“ရာမတလုံးလောက် တင် (ရှူ) ပြီးရင် လူက ပေါ့ပါးသွားတယ်၊ အိပ်ငိုက်တာ မရှိဘူး၊ လူလည်း လန်းလန်းဆန်းဆန်း ဖြစ်သွားတယ်၊ ဧည့်သည်တွေနဲ့ ဆက်ဆံရေးလည်း ပိုအဆင်ပြေတယ်” လို့ အသက် ၂၂ နှစ်အရွယ် သက်ထားက စားပွဲပေါ်မှာရှိတဲ့ ဆေးလိပ်ခွက်ကို ပွတ်သပ်နေရင်း ပြောပြပါတယ်။
ပိန်ပိန်သွယ်သွယ်နဲ့ ခပ်ညိုညို အသားရောင်ရှိတဲ့ သက်ထားက ပျော်တော်ဆက် လုပ်ငန်းလောကထဲကို ရောက်လာတာ ၅ နှစ် ကျော်ပြီလို့ဆိုပါတယ်။ အခု သူအလုပ်လုပ်နေတဲ့ ဆိုင်က ၂၄ နာရီဖွင့်တာကြောင့် အိပ်ရေးပျက် ခံနိုင်အောင် စိတ်ကြွဆေးကို သုံးတာလို့ ပြောပါတယ်။
ရာမ (မြင်းဆေး) ခေါ်တဲ့ စိတ်ကြွဆေးပြားကို မီးရှို့ပြီး ထွက်လာတဲ့ အခိုးအငွေ့ကို ရှူရ ရှိုက်ရတာလို့ ပြောပါတယ်။ ဒီဆေးကို ရှူလိုက်ရင် အိပ်ငိုက်ခြင်း မရှိတော့သလို၊ လူလည်း လန်းဆန်းတက်ကြွလာပြီး ပုံမှန်သုံးစွဲခြင်းအားဖြင့် ဗိုက်သားတွေ ကျစ်လာတဲ့ အတွက် ခန္ဓာကိုယ် အလှကိုလည်း အထောက်အကူ ဖြစ်စေတယ်လို့ သူကယုံကြည် နေပါတယ်။
ဧည့်သည် အားလပ်ချိန်တွေမှာ အိမ်သာ၊ ဒါမှမဟုတ် ဆိုင်နောက်ဖေးက လေလုံတဲ့ နေရာတွေမှာ ရှူဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုင်ရှင်တွေကလည်း လိင်ဖျော်ဖြေရေး အလုပ်သမတွေ စိတ်ကြွဆေး သုံးစွဲမှန်းသိပေမယ့် အလုပ်အတွက် အထောက်အကူ ဖြစ်တာကြောင့် တားမြစ်တာမျိုး မလုပ်ဘူးလို့လည်း သိရပါတယ်။ ဆိုင်မှာ ပျော်တော်ဆက် မိန်းကလေး အယောက် ၂၀ ရှိတဲ့ အထဲက သက်ထား အပါအဝင် ၈ ယောက် လောက်က ရာမကို သုံးစွဲကြတယ်လို့ဆိုပါတယ်။
သက်ထား က “ဧည့်သည်များများ လာရင် လာသလို အခန်းတက်ရတယ်၊ အိပ်ငိုက်နေလို့ရှိရင် ဧည့်သည်က ဆက်ဆံရေး မပြေလည်ဘူးဆိုပြီး ဆိုင်ရှင်ကို တိုင်လို့ရင် ဆိုင်ရှင်က နောက်တယောက် ပြောင်းပေးလိုက်တယ်၊ အဲဒီအခါ ကိုယ် တက်ထားတဲ့ အခန်းခက မရတော့ဘူး၊ အဲဒါနဲ့ အိပ်မငိုက်အောင် ရာမကို သုံးဖြစ်သွားတာ” လို့ စိတ်ကြွဆေး သုံးဖြစ်ခဲ့ပုံကို ရှင်းပြပါတယ်။
သူတို့အတွက်ကတော့ စိတ်ကြွဆေးက ဝယ်လို့မခက်ပါဘူး၊ ဆိုင်ကယ် တက္ကစီသမားတွေကို အဝယ်ခိုင်းလို့ရသလို၊ ဖုန်းဆက် လိုက်ရုံနဲ့ လာပို့နေကြ သူတွေလည်းရှိပါတယ်။ မြဝတီမြို့ပေါ်မှာတော့ မြင်းဆေး တလုံးရဲ့ ပျမ်းမျှဈေးက ကျပ် ၃၀၀၀ ပါ။ မြဝတီမြို့နဲ့ နီးတဲ့ သင်္ဃန်းညီနောင်မှာဆိုရင် တလုံးကို ကျပ် ၂၅၀၀ ပဲ ပေးရတယ်လို့ မြို့ခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
