ချစ်သူတွေကို တိုးတိုးတိတ်တိတ် လက်ထပ်ပေးခဲ့လို့ ကွပ်မျက်ခံခဲ့ရတဲ့ ရောမခေတ် ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းကို ဂုဏ်ပြုတဲ့နေ့တနေ့ဟာ မြန်မာပြည်ရဲ့ ရိုးရာအထိမ်းအမှတ်နေ့ မဟုတ်ပေမယ့် လက်ရှိအချိန်မှာတော့ မြန်မာပြည်က စီးပွားရေးသမားတွေ၊ ချစ်သူစုံတွဲတွေအတွက် နေ့ထူးနေ့မြတ်တရက် ဖြစ်လို့နေပါပြီ။
ဈေးဝယ် စင်တာတွေ၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေမှာ အမှတ်တရ လက်ဆောင်ပစ္စည်းတွေက နေရာယူထား ကြပါတယ်။ ကမ္ဘာတဝှမ်းမှာ အမှတ်တရကျင်းပကြတဲ့ ဗယ်လင်တိုင်းဒေး (သို့မဟုတ်) ချစ်သူများနေ့အတွက် မြန်မာပြည်က ချစ်သူစုံတွဲတွေ ကလည်း ကြိုတင်ပြင်ဆင်နေကြတာကို တွေ့နေရပါပြီ။ တချို့ဆို အဲဒီနေ့မှာမှ မင်္ဂလာဆောင်ရက်ကို သတ်မှတ်ကြပါတယ်။
ဒီလိုရက်ပိုင်းတွေမှာ ချစ်သူများနေ့အကြို ဝယ်ပေးတဲ့ အမှတ်တရလက်ဆောင် မွေးပွအရုပ်ကြီး တရုပ်ကို ရင်ခွင်ထဲမှာ ပိုက်ထားတဲ့ ဆယ်ကျော်သက် မိန်းကလေးရဲ့ ကြည်နူးနေတဲ့ မျက်နှာလေးကလည်း မြင်ရသူတွေကို အပျော်တွေ ကူးစက်စေနိုင်ပါတယ်။
နှစ်စဉ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ ချစ်သူများနေ့တိုင်းမှာ ချောကလက်တွေ၊ ပန်းစည်းလေးတေ ပေးရင်း ချစ်သူကို ချစ်ကြောင်း သက်သေပြကြပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာတော့ ချစ်သူများနေ့မှာ ချစ်သူကိုသာမက၊ ချစ်ခင်ရတဲ့ မိသားစုဝင် တွေကို အမှတ်တရလက်ဆောင်ပေးတဲ့ အလေ့အထ ရှိပေမယ့် မြန်မာပြည်မှာတော့ ချစ်သူများနေ့ဆိုတာ ၁၅၀ဝ မေတ္တာနဲ့ ချစ်ကြတဲ့သူတွေအတွက် သီးသန့် နေ့တခုအဖြစ် ကျင်းပနေကြဆဲပါ။
ယဉ်ကျေးမှုချင်း ကွဲပြားခြားနားတဲ့ နိုင်ငံတွေဆီ က ကူးလူးပျံ့နှံ့လာတဲ့ ချစ်သူများနေ့ကို မြန်မာလူငယ် တွေ ဘယ်လိုအသုံးချနေသလဲ ဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ချစ်သူစုံတွဲ တတွဲဟာ လက်မထပ်သေးဘဲ အတူနေထိုင်ပြီး တယောက်နဲ့ တယောက် လေ့လာကြည့်ကြ၊ အဆင်ပြေရင် လက်ထပ်ကြတယ်ဆိုတဲ့ ဓလေ့ကို ကျင့်သုံးတဲ့ နိုင်ငံတွေဆီ က ကူးစက်လာတဲ့ ချစ်သူများနေ့ဟာ မြန်မာလူငယ် ထုကြားထဲမှာ တိုက်ရိုက်ပုံတူကူးမှုနဲ့ အတူ ပျံ့နှံ့လာ ပါတယ်။
အခုနောက်ပိုင်း လူငယ်စုံတွဲလေးတွေကြားထဲ မှာ ချစ်သူများနေ့ကို သွေးသားဆန္ဒ ဖြည့်ဆည်းကြတဲ့ နေ့တခုလို သတ်မှတ်လာတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ပြောစမှတ် ပြုလာကြပါတယ်။
ဒါက မြို့ကြီး ပြကြီးတွေမှာ ပိုပြီးပျံ့နှံ့နေတဲ့ ကိစ္စတခုဖြစ်ပေမယ့်၊ နယ်မြို့တွေက လူငယ်တွေ ကြားထဲမှာတော့ ဒီလောက်ထိ မဆိုးသေးဘူးလို့ အမည်မဖော်ချင်တဲ့ အမျိုးသမီးငယ် တယောက်က ပြောပါတယ်။
“မြို့ကြီးမှာက မိလွတ်ဖလွတ်မို့ ပိုဆိုးတယ်လေ။ လွတ်လပ်မှု အပြည့်ရသလိုဖြစ်သွားတယ်၊ ချစ်သူကို မလွန်ဆန်နိုင်တာလည်း ပါလိမ့်မယ်၊ အပျော်လွန် တာလည်း ဖြစ်နိုင်တယ်၊ အမေမသိ အဖေမသိ၊ ဆိတ်ကွယ်ရာ ရှိတော့လေ” လို့ သူကဆိုပါတယ်။
မိန်းကလေးတွေဟာ ချစ်သူကို ချစ်ကြောင်း သက်သေပြဖို့အတွက် ချစ်သူများနေ့မှာ အပျိုစင် ဘဝကို အဆုံးသတ်ကြတာက လူငယ်တွေကြားမှာ ခေတ်စားလာတယ်လို့လည်း ကြားသိရပါတယ်။
“ချစ်သူများနေ့က လူငယ်တွေကြားထဲမှာ ပွင့်ပွင့်လင်းလင်း ပြောင်းလာတယ်။ အရင်တုန်းကလို ပန်းခြံ၊ ကော်ဖီဆိုင်တွေလောက်ပဲ သွားတာမျိုးမဟုတ် တော့ဘူး။ တည်းခိုခန်းတွေ၊ ဟိုတယ်တွေဆိုရင် အဲဒီနေ့မှာ နယ်ဝေးကလာတည်းတဲ့ဧည့်သည်တောင် အခန်းမပေးတော့ဘဲ စုံတွဲတွေကို နာရီပိုင်းနဲ့ ငှားကြတယ်” လို့ လူငယ်တွေကြားမှာ HIV/ADIS ကူးစက်ခံရမှု ကာကွယ်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ တော်ဝင်ခရေအဖွဲ့ အတွင်းရေးမှူး မဇာကြီးက ပြောပါတယ်။
တခြားနိုင်ငံတွေက ကူးစက်လာတဲ့ ယဉ်ကျေးမှု တွေကို လက်ခံတဲ့အခါမှာ မူလယဉ်ကျေးမှု ကိုယ်ခံ အားက အားပျော့နေမယ်ဆိုရင်တော့ ဒီလို ဘေး ထွက်ဆိုးကျိုးတွေက ရှိနေမှာပါ။
“ကျနော်တို့ တည်းခိုခန်းကို အသက်မပြည့်သေး တဲ့ စုံတွဲတွေလာတယ်။ တည်းခိုခန်း ဥပဒေအရ လက်မခံနိုင်ဘူးလို့ပြောတော့ သူတို့က ပိုက်ဆံပေးပြီး တည်းတာလို့ ရန်ပြန်ရှာတာမျိုးရှိတယ်။ ကလေးတွေ လမ်းမှားနေတဲ့အပေါ်မှာ တည်းခိုခန်းတွေ၊ ဟိုတယ် မန်နေဂျာတွေမှာ တာဝန်အရှိဆုံးပဲလို့မြင်တယ်” လို့ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့က ဧည့်ရိပ်သာ ပိုင်ရှင် တဦးက ပြောပါတယ်။
တည်းခိုခန်း ဥပဒေအရ “ပြည့်တန်ဆာများအား လက်မခံရ”၊ “မှတ်ပုံတင်မပါသူများအား လက်မခံရ”၊ “ရဟန်း၊ သံဃာ၊ သီလရှင်များအား လက်မခံရ”၊ “အသက်မပြည့်သေးသူများအား အုပ်ထိန်းသူ မပါ ဘဲ တည်းခိုခွင့် မပြုရ” ဆိုတဲ့ အခြေခံသတ်မှတ်ချက် ရှိနေပေမယ့် သာမန်နေ့ရက်တွေမှာရော၊ အထူး သဖြင့် ချစ်သူများနေ့မှာပါ အဲဒီအချက်တွေကို ချိုး ဖောက်ပြီး လွယ်လွယ်ကူကူ တည်းလို့ရနေတယ်လို့ သူက ပြောပြပါတယ်။
