“မြဝတီမှာ အပေါဆုံးက မြင်းဆေးနဲ့ မိန်းမပဲ”။ ဆိုင်ကယ်သမားရဲ့ စကားကို ကျနော် ဖြုံသွားတယ်။ အချိန်ရရင် မြဝတီမြို့မှာ တညလောက် လည်ပတ်ဖို့ သူက ဖိတ်ပါတယ်။ ကျနော် စိတ်ဝင်စားပေမယ့် ဒီတခေါက်တော့ အချိန်မရတော့ပါ။ မြဝတီမြို့က နာမည်ကြီးတဲ့ ဇိမ်ခန်းတခုမှာ မြန်မာပြည် နယ်စုံက အရွယ်စုံကို ရနိုင်တယ်လို့ ပြောပြပါတယ်။ တခါတုန်းက မြန်မာပြည်အလယ်ပိုင်းဒေသက အထက်တန်းကျောင်းသူ တယောက်ကို သူ့ဆရာက မြဝတီမြို့က အနှိမ့်ခန်းတခုမှာ ပြန်တွေ့ပြီး ပြန်ခေါ်ဖို့ ဖြောင်းဖြပေမယ့် မရတော့ဘူးတဲ့။ “သမီးကို ကယ်ချင်တာကို နားလည်ပါတယ်။ ဒါပေမယ့် မိဘတွေကို ငွေပို့နိုင်ဖို့ ဒီအလုပ်ကို ဆက်လုပ်ပါရစေ” လို့ ကောင်မလေးက တောင်းပန်ခဲ့တယ်လို့ ပြောပြပါတယ်၊
“အဲဒီနေရာကို အစ်ကိုသွားချင်ရင် ကျနော်လိုက်ပြပေးနိုင်ပါတယ်၊ ဒါပေမယ့် မြင်းဆေး ရောင်းတဲ့နေရာကိုတော့ အစ်ကိုသွားလို့ မဖြစ်ဘူး”
“ဘာဖြစ်လို့လဲဗျ”
“သူတို့က သူစိမ်းတွေဆိုရင် သိတယ်”
မြဝတီကနေ ကော့ကရိတ်အထိ တလမ်းလုံးမှာ ကျနော်က နားထောင်သူ သက်သက်ပါ။ ဆိုင်ကယ်သမားက မြို့ကြီးသား၊ မြဝတီမှာ စီးပွားရေးအရ လင်မယား နှစ်ယောက်စလုံး ပြောင်းနေကြတာလို့ ပြောပြပါတယ်။ လက်နက်ကိုင်အဖွဲ့တဖွဲ့က အငယ်တန်း အရာရှိ တယောက်လို့လည်း သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။ အသေးစိတ်တော့ မမေးလိုက်ပါ။ မြဝတီမြို့အထွက်နားက အိမ်ရာစီမံကိန်းကို ဖြတ်တဲ့အခါမှာလည်း အဲဒီမြေကွက်တွေ ကိစ္စ အဝေအတည့်လို့ အချင်းချင်း သေနတ်နဲ့ ပစ်သတ်တာတွေလည်း ရှိတယ်လို့ ပြောပြတော့ အံ့သြရပါတယ်။
“အဖွဲ့အစည်း ကိစ္စတွေက မလွယ်ပါဘူး အစ်ကိုရာ၊ ဆိုင်ကယ်တက္ကစီမောင်းတာက ထမင်းစားရတယ်” လို့ သူက စိတ်မသက်မသာ ပြောပြပါတယ်။ ဒေါနတောင်ကို ကျော်ပြီး မြဝတီနဲ့ ကော့ကရိတ်ခရီးကို ကျွမ်းကျွမ်းကျင်ကျင် ဆိုင်ကယ်မောင်းရင်း “ ဒီနေရာက ဓားပြတိုက်မှု ဖြစ်တဲ့ နေရာပေါ့” “ ဒီနေရာမှာ ကားမှောက်မှု ဖြစ်တဲ့နေရာပေါ့” ‘ ဟော့ဒီ တဲတွေမှာ မြင်းဆေး ဝယ်လို့ ရတယ်’ “ ဒီနေရာမှာ အရင်တုန်းက အကောက်ခွန် ဂိတ်ရှိတယ်” စသဖြင့် မနားတမ်း ပြောပြသွားပါတယ်။
လမ်းမှာ ဖြတ်မောင်းသွားတဲ့ ကားတချို့ကိုလည်း ဘယ်ကားက ဘယ်ဈေး၊ ဘယ်လို ဝယ်ရင် ရတယ် စသဖြင့် ပြောပြသွားပါတယ်။ သူပြောတဲ့ ဈေးက မြန်မာပြည် ကားပေါက်ဈေးထက် အတော် ဈေးပေါနေလို့ မေးကြည့်တော့ “လိုင်စင် မလိုဘူးလေ”တဲ့။ ဒါပေမယ့် သူတို့အတွက် လက်နက်ကိုင်အဖွဲ့တွေက ထုတ်ပေးထားတဲ့ လက်မှတ်နဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ကို လွတ်လွတ်လပ် သွားလို့ ရတယ်လို့ ပြောပြပါတယ်။
သူ့ပြောပြတဲ့အတိုင်းဆိုရင် လမ်းမှာ ဂိတ်တွေ ၅ ခုလောက် လျှော့သွားတာကို သတိထားမိပါတယ်။ ကျန်နေသေးတဲ့ ဂိတ်တွေကလည်း တင်းတင်းကျပ်ကျပ်မဟုတ်တော့။ ဂိတ်စောင့် ရဲဘော်တွေကို အော်ဟစ် နုတ်ဆက်ရင်း ဂိတ်တွေကို ဖြတ်သန်းနိုင်တာကို ကြည့်ရင် ဒီလမ်းကျောကို အလွန်ကျွမ်းကျင်တဲ့ ဆိုင်ကယ်တက္ကစီသမားလည်း ဖြစ်မယ်၊ လက်နက်ကိုင်အဖွဲ့တခုက ဖြစ်မယ်ဆိုတာ ဟုတ်လောက်ပါတယ်။
လမ်းတလျှောက်မှာ လက်နက်ကိုင် တပ်တွေရဲ့ကားတွေ၊ ဆိုင်ကယ်တွေ မကြာခဏ ဖြတ်သန်းသွားတာ ကြုံရပါတယ်။ ဒီနယ်မြေမှာ ကရင် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ် စခန်းတွေ စိုးမိုးထားလို့ ဧည့်သည်တယောက်ဖြစ်တဲ့ ကျနော်အနေနဲ့ ဘယ်အဖွဲ့က ဘယ်ယူနီဖောင်းမှန်း မှတ်မိဖို့ မလွယ်ခဲ့ပါ။ တချို့ဂိတ်တွေမှာတော့ စောင့်နေတဲ့ လက်နက်ကိုင်ထားတဲ့ ချာတိတ်တွေက ကလေးမျက်နှာလေးတွေ..။ “ဒီကလေးတွေကလည်း ဆေးသုံးထားတာတွေချည်းပဲ၊ အရင်တုန်းက ဂိတ်ကြေးမပေးတဲ့ ကားတွေကို နောက်ကနေ သေနတ်နဲ့ လှမ်းပစ်တာ”။
တနေရာမှာတော့ ဆိုင်ကယ်သမားက ဆိုင်ကယ်ကို အရှိန်လျှော့ပြီး ရပ်လိုက်ပါတယ်။ လမ်းပေါ်မှာ ပြုတ်ကျနေတဲ့ စစ်ဦးထုပ်တလုံးကို ကောက်ယူဖို့ပါ။ ဖြတ်သွားဖြတ်လာ စစ်ကား၊ ဒါမှမဟုတ် ဆိုင်ကယ် တစီးစီးပေါ်က ပြုတ်ကျသွားပုံပါပဲ။ “တံဆိပ်တို့ အလံတို့ ဆိုတာ အသေခံပြီးတော့တောင် ကာကွယ်ရတာ၊ ဦးထုပ် ကျတာတောင် ပြန်မကောက်တာ တော်တော်အသုံးမကျတဲ့ကောင်တွေပဲ”လို့ ဆိုင်ကယ်သမားက ဦးထုပ်ကို ဆိုင်ကယ် ရှေ့ခြင်းမှာ ကြိုးနဲ့ သိုင်းရင်း တတွတ်တွတ်ပြောနေတယ်။ ပြီးတော့ ကျနော်တို့ ဆိုင်ကယ် ဆက်ထွက်ပါတယ်။ ဝါးလုံးတားထားတဲ့ ဂိတ်တွေကို အမေးအမြန်းမရှိဘဲ ဖြတ်သန်းခဲ့ပါတယ်။ သာမည တောင်နားက ဓာတ်ဆီ ဆိုင်မှာတော့ ခဏနားရင်း ဓာတ်ဆီ ဖြည့်ပါတယ်။ ဆိုင်ပိုင်ရှင်က “ဆရာက မြဝတီမှာ တာဝန်ကျတာလား” လို့ ကျနော်ကို မေးပါတယ်။ ကျနော်က “မဟုတ်ပါဘူး”လို့ ဖြေတော့ ဘာမှ ဆက်မမေးပါဘူး။