စိတ်ကြွဆေး သုံးတဲ့ ဧည့်သည်တချို့ လာရောက်ပျော်ပါးရင်လည်း အခန်းထဲမှာပဲ အတူတကွ သုံးဖြစ်ကြပြီးတော့ အဲဒီလိုမျိုး အကြိုက်တူတဲ့ ဧည့်သည်တွေနဲ့ ဆုံရင် နှစ်ဦးနှစ်ဘက် ဆက်ဆက်ရေးလည်း ပိုပြီးကောင်းတယ်လို့ သက်ထားက ပြောပြ ပါတယ်။
အသက် ၁၇ နှစ်သာရှိသေးတဲ့ သက်ထားရဲ့ သူငယ်ချင်း ပိုးအိဖြူ ကတော့ စိတ်ကြွဆေးကို သူကိုယ်တိုင် မသုံးစွဲသလို သူငယ် ချင်းတွေ သုံးစွဲတာကိုလည်း အားမပေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် စိတ်ကြွဆေးတွေ သုံးစွဲပြီးရောက်လာတဲ့ ဧည့်သည်တွေနဲ့ ကာမ ဆက်ဆံရတဲ့ အခါမှာ ငရဲကျသလိုပဲလို့ ဆိုပါတယ်။
“မူးပြီးရောက်လာတဲ့ ဧည့်သည်တွေနဲ့ နေ (ကာမဆက်ဆံ) တာတောင် အလွန်ဆုံး နာရီဝက်ပဲ။ ရာမသုံးလာတဲ့ လူတွေနဲ့အခန်း တက်ရင် တနာရီနဲ့လည်း မပြီးဘူး။ ပိုက်ဆံသာ ပြန်အမ်းလိုက်ချင်တယ်” လို့ စိတ်ပျက်ဟန်နဲ့ ပိုးအိဖြူက ရှင်းပြပါတယ်။
ဆိုင်ကိုလာတဲ့ ဧည့်သည် အများစုဟာ အရက်၊ ဘီယာ သောက်သုံးသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ သူတို့အနေနဲ့ လိင်အင်္ဂါကို သဘာဝလွန် ကြီးထွားဆေးတွေ သုံးထားတဲ့ ဧည့်သည်ကလွဲရင် တခြားဧည့်သည် အမျိုးအစားတွေကို ရွေးချယ်ခွင့် မရှိဘူးလို့ ပိုးအိဖြူက ရှင်းပြပါတယ်။
ရာမသုံးပြီး လုပ်ငန်းခွင်ဝင်တာကို သဘောမကျတဲ့ ပိုးအိဖြူလည်း အိပ်ငိုက်လို့ ဆက်ဆံရေး ပျက်ကွက်တဲ့ အတွက် ဧည့်သည်က လူစားလဲခိုင်းတာ၊ တခါတရံ အနိုင်ကျင့် ရိုက်နှက်ခံရတာတွေ အထိ ကြုံတွေ့ခဲ့ရဘူးတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ အိပ်ငိုက်တဲ့ဒဏ် ခံနိုင်ဖို့ ကော်ဖီနဲ့ လက်ဘက်သုပ်ကို အားပြုခဲ့ကြောင်း၊ မနက်ပိုင်းနဲ့ နေ့ခင်းပိုင်း ဧည့်သည် ပြတ်ချိန်တွေကို အိပ်ချိန်အဖြစ်ထားကြောင်း ပြောပါတယ်။
“ဧည့်သည်များများရမှ တရက်ကို တသောင်း ဝန်းကျင်လောက်ရတာ၊ ရာမသုံးရင် ပိုက်ဆံ မကျန်တော့ဘူးလေ။ အခု ဒီဆိုင်မှာ ရာမ သုံးတဲ့လူ မှန်သမျှလည်း ပိုက်ဆံမစုနိုင်ကြဘူး။ တချို့ဆို အကြွေးပါ တင်သေးတယ်” လို့ ပိုးအိဖြူက ရှင်းပြပါတယ်။
စိတ်ကြွဆေးတွေကို တဆိုင်တည်းနေ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေ သုံးစွဲနေတာ နေ့စဉ်တွေ့မြင်ရကြောင်း၊ သုံးပြီးရင် နှစ်ည၊ သုံးညလောက်အထိ မအိပ်ဘဲ အလုပ်လုပ်နေကြလို့ ဒီမြင်ကွင်းကို မမြင်လိုတဲ့ အတွက် သက်ထား အပါအဝင် ရင်းနှီးတဲ့ သူငယ်ချင်းတွေကို ဖြောင်းဖျ ပြောဆိုပေမယ့် မအောင်မြင်ကြောင်း စိတ်မသက်သာဟန်နဲ့ သူက ဆက်ပြီး ပြောပြပါတယ်။
သက်ထားနဲ့ ပိုးအိဖြူတို့ဟာ တနယ်တကြေးဆီက လာပြီး ဒီမှာ အလုပ်အတူတူလုပ်ကြတဲ့ သူတွေဖြစ်ပေမယ့် ညီအစ်မ အရင်းလို တယောက်နဲ့ တယောက် ဖေးမကူညီမှုတွေ ရှိကြတယ်လို့ သူတို့ နှစ်ယောက်စလုံးက ဆိုပါတယ်။ မတူညီတဲ့ ဒေသတွေက လာကြတဲ့ သူတို့နှစ်ဦးဟာ လုပ်ငန်းချင်းတူသလို ဆင်းရဲတာချင်းနဲ့ ရိုးသားမှုတွေကလည်း တူညီတာကို တွေ့ရပါတယ်။
သက်ထား အပါအဝင် တဆိုင်တည်းနေတဲ့ သူ့သူငယ်ချင်းတွေ စိတ်ကြွဆေးပြား သုံးစွဲတာနဲ့ ပတ်သက်ပြီး ပြောပြနေတဲ့ ပိုးအိဖြူကို သက်ထားက ဗွေယူဟန်မရှိဘဲ ဘေးကနေ ရီကျဲကျဲနဲ့ ထိုင်ကြည့် နေပြီး ပိုးအိဖြူရဲ့ ဖန်ခွက် ထဲကို ကိုကာကိုလာ အချိုရည်ကိုတောင် ထပ်ဖြည့်ပေးလိုက်ပါသေးတယ်။
သူတို့ နေထိုင်လုပ်ကိုင်နေကြတဲ့ မြဝတီမြို့ပေါ်က ပျော်တော်ဆက် ရုံတွေဟာ ရာမလို့ခေါ်တဲ့ မြင်းဆေး သုံးစွဲမှုတွေနဲ့ ကင်းတဲ့ ရုံ ရှားတယ်လို့ ဆိုပါတယ်။ သက်ထားက ဒီဆိုင်ကို မရောက်ခင်မှာ ကတည်းက မြဝတီမြို့ပေါ်မှာရှိတဲ့ တခြားပျော်တော် ဆက်ရုံ သုံးရုံမှာ လုပ်ခဲ့ဘူးတယ်လို့သိရတယ်။ အဲဒီနေရာတွေမှာကတည်းက ဒီစိတ်ကြွဆေးကို သုံးခဲ့ဘူးတာလို့ သူက ဆိုပါတယ်။
“မြို့ပေါ်မှာရှိတဲ့ ဒီလိုနေရာတွေကတော့ ဒါနဲ့ ကင်းတဲ့နေရာ ဆိုတာမရှိဘူး၊ သမီးလည်း မသောက်ရ မနေနိုင်အောင်တော့ မဟုတ်ပါဘူး၊ သူက သုံးပြီးလို့ အရှိန်ပြေသွားရင် ကိုယ်လက်တွေ နာတာမခံနိုင်ဘူး၊ အဲဒါကြောင့် အရှိန် ပြန်တင်ရင်းတင်ရင်းနဲ့ ရက်ဆက် သွားတာ။ ဟိုတလောက ရွာပြန်သွားတော့ တလလောက် လုံးဝမသုံးဖြစ်ဘူး၊ နေနိုင်တယ်။ ဒီမှာက အလုပ်နဲ့ ကျတော့ မရဘူးလေ” လို့ သက်ထားက ပြောပါတယ်။
မြဝတီမြို့ပေါ်မှာ စားသောက်ဆိုင် အမည်ခံနဲ့ မြို့ခံ အာဏာပိုင်တွေဆီမှာ ဖွင့်လှစ်ခွင့်ရထားတဲ့ လိင်ဖျော်ဖြေရေးရုံ ၁၀၀ ကျော် ရှိပြီး အများစုဟာ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို တားမြစ်မှုတွေ မလုပ်တဲ့အပြင်၊ လိင်အလုပ်သမတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ဂရုစိုက်တာ မရှိကြပါဘူး။
သက်ထားက မြဝတီကို မရောက်ခင်မှာ တဘက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့က လိုင်စင်မဲ့ လိင်ဖျော်ဖြေရေး ရုံတွေမှာ လုပ်ခဲ့ဖူးသူပါ။ ထိုင်းနိုင်ငံ ရဲတွေရဲ့ တင်းကြပ်မှုကြောင့် မူးယစ်ဆေးဝါး သုံးစွဲခွင့်မရသလို၊ ဧည့်သည်နဲ့ ဆက်ဆံတဲ့ အခါ ကွန်ဒုံသုံးဖို့နဲ့ ကူးစက်တတ်တဲ့ အခြေအနေနဲ့ ရောဂါတွေအကြောင်းကို ပြည်ပမှရောက်နေတဲ့ အဖွဲ့အစည်းတချို့က ရက်ပျက်ကြေး ပေးပြီး သင်ပေးကြတယ်လို့ သူ့အတွေ့အကြုံကို သက်ထားက ရှင်းပြပါတယ်။
တရားဝင် လိုင်စင်နဲ့ ဖွင့်လှစ်တဲ့ လိင်ဖျော်ဖြေရေး ရုံတွေ မဟုတ်ပေမယ့် မဲဆောက်ဆေးရုံကြီးက အပတ်စဉ် တနင်္လာနေ့တိုင်း သွေးစစ်ခြင်း၊ မိန်းမကိုယ် သန့်ရှင်းရေး လုပ်ငန်းများ ခေါ်ယူစစ်ဆေးခြင်းတွေ ပြုလုပ်ပေးတယ်လို့ သိရပါတယ်။
“ဟိုမှာက ကျန်းမာရေးကို အမြဲတမ်း မစစ်မနေရ စစ်ပေးနေတော့ ကိုယ့်မှာ ဘာရောဂါမှ မရှိဘူးဆိုတာ သိနေတော့ အလုပ်မှာ မပျော်လည်း စိတ်ရှင်းတယ်။ အခု မြဝတီမှာက ဘာမှမလုပ်ပေးတဲ့ အပြင် သွေးစစ်ဖို့ ခွင့်တောင်းရင်တောင် ရက်ပျက်ခ ၅ သောင်း ပြန်လျော်ရတယ်။ ကိုယ့်မှာ ဘာဖြစ်နေလဲ ဆိုတာလည်း ကိုယ်မသိတော့ တခါတလေ အားငယ်မိတာပေါ့” လို့ သက်ထားက စိတ်မသက်မသာဟန်နဲ့ ရှင်းပြပါတယ်။
အရင်က လိင်ဖျော်ဖြေရေး လုပ်ငန်းတွေ လုပ်လိုကြတဲ့ မြန်မာ မိန်းကလေးတွေဟာ တဘက်နိုင်ငံ မဲဆောက်မြို့မှာ သွားလုပ် ကြရပေမယ့် နောက်ပိုင်း ထိုင်းအာဏာပိုင်တွေရဲ့ တင်းကြပ်မှုတွေ ရှိလာတာကြောင့် ၂၀၁၀ နောက်ပိုင်း လိင်ဖျော်ဖြေရေး လုပ်ငန်းတွေ လွတ်လွတ်လပ်လပ် အတိုးချ လုပ်ကိုင်လာတဲ့ မြဝတီမြို့ပေါ်က ရုံတွေကို ပြန်ပြောင်းလာကြတာပါ။
မြဝတီမြို့ပေါ်မှာ လုပ်ကိုင်နေကြတဲ့ လိင်အလုပ်သမတွေအတွက်တော့ ထိုင်းနိုင်ငံက ပေးတဲ့ ကျန်းမာရေး စောင့်ရှောက်ပေးမှု အခွင့်အရေးမျိုး မရနိုင်ကြပေမယ့် စိတ်ကြွဆေး သုံးတတ်တဲ့ လိင်အလုပ်သမတွေ အတွက်တော့ လွတ်လပ်စွာ သုံးစွဲခွင့်တွေ ရရှိနေပါတယ်။
အနီရောင် မှိန်ဖျော့ဖျော့ ထွန်းထားတဲ့ ပျော်တော်ဆက် ရုံတွေထဲက မီးရောင်တွေ အောက်မှာတော့ သစ်လွင်တဲ့ အဝတ် အစားတွေ ဝတ်ဆင်ပြီး ဧည့်သည်တွေကို ဖျော်ဖြေပေးဖို့ စောင့်ဆိုင်းနေကြတဲ့ လိင်အလုပ်သမလေးတွေ ရှိနေတယ်။ တချို့ကတော့ ရာမလက်က ရုန်းထွက်ဖို့ကို မေ့နေကြဆဲ ဖြစ်ပါတယ်။