ဆယ်ကျော်သက် အရွယ်တုန်းက လမ်းလျှောက်ရင်တောင် ယောက်ျားလေး တွေနား မကပ်ဖြစ်ခဲ့သည်မှာ မမျှော်လင့်ဘဲနှင့် ကိုယ်ဝန်ရှိသွားတတ်သည် ဆိုသော သူ့မိခင်၏ ဆုံးမစကားကို မပန်းအိခိုင် အလေးထားခဲ့၍ ဖြစ်သည်။
ပဲခူးက သူ့ သူငယ်ချင်းတွေကိုလည်း သူတို့ မိဘတွေက လိင်မှုကိစ္စကို ရှောင်ရှားဖို့ ဆုံးမခဲ့ကြ သည်။ “ယောက်ျားတယောက်ကို ကျမ ထိလို့တောင် မရဘူး၊ ကိုယ်ဝန်ရှိသွားလိမ့်မယ်လို့ ကျမ ရာသီသွေး စပေါ်တဲ့ အချိန်တုန်းက အမေက ပြောတယ်။ ဒါကြောင့် ကျမ သိပ်ကြောက်သွားပြီး ကင်းကင်းပဲ နေခဲ့တယ်” ဟု မပန်းအိခိုင်က ပြောသည်။
သို့သော်လည်း ဒီအယူအဆကို လွန်ခဲ့သော ၃ နှစ်ခန့်က စပြီး စွန့်လွှတ်ခဲ့ပြီဖြစ်သည်။ အသက် ၁၈ နှစ် အရွယ်ရောက်သည့်အချိန်တွင် ကျန်းမာရေး ပညာကို လေ့လာသင်ယူဖို့ဆုံးဖြတ်ခဲ့ပြီးနောက် ယခု အချိန်တွင် အစိုးရဝန်ထမ်း သားဖွားဆရာမတဦး ဖြစ်လာခဲ့သည်။ သားဆက်ခြားခြင်း အကြောင်းကို လူ့အဖွဲ့အစည်းအတွင်း ဆွေးနွေးခြင်းက အကျိုးဖြစ် ထွန်းနိုင်မည်ဟု ဆေးပညာသင်တန်းမှာ သင်ကြားခဲ့ ရသည်ကို မပန်းအိခိုင် ကိုယ်တိုင်က ယုံကြည်ထား သော်လည်း လူတွေကို သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခြင်းမပြုနိုင်ဟု သူက ဆိုသည်။ ဒီလိုလုပ်ဖို့က ကျေးရွာ အများစုတွင် အခက်အခဲဖြစ်နေသည်။
မြန်မာနိုင်ငံ၏ ဒေသအချို့တွင် အထူးသဖြင့် မြို့များတွင် ကျန်းမာရေးဝန်ထမ်းများက ကွန်ဒုံးများ ဝေငှပြီး လိင်ဆက်ဆံခြင်းကြောင့် ကူးစက်တတ်သည့် ရောဂါများမှ ကာကွယ်ခြင်း နည်းလမ်းများကို ဆွေး နွေးပေးနေသည်။ သို့သော်လည်း မပန်းအိခိုင် တာဝန်ထမ်းဆောင်နေသော ရခိုင်ပြည်နယ်၏ကျေး လက်ဒေသများနှင့် မြန်မာနိုင်ငံတလွှားမှ အခြား ဝေးလံသည့် ဒေသများတွင် မျိုးဆက်ပွား ကျန်းမာ ရေးနှင့် လုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုအကြောင်း များကို ဆွေးနွေးပြောဆိုခြင်း မပြုသင့်သည့် အရာ များအဖြစ် သဘောထားကြသည်။
“အကြောင်းအရာက စိမ်းနေတယ်လေ၊ ပြီး တော့ ကွန်ဒုံးကို အသုံးပြုရတာ ရှက်စရာကောင်း တယ်လို့ မြင်ကြတယ်။ ရိုးရာယဉ်ကျေးမှုအရ လက် မထပ်ခင် လိင်ဆက်ဆံတာကို မှားယွင်းတဲ့ ကိစ္စလို့ မြင်နေကြတယ်” ဟု မပန်းအိခိုင်က ပြောပြသည်။
ရန်ကုန်မြို့က လူငယ်ဆရာဝန်တယောက်ကမူ ကွဲပြားသည့် နည်းလမ်းတခုကို အကောင်အထည် ဖော်ကြည့်နေသည်။ အစဉ်အလာ ယုံကြည်မှုအရ တားမြစ်ထားသည့် အကြောင်းအရာများကို မျက်နှာ ချင်းဆိုင် ပြောဆိုပြီး စိတ်ကသိကအောင့်ဖြစ်ရခြင်းမှ ရှောင်လွှဲနိုင်ရန်အတွက် လိင်ကျန်းမာရေးနှင့် ပတ် သက်၍ သိလိုသည့် လူငယ်ယောက်ျားလေးများ၏ မေးခွန်းများကို တယ်လီဖုန်းထဲမှ ဖြေဆို အကြံပေး သည့် အစီအစဉ်ဖြစ်သည်။ မြန်မာနိုင်ငံ ဆရာဝန် များ အသင်းကလည်း ဆယ်ကျော်သက် အရွယ် ကိုယ်ဝန်ရှိခြင်း၊ သားဆက်ခြားခြင်းနှင့် လိင်ဆက်ဆံ ခြင်းမှ ကူးစက်တတ်သည့် ရောဂါများအကြောင်း သိရှိလိုသည့် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ အမျိုးသမီးငယ်များ ပြောဆိုဆွေးနွေးနိုင်ရန်အတွက် သီးခြားတယ်လီဖုန်းလိုင်းတခု ပြုလုပ်ပေးထားသည်။