ဆိုင်ကယ်ထွက်လာတဲ့ အခါမှ ဆိုင်ကယ်သမားက “ အကို့ကို စစ်တပ်က မှတ်လို့ မေးတာ၊ ဆိုင်ကယ် ရှေ့ခြင်းမှာ ချိတ်ထားတဲ့ စစ်ဦးထုပ်ကို တွေ့လို့ ဒီလို မေးတာ” လို့ ရယ်ရယ်မောမောနဲ့ ပြောပါတယ်။ ကျနော်လည်း ရိပ်မိပါတယ်၊ ဆိုင်ကယ် ရှေ့ခြင်းမှာ စစ်ဦးထုပ်၊ အထုပ်အပိုးတွေ တနင့်တပိုးနဲ့ ဆိုတော့ နယ်ပြောင်းလာတယ်လို့ ထင်နေတာဖြစ်မှာပါ။ အရင်က ဖြတ်သန်းခဲ့တဲ့ ဝါးလုံးတားတဲ့ ဂိတ်တွေမှာလည်း ကျနော်တို့ ဆိုင်ကယ်ကို တချက်ကြည့်ပြီး ဘာမှ မမေးဘဲ ဖွင့်ပေးခဲ့တာကို ဆက်စပ်တွေးရင်း ပြုံးလိုက်မိပါတယ်။ လမ်းပေါ်မှာ ကျနေတဲ့ စစ်ဦးထုပ်ကို တကူးတက ကောက်ယူခဲ့ပြီး ဆိုင်ကယ် ရှေ့ခြင်းမှာ ချိတ်ထားဖို့ အကြံရတာကိုလည်း စိတ်ထဲက ကျိတ် ချီးကျူးနေမိပါတယ်။ နယ်မြေ အတွေ့အကြုံဆိုတာ ဒါပါပဲ။
ဒီလိုနဲ့ တံတားတစင်းအရောက်မှာတော့ စစ်ဦးထုပ်ရဲ့ အစွမ်းက ပိုထင်ရှားသွားပါတယ်။ ဝါးတားထားတဲ့ ဂိတ်ရှေ့မှာ ကျနော်တို့ ဆိုင်ကယ် ရပ်လိုက်တာ ၁၀ စက္ကန့် မပြည့်တတ်ပါဘူး။ ဂိတ်ကြေးပေးရမယ်လို့ နားလည်တဲ့ ကျနော်က ပိုက်ဆံ အိတ်နှိုက်နေတုန်းမှာ “Army” (စစ်တပ်) ဆိုတဲ့ ပြိုင်တူ အော်သံကို ကြားရပြီး ဂိတ်တံခါးက ချက်ချင်း ပွင့်သွားပြီး ဆိုင်ကယ်သမားကလည်း တံတားပေါ် အရှိန်နဲ့ မောင်းတက်လိုက်ပါတယ်။
အိမ်ရောက်ပြီး နောက်ရက်တွေမှာ ကြားရတာတွေက မြင်းဆေးကိစ္စတွေပါပဲ။ ရပ်ကွက်ထဲမှာ ကလေးတွေ တော်တော်များများ မြင်းဆေးသုံးစွဲနေကြတဲ့ အကြောင်း၊ စည်းကမ်းကြီးတဲ့ ကျောင်းဆရာမ တယောက်ရဲ့ တဦးတည်းသော သားလည်း ဆေးကြောင်ပြီး ဆယ်တန်းစာမေးပွဲ မဖြေခဲ့တဲ့အကြောင်း၊ ညဘက်ဆိုရင် သုဿာန်တခုမှာ ဆယ်ကျော်သက်အရွယ်တွေ စုပြီး ဆေးသုံးကြ၊ အနီးအနားသွားတဲ့ မျက်နှာစိမ်းတွေကို ဝိုင်းရိုက်ကြတဲ့အကြောင်း၊ အစုံပါပဲ။ တမနက်မှာ လက်ဖက်ရည်ဆိုင် ထိုင်တော့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းလေးကပဲ မြင်းဆေး ကုန်ကူးတဲ့ လင်မယားနှစ်ယောက်ကို လက်ပစ်ဗုံးတလုံးနဲ့ အတူ ရဲက ဖမ်းမိတဲ့ အကြောင်းကို ပြောနေတာကို ကြားခဲ့ရပါတယ်။
