နိုင်ငံတကာပြိုင်ပွဲများတွင် အများဆုံး ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာနိုင်ငံ၏ အားကစားနည်းမှာ မယ် “Miss” ရွေးပွဲပင် ဖြစ်သည်။ နိုင်ငံတကာတွင်လည်း ခေါင်းစဉ်မျိုးစုံဖြင့် မယ်ရွေးပွဲများက ရှိနေသည်။
ရှေးယခင်ကမူ မြန်မာနိုင်ငံတွင် မောင်မယ် ရွေးပွဲများ ခေတ်စားခဲ့ဖူးသည်။ တိုင်း၊ ခရိုင်မြို့ကြီးများ တွင်သာမက မြို့နယ်များ မှာပင်လျင် မောင်မယ် ရွေးပွဲများ ခေတ်စားခဲ့သည်။ ယခင်က ရှိဖူးသော ဒေသဆိုင်ရာ အိုလံပစ် အသင်းများက ကြီးမှူးကျင်းပလေ့ရှိသည်။ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အလေးမ အဖွဲ့ချုပ်တို့က ပံ့ပိုးကူညီ ပေးသည်။ မယ်ဒဂုန်၊ ရွှေမန်းမယ်၊ ပြုထောင်စုမယ်နှင့် မယ်ဗမာ (မြန်မာ) တို့မှာ ခေတ်စားသည်။
မောင်ရွေးပွဲကို ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီကပင် ရန်ကုန်မြို့ ဂျူဗလီခန်းမတွင် ကျင်းပခဲ့သည်။ နမ္မတူမြို့မှ (ဦး) ခင်မောင်ဆိုသည့် ကာယဗလသမား တဦးက မောင်ဗမာ (မြန်မာ) ဘွဲ့ ဆွတ်ခူးသည်။ ထိုစဉ်က မယ်ရွေးပွဲများ မပါသေးပါ။ မြန်မာအမျိုးသမီးများမှာ ဘောင်းဘီတို ဝတ်၍ အားကစားလိုက်စားခြင်း မရှိကြသေးပါ။
ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက် မောင်မယ်ရွေးပွဲကို ရန်ကုန်တက္ကသိုလ်မှ စတင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် နေ့ကျောင်းသူ၊ ကျောင်းသား “Day Student” များ အသင်းက ကြီးမှူး၍ ပညာရေး မဟာဌာန (ပညာရေး တက္ကသိုလ်) လေ့ကျင့်ရေးကျောင်း အားကစားရုံထဲတွင် ရန်ကုန်တက္ကသိုလ် အလေးမပြိုင်ပွဲနှင့် ရန်ကုန်တက္ကသိုလ် မောင်မယ်ရွေးပွဲ “Rangoon University Weight Lifting and Mr and Miss University” ကို ကျင်းပခဲ့သည်။ အလေးမ ပြိုင်ပွဲတွင် ၈ စတုံ၊ ၉ စတုံ၊ ၁၀ စတုံ၊ ၁၁ စတုံ ကိုယ်အလေးချိန် တန်း ၄ တန်း ယှဉ်ပြိုင်စေခဲ့သည်။ မောင်မယ် ရွေးပွဲတွင် မောင်လောင်းကျောင်းသား ၂၁ ယောက်၊ မယ်လောင်းကျောင်းသူ ၁၂ ယောက်ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ပထမဆုံး အကြိမ် ကျင်းပသည့် ရန်ကုန် တက္ကသိုလ် မောင်မယ်ရွေးပွဲတွင် အကဲဖြတ်ဒိုင်လူကြီးများ အဖြစ်၊ ဦးဇော်ဝိတ်၊ ဒေါက်တာ ဝေါ်လ်တာချစ်ထွန်း၊ သီဟဗလ ဦးသော်ဇင်၊ ပန်းချီဆရာ ကြီးဦးဘကြည်၊ ဒေါ်မမခင်၊ ဒေါ်သန်းခင်၊ ဒေါ်ရီကြိန်တို့က ဆောင်ရွက်ကြသည်။
၁၉၄၇ ခုနှစ်တွင် စတင်ကျင်းပသည့် ပထမဆုံး အကြိမ်မြောက် တက္ကသိုလ်မောင်မယ် ရွေးပွဲတွင် မောင်တက္ကသိုလ် အဖြစ် အောင်ကြူး၊ မယ်တက္ကသိုလ်အဖြစ် နစ်နက်ချစ်ထွန်းတို့က ဆွတ်ခူးရရှိခဲ့ ပါသည်။
ဘောင်းဘီတို၊ ကိုယ်ကြပ်အကျႌများကို တက္ကသိုလ် ကျောင်းသူလေးများက ဝတ်ဆင်ပြီးလူရှေ့ သူရှေ့ပြိုင်ပွဲ ဝင်ကြခြင်းမှာ အမိတက္ကသိုလ်ကို လည်းကောင်း၊ တက္ကသိုလ် ကျောင်းသူတည်းဟူသော ဂုဏ်သိက္ခာကို ထိပါးစေသည်ဟု ဆိုသူများက တဖက်၊ ကျန်းမာ ကြံ့ခိုင် သန်စွမ်းသော တက္ကသိုလ် ကျောင်းသူလေးများ ရှိဖို့ လိုအပ် သဖြင့် တက္ကသိုလ် ကျောင်းသူများ မယ်ရွေးပွဲ ဝင်သင့်သည်ဟု ထောက်ခံသူများက တဖက် သတင်းစာများထဲတွင် အပြန်အလှန် ဆောင်းပါးရေးကြသည် အထိ ရန်ကုန်တက္ကသိုလ် မောင်မယ်ရွေးပွဲက ရိုက်ခတ်ခဲ့သေးသည်။
တက္ကသိုလ် မောင်မယ်ရွေးပွဲများကို ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိပြီးသည့်နောက် ရန်ကုန်တက္ကသိုလ် အားကစား ကောင်စီ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ“တကသ” နှင့် ရန်ကုန်တက္ကသိုလ် အလေးမအသင်းကြီးတို့ ပူးပေါင်းကာ တက္ကသိုလ်မောင်မယ် ရွေးပွဲများကို ၁၉၆၁-၁၉၆၂ ခုနှစ်အထိ နှစ်စဉ် ဒီဇင်ဘာလထဲတွင် ရန်ကုန်မြို့ မြို့တော်ခမ်းမတွင် ကျင်းပခဲ့သည်။
၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး သည့်နောက် မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် မယ်ရွေးပွဲများကို ပိတ်ပင်လိုက်ရာ တက္ကသိုလ် ပေါင်းစုံ မယ်ရွေးပွဲ ပါဝင်သွားတော့သည်။
၁၉၄၆-၄၇ ခုနှစ်မှ ၁၉၆၁-၆၂ အထိအရွေးခံရသည့် တက္ကသိုလ်မောင်မယ်များမှာ ၃၆ ဦး ရှိသည်။ ယင်းတို့မှာ –
အောင်ကြူး၊ နစ်နက်ချစ်ထွန်း (၁၉၄၆-၄၇)၊ စန်းရှိန် မေစီခ (၁၉၄၇-၄၈)၊ မောင်မောင်၊ မလှကြည် (၁၉၄၈-၄၉)၊ ကိုကိုလေး၊ မရင်ကြည် (၁၉၄၉-၅၀)၊ သိန်းဟံ၊ မသိန်းနွယ် (၁၉၅၀-၅၁)၊ စိုးမြ၊ ခင်လေးငယ် (၁၉၅၁-၅၂)၊ ခင်မောင်ဝင်း၊ မေစံဝင်း (၁၉၅၂-၅၃)၊ တင်ဝင်း၊ နုနုရီ (၁၉၅၃-၅၄)၊ ထွန်းအောင်၊ ဖြူဖြူရှိန် (၁၉၅၄-၅၅)၊ တင်ညွန့် (သစ်တော)၊ မင်နီပု (၁၉၅၅-၅၆)၊ ကျော်ထင်၊ နန်းမြင့်ရီ (၁၉၅၆-၅၇)၊ လှမြိုင်၊ လီလီစိုးရင် (၁၉၅၇-၅၈)၊ တင်ညွန့်၊ မေရီစိုးရင် (၁၉၅၈-၅၉)၊ မောင်မောင်သန်း၊ အယ်လီဇဘက်စိုးရင်(ခ)မြတ်မြတ်ထွေး၊ (၁၉၅၉-၆၀)၊ လှအောင်၊ အေးအေး မြင့် (၁၉၆၀-၆၁)၊ ပရားကပ်(ရှ)၊ ခင်စန်းရီ (၁၉၆၁-၆၂)၊ တို့ဖြစ်သည်။
၁၉၆၁-၆၂ ခုနှစ်သည် တက္ကသိုလ် မောင်မယ်ရွေးပွဲ နောက်ဆုံးနှစ်ပင် ဖြစ်သည်။ ၁၉၆၂ ခုနှစ် ထဲတွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂလည်း မရှိတော့ပါ။ တက္ကသိုလ်သမဂ္ဂ အဆောက်အအုံလည်း ဖောက်ခွဲဖျက်ဆီး ခံလိုက်ရသည်။ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်နှစ်ဦးပါဝင်သည့် တက္ကသိုလ် အားကစားကောင်စီ လည်း မရှိတော့ပါ။
၁၉၄၆-၄၇ ခုနှစ်၊ ပညာသင်နှစ်မှ ၁၉၆၁-၆၂ ခုနှစ်၊ ပညာသင်နှစ်အတွင်း ပေါ်ထွက်ခဲ့သည့် မယ်တက္ကသိုလ်၊ မောင်တက္ကသိုလ်များ ထဲမှ ထူးချွန်ထင်ရှားသည့် မောင်တက္ကသိုလ်၊ မယ်တက္ကသိုလ်များ ပေါ်ထွက်ခဲ့သည်။ ၁၉၅၂-၅၃ ပညာသင်နှစ်တွင် မောင့်တက္ကသိုလ်ဘွဲ့ ရသည့် ခင်မောင်ဝင်းမှာ မောင်ဒဂုံနှင့် မောင်ဗမာ (တ) ဘွဲ့ လည်း ဆွတ်ခူးခဲ့ သည်။ ၁၉၅၈-၅၉ ခုနှစ်၊ မောင်တက္ကသိုလ်ဘွဲ့ ရရှိသည့် အောင်ညွန့်မှာ မောင်ဗမာအငယ်တန်းဘွဲ့လည်း ဆွတ်ခူးနိုင်ခဲ့ သည်။
မောင်ရွေးပွဲများသာ ကျင်းပသည့် ၁၉၆၂ ခုနှစ် နောက်ပိုင်း တက္ကသိုလ်မောင်ရွေးပွဲမှ ၁၉၆၈-၆၉ ခုနှစ် ပညာသင်နှစ်မှ မောင်တက္ကသိုလ်ဘွဲ့ ဆွတ်ခူးသည့် အေးမြင့်မှာ မောင်ဗမာရွေးပွဲ၌လည်း မောင်ဗမာဘွဲ့ ဆွတ်ခူးနိုင်ခဲ့သည်။ ထိုနည်းတူပင် ၁၉၇၀-၇၁ ခုနှစ်တွင် ပြည့်စုံ၊ ၇၂-၇၃ ခုနှစ်တွင် ခွန်တင်မောင်မောင်၊ ၁၉၈၆-၈၇ ခုနှစ်တွင် တင်ဇော်မြတ်၊ ၈၇-၈၈ ခုနှစ်တွင်လည်း တင်ဇော်မြတ်ပင် မောင်ဗမာဘွဲ့နှင့် အိုလံပစ်မောင်ဘွဲ့များ အသီးသီး ဆွတ်ခူး နိုင်ခဲ့ကြသည်။
၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် တက္ကသိုလ် မောင်ရွေးပွဲများပင် ကျင်းပနိုင်ခြင်း မရှိတော့ပါ။ တက္ကသိုလ်များလည်း အစိတ်စိတ်အမွှာမွှာဖြစ်ကာ တောထဲတောင်ထဲ ရောက်ကုန်ကြသည်မှာ ၂၀၁၃ ခုနှစ် အထိပင် ဖြစ်သည်။
၁၉၄၆-၄၇ ခုနှစ် ပညာသင်နှစ်မှ စကာ ၁၉၆၁-၆၂ ခုနှစ် ပညာသင်နှစ်အထိ ကျင်းပနိုင်ခဲ့သည့် အတွက် တက္ကသိုလ်မောင်မယ် ရွေးပွဲတွင် မယ်တက္ကသိုလ်အဖြစ် အရွေးခံရသည့် ကျောင်းသူလေးဦးမှာ အဆင့်မြင့် မယ်ဗမာပြိုင်ပွဲများ၌လည်း မယ်ဗမာဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့ကြသည်။ မယ်တက္ကသိုလ် များထဲမှ မယ်ဗမာ ဆွတ်ခူးနိုင်သူမှာ နုနုရီပင်ဖြစ်သည်။ နုနုရီသည် မယ်ဗန်းမော်ဘွဲ့လည်း ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။ ယင်းနောက် ဖြူဖြူရှိန်၊ မင်နီပုနှင့် အယ်လီဇဘက် စိုးရင် (ခေါ်) မြတ်မြတ်ထွေးတို့လည်း မယ်ဗမာဘွဲ့ကိုပါ ဆွတ်ခူးနိုင်ခဲ့ကြသည်။ မယ်တက္ကသိုလ်၊ မယ်ဗမာ မင်နီပုမှာ မယ်စကြဝဠာ ပြိုင်ပွဲအထိ တက်ရောက် ယှဉ်ပြိုင်နိုင်ခဲ့သည်။
တက္ကသိုလ်များ ကောလိပ်များ တကွဲတပြားစီ ဖြစ်ပြီးနောက် တက္ကသိုလ်များ၏ အားကစားလှုပ်ရှားမှု များမှာလည်း မရှိသလောက် ကွယ်ပျောက်သွားခဲ့ရသည်။
သို့သော် ၂၀၁၄ ခုနှစ်ထဲတွင် တက္ကသိုလ်မောင်မယ် ရွေးပွဲ ကျင်းပရန် အတွက် တက္ကသိုလ် အချို့၏ ပြင်ဆင်မှုများကို ကြားလိုက်ရသည်။ အားကစားကွင်း မရှိ၊ အားကစားရုံ မရှိ၊ အားကစား အထောက်အကူ ပစ္စည်းများလည်း မရှိသည့် တက္ကသိုလ်များက မောင်မယ် ရွေးပွဲ ကျင်းပမည် ဆိုသည့် သတင်းကို ကြားမိလိုက်တော့ အထူးပင် အံ့အားသင့်ရ သည်။ မောင်သည် လည်းကောင်း၊ မယ်သည် လည်းကောင်း ကာယဗလ ကြံ့ခိုင် တောင့်တင်းမှုကို အခြေခံပြီးမှ မောင်မယ်ရွေးပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ ကာယဗလ လေ့ကျင့်ရန် အတွက် အားကစားရုံ မရှိ၊ အားကစားပစ္စည်းများ မရှိဘဲနှင့် မောင်မယ်ရွေးပွဲများ တက္ကသိုလ်အဆင့် ကျင်းပရန် ပြင်ဆင်နေခြင်းမှာ အဓိပ္ပာယ် မရှိပါ။
ပြီးတော့ မည်သည့် မောင်မယ်ရွေးပွဲများ အထူးသဖြင့် တက္ကသိုလ်မောင်မယ်ရွေးပွဲဝင်သူများကို စခန်းသွင်း လေ့ကျင့်သည်ဟု ဆိုကာ ဟိုတယ်တခုတွင် စည်းရုံးထားစေခဲ့သည်။ ပြည်ပမှ နည်းပြဆရာနှင့်ပင် လေ့ကျင့် စေသည်ဟုလည်း ဆိုသည်။ မောင်လောင်းတယောက် တက္ကသိုလ်ကျောင်းသားတဦး ဟိုတယ်ရေကူးကန်မှာ အလောင်းတွေ့မှပင် တက္ကသိုလ်ပေါင်းစုံ မောင်မယ်ရွေးပွဲသတင်း ရပ်သွားတော့သည်။ ရေကူးကန်ထဲမှာတွေ့သည့် အလောင်းသတင်း နောက်ဆက်တွဲက မီဒီယာများတွင် ပါမလာတော့ပဲ ငြိမ်သက်နေသည်ကလည်း ဆန်းနေသည်။ (ယနေ့ထုတ် ဂျာနယ် တခုတွင်မူ ယင်းအမှုကို အင်းစိန် စီအိုင်ဒီကလွှဲပြောင်း စုံစမ်းသွားမည် ဖြစ်ကြောင်း ဖတ်လိုက်ရ သည်။)
