ရန်ကုန်မြို့၊ လသာမြို့နယ်က တရုတ်တန်းမှာ လာမယ့် ဇန်နဝါရီ ၃၀ ရက်နေ့မှာ ကျရောက်မယ့် မြင်းနှစ် တရုတ် နှစ်ကူး ပွဲတော်ကြီးအတွက် ရိုးရာအစားအစာ၊ အမှတ်တရ ပစ္စည်းတွေကို ရောင်းသူ ဝယ်သူတွေ၊ နိုင်ငံခြားဧည့်တွေနဲ့ ရှုပ်ယှက်ခတ် စည်ကားနေပါတယ်။
မြင်းနှစ်ဖြစ်တာကြောင့် လသာမြို့နယ်က တရုတ်တန်းမှာရှိတဲ့ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေမှာ မြင်းရုပ်ပုံ အလှဆင် ပစ္စည်းအမျိုးမျိုးကို ရောင်းချနေကြသလို၊ အဲဒီရုပ်ပုံတွေကို ဝယ်ယူသူတွေလည်း အများအပြား ရှိနေတာ တွေ့ရပါတယ်။
အီကွေ့မုန့်၊ နှမ်းကပ် အချိုမုန့်မျိုးစုံအပြင် တရုတ်ရိုးရာအရ နှစ်သစ်ကူးချိန်မှာ တချိန်က ကွယ်လွန်သွားခဲ့တဲ့ ဘိုးဘွားတွေ အတွက် မီးရှို့ပေးရာမှာ အသုံးပြုတဲ့ ရွှေစက္ကူ၊ ငွေစက္ကူ၊ အကျႌဘောင်းဘီ ပုံပါ စက္ကူတွေ၊ အမေရိကန်ဒေါ်လာ ပုံစံစက္ကူ စတာတွေ ကိုလည်း အပြိုင်အဆိုင် ရောင်းချနေကြပါပြီ။
“ပွဲတော်မတိုင်ခင် ၁၀ ရက်လောက် အလိုမှာ ရိုးရာပစ္စည်းတွေ စရောင်းပြီ၊ ဒီနှစ်မကုန်ရင် နောင်နှစ်အတွက် သိမ်းထား လိုက်တယ်၊ အရောင်းအဝယ်ကတော့ ပုံမှန်ပဲ” လို့ တရုတ်တန်းမှာ ရိုးရာအစားအစာနဲ့ ပစ္စည်းတွေ ရောင်းချနေတဲ့ ဒေါ်သိန်းဆွေက ပြောပြပါတယ်။
“၁၀၀၀ ကျပ် တည်းနဲ့ ရိုးရာ အစားအစာတွေ ဝယ်မယ်နော်”၊ “မြင်းနှစ်နော်၊ မြင်းရုပ်တွေကို ဈေးတန်တန်နဲ့ ဝယ်ပြီး နှစ်ကူးပါ” စတဲ့ အသံတွေနဲ့ ဝယ်ယူသူတွေကို ဆွဲဆောင်နေတဲ့ ဈေးသည်တွေရဲ့ အသံကလည်း တရုတ်တန်း တလျှောက်မှာ ဆူညံ နေပါတယ်။
ဈေးသည်တွေ၊ လမ်းသွားလမ်းလာတွေ များပြားတာကြောင့် ကားလမ်း ပိတ်ဆို့မှု အနည်းငယ်ရှိတာကို တွေ့ရပါတယ်။
လသာ မြို့နယ်မှာတော့ ရဲလုံခြုံရေး အစောင့်ချထားဖို့အတွက် ယာယီ ရဲကင်းတခုကိုလည်း ပြုလုပ်ထားတာ တွေ့ရပါတယ်။ ကားလမ်း ပိတ်ဆို့မှုမဖြစ်အောင် ခရီးသည်တင် ယာဉ်တွေအနေနဲ့ ခရီးသည် တင်/ ချ မလုပ်ဖို့ကိုလည်း ကြေညာ စာကပ် ထားတယ်လို့ သိရပါတယ်။
“အရင်နှစ်တွေ တုန်းကတော့ ၁၅ လမ်းလောက် ရောက်တာနဲ့ ကားလမ်းပိတ်တော့တာပါပဲ။ ဒီနှစ်တော့ အရင်လောက် မဆိုးဘူး ထင်ရတာပဲ၊ ပွဲတော်ရက်ကြီး မရောက်သေးလို့လားတော့ မသိဘူး” လို့ အငှားယာဉ်မောင်း ဦးမျိုးနိုင်က ဆိုပါတယ်။
ဒါပေမယ့် ဇန်နဝါရီ ၂၇၊ ၂၈ ရက်နေ့တွေကတည်းက လမ်းတွေပိတ်နေတဲ့အတွက် ဖွင့်ထားတဲ့ လမ်းတွေဖြစ်တဲ့ ကမ်းနားလမ်းနဲ့ အနော်ရထာ လမ်းမကြီးတွေမှာ လမ်း ၅၀ လောက်ကစပြီး ယာဉ်ကျောပိတ်ဆို့မှုတွေ ရှိနေတယ်လို့ မြို့တွင်းမောင်းနှင်နေတဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
နှစ်သစ်ကူး အကြိုနဲ့ နှစ်သစ်ကူး ရက်တွေမှာ ဆိုရင် တရုတ် ဘုရားရှိခိုးကျောင်း မှာလည်း ယခင်ရက်တွေထက် လာရောက်တဲ့ ဧည့်သည် ပိုများတတ်တယ်လို့ သိရပါတယ်။