ဖုန်းဆက်လာသူအချို့က အစပိုင်းတွင် ရှက် နေကြသည်ဟု ယောက်ျားလေးများအတွက် ဖွင့်လှစ် ထားသော ဖုန်းလိုင်းတွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ကတည်းက တာဝန်ယူပေးနေသော အသက် ၂၆ နှစ်အရွယ် ကိုဇာနည်ဝင်းက ပြောပြသည်။ ဖုန်း ဆက်သူ တနေ့လျှင် ၅ ဦးခန့် ရှိသည်ဟုလည်း သိရ သည်။
“ဘာဖြစ်လို့လဲဆိုတော့ ဒါက လျှို့ဝှက်ပေးရမယ့် ကိစ္စလေ။ သူတို့ ကျနော့်ကို နာမည်ပြောပြဖို့ မလိုဘူး။ ဒါကြောင့် သူတို့ရဲ့ပြဿနာတွေကို အလွယ် တကူပဲ ထုတ်ဖော်ပြောပြကြတယ်” ဟု ကိုဇာနည်ဝင်း က ပြောပြသည်။
သို့သော်လည်း လူအများစုက မိုဘိုင်းဖုန်း ကွန်ရက်ကို သုံးစွဲနိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံတွင် တယ်လီဖုန်းဖြင့် ဆွေးနွေး ဖြေကြားပေးခြင်းက အလုံးစုံ ထိရောက်သည့် နည်းလမ်းတခု မဟုတ်ပါ။ ပွင့်လင်းစွာ ဆွေးနွေးရေးအတွက် ကန့်သတ်မှုတွေ ရှိနေသည်။ များသောအားဖြင့် မိဘများက ၎င်းတို့၏ သားသမီးများကို မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်၍ ပြောပြခြင်း မရှိကြပါ။ အမျိုးသမီးအချို့က ရာသီသွေးပေါ်ခြင်းနှင့် ပတ်သက်၍ တကယ်ဖြစ်လာသည့် အချိန်အထိ သိထားခဲ့ခြင်းမရှိကြောင်း ပြောကြသည်။ အစိုးရက ကျောင်းသင်ရိုးညွှန်းတမ်းတွင် လိင်ပညာပေး သင်ခန်းစာများ ပေါင်းစပ်ထည့်သွင်း ရန် ကြိုးစားနေသော်လည်း ဆရာ၊ ဆရာမများက လိင်အကြောင်း သင်ကြားဆွေးနွေးရန် စိုးရိမ်မှုတွေ ရှိနေကြဆဲ ဖြစ်ပါသည်။ လိင်မှုရေးရာ ဗဟုသုတများ ကို ထုတ်ဖော်ဆွေးနွေးခြင်းအားဖြင့် သူတို့၏ ဂုဏ်သိက္ခာကို မေးခွန်းထုတ်စရာ ဖြစ်လာမှာကိုကြောက်ရွံ့ နေကြသည်။
မြန်မာနိုင်ငံသည်လည်း အခြားနိုင်ငံ အများ အပြားမှာကဲ့သို့ပင် အငြင်းပွားဖွယ်ရာ ဖြစ်နေသေး သည့် မေးခွန်းတခုကို ကိုယ့်နည်း ကိုယ်ဟန်ဖြင့် အဖြေရှာနိုင်ဖို့ အားထုတ်နေရသည်။ ဆယ်ကျော် သက်အရွယ်တွင် ကိုယ်ဝန်ဆောင်ခြင်း၊ လိင်ဆက်ဆံ ခြင်းမှ ကူးစက်နိုင်သောရောဂါများနှင့် လိင်အကြမ်း ဖက်မှုများကို ကာကွယ်သည့် နည်းလမ်းတခုအနေဖြင့် ပြည့်စုံပြီး အားလုံးကိုလွှမ်းခြုံနိုင်သော လိင်ပညာပေး ခြင်းကို မည်သို့ ဟန်ချက်မျှတအောင် ပြုလုပ်နိုင်မည် နည်း ဆိုသည့် မေးခွန်းပင်ဖြစ်၏။
အခြား အရှေ့တောင်အာရှ နိုင်ငံများသို့ ကြည့် လိုက်လျှင် မွတ်စလင်အများစုနေထိုင်ရာ အင်ဒိုနီး ရှား နိုင်ငံတွင် ၂၀၁၂ ခုနှစ် အတွင်းက ကျန်းမာရေး ဝန်ကြီး၏ လူငယ်များ ကွန်ဒုံးအသုံးပြုမှု မြှင့်တင်နိုင် ရန် အားထုတ်မှုသည် ဆယ်ကျော်သက်အရွယ် လိင် ဆက်ဆံမှုကို တွန်းအားပေးသလိုဖြစ်မှာ စိုးရိမ်ကြသူ များ၏ လှောင်ပြောင်သရော်မှုခံခဲ့ရသည်။ ပညာရေး ဌာနမှ တာဝန်ရှိသူများက အထက်တန်းကျောင်းသူ များကို အပျို စစ်၊ မစစ် စစ်ဆေးရန် အဆိုပြုခဲ့ခြင်းကို လည်း အစွန်းရောက်လွန်းသည်ဟု ထင်မြင်ခြင်းခံခဲ့ရ သည်။
ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ ထိုင်းနိုင်ငံ တွင်မူ လိင်မှုကိစ္စနှင့်ပတ်သက်၍ ပွင့်လင်းမှု ပိုရှိ သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ဆရာ၊ ဆရာမ များသည် သူတို့၏ ကျောင်းသူကျောင်းသားများနှင့် လိင်ကျန်းမာရေးအကြောင်း ပွင့်ပွင့်လင်းလင်း ပြော ဆိုဆွေးနွေးရန် တွန့်ဆုတ်နေကြဆဲ ဖြစ်ကြောင်း မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်၍ လှုပ်ရှားသူများက ပြောကြသည်။
Sex ကိစ္စ တခုတည်း မဟုတ်ပါ
အရှေ့တောင် အာရှနိုင်ငံ အများအပြားမှာ လိုပင် မြန်မာနိုင်ငံတွင်လည်း မိန်းကလေးများသည် သူတို့ လက်ထပ်သည့် အချိန်အထိ အပျိုစင်ဘဝနှင့် ရှိနေဖို့ မျှော်လင့်ကြသည်။ ကွန်ဒုံးများကို စတိုးဆိုင် များတွင် ရရှိနိုင်ပြီး ရန်ကုန်မြို့၏ စည်ကား ရှုပ်ထွေး သည့် လမ်းများဘေးတွင် ရောင်းချနေသည့် ဆိုင် များတွင်ပင် ရရှိနိုင်သော်လည်း အရွယ်ရောက်ပြီးသူ လူငယ်များသည် သူတို့အိတ်ထဲတွင် ကွန်ဒုံးတခု တွေ့သွားလျှင်ပင် လူတကာနှင့် လိင်ဆက်ဆံသည်ဟု ထင်မြင်ခြင်းခံရမှာကို စိုးရွံ့ကြသည်။ ကိုယ့်ဘာသာ စိတ်ဖြေခြင်းကိုလည်း နိုင်ငံတကာ ကျန်းမာရေး ပညာရှင်များက လုံခြုံစိတ်ချရသည့် လိင်ပိုင်းဆိုင်ရာ အလေ့အထတခုအဖြစ် သတ်မှတ်ပြောဆိုကြသော် လည်း ညစ်ညမ်းသော ရှက်ရွံ့စရာကိစ္စတခုအဖြစ် ယူဆကြသည်။ စုံတွဲများသည် လက်ချင်းဆုပ်ကိုင် ထားသည်ကလွဲ၍ လူမြင်ကွင်းတွင် ချစ်ခင်ကြင်နာဟန်ပြသည်ကိုလည်း မြင်ရခဲသည်။ အများပြည်သူ နှင့်ဆိုင်သည့် ပန်းခြံများထဲတွင် အခြားသူများ မမြင်နိုင်အောင် ထီးနှင့်ကွယ်၍ တယောက်ကိုတယောက် ဖက်ထားသည့် စုံတွဲတွေကို ရန်ကုန်မှာ မြင်ရလေ့ရှိသည်။
“ကျမတို့ ဒီအကြောင်းကို ဘယ်တော့မှပြောမှာ မဟုတ်ဘူး၊ နှစ်ဖက်လုံးအတွက် ထုတ်ပြောဖို့ ရှက် စရာ ကောင်းပါတယ်။ နောက်ပြီး ဒါက ကျမတို့ ယဉ်ကျေးမှုပါ” ဟု ရန်ကုန်မြို့မှ အသက် ၂၂ နှစ် အရွယ် ကျောင်းသူ မဖြူပွင့်အောင်က ပြောသည်။
သူ၏ သူငယ်ချင်းဖြစ်သူ မွန်ပြည်နယ်မှ မဖြူဖြူဝင်းသည်လည်း အသက် ၂၂ နှစ်အရွယ်ရှိပြီး ရည်းစားရှိသူလည်း ဖြစ်သည်။ သို့သော်လည်း ကွန်ဒုံးကို ဘယ်လိုအသုံးပြုရမည်ဆိုသည်ကို နား မလည်ကြောင်းပြောသည်။
“ကျမတို့အနေနဲ့ လက်မထပ်ခင် အပျိုစင် ဘဝကို ထိန်းသိမ်းထားရမယ်။ ဒါ မြန်မာ့ယဉ်ကျေး မှုပါ။ လက်ထပ်တဲ့အချိန်မှာ အပျိုမဟုတ်ဘူးဆိုရင် သိက္ခာကျမယ်လေ” ဟု မဖြူဖြူဝင်းက ဆိုသည်။
မိဘများနှင့် လိင်အကြောင်း ဆွေးနွေးရန်လည်း အခွင့်အရေးမရှိပါ။ “ဒီလို ရွံစရာကောင်းတဲ့ကိစ္စကို ဘာဖြစ်လို့ ပြောချင်တာလဲလို့ သူတို့က ကျမကို မေးကြလိမ့်မယ်။ ဒီအကြောင်းတွေပြောရတာ မရှက် ဘူးလားလို့ ပြောကြလိမ့်မယ်” ဟု သူကပြောသည်။
၈ တန်းကျောင်းသူဘဝတုန်းက ကျောင်းမှာ HIV နှင့် ပတ်သက်၍ သင်ကြားဖူးကြောင်း မဖြူပွင့် အောင်က ပြောသည်။ ပြည်တွင်း NGO တခုက ပြုလုပ်သည့် လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်သည့် ရောဂါများအကြောင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ဖူးသော်လည်း ကြားသိခဲ့ရသည့် လုံခြုံ စိတ်ချရသည့် လိင်ဆက်ဆံမှုနှင့် ပတ်သက်သော အချက်အလက်များကို မဖြူဖြူဝင်း ပြန်မပြောပြနိုင် ပါ။ အိမ်ထောင်ကျပြီးမှသာ မျိုးဆက်ပွား ကျန်းမာ ရေးနှင့် ပတ်သက်သော အကြောင်းအရာတွေကို အင်တာနက်မှာ ရှာဖွေဖတ်ရှုခြင်းဖြင့်လည်းကောင်း၊ ကျန်းမာရေးပညာပေး စာအုပ်တွေ ဖတ်ခြင်းဖြင့် လည်းကောင်း ကိုယ့်ဘာသာ လေ့လာကြဖို့ သူတို့ စိတ်ကူးထားသည်။
လိင်မှုကိစ္စ အပျော်အပါး လိုက်စားခြင်းမှ ရှောင်ကြဉ်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံသည် ခြောက်ပစ်ကင်းဟု မဆိုနိုင်သည့်နေရာ ဖြစ်ပါသည်။ပြည့်တန်ဆာလုပ်ငန်းသည် မြန်မာနိုင်ငံတွင် တရား ဝင် မဟုတ်သည့်တိုင် ရန်ကုန်လို မြို့ကြီးများတွင် အလွယ်တကူ ရှာတွေ့နိုင်ပါသည်။ ကာမ အားတိုး ဆေးများကိုလည်း မှောင်ခိုဈေးကွက်တွင် ဈေးချိုချို နှင့် ဝယ်ယူလို့ရနေသည်။ တက္ကသိုလ်ကျောင်းများ အနီးတွင် ကျောင်းသားကျောင်းသူ စုံတွဲများအတွက် နာရီပိုင်းနှင့် အခန်းငှားပေးသည့် တည်းခိုခန်းများ ရှိနေသည်။
လိင်ပညာပေးမှု အားနည်းခြင်းကြောင့် နောက် ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ခဲ့ရသည်ဟု မျိုးဆက်ပွား ကျန်းမာရေးအတွက် ဆောင်ရွက်နေသူများက ပြော ကြသည်။ ငယ်ရွယ်သူများ လိင်ဆက်ဆံကြောင်း သိရှိပါက ၎င်းတို့၏ဆန္ဒမပါဘဲနှင့် အတင်းလက်ထပ် ပေးစားခြင်းခံရ၏။ မလိုချင်ဘဲ ရှိလာသည့် ကိုယ်ဝန် ကြောင့် ကလေးမမွေးချင်ဘဲ မွေးရသလို အန္တရာယ် များသည့် တရားမဝင် ကိုယ်ဝန်ဖျက်ချမှုတွေလည်း ပေါ်ပေါက်လာရသည်။
အခြားသော စိုးရိမ်စရာ အကြောင်းအရာတခု ဖြစ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အလိုမတူ ဘဲ သားမယားပြုကျင့်မှုများအတွက် ရန်ကုန်မြို့မှ အမျိုးသမီးအခွင့်အရေး ဆောင်ရွက်သူတဦး ဖြစ်သည့် မထားထားက ဘတ်စ်ကားပေါ်တွင် အမျိုးသမီးများ မဖွယ်မရာ စော်ကားနှောင့်ယှက်ခံနေရခြင်းကို ဆန့် ကျင်သော လှုပ်ရှားမှုတခု ဆောင်ရွက်နေကြောင်း ပြောသည်။
ငယ်ရွယ်သော မိန်းကလေးများသည် ဖြူစင်စွာ နေထိုင်လိုကြပြီး လိင်ကိစ္စနှင့် ပတ်သက်၍လည်း အလွန်ရိုးရှင်းစွာပင် နားလည်ထားတတ်ကြသည်ဟု မထားထားက ပြောသည်။ အမျိုးသားများမူ လိင် ကိစ္စနှင့် ပတ်သက်၍ အတွေ့အကြုံ လိုချင်ကြပြီး အမျိုးသမီးများသည် ညစ်ညမ်းစာအုပ်များကို ဖတ် လေ့ရှိကြသည်ဟုလည်း သူကဆိုသည်။
မထားထားက “အခရာ”ဟု အမည်ရသည့် အမျိုး သမီးကွန်ရက်တခုကိုဦးဆောင်နေပြီး ယောက်ျား- မိန်းမ တို့၏ အခန်းကဏ္ဍ၊ ဖိုမ သဘာဝ၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် အခြားသော အမျိုးသမီးရေးရာကိစ္စ များကို ဆွေးနွေးရန်အတွက် လစဉ်ပြုလုပ်သည့် ဆွေးနွေးပွဲများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှု သတင်းများ မှန်မှန်ကြားနေရကြောင်း ပြောပြသည်။ ဆွေးနွေးပွဲများသို့ တက်ရောက်သူ အမျိုးသမီးဦးရေ ပိုများလာပြီး အသက် ၂၀ ကျော် အရွယ်မှ အသက် ၅၀ ကျော် အရွယ်များအထိ ပါဝင်ကြောင်း သိရသည်။
“အိမ်ဖော်အမျိုးသမီးတွေကနေပြီးတော့ ကုမ္ပဏီ ဒါရိုက်တာတွေအထိ ပါဝင်ပါတယ်” ဟု မထားထား က ဆိုသည်။
