ဆောင်းပါး

၂၁ ရာစု Facebook ရီဗျူး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

(၁)

နေရာ။ ။ ရန်ကုန်မြို့လယ်နှင့် မလှမ်းမကမ်းတနေရာရှိ အေးချမ်းဆိတ်ငြိမ်ပြီး ပန်းအလှပင်များနှင့် လှပဝေဆာနေသည့် လက်ဖက်ရည် ဆိုင်လေး တဆိုင်။

အချိန်။ ။ ၁၉၉၇ ၏ နွေနေ့လယ်ခင်း တခု။

မြင်ကွင်း။ ။ စားပွဲတလုံးတွင် လူငယ်တစု ထိုင်နေသည်။ မကြာသေးသော အချိန်က သူတို့ တက်ရောက်ခဲ့သည့် သင်တန်း တခု၏ အတွေ့အကြုံများကို အချင်းချင်း အာပေါင်အာရင်း သန်သန် အော်ဟစ် ပြောဆိုနေကြသည်။ နောက်တော့ စကား ဝိုင်းသည် အကြောင်းအရာများ၊ ခေါင်းစဉ်များ တခုပြီးတခု ပြောင်းလဲသွားပြန်သည်။ တယောက်က သူဖတ်ပြီးသည့် စာအုပ် တအုပ် အကြောင်းကို ပြောတော့ နောက်တယောက်က သူသဘောမတူသည့် အချက်များကို အကိုးအကားများနှင့် ဝင်ငြင်းသည်။ သူတို့ထဲက မိန်းကလေး တယောက်က သူကြည့်ခဲ့သည့် ရုပ်ရှင်ကား တကားအကြောင်း ပြောသည့်အခါ ကျန်သူများက စိတ်ဝင်တစား နားထောင်ပြီး သူတို့ အမြင်များကို တယောက်တပေါက် ဝင်ပြောကြပြန်သည်။ ခဏကြာတော့ ရင်ဘတ်မှာ Never Die စာတန်းပါ တီရှပ်ကို ချည်ချောလုံချည် ခပ်တိုတိုနှင့် တွဲဖက် ဝတ်ဆင်ထားသည့် လူငယ်တယောက်က နေရာမှထကာ ကောင်တာဆီသို့ သွားလိုက်သည်။ ထိုလူငယ်က ကောင်တာမှာ ထိုင်နေသည့် ဆိုင်ရှင်ကို လက်ထဲမှ တစုံတရာကို ပေးရင်း နှုတ်မှလည်း တခုခုကို ပြောဆိုလိုက်ပုံရသည်။

သူ မူလနေရာစားပွဲဝိုင်းမှာ ပြန်ဝင်ထိုင်လိုက်စဉ်မှာပဲ ဆိုင်ရဲ့ ဆောင်းဘောက်စ်ထဲမှ နေ၍ ထူးအိမ်သင်၏ ညီလေးရေ … ဆိုသည့် ချိုသာ နူးညံ့သော တေးသံက လွင့်ပျံ့လာပြီး သူတို့အုပ်စုလေးသာမက၊ ဆိုင်ထဲရှိ လူအားလုံး ညင်းပျောင်း သော်လည်း အားပြင်းသည့် ဂီတနှင့် စကားလုံးများ၏ ရေစီး၌ မျောပါသွားကြကာ နွေနေ့လယ်ခင်း အပူကို မေ့သွား ကြတော့သည်။ အုပ်စုထဲက မိန်းကလေးတွေကလည်း ထိုသီချင်း၏ စည်းချက်နှင့်အညီ စားပွဲကို လက်ချောင်း လေးများနှင့် ခေါက်ရင်း ထူးအိမ်သင်၏ “ညီလေးရေ …” မှာ ညီမလေးတွေလည်း ရင်ခုန်သံချင်း တထပ်တည်း ကျခဲ့သည်။ ထိုစဉ်တုန်းက သူတို့ ရင်ခုန်သံတွေက ဤသို့ဖြစ်ခဲ့သည်။ သူတို့ ခေတ်ကို သူတို့ ဤသို့ ဖြတ်သန်းခဲ့ကြသည်။

(၂)

နေရာ။ ။ ရန်ကုန်မြို့လယ်နှင့် မလှမ်းမကမ်းတနေရာရှိ လူစည်ကား ရှုပ်ထွေးသော လမ်းမကြီးဘေး တနေရာရှိ လက်ဖက်ရည်ဆိုင် တဆိုင်။

အချိန်။ ။ ၂၀၁၃ ခုနှစ်၏ တနင်္ဂနွေ နေ့လယ်ခင်း တခု။

မြင်ကွင်း။ ။ သင်တန်းကျောင်း တခုခုဆင်းချိန် ထုံးစံအတိုင်း စောစောက လူရှင်းနေခဲ့သည့် ဆိုင်ထဲက စားပွဲဝိုင်းများ ချက်ချင်း လူပြည့်သွားသည်။ စားသောက်ဖွယ်ရာများ ရောက်လာသောအခါ စားပွဲတဝိုင်းတွင် ထိုင်နေကြသော လူငယ်တစုက သူတို့လက်ထဲက လက်ကိုင်ဖုန်းလေးများကို ထုတ်ယူပြီး ဓာတ်ပုံရိုက်ကြသည်။ ပြီးတော့ သူတို့၏ Facebook စာမျက်နှာမှာ Status အသီးသီး တင်လိုက်ကြသည်။ သူတို့ ဘယ်နေရာမှာ ဘာလုပ်နေကြသည်၊ ဘယ်သူတွေနဲ့ ရှိနေကြသည် ဆိုတာကို လတ်တလော သူတို့အုပ်စုထဲမှာ မပါဝင်နိုင်သည့် သူတို့၏ သူငယ်ချင်းတွေလည်း တခဏချင်းအတွင်းပဲ သိရှိသွားနိုင် ကြပြီ ဖြစ်သည်။ သူတို့က အစားအစာ တချို့ကို စတင် စားသောက်ကြသည်။ ဒါပေမယ့် သူတို့ အာရုံတွေက သူတို့ လက်တကမ်းရှိ စားပွဲပေါ် တင်ထားသော လက်ကိုင်ဖုန်းလေးများ ထံမှာသာ ရှိနေကြသည်။

ခဏနေတော့ သူတို့အထဲက တယောက်က ရယ်ကာမောကာ တစုံတခုကို အော်ပြောလိုက်သည်။ သူ့မျက်လုံးများက သူ့ရှေ့ စားလက်စ ပန်းကန်ဘေးမှာ ချထားသည့် ဖုန်းထံမှာ …။ သူ့စကားအဆုံးမှာ သူတို့အဖွဲ့အားလုံး ခုနက ဘေးမှာချထားသည့် လက်ကိုင်ဖုန်း အသီးသီးကို ကောက်ကိုင်လိုက်ကြပြီး စောစောက တင်ထားသည့် Facebook စတေးတပ်စ် တွေကို ကိုယ်စီ ဖွင့်ဖတ်လိုက် ကြသည်။ အဝေးမှ သူတို့ သူငယ်ချင်းတယောက်က သူတို့ အစားအသောက်ပုံ စတေးတပ်စ်ကို သူ့မှတ်ချက် (Comment) ဝင်ရေးထားပြီ။ ခင်မင်စွာ နောက်ပြောင် တုန့်ပြန်လာသော သူငယ်ချင်း၏ Comment ကို သူတို့ကလည်း အားကျမခံ Comment တယောက်တမျိုး အသီးသီး ရေးလိုက်ကြပြန်သည်။ စုစုပေါင်း ၇ ယောက်တိတိ ရှိသော သူတို့ သူငယ်ချင်း အုပ်စုသည် အခုအချိန်ထိ တဦးနှင့်တဦး စကားကောင်းကောင်း မပြောဖြစ်သေး။ Facebook စာမျက်နှာရဲ့ သတိပေးချက် (Notification) ဂဏန်းနီနီ ကလေးတွေ တက်လာတာကိုပဲ သတိနဲ့ စောင့်ကြည့်နေရသည်။ သူတို့ တင်လိုက်သည့်၊ သူတို့အချင်းချင်း အပြန်အလှန် Tag လုပ်ထားသည့် ဓာတ်ပုံ စတေးတပ်စ် အသီးသီးတွင် ဝင်ပြီး Comment ရေးလာကြ (သူတို့အခေါ် .. ဝင်မန့်ကြတဲ့) သူတွေကို အပြင်မှာသိကျွမ်းထားသူ ဖြစ်စေ၊ Facebook ပေါ်မှာသာ သိရသူဖြစ်စေ၊ လူမှုရေးအရ ဂရုတစိုက်နှင့် ပြန်ပြီး တုန့်ပြန်သင့်သည် မဟုတ်လား။ သူတို့အားလုံး အစားအသောက်တွေကို စားနေကြပေမယ့် သူတို့ မျက်နှာတွေကတော့ လက်ကိုင်ဖုန်းများ၏ ဖန်သားမျက်နှာပြင်ကနေ မခွာနိုင်ဘဲ ရှိနေကြသည်။ သူတို့အာရုံတွေက Facebook ထဲက ကမ္ဘာလောက ဆီမှာသာ ကိုယ်စီကိုယ်စီ ဝဲလည်၍ နေကြသည်။

(၃)

ခေတ်ရေစီးဆိုတာ ငြိမ့်ငြိမ့်ကလေး စီးသလား၊ ဝုန်းကနဲဒိုင်းကနဲ အရှိန်ဖြင့် တိုးတိုက် စီးဆင်းသလား။ ကုန်ဆုံးခဲ့သော ဆယ်စုနှစ် နှစ်ခု နီးပါး ကာလကို ဖြတ်ပိုင်း ကြည့်မိသောအခါ တွေ့မိသော ပုံရိပ်တို့က သိသိသာသာပင် ကွာခြားခဲ့ပြီ။ ကျမတို့ လူငယ်ဘဝ ပျော်ရွှင် ကျင်လည်ကျက်စားရာ နေရာတွေသည် လက်ဖက်ရည်ဆိုင်၊ စာအုပ်အငှားဆိုင်နှင့် ရုပ်ရှင်ရုံများ ဖြစ်ခဲ့ သော်လည်း၊ ဒီနေ့ လူငယ်အများစု အတွက်တော့ လက်ဖက်ရည်ဆိုင် ထက်ပဲ အင်တာနက်ဆိုင်၊ ဂိမ်းဆိုင်များနှင့် ပိုပြီး နီးစပ်ကြပုံ ရသည်။ တိုးတက်လာသော အိုင်တီ နည်းပညာများ၏ ဆွဲဆောင်မှုတွင် စီးမျော ပါဝင်ကြသည်။ အရင်က မိမိတွေ့လိုသူကို လူချင်း ပြေးတွေ့ပြီး တိုင်ပင်ပြောဆို လုပ်ကိုင်ကြရသော အမှုကိစ္စတို့ကို အခုတော့ ထိုသူ ရောက်နေရာ အရပ်ဆီ သူ့လက်ကိုင် ဖုန်းနံပါတ် ကလေး နှိပ်ပြီး ပြောလိုက်ရုံဖြင့် ရပြီ။ သွားရင်းလာရင်း လမ်းမှာ ကုန်ရမည့် အချိန်တွေကို လျှော့ချနိုင်ပြီ။ မိမိ ချစ်သူခင်သူ တွေကို အင်တာနက် ဖုန်းကနေတဆင့် ကမ္ဘာမြေ၏ နေရာဒေသအနှံ့ ဆက်သွယ်နေနိုင်ပြီ။ တစတစ တိုးပွားလာသော တီဗီချယ်နယ် တွေမှ တဆင့် ဂီတဖျော်ဖြေပွဲတွေ၊ ဘောလုံးပွဲတွေ၊ နိုင်ငံခြား ဇာတ်လမ်းတွဲတွေကို မိမိ အိမ်ဧည့်ခန်းမှ နေပဲ ငေးမောကြသည်။ ထိုသို့သော နည်းပညာ၏ ရေစီးမှာ စီးမျောသူတို့က လူငယ်တွေတင် ပဲတော့ မဟုတ်ချေ။ အရွယ် ၃ ပါးစလုံး သာယာစွာ စီးမျော ပျော်ဝင်ကြခြင်းဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်ပိုင်း ကာလလောက်မှ စပြီး မြန်မာနိုင်ငံမှာ မီဒီယာနည်းပညာရဲ့ အရွေ့က ပိုမိုသိသာစွာ ပြောင်းလဲ လာခဲ့သည် ဆိုရမည်။ အိုင်တီ နည်းပညာနှင့် ယဉ်ပါးသော၊ စာပေ အနုပညာနှင့် သတင်းအချက်အလက်ကို စိတ်ဝင်စားသည့် ပညာတတ် လူငယ်တချို့ရဲ့ အကြားမှာ Blog ရေးသား ဖတ်ရှုခြင်းက ခေတ်စားလာခဲ့သည်။ မိမိရေးသား ပြောဆိုလိုသော အကြောင်းအရာ ရသ/ သုတ အမျိုးမျိုးကို မိမိရဲ့ ဘလော့ဂ် စာမျက်နှာတွေမှာ ရေးကြသည်။ ဘလော့ဂ် ရေးသားသူချင်း သာမက ဝါသနာပါသူ တချို့ကလည်း ထိုဘလော့ဂ်တွေကို ဝင်ရောက် ဖတ်ရှုကြသည်။ မြန်မာ့သမိုင်း စာမျက်နှာမှာသာ မက ကမ္ဘာ့သမိုင်း စာမျက်နှာပေါ်မှာပါ အကျော်ဒေးယျ မှတ်တမ်းတခု ဖြစ်ခဲ့သော ရွှေဝါရောင် တော်လှန်ရေးတွင် ပြည်သူတို့သည် နိုင်ငံတကာ မီဒီယာများထံမှ သတင်းအချက်အလက် များကို မသိရှိရမီ ပြည်တွင်းနေ ပညာတတ်လူငယ်တွေ စုစည်း တင်ပြသော သတင်း အချက်အလက်များကို သူတို့ ဘလော့ဂ်စာမျက်နှာ တွေကနေ တဆင့် မျှော်လင့်တကြီး စောင့်စား ဖတ်ရှုခဲ့ ကြရသည်။ အဲဒီနောက် ပိုပြီး တွင်ကျယ်လာတာကတော့ Facebook ပဲ ဖြစ်သည်။

