ဆောင်းပါး

မေတ္တာဂေဟာက အစွန့်ပယ်ခံ ဘိုးဘွားများ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

“မိသားစု ဆိုတာလည်း မရှိတော့ဘူး၊ သိလည်း မသိတော့ဘူး၊ ကျနော်က အပယ်ခံ ဖြစ်ခဲ့တယ်” လို့ ကျလာတဲ့ မျက်ရည် တွေကို သုတ်ရင်း ပြောပြသူကတော့ အသက် ၆၀ ကျော် အရွယ် အနာကြီး ရောဂါသည် ဦးနိုင်ထွန်း ဖြစ်ပါတယ်။

သူက ဆက်ကျော်သက် အရွယ်မှာ ကတည်းက အနာကြီး ရောဂါကို ခံစားခဲ့ရသူ ဖြစ်ပြီး ဆွေမျိုး မောင်နှမတွေက အနာကြီး ရောဂါသည် တယောက်နဲ့ ဆွေမျိုး မတော်နိုင်ဘူးလို့ ပြောဆိုတာကြောင့် ဆွေပြတ်မျိုးပြတ် ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ အခုတော့ သူက မရမ်းချောင်း စခန်း၊ မေတ္တာ ပရဟိတ ဂေဟာမှာ နေထိုင်ပါတယ်။

“မိဘတွေ ဆုံးတာတောင် မသိလိုက်ရပါဘူး၊ အပယ်ခံ တယောက် ဖြစ်ကာစကတော့ ဝမ်းနည်းပေမယ့်လည်း အခုတော့ ခံစား မနေတော့ပါဘူး” လို့ ဦးနိုင်ထွန်းက ပြောပါတယ်။

ဆွေမျိုး မောင်နှမတွေက ပယ်လိုက်သလို မိဘတွေလည်း သူ့ကြောင့် အရှက်ရမှာ စိုးရိမ်တဲ့ စိတ်ကြောင့် လူတွေကို ရှောင်ရင်း ဇရပ်ကွင်း ကျေးရွာက ဘုန်းကြီးကျောင်းမှာ ဘုန်းကြီး ဝတ်ခဲ့ပြီး အနာကြီး ရောဂါကု ဆရာဝန် တဦးနဲ့ တစိုက်မတ်မတ် ကုသခဲ့တာကြောင့် ရောဂါ သက်သာခဲ့တယ် လို့လည်း သိရပါတယ်။

အနာကြီး ရောဂါသည် ဦးနိုင်ထွန်း တယောက် ၂၀၀၄ ခုနှစ်မှာ ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်၊ မရမ်းချောင်း ကျေးရွာမှာရှိတဲ့ မရမ်းချောင်း အနာကြီး ရောဂါသည် စခန်းက မေတ္တာ ပရဟိတ ဂေဟာကို ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မေတ္တာ ပရဟိတ ဂေဟာမှာရှိတဲ့ အနာကြီး ရောဂါသည် ဘိုးဘွား အများစုက မိဘဆွေမျိုး အစွန့်ပယ်ခံရသူများနဲ့ ကျောထောက် နောက်ခံ မိသားစု မရှိတော့တဲ့ သက်ကြီးရွယ်အိုများ ဖြစ်ကြတယ်လို့ သိရပါတယ်။

မရမ်းချောင်းစခန်း, မေတ္တာ ပရဟိတ ဂေဟာ, အနာကြီး ရောဂါသည်, စွန်ပစ်ခံ သက်ကြီးရွယ်အိုများ
မရမ်းချောင်း စခန်း “မေတ္တာ ပရဟိတ ဂေဟာ” တွင် တွေ့ရသော အနာကြီး ရောဂါသည် သက်ကြီးများကို တွေ့ရစဉ် (ဓာတ်ပုံ – မေစစ်ပိုင်/ဧရာဝတီ)
မရမ်းချောင်း စခန်း “မေတ္တာ ပရဟိတ ဂေဟာ” တွင် တွေ့ရသော အနာကြီး ရောဂါသည် သက်ကြီးများကို တွေ့ရစဉ် (ဓာတ်ပုံ – မေစစ်ပိုင်/ဧရာဝတီ)

“အဘွားဆီမှာ သားနဲ့သမီးလေး ရှိသေးတယ်လေ၊ သူတို့ဆီတော့ မပြန်နိုင်တော့ပါဘူး။ ရောဂါဒဏ်တွေကြောင့် လက်တွေက ပူးကပ်ကုန်ပြီး မျက်စိတဘက်လည်း ကွယ်သွားပြီလေ” လို့ အသက် ၈၀ ကျော် အရွယ်ရှိတဲ့ အဘွား ဒေါ်သန်းခင်က ပြောပြတယ်။

သူငယ်ရွယ်စဉ် ကတည်းက မရမ်းချောင်း အနာကြီး ရောဂါသည် စခန်းကို ရောက်ခဲ့ပေမယ့် ငယ်စဉ်က မိသားစု ဘဝလေးကို အမှတ်တရ ရှိနေပုံရပါတယ်။ အခုအချိန်မှာ သူ့ရဲ့ ခင်ပွန်းဖြစ်သူလည်း ဆုံးပါးသွားပြီ ဖြစ်သလို၊ သားသမီးတွေက အသက် အရွယ် ကြီးနေပြီလို့ သိရပေမယ့်၊ သူကတော့ သားသမီးတွေက ငယ်ငယ်လေးပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

အဘွား ဒေါ်သန်းခင်က ကွမ်းယာလည်း သိပ်ကြိုက်တယ်လို့ ပြောပြပါတယ်။ သားသမီးရဲ့ ပြုစု ထောက်ပံ့မှု မရပေမယ့် ဂေဟာမှာ အတူနေသူတွေရဲ့ အကူအညီနဲ့ ကွမ်းယာ ဝါးတာ၊ ရေချိုး၊ ထမင်းစားတာတွေ လုပ်နိုင်သေးတယ်လို့ ဆိုပါတယ်။

၁၉၈၉ ခုနှစ် ကတည်းက မရမ်းချောင်း အနာကြီး ရောဂါသည် စခန်းကို ရောက်လာတဲ့ ဦးအောင်ဝင်းက “ပတ်ဝန်းကျင်မှာ အနူလို့ ပြောတာ ခံနေရတော့ မိဘတွေ မျက်နှာငယ်ရတယ်လို့ တွေးပြီး အိမ်မပြန် ဖြစ်တော့ဘူး၊ ဆေးရုံနားက တောမှာ ချုံရှင်းပြီး တဲထိုး နေခဲ့တယ်။ အရက်ချက်တဲ့ အလုပ်လုပ်ခဲ့ဖူးတယ်၊ စီးပွားရေး အခြေအနေကြောင့် သားသမီးတွေကိုလည်း ခရစ်ယာန် အဖွဲ့အစည်းတခုကို ပေးလိုက်တယ်” လို့ သူဖြတ်သန်းခဲ့ရတဲ့ ဘဝ တစိတ်တပိုင်းကို ပြန်ပြောပြပါတယ်။

၁၉၈၈ ခုနှစ်လောက်က ရန်ကုန် ထောက်ကြန့်မြို့နယ်မှာ အနာကြီး ရောဂါကု ဆေးရုံနဲ့ ရောဂါသည်တွေ နေထိုင်ရာ ကျူးကျော် ရပ်ကွက် ရှိခဲ့ပါတယ်။ သူတို့တတွေက အရက်ချက် လုပ်ငန်းနဲ့ အသက်မွေးကြတာ ရှိသလို တချို့သူတွေ ကလည်း တောင်းရမ်း စားသောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါပေမယ့် အုပ်ချုပ်သူ အာဏာပိုင်တွေက အနာကြီး ရောဂါသည်တွေ မြို့ပေါ်မှာ ရှိနေတာဟာ မြို့အင်္ဂါရပ်နဲ့ မညီဘူးလို့ သတ်မှတ်ခဲ့တာကြောင့် ၁၉၈၉ ခုနှစ်မှာ လှည်းကူးမြို့နယ် မရမ်းချောင်းကျေးရွာက လူသူ အရောက်အပေါက်နည်းတဲ့ မဟူရာ သစ်တော ကြိုးဝိုင်း အနီးတဝိုက်မှာ အနာကြီး ရောဂါသည်တွေ နေထိုင်ဖို့ စခန်းရွာတရွာ သတ်မှတ် ပေးခဲ့တာပါ။
အနာကြီး ရောဂါကု ဆေးရုံကိုလည်း မော်လမြိုင်မြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မဟူရာ သစ်တောကြိုးဝိုင်းကို ရောက်လာခဲ့ကြတဲ့ အနာကြီး ရောဂါသည် အများစုက ငှက်ဖျားရောဂါကို ခံစားခဲ့ကြရပြီး သေဆုံးမှုလည်း ရှိခဲ့တယ်လို့ သိရ ပါတယ်။
“ငှက်ဖျားဒဏ် ကတော့ အားလုံး အလူးအလဲ ခံခဲ့ရတာပေါ့၊ အရက်ချက် လုပ်ငန်းတွေ ဖျက်သိမ်းလိုက်တော့ အလုပ် လက်မဲ့တွေ ဖြစ်ကုန်တယ်။ တချို့လည်း တပိုင်တနိုင် စိုက်ခင်းတွေ လုပ်ကြသလို၊ သူများခိုင်းဖတ်တွေ ဖြစ်ကုန်ကြတာလည်း ရှိတယ်” လို့ ၁၉၈၉ ခုနှစ် ကတည်းက မရမ်းချောင်း အနာကြီး ရောဂါသည် စခန်းကို ရောက်လာတဲ့ ဦးအောင်ဝင်းက ရှင်းပြပါတယ်။
၁၉၉၆ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးက အနာကြီး ရောဂါသည် စခန်း အခြေအနေ လာကြည့်ပြီး တဲတွေ ထိုးနေကြတဲ့ သက်ကြီးရွယ်အိုတွေ အတွက် ဂေဟာ ဆောက်လုပ်ဖို့ စီစဉ်ခဲ့တာကြောင့် ၂၀၀၀ ပြည့်နှစ်မှာ မေတ္တာ ပရဟိတ ဂေဟာကို စတင် ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

မေတ္တာ ပရဟိတ ဂေဟာမှာ ဘိုးဘွား ၁၁၈ ဦး ရှိပြီး လူမှုဝန်ထမ်း ဦးစီးဌာနက ဂေဟာနေ ဘိုးဘွား တဦးစီတိုင်း အတွက် နေ့စဉ် ထမင်းနဲ့ ဟင်းတနပ်စာ စရိတ် ၃၀၀ ကျပ် ပေးပါတယ်။ ဒါကြောင့် အဘိုးအဘွားတွေက သူတို့ဆီကို မုန့်၊ အသားဟင်း၊ ဆန်နဲ့ ဆေးဝါးစတဲ့ ပစ္စည်းတွေ လာလှူကြမယ့် အလှူရှင်တွေကို နေ့စဉ် မျှော်နေကြပုံကို တွေ့ရပါတယ်။

“ပုံမှန် ဟင်းကတော့ ပဲနဲ့ အာလူးဟင်းပေါ့။ အလှူရှင်တွေ လာရင်တော့ အသားဟင်း စားရတယ်၊ အဝတ်အစားနဲ့ ဆေးတွေလည်း ရတတ်တယ်” လို့ အသက် ၈၄ နှစ်ကျော်ပြီ ဖြစ်တဲ့ အဘိုး ဦးကျော်မြက ပြောပြပါတယ်။

သူက အမျိုးသမီးရေးရာ အဖွဲ့က လာပြီး လှူဒါန်းသွားတဲ့ ဘီစကွတ်မုန့်ထုပ်ကို ခေါင်းပေါ်တင်ရင်း သူ့ကို ဓာတ်ပုံရိုက်ပေးဖို့ တောင်းဆို ပါသေးတယ်။
“ဓာတ်ပုံရိုက်၊ ပြီးရင် အင်တာနက်ပေါ် တင်ပေး၊ ဒါမှ အလှူရှင်တွေ လာကြမှာ” လို့ ဦးကျော်မြက ရယ်မော ပြောဆိုပါတယ်။

ဂေဟာ အတွင်းက အဘိုးဆောင်နဲ့ အဘွားဆောင်တွေရဲ့ ခုတင် တလုံးစီတိုင်းမှာ ကိုးကွယ်တဲ့ ဘာသာအလိုက် ဘုရားစင် လေးတွေနဲ့ ပန်းအိုးတွေ ရှိနေတာကိုလည်း တွေ့ရပါတယ်။
“ထိုင်း သံအမတ်ကြီး လာလှူ သွားတာလေ” လို့ အဘိုး တဦးက ရှင်းပြပါတယ်။

ဘိုးဘွားတွေက မနက်ပိုင်းမှာ ဘုရား ဝတ်ပြုခြင်း၊ တရားနာခြင်း၊ ကိုယ်လက် သန့်စင်ခြင်းတွေ ပြုလုပ်ပြီး မနက်စာ၊ နေ့လည်စာ စားကြသလို၊ အနာ ဆေးထည့်တာတွေ လုပ်ကြတာကိုလည်း တွေ့ရပါတယ်။ ဂျာနယ်နဲ့ သတင်းစာ ဖတ်နေကြသူ တချို့ ကိုလည်း တွေ့ရပါတယ်။

ညနေပိုင်း မှာတော့ ညနေစာ စားချိန်၊ ဘုရားဝတ် ပြုချိန်၊ တရားနာချိန်နဲ့ မီးစက်မောင်းချိန် ဆိုပြီး အချိန်ဇယား ရေးဆွဲ ပေးထားတာလည်း တွေ့ရပါတယ်။
“တီဗီတွေ ဘာတွေလည်း ကြည့်တယ်လေ၊ တခါတလေ ရွာထဲက ဈေးသည်လာရင် အလှူရှင်တွေ ပေးသွားတဲ့ မုန့်ဖိုးနဲ့ ကိုယ်စားချင်တာလေး တွေ့ရင် ဝယ်စားကြတယ်” လို့ အဘွား ဒေါ်မြက ဆိုပါတယ်။

ပရဟိတ ဂေဟာမှ ၁၀ မိနစ်လောက် လမ်းလျှောက်သွားရင် အနာကြီး ရောဂါသည် စခန်းဆိုတဲ့ နေရာကို ရောက်ပါတယ်။ အဲဒီ စခန်းထဲမှာ နေထိုင်ကြတဲ့ ဈေးသည် တချို့က ဂေဟာက ဘိုးဘွားတွေ စားချင်ကြတဲ့ မုန့်ပဲ သရေစာတွေကိုလည်း လာပြီးရောင်းချ ပေးကြတယ်လို့ သိရပါတယ်။

ဂေဟာမှာ နေထိုင်ကြတဲ့ အဘိုးအဘွားတွေကတော့ အရင်တုန်းက အနာကြီး ရောဂါစတင် စွဲကပ်ခဲ့စဉ်က သူတို့ရဲ့ အိပ်မက် ဆိုးတွေ၊ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းက အနာကြီး ရောဂါသည် တယောက်အပေါ် နှိမ်ခဲ့၊ ရှုံ့ချ ခံခဲ့ရတဲ့ ဘဝတွေကို မေ့ထား ခဲ့ပြီးတော့ ဘဝတူ အဖော်တွေနဲ့ အတူ ဘုရားရှိခိုး၊ တရားထိုင်၊ လမ်းလျှောက်၊ တီဗီ ကြည့်၊ စာဖတ်ခြင်းတွေကို လုပ်ရင်းနဲ့ သူတို့ရဲ့ နေ့စဉ်ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်း နေကြပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading