ရန်ကုန်မြို့စွန် ဒဂုံမြို့သစ် အရှေ့ပိုင်း (ရွာသာကြီး) ရှိ စိတ်ကျန်းမာရေး ဆေးရုံကြီး၏ မှုခင်း လူနာဆောင်ခန်းမ အတွင်းပိုင်း မြင်ကွင်းတခု။ ဆေးရုံ တက်ရောက် ကုသခံနေရသူများ အတွက် ပြင်ပ အလှူရှင်များက နှစ်သစ်ကူး ပွဲတော်ငယ်လေးတခု ကျင်းပ ပေးနေခြင်းဖြစ်ရာ မှုခင်းလူနာဆောင်၏ ခန်းမနှင့် စင်္ကြံတခုလုံးတွင် လူစည်ကားနေသည်။
အဆိုတော် ဂျက်မြသောင်း၏ “ဝေးများဝေးရင်” ဆိုသည့် သီချင်းသံက ခန်းမတခုလုံး လွင့်ပျံ့လျက် ရှိသည်။ အသံက မိန်းကလေး တဦး၏ အသံ။
“ပြောင်းလဲတိုင်း မပြောင်းလဲနဲ့ … ဘယ်တော့မှ မင်းမမုန်းနဲ့အချစ်ရေ … မင်နဲ့တို့ ဝေးများ ဝေးရင် … အိုး … သေချာတယ် ကိုယ့်အသက်တို လိမ့်မယ် …”
အပြုံးချိုချိုကလေးဖြင့် စင်မြင့်ပေါ်တွင် သီချင်းဆိုနေသည့် အမျိုးသမီးငယ်က ခန္ဓာကိုယ်ကို ညင်သာစွာ ယိမ်းနွဲ့နေသည်။ အဖြူရောင် စကတ်နှင့် အနက်ရောင် အင်္ကျီကို လိုက်ဖက်ညီစွာ ဝတ်ဆင်ထားသည့်သူ၏ အသွင်အပြင်က စိတ်မကျန်းမာသည့် လက္ခဏာကို မတွေ့ရ။ သူ့ဟန်ပန်မှာ သာမန်လူတယောက် ကဲ့သို့ပင် အိန္ဒြေရလှသည်။
သူဆောင်းထားသည့် အဖြူရောင် ဦးထုပ်အဝိုင်း၏ အနားပြားကို လက်တဘက်ဖြင့် ကိုင်ကာ၊ တဘက်က မိုက်ကရိုဖုန်းကို ကိုင်လျှက် အသံနေ အသံထား မှန်လှသော သူ့သီချင်းသံ အဆုံးတွင် အားပေးသည့် လက်ခုပ်သံများက ခန်းမတခုလုံး ဟိန်းထွက်သွားသည်။
လက်ခုပ်သံ များအနက် ထိုဆေးရုံတွင် တက်ရောက်ကာ ဆေးကုသမှု ခံယူနေသည့် လူနာများ၏ လက်ခုပ်သံက အကျယ်ဆုံးပင် ဖြစ်သည်။
ထို အမျိုးသမီးငယ် ဆိုပြီးလျှင် မှုခင်းလူနာဆောင်မှ အမျိုးသားလူနာတဦးက “အသဲကွဲမြို့တော်” သီချင်းကို ဆိုကာ အားပေး နေသူများ၏ လက်ခုပ်သံ စည်းချက်နှင့် အတူ ကွေးနေအောင် က လေတော့သည်။
လူနာဆောင် တခုတွင် ကျင်းပနေသည့် ထိုပျော်ပွဲရွှင်ပွဲသည် ကျယ်ဝန်းလှသည့် ဆေးရုံကြီး ဧရိယာ၏ တခြားသော နေရာ များရှိ လူနာဆောင်များ အတွက် သူတို့နှင့် မသက်ဆိုင် သလိုပင် ငြိမ်ငြိမ်သက်သက် ရှိနေသည်။
ထိုဆေးရုံကြီးကို ၁၉၁၂ ခုနှစ် သူရူး အက်ဥပဒေအရ ၁၉၂၈ ခုနှစ်တွင် တံတားလေး အရူးထောင်အဖြစ် စတင် ဖွင့်လှစ်ခဲ့သည်။
၁၉၄၈ ခုနှစ်တွင် ပြည်သူ့ စိတ္တဇ ဆေးရုံအဖြစ် ပြောင်းလဲခဲ့ပြီး တဖန် ၁၉၆၅ ခုနှစ်တွင် စိတ်ရောဂါ အထူးကု ဆေးရုံကြီး အဖြစ် တိုးမြှင့်ခဲ့သည်။ ယခုအခေါ် စိတ်ကျန်းမာရေး ဆေးရုံကြီးဆိုသည့် အမည်ကို ၂၀၁၂ ခုနှစ် မတ်လတွင် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
ထိုဆေးရုံကြီး၏ ပင်မ လူနာဆောင်မှ လူနာများသည် အနည်းငယ် ကွာဝေးသည့် မူခင်းဆောင်မှ စတိတ်ရှိုး သီဆိုနေသံများကို ကြားဟန်မရှိ။ ပင်မ လူနာဆောင်တွင် ဆေးရုံတက်ရောက် ကုသခံနေသူများသည် ကြီးမားလှသော သော့ဖြင့် ခတ်ထားသည့် သံဘာဂျာ တံခါးကြီးများ နောက်တွင် ဟိုမှ သည်သို့ သွားလာလျှက် ရှိသည်။
လူနာတဦးက သူ မတ်တပ်ရပ်နေသည့် သံဆန်ကာအပြင်ဘက်မှ ဖြတ်သွားဖြတ်လာ လူများကို လှမ်း၍ နှုတ်ဆက်နေသည်။ သူ၏ နံဘေးမှ လူနာသည် တရားမှတ်နေ သကဲ့သို့ မျက်လုံးမှိတ်လျှက် တင်ပျဉ်ခွေ ထိုင်နေသည်။ စိပ်ပုတီးကို သူ၏ ခေါင်းအုံးပေါ်၌ တင်ထားသည်။
လူနာစောင့်ဟု ထင်ရသူများက အပြင်ဘက် ခုံတန်းရှည်လေးတွင် ထမင်းချိုင့်များကို ဖွင့်ကာ နေ့လည်စာ စားသောက်နေ ကြသည်။ သံဇကာနောက်မှ လူနာသည် ပလတ်စတစ် ခွက်ငယ်တလုံးကို အပြင်ဘက်သို့ ထုတ်ကာ ထမင်း စားနေသူများထံမှ ရေနွေးအဖြူ တောင်းနေလေသည်။
“ကော်ဖီ ဖျော်သောက်ချင်လို့ ရေနွေးပေးပါ” ဟု လှမ်းအော် ပြောနေသည်။ သူ၏ မျက်နှာသည် ပြုံးရွှင်၍ နေသည်။
အရက်နှင့် မူးယစ်ဆေးစွဲသူများ အများဆုံး တက်ရောက် ကုသမှု ခံယူနေသည့် ယင်းဆေးရုံကြီးတွင် အရေးပေါ် ကုသခြင်း၊ ပြင်ပလူနာ ကုသခြင်း၊ အတွင်းလူနာ ကုသခြင်း၊ ကလေးသူငယ်နှင့် စိတ်ကျန်းမာရေး၊ ခန္ဓာကိုယ်နှင့် ဆိုင်သော စိတ် ကျန်းမာရေး၊ ပြည်သူလူထု အတွင်း ပဏာမ စိတ်ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ကုသပေးခြင်းနှင့် ပြန်လည် ထူထောင်ရေးများ လုပ်ဆောင်ပေးလျှက် ရှိသည်။
ရေနွေး တောင်းနေသည့် လူနာ၏ မျက်နှာချင်းဆိုင် တဘက်ခြမ်းရှိ လူနာဆောင်ကလည်း အမျိုးသားဆောင်ပင် ဖြစ်သည်။ ထို အဆောင် ဝရန်တာတွင် လိင်တူချစ်သူများဟု ယူဆရသည့် အမျိုးသားလူနာ ၂ ဦးသည် လက်ချင်း ချိတ်လျှက် တဦးကို တဦးက ကြင်နာဟန်ဖြင့် လမ်းလျှောက်နေကြသည်။
တံခါးမကြီး အပြင်ဘက်မှ အင်္ကျီအဖြူ၊ ဘောင်းဘီ အဖြူရောင် ယူနီဖောင်းကို ဝတ်ဆင်ထားသည့် ဆေးရုံဝန်ထမ်း လူနာ ထိန်းများကို လက်မောင်းနှင့် လက်ဖျံများတွင် တိရိစ္ဆာန်ရုပ် ဆေးမင်ကြောင်များ အပြည့်ထိုးထားသည့် လူနာတဦးက “ငါ့ဆရာတွေကလည်း စင်ကာပူသွားမယ့် လေယာဉ်မှူးတွေ ကျနေတာပဲ” ဟု လှမ်း၍ ကျီစယ်သည်။
မကြာခင် လက်ထဲတွင် ဆေးထိုးအပ် ကိုင်ထားသည့် သူနာပြုတဦး ရောက်လာသည်။ တံခါးစောင့် တာဝန်ကျနေသည့် ဝန်ထမ်းက သူ့ခါးတွင် ချိတ်ထားသည့် သော့တွဲကို ဖြုတ်ကာ တံခါးမကြီးသော့ကို တဂျိုင်းဂျိုင်း မြည်အောင် ဆွဲဖွင့်လိုက်ပြီး စောစောက ဆေးမင်ကြောင်နှင့် လူနာကို ပလတ်စတစ်ခုံ တခုံတွင် ထိုင်ခိုင်းကာ ဆရာမက ဆေးထိုးလိုက်သည်။
ပျော်ပျော်ရွှင်ရွှင် နေတတ်ပုံရသည့် ထိုလူနာသည် ဆေးထိုးပြီး ပြန်ထွက်သွားသည့် ဆရာမအကြောင်းကို တံခါးစောင့် ဝန်ထမ်းအား ပြောပြလေသည်။
“ဆေးတွေက အလီလီ သောက်နေရတယ် ဆရာမရယ်၊ တနှစ်စာလုံးကို တခါတည်း သောက်ထားလို့ မရဘူးလားလို့ ဟိုတနေ့က ကျနော်မေးတော့ ဆရာမက ဖြေတယ်၊ တခါတည်း ယမမင်းဆီ ရောက်သွားမယ်တဲ့၊ ဟားဟား ဟားဟား”
ပြောရင်းနှင့် သူက ဟက်ဟက်ပက်ပက် ရယ်လိုက်သေးသည်။
သူသည် ဝရန်တာတွင် ဖြည်းဖြည်းချင်း ခေါက်တုံ့ ခေါက်ပြန် လျှောက်လိုက်၊ လူနာဆောင် အတွင်းသို့ ဝင်သွားလိုက်နှင့် တယောက်တည်း အလုပ်များနေသည်။
ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံကြီးသည် ခုတင် ၁၂၀၀ ဆံ့ဆေးရုံ ဖြစ်ပြီး လက်ခံနိုင်သည့် ခုတင် အရေအတွက်မှာ ၇၀၀ ရှိကြောင်း ဆေးရုံစာရင်း ဇယားများအရ သိရသည်။
“ဒီဆေးရုံကြီးမှာ လူနာ ၁၁၀၀ နဲ့ ၁၂၀၀ ကြား အမြဲရှိတယ်၊ အဲဒီအထဲက ၃၅၀ – ၄၀၀ လောက်တော့ အိမ်က စွန့်ပစ်သွားတဲ့ လူနာတွေပဲ” ဟု ထိုဆေးရုံကြီးမှ ပါမောက္ခ ဌာနမှူး ဒေါက်တာ ဝင်းအောင်မြင့်က ပြောသည်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်နေသည့် လူနာများ ရှိနေခြင်းကို ရှက်စရာဟု ထင်မြင်ခြင်း၊ စိတ်ရောဂါသည် ဝဋ်နာ ကံနာဖြစ်သည်၊ လူပြုစားခံရခြင်းကြောင့် ဖြစ်ရသည်၊ ရိုးရာကိုင်၍ ဖြစ်ရသည်၊ စိတ်ရောဂါသည် ကုသ၍ မရသည့် ရောဂါမျိုးဖြစ်သည် စသည့် အယူအဆများ လူနာရှင်များနှင့် လူထုအကြားတွင် ရှိနေခြင်း သည် မှားယွင်းသည့် ရှေးရိုးစွဲ အယူအဆများပင် ဖြစ်ကြောင်း အထက်ပါ ဌာနမှူးက ရှင်းပြသည်။
“လူဆိုတာ ရုပ်ခန္ဓာနဲ့ စိတ်ရှိတယ်။ ရုပ်ခန္ဓာရှိရင် ရုပ်ရောဂါရှိတယ်။ စိတ်ရှိရင် စိတ်ရောဂါ ရှိမှာပေါ့။ ဘာမှ မဆန်းဘူး။ အဲဒီလို တွေးလိုက်ရင် ရှင်းရှင်းလေးပဲ။ နောက်ပိုင်းမှာ ကုထုံးတွေလည်း တိုးတက်လာတယ်။ ဆေးတွေလည်း အရမ်း ကောင်း လာတယ်။ စိတ်ရောဂါသည် အမျိုးမျိုးကို ၉၀ ရာခိုင်နှုန်းလောက်အထိ ပျောက်အောင် ကုပေးလို့ရတယ်” ဟု ပါမောက္ခ ဌာနမှူး ဒေါက်တာဝင်းအောင်မြင့်က ဆက်လက်ပြောသည်။
ဆေးရုံကြီး၏ ပြင်ပလူနာဌာနတွင် ဆေးရုံတက်ရန် ရောက်လာသည့် အမျိုးသားတဦးကို ယူနီဖောင်းဝတ် ရဲအစောင့် အကြပ်နှင့် အတူ တွေ့ရသည်။ ခန္ဓာကိုယ် နွဲ့နှောင်းနှောင်း ပိန်ပိန်ပါးပါးနှင့် အမျိုးသမီးတဦးသည် စားသောက်ဖွယ်ရာ များကို ကြွပ်ကြွပ်အိတ်နှင့် ဆွဲကိုင်လျှက် ရဲအစောင့်အရှောက်နှင့် စောစောက ဆေးရုံရောက်လာ သူထံသို့ လျှောက်သွားသည်။
“အရက်သောက်လွန်းလို့ စိတ်ဖောက်တာလေ။ ရဲနဲ့ ခေါ်လာတော့မှ ဆေးရုံကို လိုက်လာတာ။ သူ့အမေက လာတောင် မကြည့်ဘူး။ အခုဆေးရုံတင်ရမယ်။ လူနာစောင့်ဖို့က ကျမတယောက်တည်း။ စိတ်ညစ်ပါတယ်။ ဘာလုပ်လို့ လုပ်ရမယ် မှန်းတောင် မသိဘူး” ဟု အမျိုးသမီးက တကိုယ်တည်း ညည်းတွားသလို ပြောသည်။
ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံကြီးသို့ နေ့စဉ် ပြင်ပလူနာ ၇၀ မှ ၈၀ ဦးအထိ လာရောက်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်အတွင်း အတွင်းလူနာအဖြစ် တက်ရောက် ကုသမှု ခံယူခဲ့သူများ အနက် အရက်စွဲ ရောဂါဖြင့် တက်ရောက်ခဲ့သူ အများဆုံး ဖြစ်ခဲ့ကြောင်း ပါမောက္ခ ဌာနမှူးထံမှ သိရသည်။
“တကယ်တမ်း ပြောရမယ် ဆိုရင် စိတ်ကျန်းမာရေး ဆေးရုံကြီးတွေမှာ လူနာတွေ များလာတယ် ဆိုတာ ကောင်းတာ မဟုတ်ဘူး။ စိတ်ရောဂါသည် တွေမှာ ဆေးရုံတက်ဖို့ လိုတဲ့ လူနာ နည်းတယ်။ တအား ကြမ်းလာတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားတာမျိုး ဖြစ်ဖြစ်၊ ဘယ်လိုမှ အိမ်မှာ ထားလို့ မရတော့တာမျိုး လောက်ကိုပဲ ဆေးရုံ တင်သင့်တယ်။ ကျန်တာကတော့ သူတို့ မိသားစုနဲ့ သူတို့နေတဲ့ ပတ်ဝန်းကျင်မှာပဲ ထားပြီး ကုရင်တော့ ပိုကောင်းတယ်” ဟု ဒေါက်တာ ဝင်းအောင်မြင့်က ပြောသည်။
စိတ်ကျန်းမာရေး ဆေးရုံကြီးမှ ဝန်ထမ်းများ၏ အဆိုအရ စိတ်မကျန်းမာသူများကို တချို့သော မိသားစုဝင်များက ဆေးရုံတွင် ထားခဲ့ပြီးနောက် ပြန်လည်ကျန်းမာ လာသည့်တိုင် လာမတွေ့သူများ၊ နေအိမ်သို့ ပြန်မခေါ်သူများ ရှိသည်ဟု သိရသည်။
ဒေါက်တာ ဝင်းအောင်မြင့်က “လူတယောက်ဟာ စိတ်ရောဂါ ဖြစ်ပြီဆိုရင် လူရာ မဝင်တော့ဘူး၊ လူတွေက သူ့ကို ဝိုင်းပယ်တဲ့ အနေအထားပေါ့၊ မိသားစုကလည်း စိတ်ရောဂါသည် ရှိတာကို ရှက်တဲ့ စိတ်ရှိတယ်၊ လူသိ မခံချင်ဘူး၊ သူ့ကို ခွဲခြား ဆက်ဆံတာပေါ့၊ အဲဒါမျိုးတွေက စိတ်ရောဂါမှာ အရမ်းများတဲ့ အတွက် မိသားစုက ဖြစ်နိုင်ရင် ထုတ်ဖော်ပြီး မကုချင်ဘူး၊ ဆေးရုံမှာ ထားလိုက်ရင်လည်း အိမ်ပြန်ပြီးတော့ မခေါ်ချင်ဘူး၊ ဆရာတို့ နိုင်ငံမှာတင် မဟုတ်ဘူးနော်၊ တကမ္ဘာလုံးမှာ အဲလိုပဲ” ဟု ရှင်းပြသည်။
ထိုဆေးရုံကြီးတွင် အမျိုးသားလူနာဆောင် ၆ ဆောင်နှင့် အမျိုးသမီး လူနာဆောင် ၂ ဆောင်ရှိသည်။ ၂၀၁၂ ခုနှစ်တွင် အတွင်း လူနာပေါင်း ၄၆၁၃ ဦးရှိခဲ့ပြီး၊ ၂၀၁၃ ခုနှစ်တွင် ၁၁၀၈၂ ဦးအထိ တိုးတက်လာကြောင်း ဆေးရုံစာရင်းများကို ကိုးကား၍ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းထွန်းက ပြောသည်။
ဒေါက်တာ ဝင်းအောင်မြင့်က ဆက်လက်၍ “ဆေးရုံမှာ ကုတာထက် သူ့ပတ်ဝန်းကျင်မှာပဲ ကုတာက ပိုကောင်းတယ်။ ဆေးရုံမှာက လူနာ တယောက်ကို မတတ်သာလို့ နှစ်နဲ့ ချီပြီး ထားလိုက်ရရင် ဒီလူနာက ပတ်ဝန်းကျင်နဲ့ ကင်းကွာသွားပြီ။ သူက စိတ်ရောဂါသာ ပျောက်ချင် ပျောက်သွားမယ်၊ လူတွေနဲ့ ရောရောနှောနှော နေတဲ့၊ လူမှုရေး နားလည်ရမယ့် အရည်အချင်းတွေ အကုန်လုံး လျော့သွားပြီး သူ့ဘဝအတွက် တအားနစ်နာမယ်။ သူ့အသိုင်းအဝိုင်း၊ သူ့မိသားစု ထဲမှာပဲ နေရင် အဲဒါတွေက ပျောက်မသွားဘူး” ဟု ရှင်းပြသည်။
ကျန်းမာရေး ဝန်ကြီးဌာန အသုံးစရိတ်များ တိုးမြှင့်ရရှိလာပြီး နောက်တွင် စိတ်ကျန်းမာရေး ဆေးရုံကြီး၏ အတွင်း လူနာ များအား ဆေးဝါးများ အခမဲ့ ကုသပေးနိုင်လာကြောင်း သိရသည်။
သို့သော် ပြင်ပအလှူရှင်များ၏ ပံ့ပိုး ကူညီမှုကလည်း လိုအပ်နေဆဲ ဖြစ်သည်။
ထိုဆေးရုံကြီးရှိ တိုးလာသော အတွင်းလူနာများအား နေ့စဉ်ကျွေးမွေးစရိတ် အတွက် နိုင်ငံတော်မှ နှစ်စဉ် ဆန်အိတ် ၂၅၀၀ နှင့် တခြား လိုအပ်သော ဆေးဝါးများကို ထောက်ပံ့ပြီး ထပ်မံ လိုအပ်ချက်များကို အလှူရှင်များ၏ နေ့စဉ် လှူဒါန်းမှုများနှင့် ရပ်တည် နေရကြောင်း ဆေးရုံအုပ်ကြီးက ပြောသည်။
ပုံမှန်အားဖြင့် လူနာ ၁ ထောင်ကျော် တက်ရောက် ကုသခံနေရသည့် ထိုဆေးရုံကြီးတွင် ဆေးကုသမှု လိပ်ပတ် မလည်မီ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသည့် လူနာများလည်း ရှိခဲ့ဖူးကြောင်း သိရသည်။
“ဆရာတို့ဆီမှာ လူနာနဲ့ ဆရာဝန်အင်အား မမျှဘူး၊ ဒီတော့ တခါတလေမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင်တာပေါ့။ လူနာက ၁၁၀၀ လောက်ရှိတယ်၊ ဆရာဝန်က ခန့်မှန်းခြေ ၂၀ လောက်ပဲရှိတယ်၊ ဆရာဝန်နဲ့ လူနာအချိုးက အဆမတန် ဖြစ်နေတယ်။ နောက်တခုက ဆရာမလည်း လိုတယ်၊ တခြား ပညာရှင်တွေလည်း လိုတယ်၊ ဥပမာ ကုခန်း စိတ်ပညာရှင် (Psychologist) မျိုး ဆိုရင် ဆရာတို့ဆီမှာ အင်အားနည်းတယ်” ဟု အထက်ပါ ဌာနမှူးက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေး အထူးကု ဆရာဝန် စုစုပေါင်း ၁၄၀ ဦးရှိပြီး ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံကြီးတွင် တာဝန် ထမ်းဆောင်နေသည့် ဆရာဝန်မှာ ခန့်မှန်းခြေ ၂၀ ဦးခန့်သာ ရှိကြောင်း သိရသည်။
အိမ်နီးချင်း နိုင်ငံများဖြစ်ပြီး လူဦးရေမှာလည်း မကွာလှသည့် ထိုင်းနိုင်ငံတွင် စိတ်ရောဂါကု ဆရာဝန် ဦးရေ ၆၀၀ ခန့်ရှိပြီး မလေးရှား နိုင်ငံတွင် ၂၅၀ ဦးခန့် ရှိကြောင်း သိရသည်။
ဖွံ့ဖြိုးပြီး နိုင်ငံများဖြစ်သည့် ပြင်သစ်နှင့် ဂျပန်နိုင်ငံများတွင် စိတ်ရောဂါကု ဆရာဝန်ပေါင်း ၁၂၀၀၀ မှ ၁၄၀၀၀ ဦးကြား ရှိကြောင်း ဒေါက်တာ ဝင်းအောင်မြင့်က နိုင်းယှဉ်ပြသည်။
စောစောက ဆေးမင်ကြောင်များ ထိုးထားသည့် လူနာသည် မည်သည့် ရောဂါဖြင့် တက်ရောက် ဆေးကုသ ခံနေသည်ကို မသိ။ သို့သော် သူ့အသွင်အပြင်မှာ လူပျော်ကြီး တဦးလိုပင် တက်တက်ကြွကြွ လန်းလန်း ဆန်းဆန်း ရှိလှသည်။ လူနာဆောင်ထဲမှ ပြန်ထွက်လာသည့် သူ့မျက်နှာသည် ပြုံးရွှင်နေသည်။ ကွမ်းစားနေကျ ဖြစ်ပုံရသည့် သူ့သွားများက ဝါကျင့်ကျင့်အရောင် ဖြစ်နေသည်။
“ကျနော် တခုခုတော့ မှားနေပြီ၊ နေ့လည်စာ လာပို့တာတဲ့။ သူတို့ပဲ စောနေတာလား၊ ကျနော်တော့ နေ့နဲ့ည မှားနေပြီ” ဟု တံခါးစောင့် ဝန်ထမ်းက လှမ်းပေးသည့် ထမင်းချိုင့်ကို ယူရင်း သူက ပြောသည်။ တံခါးစောင့် ဝန်ထမ်းသည် သူ၏ ပြောစကား များကို နေ့စဉ် ကြားနေကျ ဖြစ်ဟန်တူသည်။ ခေါင်းလည်း မညိမ့်၊ ခေါင်းလည်း မခါ။ သံဘာဂျာ တံခါးကြီး ကိုသာ ဆွဲ၍ ပိတ်လိုက်သည်။
ပြင်ပ လူနာဌာနနှင့် မျက်နှာချင်းဆိုင် လူနာဆောင်၏ အုတ်ပန်းကနုတ် အကွက်များကြားမှ ပြင်ပကမ္ဘာသို့ ငေးမော ကြည့်နေသည့် လူနာများကိုလည်း တွေ့ရသည်။ စကားတခွန်းမျှ မဆို။ တချို့က ခုတင်ပေါ်တွင် ထိုင်နေကြသည်။ လူနာတဦးကတော့ ဆေးရုံကြီး အပြင်ဘက်ဆီ ထွက်သွားနေသည့် ပြင်ပကမ္ဘာမှ လူများကို “ဟေ့ ပြန်ပြီလား။ ဟေ့ … ပြန်တော့မှာလား” ဟူ၍ လှမ်းနှုတ်ဆက် နေသည်။
သူ့အသံက စိတ်ကျန်းမာရေး ဆေးရုံကြီး၏ ပြင်ပသို့ ထွက်ခွာသွားနေ သူများနောက်တွင် တဖြည်းဖြည်း ဝေး၍ ကျန်ရစ်ခဲ့ တော့သည်။ ပြင်ပကမ္ဘာနှင့် သူတို့ကို တံတိုင်းကြီးတခုက သေသေချာချာ ခြားထားပြီး ဖြစ်သည်။