေးခြင်းထဲမှာ အပြည့်ဖြစ်သလို၊ ကျမ ကြားခဲ့မြင်ခဲ့ရတဲ့ကျမရဲ့ရင်ထဲ၊ ကျမရဲ့နားထဲမှာရိုတ်ခတ်လို့နေဆဲပဲ ဖြစ်နေပါတော့ တယ်။