နယ်စပ်ဒေသမှာ ထိုင်းနိုင်ငံ ရောက်နေတဲ့ မြန်မာအလုပ်သမားတွေ မြင်းဆေးကို သုံးစွဲကြတဲ့ ဇာတ်လမ်းတွေကို ကြားဖူးပေါင်းများပါပြီ။ အခုတော့ မြင်းဆေးက နယ်စပ် ဂိတ်တွေရဲ့ အနောက် မြန်မာပြည် အတွင်းပိုင်းထဲမှာပါ ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြတော့ အနည်းငယ်တော့ အံ့သြမိပါတယ်။ ကျောင်းနေအရွယ် ကလေးတွေကြားထဲအထိ ထိုးဖောက်နေတာကို ကြားရတဲ့အခါ စိုးရိမ်မိပါတယ်။ ကျနော် အစ်ကိုက ကွန်ပြူတာ ဂိမ်းကစားတဲ့ သုံးတန်းအရွယ် သူ့သားကို “ ဂိမ်းကစားတာတော့ ကစား၊ ဆေးသုံး လို့ကတော့ မင်းနာမယ်”လို့ ကြိမ်းတာကို ကြားရပါတယ်။
မိဘတွေအတွက် စိုးရိမ်မယ်ဆိုရင် စိုးရိမ်စရာပါပဲ။ မနှစ် ဇွန်လက Human Rights Foundation of Monland အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ မွန်ပြည်နယ်ထဲက မုဒုံ၊ သံဖြူဇရပ် မြို့နယ်တွေမှာ လူငယ်နှစ်ယောက်မှာ တယောက်က မူးယစ်ဆေးဝါး သုံးစွဲနေတယ်လို့ ဖော်ပြထားပါတယ်။ မြင်းဆေးတလုံးကို ကျပ်ငွေ ငါးထောင်ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေတဲ့အကြောင်း၊ ပျော်ပွဲရွှင်ပွဲတွေမှာ အရက်နဲ့ ထိုင်းနိုင်ငံက သွင်းတဲ့ အားဖြည့် အချိုရည် M-150 ဧည့်ခံသလို ကျိတ်ဝိုင်းတွေမှာ မြင်းဆေး (amphetamine) ကို သုံးစွဲကြတယ်လို့ ဖော်ပြထားတာ ဖတ်ရပါတယ်။
အာဏာပိုင်တွေက အရေးယူမှုအပိုင်းမှာ အားနည်းတာက အဓိက အကြောင်းရင်းတခု ဖြစ်မှာပါ။ သုံးစွဲတဲ့အလေ့အထတွေက ထိုင်းနိုင်ငံဘက်ကနေ ပါသွားတာလည်း ဖြစ်မှာပါ။ မိဘတွေက ရေခြားမြေခြားမှာ အလုပ်လုပ်၊ သားသမီးတွေက ဖြစ်ချင်တိုင်း ဖြစ်နေတာလည်း ဖြစ်မှာပါ။ သေချာတာကတော့ မြင်းဆေးတွေဟာ ဖောဖောသီသီ ဝယ်လို့ရနေပါတယ်။ လက်နက်ကိုင်တပ်ပေါင်းစုံ ရှိနေတဲ့ ဒေါနတောင်တကျောကို တရားမဝင်တဲ့ မှောင်ခို မူးယစ်ဆေးတွေ ဘယ်လို ခရီးသွားခဲ့သလဲဆိုတာကိုတော့ စစ်ဦးထုပ်တလုံးနဲ့ ခရီးသွားခဲ့ဖူးတဲ့ ကျနော်ရဲ့ ပူပူနွေးနွေး အတွေ့အကြုံအရ အထွေအထူး စဉ်းစားနေဖို့ မလိုတော့ပါဘူး။