အရှေ့အလယ်ပိုင်း ဒေသမှာ နှစ်အတန်ကြာ အလုပ်သွားလုပ်ခဲ့ဖူးတဲ့ အမျိုးသမီးတယောက်က လည်း “ဒူဘိုင်းမှာ ဥပဒေက အရမ်းတင်းကျပ်တယ်။ ယောကျာ်တယောက်နဲ့ မိန်းမတယောက် ဟိုတယ် မှာသွားတည်းရင် လက်ထပ်စာချုပ်ပါမှ တည်းခွင့်ပြု တယ်။ ကျမတို့ လင်မယားဆိုရင် ဘယ်သွားသွား လက်ထပ်စာချုပ်ကို အိတ်ထဲထည့်သွားရတယ်” လို့ ဥပဒေ တင်းကျပ်မှုနဲ့ လိုက်နာမှု အားကောင်းပုံကို ရှင်းပြပါတယ်။
ချစ်သူများနေ့ နီးလာပြီဆိုရင် စုံတွဲပြိုင်ပွဲ ရှိုးပွဲ တွေ၊ ကံစမ်းမဲနဲ့တကွ ဟိုတယ်အခန်းခ နှုန်းထား ကြော်ငြာတွေကလည်း မီဒီယာတွေမှာ ထင်ထင်ပေါ် ပေါ် နေရာယူလာပါတယ်။ အရင်တုန်းကဆိုရင် မိန်းကလေးတယောက်အနေနဲ့ ကိုယ့်မှာ ချစ်သူရှိနေ တယ်ဆိုတာကို သူငယ်ချင်းတွေနဲ့ ပတ်ဝန်းကျင်က သိသွားရင် ရှက်စရာကောင်းလို့ သိုသိုသိပ်သိပ်နေခဲ့ ကြပေမယ့် ဒီဘက်ခေတ်မှာတော့ စုံတွဲပြိုင်ပွဲဝင် စင်မြင့်ပေါ်ကိုတက်ပြီး “ဒါကျမချစ်သူပါ”လို့ လူသိ ထင်ရှား လက်ချင်းချိတ် ကြေညာပြတဲ့ အခြေအနေ မျိုး ဖြစ်လာပါတယ်။
နောက်တခုကတော့ ဗယ်လင်တိုင်းဒေး နီးလာ ရင် လိင်ဆက်ဆံမှုကာကွယ်ရေးပစ္စည်းတွေနဲ့ သန္ဓေ တားဆေး ရောင်းအားတက်တယ်ဆိုတဲ့ ရောင်းချသူ တွေရဲ့စကားကလည်း ယဉ်ကျေးမှု ပုံတူကူးတယ်ဆို တဲ့အချက်ကို အတည်ပြုပေးနေသလို ရှိနေပါတယ်။
“ပွင့်ပွင့်လင်းလင်း ပြောမယ်ဗျာ။ ဒီရက်ပိုင်း အရင်နေ့တွေထက် ပုံမှန်အလုပ်ဖြစ်လို့ ဝမ်းသာ တယ်။ အမြတ်ပိုရတာကိုး။ ဒါပေမယ့် ဆယ်ကျော် သက်ကလေးတွေ လာဝယ်ရင်တော့ မရောင်းချင် ဘူး။ ကျနော်မရောင်းလည်း တခြားသူကတော့ရောင်း မှာပဲ။ ဒါပေမယ့် ဒီလိုအကာအကွယ် ပစ္စည်းတွေ သုံးတာဟာ မသုံးတာထက်စာရင်တော့ ကောင်းပါ တယ်ဆိုတဲ့စိတ်နဲ့ ရောင်းနေရတယ်” လို့ အနော်ရ ထာလမ်းမရဲ့ ပလက်ဖောင်းပေါ်မှာ ဈေးဗန်းခင်းပြီး ရောင်းချနေတဲ့ ဦးရာဗီးက ရှင်းပြတယ်။
မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ အမျိုးသမီး ဆရာဝန်များအဖွဲ့က ဒေါက်တာ နုနုဆွေကလည်း “ခေတ်ဆန်လွန်းတာ၊ နိုင်ငံခြားကနေ ပုံတူကူးချတာတော့ မကောင်းဘူး။ ချစ်တာက ချစ်ပါ၊ ချစ်လို့ရတယ်၊ ကိုယ့်ဘဝကို အရိပ်မည်းထိုးမယ့်ဟာမျိုးကို ဘယ်လိုမှ မလုပ်ပါနဲ့။ ချစ်သူထားတဲ့ အရွယ်ဆိုတာလည်း တနည်းနည်းတော့ ဝေဖန်နိုင်ပြီ၊ စဉ်းစားနိုင်ပြီ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသလို၊ ကိုယ့်ရဲ့ လက်တွဲဖော်ကိုလည်း တန်ဖိုးထားပါ။ အချစ်နဲ့ Sex ကို မရောထွေးပါနဲ့၊ စောင့်စည်းပြီးတော့ သစ္စာရှိတဲ့အချစ်ကသာ ဘဝ လမ်းကို ဖြောင့်ဖြူးနိုင်ပါတယ်” လို့ စုံတွဲလေးတွေကို အကြံပြုထားပါတယ်။
ဒါပေမယ့် ဇွတ်တရွတ်ဆန်တတ်ပြီး၊ မူလက တည်းက မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံကို တန်ဖိုး ထားလက်စ ကိုယ်ခံအားနည်းတဲ့ လူငယ်တွေအတွက် ဒီအကြံပြုချက်တွေက ထိရောက်နိုင်မလား ဆိုတာ ကလည်း သိပ်တော့ မသေချာလှပါဘူး။
“မြန်မာ့ယဉ်ကျေးမှုအရ မေတ္တာတရားနဲ့ ချစ် ကြတာကောင်းတယ်။ ဒါပေမယ့် မြန်မာမိန်းကလေး တွေက အလွဲသုံးနေတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ပေးရင် ချစ်ရာရောက်တယ်လို့ ထင်နေကြတယ်။ သူများနိုင်ငံမှာ လုပ်သလို ဒီမှာလုပ်လို့မရဘူးလေ” လို့ ဖခင်တယောက်ဖြစ်တဲ့ ဦးသက်ဦးက ပြောပါ တယ်။
လိင်မှုဆိုင်ရာ ကျန်းမာရေး အသိပညာတွေကို စနစ်တကျသင်ကြားခြင်း မခံရဖူးတဲ့ လူငယ်တွေ အတွက် ဗယ်လင်တိုင်းဒေးဟာ အနာဂတ်ကို ရိုက် ချိုးခံရတဲ့ နေ့တနေ့မဖြစ်ဖို့ အရေးကြီးပါတယ်။ ချစ် စရာကောင်းတဲ့ ချစ်သူများနေ့ဓလေ့ဟာ မလိုလား အပ်တဲ့ ကိုယ်ဝန်ရစေတဲ့နေ့၊ လိင်ကတဆင့် ကူးစက် တတ်တဲ့ HIV/AIDS နဲ့ အခြားသော ရောဂါဘယ တွေ ကိုယ့်ဘဝထဲကို ဝင်ရောက်လာတဲ့နေ့ မဖြစ်စေ ဖို့ လူငယ်တွေ ဘယ်လိုကြိုပြင်ဆင်ဖို့ လိုအပ်ပါသလဲ။
“ချစ်သူချင်း ပွင့်လင်းတာထက် မိဘနဲ့ သား သမီး ပွင့်လင်းတာက ပိုကောင်းပါတယ်။ ကျနော့် သမီးကို ကျနော်ပြောတယ်၊ သမီးကို ဖေဖေနောက်က လိုက်လည်း မချောင်းကြည့်နိုင်ဘူး၊ ဖေဖေနဲ့ယုံကြည် မှု တည်ဆောက်ထားမယ်ဆိုပြီး အစကတည်းက ပွင့်ပွင့်လင်းလင်း ပြောထားတယ်။ မိဘတွေအပေါ် မှာလည်း မူတည်တယ်” လို့ ဦးသက်ဦးက သူ့သမီး ဖြစ်သူအပေါ် အုပ်ထိန်းပုံကို ရှင်းပြတယ်။
ခန္ဓာကိုယ် အပြောင်းအလဲကြောင့် စူးစမ်းတတ် တဲ့အရွယ်၊ ဆယ်ကျော်သက် လူငယ်တွေအတွက် မြန်မာ့ဓလေ့က သွေဖည်နေတဲ့ ယဉ်ကျေးမှုတွေ နောက်ကို မလိုက်ဖို့ကလည်း မိဘနဲ့သားမီးကြားမှာ ယုံကြည်မှုတည်ဆောက်ရေးက အရေးကြီးတယ်လို့ သူက ပြောပြပါတယ်။
စုံတွဲတွေအတွက် စင်ပေါ်တက်ပြီး ပြိုင်ရတဲ့ ပွဲတွေ၊ ဟိုတယ်ပရိုမိုးရှင်းတွေ စီစဉ်နေတဲ့ လူတွေကလည်း လူငယ်တွေအတွက် ပညာပေး အစီအစဉ် ကောင်းလေးတွေ ထည့်သွင်းသင့်တယ်လို့ တော်ဝင် ခရေက မဇာကြီးက ပြောပါတယ်။
“ဒီပြိုင်ပွဲပြီးရင် သူတို့ဘယ်ကို ဆက်သွားကြမယ် ဆိုတာ သိနေတာပဲ။ အဲဒီချိန်မျိုးမှာ သူတို့အတွက် မျိုးဆက်ပွား ကျန်းမာရေးနဲ့ပတ်သက်တဲ့ မေးခွန်းမျိုး တွေ၊ ဉာဏ်စမ်းမေးခွန်းတွေ၊ ဗဟုသုတရမယ့် အစီ စဉ်လေးတွေ ကြားဖြတ် ထည့်ပေးသင့်တယ်” လို့ မဇာကြီးက အကြံပြုပါတယ်။
နောက်တခုကတော့ တည်းခိုခန်းတွေ၊ မိုတယ် တွေ၊ ဟိုတယ်တွေရဲ့ အခန်းကဏ္ဍပါ။ HIV/AIDS အပါအဝင် လိင်ဆက်ဆံရာကနေ ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်နိုင်မယ့် အကာအကွယ်သုံး ပစ္စည်းတွေကို အိပ်ခန်းတွေ၊ အိမ်သာတွေထဲမှာ လက်လှမ်းမီအောင် ထားပေးသင့် တဲ့အကြောင်း မဇာကြီးက ဆက်ပြောပါတယ်။
အခုကာလက ဗယ်လင်တိုင်းဒေး အကြိုကာလ တွေဖြစ်ပါတယ်။ ဈေးဝယ်စင်တာတွေ၊ လူစည်ကား ရာ နေရာတွေမှာ ချစ်သူစုံတွဲတွေအတွက် ရည်ရွယ် ပြီး ကျင်းပမယ့် အခမ်းအနားတွေမှာ လူငယ်တွေ သိဖို့လိုအပ်တဲ့ မျိုးဆက်ပွား ကျန်းမာရေးနဲ့ လိင်မှု ဆိုင်ရာ အသိပညာတွေကို ဟောပြောတာ၊ ဉာဏ်စမ်း ပြိုင်ပွဲလေးတွေ လုပ်ပေးတာမျိုး ထည့်သွင်းချင်တယ် ဆိုရင် အဖွဲ့အနေနဲ့ လိုက်ကူညီပေးဖို့ အဆင်သင့်ရှိ တယ်လို့လည်း မဇာကြီးက ဆိုပါတယ်။
ချစ်သူစုံတွဲတွေဟာ ကိုယ့်အဓိပ္ပာယ်ဖွင့်ဆိုချက် တွေနဲ့ကိုယ် ချစ်သူများနေ့ကို စောင့်ကြိုလို့နေပါပြီ။
ကိုယ်ဟာ ချစ်သူမိန်းကလေးကို တန်ဖိုးထားတဲ့ ယောက်ျားတယောက်လား၊ ကိုယ့်အပျိုစင်ဘဝကို တန်ဖိုးထားတဲ့ မိန်းကလေးလား၊ ယဉ်ကျေးမှုကိုယ်ခံ အားကောင်းသူလား၊ ညံ့သူလားဆိုတာ၊ စီးဝင်လာ သမျှ ယဉ်ကျေးမှုတွေရဲ့ လွှမ်းမိုးမှုကို ခံနေရသူလား ဆိုတာကတော့ တဦးတယောက်ချင်းစီရဲ့ ဆင်ခြင်တုံ တရား၊ တန်ဖိုးထားတဲ့ အရာတွေအပေါ်မှာ မူတည် နေပါတယ်။
လူတယောက်နဲ့တယောက် ချစ်ကြတာဟာ မင်္ဂလာတပါးပါပဲ။ ချစ်သူစုံတွဲတွေ ချစ်ချစ်ခင်ခင် မြင်ရတွေ့ရတာဟာ စိတ်ကြည်နူးစရာလည်းကောင်း ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို ပျော်ရွှင်စရာ ကောင်းတဲ့ ဗယ်လင်တိုင်းဒေးအဖြစ်သာ ဆင်နွှဲကြပြီး အဲဒီနေ့ကြောင့် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးအမျိုးမျိုးနဲ့ ပူပန်မှုများ ကင်းဝေးကြပါစေကြောင်း။