အမျိုးသမီး ကွန်ရက်ကို မတည်ထောင်မီက မြန်မာနိုင်ငံတွင် HIV ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများ လုပ်ဆောင်နေသော နိုင်ငံတကာ NGO တခုဖြစ်သည့် Burnet Institute တွင် ဖိုမ သဘာဝနဲ့ပတ်သက်၍ လေ့ကျင့် သင်တန်းပေးသူ အဖြစ် လုပ်ခဲ့ပါသည်။ လုပ်ခဲ့သော်လည်း ထိုအချိန် က ဖိုမ သဘာဝနှင့် ပတ်သက်သော သူ၏သိနား လည်မှုသည် အကန့်အသတ်နှင့်သာ ဖြစ်သည်။
“ကွန်ဒုံးတွေအသုံးပြုဖို့ အရေးကြီးတယ်ဆိုတာ ကျမတို့သိတယ်။ ဒါပေမယ့် မသုံးချင်တဲ့သူအတွက် ဘာဆက်ပြောမလဲ။ ပြောဆိုဆွေးနွေးမှုက အမြဲတမ်း ရပ်သွားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့မသိ ဘူး။ ဒါမှမဟုတ် လိင်ကိစ္စရဲ့ သာယာမှုအကြောင်း ကို မပြောချင်ကြဘူး။ ကျမတို့ကို လိင်ပိုင်းဆိုင်ရာ ဆက်သွယ်ချက်နဲ့ အမျိုးသမီးတို့ရဲ့ လိင်သဘာဝကို ဆွေးနွေးဖို့အတွက် လေ့ကျင့်ပေးမထားဘူး” ဟု မထားထားက ပြောသည်။
၂၀ဝ၈ ခုနှစ်တွင် အစ္စရေးနိုင်ငံမှ ရောက်လာ သော လိင်မှုဆိုင်ရာ ကုထုံးပညာရှင်တယောက်ထံ တွင် သူ၏ မိတ်ဆွေများနှင့်အတူ အမျိုးသမီး လိင် သဘာဝနှင့် မျိုးဆက်ပွား ကျန်းမာရေးအကြောင်း သင်ကြားခွင့်ရခဲ့ပြီးနောက် သူ၏ အသိုင်းအဝိုင်း အတွင်းမှ အခြားသူများကိုလည်း ပညာပေးဖို့ မထားထား ဆုံးဖြတ်လိုက်သည်။
ယနေ့အချိန်တွင် သူက ကျောင်းများတွင် ဖြစ် နိုင်လျှင် သူငယ်တန်းအဆင့်ကစတင်ပြီး လိင်ပညာ ပေး သင်ခန်းစာများ ကျယ်ကျယ်ပြန့်ပြန့် သင်ကြား ပေးဖို့ တောင်းဆိုနေသည်။
“လိင်ပညာပေး သင်ခန်းစာတွေက မြန်မာ့ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တယ်လို့ လူတွေကပြောကြ တယ်။ အဲဒါ သူတို့ နားမလည်လို့ ပြောကြတာပါ။ သူတို့က လိင်ပညာပေးသင်ခန်းစာ ဆိုတာ လိင် ဆက်ဆံတဲ့အကြောင်းလို့ ယူဆကြတယ်။ ဒါ မဟုတ် ပါဘူး။ ကျမတို့ရဲ့ ကိုယ်ခန္ဓာအင်္ဂါရပ်တွေအကြောင်း ပါ။ ကျမတို့ စက္ကန့်တိုင်း အသုံးပြုနေရတဲ့ ကိုယ်ခန္ဓာ အကြောင်းပါ။ သူတို့ ဘယ်လိုအလုပ်လုပ်တယ်။ ဘယ်လို ဂရုစိုက်ထိန်းသိမ်းရမယ်ဆိုတာကိုနားလည် ဖို့ လိုအပ်ပါတယ်” ဟု မထားထားက ဆိုသည်။
ကိုယ့်ရဲ့ ကိုယ်ခန္ဓာအကြောင်းကို သိတာဟာ ယဉ်ကျေးမှုကို ဆန့်ကျင်တာမဟုတ်ပါဘူး” ဟုလည်း သူကပြောသည်။
ဘယ်လိုပဲ ခေါ်ခေါ်
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ လိင်ပညာပေး ခြင်းကို HIV ကာကွယ်ရေး ခေါင်းစဉ်အောက်တွင် ကျယ်ပြန့်စွာ မြှင့်တင်ဆောင်ရွက်နေသည်။ AIDS ရောဂါသည် ပြည်သူ့ကျန်းမာရေးအတွက် အဓိက အလေးထားရမည့် အရာဖြစ်နေပြီး လိုအပ်သည့် ထောက်ပံ့မှု အရင်းအမြစ် အားနည်းမှုကြောင့် ရောဂါပိုးရှိနေသူ အများစုသည် ကုသမှုခံယူနိုင်ခြင်း မရှိပေ။
မြန်မာနိုင်ငံတွင် HIV ပိုးရှိနေသူ ၂ သိန်းခန့် ရှိပြီး ၂၀၁၂ ခုနှစ်ကုန်ပိုင်းလောက်အထိ ゞင်းတို့ထဲမှ တဝက်ကျော်သည် သူတို့ အတွက်လိုအပ်နေသော ART ကုထုံးဖြင့် ကုသမှုခံယူနိုင်ခြင်းမရှိခဲ့ပါ။
“HIV ကြောင့် လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံ မှုအကြောင်း ကျနော်တို့ ပြောခွင့်ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ပဲ ပြောခွင့်ရသလိုပါပဲ” ဟု မြန်မာနိုင်ငံ တွင် မိသားစုစီမံကိန်းကို ဦးတည်ရင်း လိင်နှင့် မျိုး ဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုများ ပူးပေါင်း ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတခု ဖြစ်သည့် Marie stopes International မှ Country Director ဒေါက်တာ စစ်နိုင်ကပြောသည်။
“မြန်မာနိုင်ငံမှာတော့ သားဆက်ခြားတယ်လို့ ခေါ်ကြတယ်။ တကယ်တော့ ပဋိသန္ဓေ တားတာ ပါပဲ”
“မျိုးဆက်ပွား ကျန်းမာရေးကို တမျိုးသားလုံးနဲ့ ဆိုင်တဲ့အရေးလို့ အများစုက မမြင်ကြဘူး။ ဒါပေမယ့် တာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးပိုင်းက ကျန်းမာရေး ဌာနက တာဝန်ရှိသူတွေ၊ ဒေသခံခေါင်းဆောင်တွေ၊ ဩဇာရှိသူတွေ ဒါမှမဟုတ် ဘာသာရေး ခေါင်း ဆောင်တွေ သူတို့တွေကတော့ HIV ကာကွယ်တား ဆီးရေးအကြောင်း သိတဲ့အချိန်မှာ ထောက်ခံ ကူညီ ရမယ်လို့ သူတို့ယုံကြည်ကြပါတယ်” သူက ထပ်ပြော သည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေး ဝန်ကြီးဌာနက ကျောင်းများအတွက် လိင်ပညာပေး သင်ခန်းစာ သင်ရိုးညွှန်းတမ်းတခု ရေးဆွဲထားပြီး ဖြစ်ကြောင်း လည်း ဒေါက်တာစစ်နိုင်က ပြောသည်။
“လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စပြီးတော့ အခြေခံကျတဲ့ လိင်နဲ့ပတ်သက်တဲ့ ကျန်းမာရေးနဲ့ HIV တားဆီးကာကွယ်ရေးဆိုင်ရာ အချက်အလက် တွေကို သင်ရိုးညွှန်းတမ်းထဲမှာ အောင်မြင်စွာ ပေါင်းစပ်ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံမှာ ကျောင်းက ဆရာအများစုက အမျိုးသမီး တွေ ဖြစ်နေတဲ့အတွက် လုံခြုံစိတ်ချရတဲ့ လိင်ဆက် ဆံရေးနဲ့ အခြေခံ လိင်ပညာပေးသင်ခန်းစာတွေ အကြောင်းကို ပြောဆိုသင်ကြားဖို့အတွက် ယုံကြည်မှု တည်ဆောက်နိုင်စွမ်း မရှိကြဘူး။ သူတို့ မဝံ့မရဲ ဖြစ်နေကြတယ်။ လိင်အကြောင်းတွေ သူတို့က ပြောမယ်ဆိုရင် တပည့်တွေက မလေးစားတော့မှာကို သူတို့ အကြောက်ဆုံးပဲ” ဟု သူကဆက်ပြောသည်။
လိင်ပညာပေး သင်ခန်းစာကို အသက် ၁၀ နှစ် မှ ၁၆ နှစ်ကြားရှိ အလယ်တန်းအဆင့် ကျောင်းသား ဘဝတွင် သင်ကြားပေးပြီး လူမှုရေး ကျွမ်းကျင်မှု၊ ရောဂါ ကာကွယ်ရေးအတွက် စိတ်ခံစားမှုဆိုင်ရာ အသိအမြင်၊ လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ် သည့်ရောဂါများ၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု စသည့် ခေါင်းစဉ်များ ပါဝင် သည်။ ၂၀ဝ၆ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်များတွင် သင်ရိုး ကို အသစ်ပြန်လည်ရေးဆွဲခဲ့ပြီး နှစ်ကုန်၍ အတန်း တင် စာမေးပွဲဖြေဆိုသည့်အခါ အဆိုပါဘာသာရပ် ကို ထည့်သွင်းဖြေဆိုရန် မလိုအပ်ကြောင်းလည်း သိရသည်။
မျိုးဆက်ပွားနှင့် လိင်ကျန်းမာရေးကို ၅ တန်း တွင် စတင်သင်ကြားပြီး အရွယ်ရောက်လာသည့် အချိန်တွင် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင် ရာပြောင်းလဲလာမှုနှင့် ပတ်သက်သည့် သင်ခန်းစာ များ ဖြစ်သည်။ HIV ကူးစက်ပျံ့နှံ့မှုကိုလည်း ထို အချိန်တွင် ကျောင်းသားများ စတင်လေ့လာရသည် ဟု ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သင်ရိုး အတွက် ကူညီပေးနေသော Unicef အဖွဲ့၏ အဆို အရ သိရသည်။ ၆ တန်းရောက်သည့်အခါ ကျောင်း သား ကျောင်းသူများကို ယောက်ျားလေးနှင့် မိန်း ကလေးတို့၏ အသက်အရွယ်အရ မည်သို့ဆက်ဆံ နေထိုင်ရမည်ကို စဉ်းစားဆုံးဖြတ်တတ်အောင် သင် ကြားသည်။ ၉ တန်းနှင့် ၁၀ တန်း အရွယ်ရောက် သည့်အခါ မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းနှင့် လိင်ဆက်ဆံမှုကြောင့် ကူးစက်သည့် ရောဂါများကို မည်သို့ ကာကွယ်ရမည် ဖြစ်ကြောင်းနှင့် အပျော် အပါး လိုက်စားခြင်းကို ရှောင်ရှားခြင်းသည် အထိ ရောက်ဆုံး နည်းလမ်းဖြစ်ကြောင်း သင်ကြားသည်။ ကိုယ်ဝန်ရှိခြင်း၊HIV နှင့် အခြား လိင်ဆက်ဆံမှု ကြောင့် ကူးစက်နိုင်သည့်ရောဂါများကို ကာကွယ်ရာ တွင် ကွန်ဒုံးအသုံးပြုခြင်းက အထိရောက်ဆုံး ဖြစ် ကြောင်းကိုလည်း သူတို့ သင်ကြားကြရသည်။
“အရင်တုန်းက မြန်မာနိုင်ငံမှာ မျိုးဆက်ပွားနဲ့ လိင်ကျန်းမာရေးအကြောင်း ပြောတာကို ရှောင်ကြ တယ်။ ဆရာ၊ ဆရာမ တွေလည်း ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကို ဒီလို အရမ်းအရေးကြီးတဲ့ အကြောင်းအရာတွေကို သိနားလည်ဖို့ ကူညီတဲ့ နေရာမှာ အခက်အခဲတွေ တွေ့ခဲ့ကြရပါတယ်။ ခုချိန် မှာတော့ ပြုပြင်ပြောင်းလဲရေးရဲ့ အစိတ်အပိုင်းတရပ် အနေနဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ကျန်းမာ ရေးနဲ့ ဘဝပျော်ရွှင်မှုကို ဆိုးဆိုးရွားရွား ထိခိုက် စေပြီးတော့ အရွယ်ရောက်ပြီးချိန်အထိ မကောင်းတဲ့ သက်ရောက်မှုတွေ ဆက်ပြီး ကျန်နေစေနိုင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်း လင်းပြောဖို့ အခွင့်အရေးတွေရှိလာပါပြီ”ဟု ရန်ကုန် မြို့မှ Unicef ဌာနေကိုယ်စားလှယ် Bertrand Bainvel က ပြောသည်။
ထိုကဲ့သို့သော အကြောင်းအရာများကို တိတ် တိတ် ဆိတ်ဆိတ် လုပ်ဆောင်နိုင်သော နည်းလမ်း တခုမှာ ကိုယ်တိုင်လေ့လာသင်ယူနိုင်သည့် စာအုပ် များ စီစဉ်ပေးဖို့ဖြစ်ပြီး မျိုးဆက်ပွားနှင့် လိင်ကျန်းမာ ရေးဆိုင်ရာ ကဏ္ဍများကို ကျောင်းသားများ ကိုယ့် ဘာသာ လေ့လာနိုင်ကြမည်ဖြစ်သည်ဟုလည်း သူက ဆိုသည်။
မြန်မာအစိုးရကလည်း ပညာရေးစနစ်ကို ပြုပြင် ပြောင်းလဲရေး၏ အရေးပါသည့်အစိတ်အပိုင်းအဖြစ် ဖော်ထုတ် ပြသနိုင်ရန်အတွက် ပညာရေးဆိုင်ရာ ဥပဒေများကို စဉ်းစားသုံးသပ်နေပြီး ၂ နှစ်ကြာ ပြန်လည်လေ့လာခြင်း ပြုလုပ်ခဲ့သည်။
ကျောင်းပြင်ပမှ လူငယ်များအတွက် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ပညာပေးရန် အားထုတ် နေမှုများလည်း ရှိပါသည်။ တယ်လီဖုန်းမှ ဆွေးနွေး ပညာပေးခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ ဆရာဝန်များ အသင်း တခုတည်းကသာမကဘဲ အစိုးရဌာနတခု ဖြစ်သည့် ဆေးသုတေသနဦးစီးဌာန၊ ကုလသမဂ္ဂမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်း များဖြစ်သည့် Population Services International နှင့် Marie stopes International တို့က လည်း ဆောင်ရွက်ပေးနေသည့်အပြင် အသံလွှင့် ဌာနတခုဖြစ်သည့် Shwe FM ကလည်း လူငယ်ဆိုင် ရာ အရေးကိစ္စများဖြစ်သည့် မမျှော်လင့်ဘဲ ကိုယ်ဝန် ဆောင်ရခြင်း၊ HIV၊ မိသားစုစီမံကိန်း၊ ဆယ်ကျော် သက် ကျန်းမာရေးနှင့် မိသားစု ပြဿနာများနှင့် ပတ်သက်သော အစီအစဉ်များ ထုတ်လွှင့်ပေးနေ သည်။ အပတ်စဉ်အစီအစဉ်ကို ကုလသမဂ္ဂ လူဦး ရေ ရန်ပုံငွေအဖွဲ့မှ ထောက်ပံ့ပေးနေပြီး မြန်မာနိုင်ငံ ဆရာဝန်များအသင်း၏ တယ်လီဖုန်းဖြင့် ဆွေးနွေး ခြင်း အစီအစဉ်ကိုလည်း အဆိုပါအဖွဲ့ကပင် ကူညီ ပေးနေသည်။
HIV ကာကွယ်ရေးအတွက် အခြား နိုင်ငံ တကာမှ ငွေကြေးထောက်ပံ့မှုများလည်း မြန်မာနိုင်ငံ ရရှိနေသည်။ ပြီးခဲ့သည့်အတွင်းက မြန်မာနိုင်ငံတွင် အမျိုးသမီးများကို ပဋိသန္ဓေတားဆီးရေးနှင့် မိသားစု စီမံကိန်းအကြောင်း ပညာပေးရန်နှင့် HIV ဗိုင်းရပ် ကူးစက်ခံထားရသူများကို ကူညီရန် ဒိန်းမတ်နိုင်ငံ၏ထောက်ပံ့မှုဖြင့် တည်ထောင်သည့် ဆေးခန်းတခုကို ဒိန်းမတ် တော်ဝင်မင်းသမီးက ဖွင့်လှစ်ပေးခဲ့သည်။
လူ့အဖွဲ့အစည်း အခြေပြုအဖွဲ့တခုဖြစ်သော Girl Determined ကလည်း မြို့ပြအစွန် ဒေသများ တွင် နေထိုင်ကြသည့် သက်တူ ရွယ်တူတန်း ငယ် ရွယ်သူ မိန်းကလေးများကို အဖွဲ့ဖွဲ့၍ မျိုးဆက်ပွား ကျန်းမာရေးအကြောင်း ပညာပေးခြင်းကို စတင် ဆောင်ရွက်နေသည်။ ရန်ကုန်၊ မန္တလေး ဆင်ခြေဖုံး ဒေသများနှင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ စစ်ကိုင်းနှင့် မုံရွာမြို့များမှ အသက် ၁၂ နှစ်မှ ၁၇ အရွယ်ကြား မိန်းကလေး ၁၃၀ဝ ကျော် ပါဝင်ခဲ့သည်ဟုလည်း သိရသည်။
“ခုချိန်မှာတော့ အရွယ်ရောက်လာတဲ့ အချိန် မှာ အရေးပါတဲ့အကြောင်းအရာတွေကိုပဲ အဓိက ထားပါတယ်။ လိင်ကိစ္စကို မပြောသေးဘူး။ ကျမတို့ သင်ခန်းစာတွေကို ပြင်ဆင်တုန်းပဲ ရှိပါသေးတယ်။ ကွန်ဒုံးကို ဘယ်လိုအသုံးပြုရမယ်ဆိုတာမျိုး မိန်းက လေးတွေကို သိပ်မပြောဘူး။ လိင်ကိစ္စကို ပွင့်ပွင့် လင်းလင်းပြောဖို့က ခက်တယ်။ လူတွေ၊ ဆယ်ကျော် သက် မိန်းကလေးတွေ၊ အသက်အရွယ်ငယ်တဲ့ မိန်းမ တွေ၊ သူတို့မှာ လိင်မှုကိစ္စရှိပေမယ့် ထုတ်မပြောကြ ဘူး။ မမျှော်လင့်ဘဲ ကိုယ်ဝန်ရှိလာခြင်းမျိုးနဲ့ လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားတာတွေကို ကာ ကွယ်တားဆီးနိုင်ဖို့ သူတို့ ဒါတွေသိဖို့ လိုပါတယ်” ဟု မိန်းကလေးအဖွဲ့များကို ကူညီဆောင်ရွက်ပေးနေ သော Girl Determined အဖွဲ့မှ နန့်သဇင်မင်းက ပြောသည်။
အချို့သော ငယ်ရွယ်သည့် မိန်းကလေးများက အလျင်စလိုသင်ယူဖို့ စိတ်ကူးမရှိကြောင်းပြောသည်။ “ခုချိန်မှာ ဒီထက်ပိုပြီး သိသင့်တယ်လို့တော့ ကျမ မထင်ပါဘူး။ တနေ့နေ့တော့ သိဖို့လိုလာမှာပေါ့လေ။ ဒါပေမယ့် ခုထိတော့ ဒီအကြောင်းကို တခါမှ မစဉ်း စားဖူးဘူး” ဟု ရန်ကုန်မြို့မှ အသက် ၂၂ နှစ် အရွယ် ကျောင်းသူ မဖြူဖြူဝင်းက ပြောသည်။
မိနစ်အနည်းငယ် ကြာသည့်အခါ သူ စိတ် ပြောင်းသွားပြန်သည်။ “ဒါက ရှောင်လွှဲလို့လည်း မရဘူးဆိုတော့။ ကလေးတွေ ဘယ်လိုဖြစ်လာသလဲ။ ကျမတို့ ဘာတွေဖြစ်သလဲ။ ကျမတို့ မရှောင်နိုင်ဘူး ဆိုတော့ သိထားသင့်တာပေါ့နော်” ဟု မဖြူဖြူဝင်းက ပြောသည်။
Samantha Micheals ၏ The Safe Sex Talk, Burmese Style ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။