ကျင်းပမည် ဆိုသည့် တက္ကသိုလ်ပေါင်းစုံ မောင်မယ်ရွေးပွဲကို ပညာရေး ဝန်ကြီးဌာန၊ သို့မဟုတ် အားကစား ဝန်ကြီးဌာန၊ သို့မဟုတ် မြန်မာပြည် အိုလံပစ်ကော်မတီ၊ သို့မဟုတ် မြန်မာနိုင်ငံအလေးမနှင့် ကာယဗလအဖွဲ့ချုပ် သို့မဟုတ် (ရှိခဲ့လျှင်) တက္ကသိုလ်အားကစားကောင်စီက ကြီးမှူးကျင်းပခြင်း၊ သို့မဟုတ် ခွင့်ပြုချက် ရယူခြင်းမဟုတ်ဘဲ ပုဂ္ဂလိက အဖွဲ့အစည်းတခုက ကြီးမှူးကျင်းပမည် ဆိုခြင်းမှာလည်း အထက်ဖော်ပြပါ ဝန်ကြီးဌာနများ၊ အားကစား အဖွဲ့အစည်းများကို အသိအမှတ် မပြုရာ ရောက်နေသည်။
တက္ကသိုလ် မောင်၊ မယ်ရွေးပွဲသာ မဟုတ်ဘဲ အထူးပြည်ပ မယ်ရွေးပွဲများ ဝင်ရန် အတွက် မယ်ရွေးပွဲများ ကျင်းပခြင်း၊ ပြည်ပတွင် ကျင်းပသည့် နိုင်ငံတကာ မယ်ကမ္ဘာ၊ မယ်စကြဝဠာ ရွေးပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းကို ပုဂ္ဂလိက အဖွဲ့အစည်းများက ဦးစီး ဦးဆောင်ပြုနေ ကြသည့် မည်သည့် အားကစားနည်းမဆို နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သည့်အခါ နိုင်ငံကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခြင်းပင် ဖြစ်သည်။ နိုင်ငံကို ကိုယ်စားပြုခြင်း ဖြစ်သဖြင့် မယ်ရွေးပွဲများ အပါအဝင် မည်သည့် အားကစားနည်း မဆို ပုဂ္ဂလိက အဖွဲ့အစည်းများက လုပ်ပိုင်ခွင့် မရှိပါ။ နိုင်ငံတော် သို့မဟုတ် နိုင်ငံတော် ကိုယ်စားပြုသည့် အဖွဲ့အစည်းကသာလျှင် တရားဝင် လုပ်ပိုင်ခွင့် ရှိပါသည်။
ဤသည်မှာ သဘောတရား ဖြစ်ပါသည်။ နိုင်ငံတော်ကိုယ်စားပြုသည့် အခြေခံမူကို လက်တွေ့ မကျင့်သုံးကြ ခြင်းမှာ ဘာကြောင့်နည်း။ အဖြေရှာသင့်ကြ ပါသည်။
တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံ အဆင့် ပြိုင်ပွဲများကို ပြင်ပမှ လူပုဂ္ဂိုလ်အဖွဲ့ အစည်းများက ဝင်ရောက် ချယ်လှယ် လုပ်ဆောင်နေကြခြင်းမှာ တက္ကသိုလ်၏ ဂုဏ်သိက္ခာကို ထိပါးစော်ကားနေကြခြင်းသာ ဖြစ်သည် ဟု စာရေးသူက ထင်မြင်ယူဆ မိပါသည်။
တက္ကသိုလ် ကျောင်းဝိုင်းအတွင်းမှ ကံ့ကော်ပန်းရနံ့ကို အမြတ်တနိုး ထားခဲ့သူများ၊ အဓိပတိ လမ်းမကြီးပေါ် တရားဝင် လျှောက်လှမ်းခဲ့ဖူးသူများ၊ ဦးချစ်ဆိုင်မှာ ထိုင်ခဲ့ဖူးကြသူများ၊ အင်းလျားကန်ပေါင်တွင် အကြော်စုံ စားခဲ့ဖူးသူတိုင်း၊ တက္ကသိုလ် လက်ရွေးစင် ဘောလုံးအသင်းကို အားပါးတရ ဟစ်ကြွေး အားပေးခဲ့ဖူးသူတိုင်း စဉ်းစားကြပါကုန်။ ။