“နှစ်ကူးမယ့်ရက် ရောက်ရင်သာ လက်တွေ့ လာကြည့်တော့၊ ဒီနေ့တွေထက် ဧည့်သည် အများကြီး ပိုများတယ်” လို့ လသာမြို့နယ်၊ တရုတ် ဘုရားရှိခိုးကျောင်းက ကျောင်းတာဝန်ခံ အမျိုးသမီးကြီးက ရှင်းပြပါတယ်။
တရုတ်လူမျိုးတွေရဲ့ အယူအဆအရ မြင်းနှစ် မွေးဖွားသူတွေဟာ ပိုး၊ ပိုးထည် တွေနဲ့ ဆက်စပ်နေတာကြောင့် အဲဒီအရာဝတ္ထု တွေနဲ့ အကျိုးပေးတယ်လို့ သိရပါတယ်၊ ဒါကြောင့် ရန်ကုန်မြို့က တရုတ်တန်းမှာတော့ ဒီနှစ်မှာ ပိုးထည် ပစ္စည်းတွေကို ပိုပြီး တွေ့နေရပါတယ်။
“နှစ်သစ်ကူးနေ့ရောက်ရင် ဘုရားရှိခိုးတယ်၊ ဘိုးဘွားတွေကို ရွှေ၊ငွေ စက္ကူတွေ မီးရှို့ပေးတယ်၊ အကျႌဘောင်းဘီ စက္ကူတွေ မီးရှို့ပေးတယ်၊ နောင်ဘဝမှာ သူတို့တွေ ရအောင်လို့လေ” လို့ မိသားစုနှစ်ကူး ပွဲတော်အကြောင်း မဖြူဖြူက ပြောပြပါတယ်။
တရုတ် လူမျိုးတွေက ပွဲတော်မတိုင်ခင် နှစ်ကူးအကြိုရက်နဲ့ နှစ်ကူးရက် ဆိုပြီး အဆင်ပြေတဲ့ ရက်တရက်မှာ နှစ်သစ်ကူး လုပ်လေ့ ရှိတယ်လို့လည်း သိရပါတယ်။
“အဲဒီနေ့ ရောက်ရင် ဟင်းပွဲ ၂ ပွဲ အနည်းဆုံး ထည့်တယ်၊ ရိုးရာမုန့်တွေ စားကြ၊ မိသားစုတွေ၊ ဆွေမျိုးတွေ အားလုံးနဲ့ စားသောက် ကြတာပေါ့၊ ကလေးဘဝက ပိုပျော်ဖို့ကောင်းတယ်၊ လူကြီးတွေဆီက အန်ပေါင်း ရတာကိုး” လို့ မဖြူဖြူက ဆိုပါတယ်။
နှစ်ကူးပွဲတော် လုပ်ကြတဲ့ တရုတ်လူမျိုးတွေ ကတော့ သူတို့တွေ အဆင်ပြေတဲ့ ငွေကြေးပမာဏပေါ် မူတည်ပြီး ဟင်းပွဲ ပြင်ဆင်တာ၊ ရိုးရာမုန့်၊ အန်ပေါင်းနဲ့ ပွဲအစီအစဉ်တွေ ပြင်ဆင်တာတွေကို လုပ်ကြတယ်လို့လည်း သိရပါတယ်။
ရန်ကုန်မြို့ပေါ်က မူကြို စာသင်ကျောင်း တချို့ကလည်း တရုတ်ရိုးရာ နဂါးအက၊ ခြင်္သေအက အဖွဲ့တွေကို ငှားပြီးတော့ ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ပေးတာမျိုးလည်း ရှိပါတယ်။
“Brain Work မူကြိုကျောင်းက ဖျော်ဖြေပေးဖို့ ငှားလို့ ကဖြစ်တာပါ။ နှစ်ကူးနေ့မတိုင်ခင် ၁ ပတ်၊ ၂ ပတ်လောက် အလိုကတည်းက ဖျော်ဖြေမှုတွေ လုပ်ဖို့ ပြင်ဆင်နေကြပြီ” လို့ တရုတ်ရိုးရာ ခြင်္သေအကအဖွဲ့မှာ ပါတဲ့ အဖဲွဲ့ဝင် တဦးက ရှင်းပြပါတယ်။
Brain Work မူကြိုကျောင်းကလည်း ကျောင်းသူကျောင်းသား ကလေးငယ်တွေကို တရုတ်နှစ်ကူးမှာ ကလေးတွေ ပျော်ရွှင်ရအောင် တရုတ်ရိုးရာ တူညီဝတ်စုံလေးတွေ ဝတ်ဆင်စေပြီး ခြင်္သေအကနဲ့ ဖျော်ဖြေမှုတွေ ပြုလုပ်ပေးနေတာ တွေ့ရပါတယ်။
ဇန်နဝါရီ ၃၀ ရက်မှာတော့ တရုတ်လူမျိုးတွေ အနေနဲ့ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ မြင်းနှစ် တရုတ်ရိုးရာ နှစ်ကူးပွဲတော်ကို ဖြတ်သန်းကြဖို့ အဆင့်သင့်ရှိနေကြသလို၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်ကြီးတွေ တချို့မှာလည်း တရုတ် နှစ်ကူး ပွဲတော်နေ့အတွက် ပြင်ဆင်နေကြပြီလို့ သိရပါတယ်။