Facebook ကို ၂၀၀၄ ခုနှစ်မှာ Mark Zuckerberg နဲ့ ဟားဗတ်တက္ကသိုလ် ကျောင်းသားတစုက စပြီးတည်ထောင်ခဲ့တာ ဖြစ်ပေမယ့် ကျမတို့မြန်မာပြည် အပါအဝင် ကမ္ဘာတဝှမ်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာ ခဲ့တာကတော့ ၂၀၀၈ -၂၀၀၉ ခုနှစ်လောက် ကျမှလို့ မှတ်သားမိသည်။ Social Network တွေနဲ့ မရင်းနှီးဖူးသေးတဲ့ ကျမတို့တတွေကို Facebook က ကောင်းကောင်းကြီး ဆွဲဆောင်နိုင်ခဲ့သည်။ Facebook မှ တဆင့် ကွဲကွာနေသော ကမ္ဘာအနှံ့မှ သူငယ်ချင်းတွေ ပြန်တွေ့ ကြသည်။ ကမ္ဘာအနှံ့မှ သတင်းအချက်အလက် တွေကို သိနိုင်သည်။ အနည်းဆုံးတော့ ကိုယ့်မိတ်ဆွေတွေရဲ့ သာရေး နာရေးတွေကို အရင်ကလို သတင်းစာ ဖတ်စရာမလိုပါဘဲ သိနိုင်သည်။ အိမ်ထဲက အိမ်ပြင် မထွက်ပါဘဲနဲ့ Facebook ကို ဖွင့်လိုက်ရုံနဲ့ သတင်းပလင်းရော အတင်းအဖျင်းပါ အကုန်သိနိုင်သည်။ နားထောင်ရုံသာမက ဝါသနာပါရင် ကိုယ်တိုင်လည်း အိမ်ထဲက အိမ်ပြင်မထွက်ဘဲ ဝေဖန်နိုင်၊ အတင်းတုတ်နိုင်သေးသည်။ ဖေ့စ်ဘွတ်ခ်မှ သိရသည့် သတင်းအချက်အလက်တွေမှာ အလုံးစုံယုံကြည်စိတ်ချရသည်မဟုတ်သော်လည်း ပေါ့ပါ့ပါးပါးနှင့် လိုရင်းကို မြန်မြန်သိနိုင်သည်။

Facebook သည် သုံးတတ်ရင် ဆေးဖြစ်သလို၊ မသုံးတတ်ရင် ဘေးပဲဟု ဝေဖန်သူလည်းရှိသည်။ တလောလေး တုန်းကတော့ သုံးစွဲချိန်များလေ ဝင်ငွေနည်းလေ၊ ဒါမှမဟုတ် ဝင်ငွေနည်းသူများသာ Facebook သုံးစွဲကြသည်ဟူသော ဝေဖန်ချက် တခုကိုလည်း Facebook စာမျက်နှာပေါ်မှာတင် ဖတ်ခဲ့ရပြီး စောဒက တက်သံများ၊ ထောက်ခံသံ များကိုလည်း ကြားခဲ့ရ ဖတ်ခဲ့ရ သေးသည်။ ရာနှုန်းပြည့် မှန်ကန်သော စစ်တမ်း ကောက်ချက်မျိုး မဟုတ်ပေမယ့် ဒါလည်း စဉ်းစားစရာကိစ္စ တခုတော့ ဖြစ်ခဲ့သည်။ Facebook သုံးစွဲသူတွေထဲမှာ မိမိရဲ့ လုပ်သင့်လုပ်ထိုက်ရာ အရေးကိစ္စများကို ဘေးဖယ်ပြီး Facebook နဲ့သာ အချိန်ကုန်ရင်း စွဲစွဲလန်းလန်း ဖြစ်နေသူတွေရှိသည်။ Facebook ဆိုတာ မိမိတဦးတည်းပိုင် ဒိုင်ယာရီစာအုပ် မဟုတ်သည်ကို မေ့ပြီး Facebook မှာ စိတ်ထဲရှိသမျှ မိမိအတွင်းရေးတွေကို ဖွင့်ချပေါက်ကွဲ ပြနေသူတွေလည်း ရှိသည်။ အပြင်လက်တွေ့ အစစ်အမှန် ဘဝကနေ ပုန်းရှောင်ပြီး Facebook ပေါ်မှာ စိတ်ကူးယဉ် ကမ္ဘာသစ် တည်ထားသူလည်း ရှိသည်။ Facebook မှာ ဖတ်ရသမျှ သတင်းအစအန တွေကို ယုံကြည်စိတ်ချရသည်၊ မချရသည် မတွေးတောဘဲ အတည်ယူကာ တထစ်ချ ယုံကြည် ပစ်လိုက်သူတွေလည်း ရှိသည်။

ကျမရဲ့ ညီမငယ် တယောက်ကတော့ သူ Facebook သုံးစွဲခြင်း အကြောင်းကိုပြောပြဖူးသည်။ သူသည် အစကတော့ Facebook ကို သတင်းအတိုအထွာ ဖတ်ရန်၊ ကဗျာတွေစာတွေ ဖတ်ရန် အလို့ငှာ သုံးဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်း မှာတော့ တကယ်အချိန်ပေး ဖတ်ရမည့် သတင်းမျိုးဆို နောက်မှ ဖတ်မယ်ဟု ချန်ထားပစ်ခဲ့ပြီး ကျန်သည့် ဓာတ်ပုံတွေ၊ (အပြင်လောကမှာ သိသိ မသိသိ) Facebook ပေါ်က သူငယ်ချင်းတွေ ဘာပြောကြသည်၊ ဘာလုပ်နေသည် ဆိုတာမျိုး တွေသာ ဖတ်မိနေခဲ့ကြောင်း သူ့ကိုယ်သူ သတိထားမိလာသည်ဟု ဆိုသည်။ အဲဒီအခါမျိုးမှာ လုပ်ရမည့် အလုပ်တွေကိုလည်း မလုပ်မိဘဲ Facebook မှာ အချိန်ကုန်မိသည့် အတွက် သူ့ကိုယ်သူ အိမ်တကာလှည့် အတင်း နားထောင်တတ်သူကြီး လုံးလုံး ဖြစ်နေပြီလားဟု ခံစားမိလာကြောင်း ပြောပြသည်။ နောက်ပြီး ရုံးမှာ Facebook သုံးမိပါက အလုပ်ချိန်ကို တလွဲ အသုံးပြု မိသည် ဆိုသည့် မိမိကိုယ်ကိုယ် အပြစ်မြင်စိတ် (Guilty) ကို ခံစားရပြန်သည်ဟုလည်း သူကဆိုသည်။

လက်ရှိ ပြည်ပတွင် နေထိုင်အလုပ်လုပ်ကိုင် နေသော အသက် ၃၀ ဝန်းကျင် လူငယ်တဦးကတော့ Facebook မှာ ဖတ်ရသည့် Comment တွေ အကြောင်းကို ဝေဖန်သည်။ အထူးသဖြင့် Facebook မှာ ဖတ်ရသည့် သတင်းများ (အထူးသဖြင့် လူမျိုးရေး ဘာသာရေး သတင်းများ) ၏ အောက်တွင် စိတ်ခံစားချက်ကို ဆင်ခြင်တုံနှင့် မပိုင်းဖြတ် မချုပ်ထိန်းဘဲ ရေးသားကြသည့် Comment များ၊ ကြမ်းတမ်းရိုင်းပျစွာ ဆဲရေးတိုင်းထွာသည့် Comment များကို ဖတ်ပြီး စိတ်မချမ်းမြေ့ ဖြစ်ရသည်ဟု ဆိုသည်။ သူက Strait Times လို CNA လို Page များ ဖတ်ရသည့် အခါ တခြားနိုင်ငံသား တချို့ရဲ့ Comment များနှင့် နှိုင်းယှဉ်ပြပြီး ဝေဖန်သည်။

“သူတို့တိုင်းပြည်က လူတွေက ကွန်မန့် ရေးလေ့ရေးထ သိပ်မရှိကြပေမယ့် ရေးရင်လည်း ချက်ကျလက်ကျ ရေးကြပြီး ဘာအလေနတော မှလည်း မပါဘူး” ဟု သူကပြောသည်။ ဒါဖြင့် သူပြောသလိုဆို ကျမတို့ မြန်မာတွေ Facebook သုံးတာ အားလုံး အလေနတော တွေချည်း ရေးနေကြတာလား။ အဲဒီလိုမျိုးတော့ ကျမက လက်မခံချင်ပါ။ Facebook မှာ မှတ်သားစရာ တွေကိုလည်း ဖတ်ရ တွေ့ရပါသည်။

သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေး ဆိုသည့်အတိုင်း အသုံးချတတ်ဖို့ တော့လည်း လိုပါသည်။ ဥပမာပြောရရင် သုံးတတ် သူများကျတော့ Facebook ကို သုံးပြီး လူမှုရေး အကူအညီတွေကို ပေးနိုင်ကြတာ တွေ့ရသည်။ ဟိုးတလောတုန်းက အလှမယ် နန်းခင်ဇေယျာ လူမှုရေး အကူအညီ ပေးခဲ့သည့် ဖူးဖူးဆိုသော ၃ နှစ်အရွယ် ကလေးမလေး အကြောင်း သတင်းကို သတိရသည်။ တကိုယ်လုံးနီးပါး မီးလောင်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည့် ထိုကလေးငယ်နှင့် သူ့မိခင်တို့၏ ကူကယ်ရာမဲ့ အဖြစ်ကို Facebook ပေါ်မှာပဲ လူ့သတင်း လူချင်းဆောင်ရင်း သတင်းလက်ဆင့် ကမ်းကြရင်းဖြင့် နန်းခင်ဇေယျာ အပါအဝင် လူသိများ ကျော်ကြားသူတို့၏ ဦးဆောင်ကူညီမှုနှင့်အတူ စေတနာတူညီသူများ ပေါင်းစုမိကြပြီး ထိုသနားစရာ သားအမိ၏ ဒုက္ခကို ဝေမျှ ကူညီနိုင်ခဲ့ကြသည်။ မကြာသေးမီကလည်း Facebook သုံးစွဲသူ စေတနာရှင်တစုက ပြီးခဲ့သော နှစ်တွေကထက် အအေးပိုသည့် ဆောင်းဒဏ်ကို ခံစားရသည့်အခါ ရာသီဥတု ပိုပြင်းထန်သော တောတောင် ကြားထဲမှာ စစ်ပြေးနေကြရသည့် ကချင် စစ်ဘေးရှောင်သူတွေကို မမေ့မလျော့ သတိရမိကြကာ၊ အချင်းချင်း ဆော်သြကြရင်း အတိုင်းအတာ တခုသော လူမှုရေး အကူအညီတွေကို ပေးနိုင်ခဲ့တာ တွေ့ရသည်။ ကျမ လက်လှမ်းမမီ မသိရှိခဲ့သော ဖြစ်ရပ်များလည်း အများအပြား ရှိပါလိမ့်ဦးမည်။

ထိုသို့သော အဖြစ်တွေကို ကြည့်ရင် Facebook ကို အသုံးချတတ်ဖို့ လိုသလို၊ Facebook ၏ အသုံးချခံ မဖြစ်ဖို့ သတိထား မိရန် လိုကြောင်းလည်း တွေးမိရသည်။ မိမိ လက်တေ့ွဘဝအတွက် အကျိုးရှိကောင်း ရှိရာအတွက်သာ စိစစ်ပြီး သုံးတတ်မည် ဆိုလျှင်၊ ဘယ်သူ ဘယ်သွားပြီး ဘာစားနေကြသည် ဆိုတာလောက်ကိုသာ သတိလက်လွတ် စိတ်ဝင်စားမနေမိဘဲ မိမိ အချိန်တွေကို အလဟဿ မကုန်ဆုံးစေဘူး ဆိုလျှင်၊ နိုင်ငံရေးအရ လူမှုရေးအရ ဝါဒဖြန့် ခံရမှန်းမသိဘဲ ကိုယ်တိုင် ပျော်ပျော်ကြီး လက်ဝင်မလျှိုမိ ကြဘူးဆိုလျှင်၊ Facebook ကို သုံးသင့်ပါသည်လို့ပဲ ကျမက ခံယူပါသည်။

ဒါပေမယ့် အဲဒီ Facebook ကမ္ဘာထဲမှာသာ ပေါင်းသင်း ဆက်ဆံကြတဲ့ Facebook လူမှုရေးမျိုးထက် မက၊ အပြင်လက်တွေ့ ဘဝမှာလည်း အချင်းချင်း စည်းလုံးညီညွတ် နိုးကြားတဲ့ ကျမတို့ လူငယ် ဘဝတုန်းက လူမှု ဆက်ဆံရေးမျိုးကိုသာ ဒီနေ့ လူငယ်တွေ ပိုပြီး တန်ဖိုးထားတတ်ကြ စေချင်ပါသည်။

Generation X ၊ Generation Y ဆိုသည့် မျိုးဆက်တွေ အလွန် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း မွေးဖွားလာသည့် မျိုးဆက်ကို The Me Me Me Generation ဟု ပြီးခဲ့သည့် နှစ်အတွင်းက Times မဂ္ဂဇင်းရဲ့ ဆောင်းပါးတပုဒ်တွင် ဖော်ပြထားသည်။ အခုမျိုးဆက်သည် လွန်ခဲ့သော မျိုးဆက်များထက်ပိုပြီး အတ္တကြီး၊ တကိုယ်ကောင်းဆန်၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားလာကြသတဲ့။ ကိုယ့်ပတ်ဝန်းကျင်က နိုင်ငံရေး လူမှုရေး အဖြစ်အပျက်တွေကို မေ့လျော့ပြီး အတ္တဗဟိုပြု နေထိုင်ကြသည်ဟု ဆောင်းပါးတွင် ဖတ်ရသည်။

ဆိုရှယ် မီဒီယာတွေ အားကောင်းလာသည့် ဒီအချိန်တွင်၊ ကင်မရာ ကောင်းကောင်းပါသည့် လက်ကိုင်ဖုန်း ကိုယ်စီရှိလာ ကြသည့် ဒီအချိန်တွင် မိမိဓာတ်ပုံကို မိမိရိုက်ပြီး Facebook ပေါ် တင်တတ်ကြသည့် အလေ့က လူငယ်တွေအကြား ဘယ်လောက် အားကောင်းခဲ့သလဲ ဆိုရင် Selfie ဆိုသည့် ဝေါဟာရကို အဘိဓာန်တွင် ထည့်သွင်း ဖော်ပြရတဲ့အထိ ဖြစ်ခဲ့ပြီ။ Selfie ဆိုတာ Self – Portrait Photograpy ဟု ဆိုသည်။ သတိရတိုင်း မိမိ လက်ကိုင်ဖုန်းလေးကို ထုတ်လို့ ရောက်ရာ အရပ်ကနေ မိမိရဲ့ပုံကို ရိုက်ပြီး ဆိုရှယ်နက်ဝေါ့ခ်ပေါ် တင်မည်။ Like တွေ များများရရင်၊ လှလိုက်တာ၊ ချောလိုက်တာ ဟုဆိုကြရင် ပီတိတွေဖြစ်မည်။ ဒါဟာ Me Me Me မျိုးဆက်များ (Y မျိုးဆက်တချို့လည်း ပါသည်) မိမိကိုယ်ကို ချစ်ခင်စိတ် လွန်ကဲနေကြောင်း၊ အတ္တကိုဗဟိုပြု နေကြောင်း ပြယုဂ်တွေထဲက တခုလား။

ဘာပဲဖြစ်ဖြစ် ကျမကတော့ အပြင်က ကိုယ်နဲ့လက်တကမ်းမှာ လက်ငင်းတွေ့ဆုံနေကြတဲ့ သူငယ်ချင်းတွေ အချင်းချင်း စကားလက်ဆုံ ကျဖို့ မေ့ပြီး Facebook က သူငယ်ချင်းနဲ့သာ အပြန်အလှန် စကားဆိုဖြစ် နေတာတွေ၊ သူငယ်ချင်းရဲ့ အမေ နာရေးကို Facebook ကနေပဲ သတင်း လှမ်းမေးလိုက် နိုင်တာတွေ၊ အလုပ်က ခွင့်ရက်ရချိန်လေး နယ်က မိဘအိမ်ကိုပြန်တုန်း မိသားစု စကားဝိုင်းမှာတောင် စကားဖြောင့်ဖြောင့် မပြောနိုင်ဘဲ လက်ကိုင်ဖုန်းလေး တကြည့်ကြည်နဲ့ Facebook ကို စွဲလန်း လွန်းနေ သူတွေ …။

အဲဒီလိုမျိုး အဖြစ်တွေကို ကိုယ်တိုင် မြင်ရကြားရတဲ့ အခါမှာတော့ Facebook ကို အသုံးမချတတ်ဘဲ Facebook ရဲ့ အသုံးချခံ ဘဝကို ရောက်မှန်းမသိ ရောက်နေကြသူတွေပဲ ဟုသာတွေးပြီး စိတ်မချမ်းမြေ့နိုင် ဖြစ်နေရပါသည်။ ဒါပေမယ့် “Facebook ဆိုတာ ဈေးအိမ်သာ နံရံလိုပဲ” ဟု စိတ်အချဉ်ပေါက်စွာ မှတ်ချက်ချသူတွေကိုတော့ ကျမက “စိတ်သာ ထားတတ်မယ်ဆိုရင် Facebook မှာလည်း တရားရှာလို့ တွေ့နိုင်တာပဲလေ” ဟု ကတ်သီးကတ်သတ် နိုင်လှသည်ပဲ ဆိုဆို၊ စောဒက တက်လိုက် ချင်ပါသေးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading