[irrawaddy_gallery]
အဖြူနှင့်အပြာ အပါ်အောက် ယူနီဖောင်း ကိုယ်စီ ဝတ်ဆင်ထားကြသည့် သနပ်ခါးဖွေးဖွေးနှင့် ကလေးငယ်များ နံနက်ခင်း နေရောင် အောက်တွင် စီရရီ ရှိနေကြသည်။
သူတို့အတွက် ခွဲတမ်းကျဖြင့် ဝေပေးနေသော ပစ္စည်းများကို အလှည့်ကျရယူရန် တန်းစီစောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
ထိုအချိန်၌ပင် လော်စပီကာ အသံကျယ်ကျယ်က လွင့်ပျံ့၍ လာသည်။
“ကျောင်းသားတွေ ညီညီစီကြပါ ၊ နောက်တပတ် ပြန်မပတ်နဲ့နော်၊ အလှူရှင်တွေ တွေ့သွားရင် ရှက်စရာကောင်းမယ်….”
မြင်ကွင်းနေရာက ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်းရှိ ဘုရားကြီး မင်္ဂလာတိုက်ကျောင်း၊ မင်္ဂလာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ကျောင်းဝင်းအတွင်း ဖြစ်ပြီး လော်စပီကာကို အော်နေသူမှာ အုပ်ချုပ်သူ ကျောင်းထိုင် ဘုန်းတော်ကြီး ဖြစ်ပါသည်။
ဓနိမိုး၊ ထရံကာ၍ ကျောင်းသား ဦးရေ ၅၀ ဖြင့် ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ရသော မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်း ကလေး သည် ယခုအချိန်တွင် အိပ်ဆောင် စာသင်ဆောင်ပေါင်းများစွာနှင့် ကျောင်းသားပေါင်း ၁၀၀၀ ကျော်ကို ပြုစုပျိုးထောင်ပေးနိုင်နေပြီး အလှူရှင်များလည်း အမြဲလိုပင် လာရောက်နေကြပြီ ဖြစ်သည်။
မတူညီသည့် ဒေသအသီးသီးမှ မိဘမဲ့ ကလေးငယ်လေးများနှင့် ဆင်းရဲနွမ်းပါးသည့် ကလေးများအတွက် ထိုကျောင်းကလေးက ပညာရည် ဖြည့်ဆည်းရင်း ခရီးတထောက်နားကာ အနာဂတ်အိပ်မက်တွေ မက်ခွင့်ရှိလာသည့် နေရာကလေးတခု ဖြစ်လာခဲ့သည်။
ကျောင်းကလေးသို့ ဘဝပုံစံအမျိုးမျိုးဖြင့် သူတို့လေးတွေ ရောက်လာခဲ့ကြသည်။ ရောက်ရှိလာခဲ့ကြပုံတွေက တဦးနှင့်တဦးမတူညီကြ သလို အိပ်မက်တွေကလည်းမတူညီကြ။ သို့သော် ထိုကျောင်းကလေးက သူတို့လေးတွေ၏ အားမွေးစရာ နေရာကလေးတခု အနေနှင့် ဖြစ်တည်ခဲ့သည်။
“အမေက သမီးကိုမွေးအပြီးမှာ ဆုံးတယ်၊ အဖေကလည်း နောက်တနှစ်လောက်မှာ ပင်လယ်ထဲငါဖမ်းထွက်ရင်း လှေမှောက်ပြီး ပါသွား တယ်၊ အိမ်ဘေးနားက အစ်မကြီးတွေလိုက်ပို့လို့ သမီး ဒီကိုရောက်လာခဲ့ရတာ”ဟု အသက် ၁၃ နှစ် အရွယ် မအေးငြိမ်းသူက လှံျထွက်လာတော့မည့် မျက်ရည်တွေကိုထိန်းရင်း သူ၏ ငယ်ဘဝဖြစ်စဉ်ကို အသံဖွဖွလေးဖြင့် ပြောပြရှာသည်။
မြန်မာပြည်အောက်ပိုင်း ဟိုင်းကြီးကျွန်းတွင်မွေးဖွားပြီး မိဘမဲ့ဖြစ်ခဲ့ရသည့် သူ့အတွက် ဤကျောင်းကလေးသည် ဘဝတူများစွာနှင့် ဆုံတွေ့ခွင့်ရပြီး ပညာ ဆက်လက်သင်ကြားခွင့် ရရှိခဲ့သည့်နေရာတခုလည်း ဖြစ်ခဲ့သည်။
မင်္ဂလာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းသို့ မအေးငြိမ်းသူ ရောက်ခဲ့သည်မှာ ၅ နှစ်ကျော်ပြီ ဖြစ်သည်။ စတုတ္တတန်း ပညာကို သင်ယူနေသည့် သူ့တွင် ဘဝရည်မှန်းချက် အိပ်မက်များလည်း ရှိနေပြီ ဖြစ်သည်။
ကျောင်းအိပ် ကျောင်းစားဘ၀ အဆောင်အတူနေ အပေါင်းအသင်း သူငယ်ချင်းများအကြားတွင် အမြဲလိုလို သီချင်းဆိုပြရလေ့ရှိသော သူက အမှန်တကယ်လည်း အဆိုတော်ဖြစ်ချင်သည့် အိပ်မက်ရှိသည်ဟု ပြောသည်။
“သမီး သီချင်းဆိုပြလို့ သူငယ်ချင်းတွေက လက်ခုပ်တီး အားပေးရင် စိတ်ထဲမှာပျော်တယ်၊ တချိန်ကျရင် အလုပ်လုပ်၊ ပိုက်ဆံစုပြီး ကိုယ်ဖြစ်ချင်တဲ့ အရာကို ဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်ထားတယ်”ဟု မအေးငြိမ်းသူ က ပြောပြသည်။
လက်တွေ့ဘဝကို အားမွေး ဖြတ်သန်းရင်း၊ အနာဂတ်ကိုမျှော်ကြည့်ရင်း အိပ်မက်များ ရှိနေသည်မှာ မအေးငြိမ်းသူ တဦးတည်း မဟုတ်ပါ။ ထိုကျောင်းကလေးရှိ အခြား အခြားသော ကလေးငယ်ပေါင်း များစွာတွင်လည်း အိပ်မက်များ ရှိနေကြသည်။
ပရဟိတကျောင်းတွင် နေကြသည့် လူငယ်လေးများပီပီ ပရဟိတလုပ်ငန်းကို မြတ်မြတ်နိုးနိုးတွယ်တာလာပြီး ယခုအချိန်ကတည်း က ပင် ရည်ရွယ်ချက်ရှိနေသည့် ကျောင်းသား ကျောင်းသူကလေးများလည်း ရှိကြသည်။
“နိုင်ငံတကာတွေ လေ့လာတာတို့၊ သမီးတို့လိိုကျောင်းမှာ ကလေးတွေကို ထောက်ပံ့နိုင်တဲ့ ဖောင်ဒေးရှင်းဖွင့်တာတို့၊ လှူတာတို့ အဲဒီ လို အလုပ်တွေ လုပ်ချင်တယ်၊ သမီးတို့ကျောင်းမှာပဲ အင်္ဂလိပ်တွေလာရင် သူတို့နဲ့ အင်္ဂလိပ်လိုပြောတာကို အားကျတယ်၊ ကျောင်း ပညာရေးပြီးရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး စကားပြန်ဖြစ်ဖို့လုပ်မယ်”ဟု ပရဟိတကျောင်းသို့ ရောက်နေသည်မှာ ၈ နှစ် ရှိပြီဖြစ်သည့် ခုနှစ်တန်း ကျောင်းသူလေး မထက်ထက်ခိုင်က ပြောသည်။
အသက် ၁၃ နှစ် အရွယ် ရောက်နေပြီဖြစ်သည့် မိဘမဲ့ မိန်းကလေးငယ်တဦး၏ အနာဂတ်အိပ်မက်တွင် ပရဟိတလုပ်ငန်းများက အမြစ် တွယ်နေပေသည်။
သို့သော် ထိုသို့သော အနာဂတ် ပန်းကလေးများကို ဘွဲ့ရသည်အထိ ပြုစုပျိုးထောင် စောင့်ရှောက်ရသည့် ကျောင်းကလေး၌ အခက် အခဲများစွာ ရှိနေပါသည်။
ကျောင်းသား ကျောင်းသူပေါင်း ၁၀၀၀ ကျော်နှင့်အတူ တနေ့လျှင် ပျမ်းမျှ ကျပ် သုံးသိန်း ကျော် ကုန်ကျစရိတ်ရှိသည့် ကျောင်း၏ လည်ပတ်မှုအတွက် ပင်တိုင်အမာခံ အလှူရှင်မရှိခြင်းက တခါတရံ၌ ခက်ခဲကျပ်တည်းမှု ကြုံတွေ့ရသည်ဟု ကျောင်းထိုင် ဘုန်းတော်ကြီး က ဆိုသည်။
“ပင်တိုင်အလှူရှင် မရှိဘူး၊ ဒီလ အလှူရှင်လာတယ်၊ ဒီလမှာ စားတယ်၊ ပိုရင်လည်း နောက်လမှာထားတယ်၊ တခါတလေလည်း ဆန်ဆိုင်တွေမှာ အကြွေး တင်တာပေါ့၊ ဆန်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေကို ဘုန်းကြီးကပြောထားတယ်၊ အလှူရှင် မလာတာနဲ့ကြုံရင် ဘုန်းကြီးတို့ကို ပေးပါပေါ့၊ ပြန်ဆပ်ပါမယ်၊ စိတ်မပူပါနဲ့လို့ ပြောရတယ်၊ နောက်လမရဘူးဆိုရင် အကြွေးတင်တယ်”ဟု ကျောင်းထိုင် ဘုန်းတော်ကြီးက မိန့်သည်။
လူမှုဝန်ထမ်း ဦးစီးဌာန၏ အသိအမှတ်ပြု ကျောင်းလည်းဖြစ်၊ ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြု ကျောင်းလည်းဖြစ်ခြင်းကြောင့် နှစ် အလိုက် ထောက်ပံ့မှုတချို့ ရရှိသည်ဟု ဘုန်းတော်ကြီးက ဆိုသည်။
“လူမှုဝန်ထမ်းက ထောက်ပံ့မှုရဖူးတာက တနှစ်ကို ၁၀ သိန်းရဖူးတယ်၊ သိန်း၂၀ ရဖူးတယ်၊ သိန်း ၅၀ ရခဲ့ဖူးတယ်၊ ကျောင်းသားများရင်များသလို နည်းရင်နည်းသလိုပဲ၊ နိုင်ငံခြားက အလှူရှင်တွေလည်း ထောက်ပံ့တာရှိတယ်”ဟု ဘုန်းတော်ကြီးက မိန့်ဆိုသည်။
သို့သော် ထိုပမာဏမှာ တရက်လျှင် ၃ သိန်း၊ တလလျှင်ပျမ်းမျှ သိန်း ၉၀ ကျော် ကုန်ကျနေသော ကျောင်းလည်ပတ်မှု ငွေကြေးနှင့်ချိန်ထိုး ကြည့်လိုက်သည့် အခါတွင် များစွာ လိုအပ်နေသေးသည်။
မည်သို့ပင်ဖြစ်ပါစေ ကျောင်းထိုင်ဘုန်းတော်ကြီးက အလှူရှင်တို့၏အင်အားနှင့် ဖြစ်အောင်လည်ပတ်ရင်း ကလေးများ၏ အိပ်မက်များ ကို ဖြည့်ဆည်း နေပါသည်။
ယခုဆိုလျှင် ဤ ပရဟိတ ကျောင်းကလေးမှ ပညာခရီး ဆက်သူများအတွင်း ဘွဲ့ရလူငယ်ပေါင်း ၃၀ နီးပါး ရှိနေပြီလည်း ဖြစ်သည်။
မိဘမဲ့ကလေးများကို ဆက်လက်ထိန်းကျောင်း စောင့်ရှောက်သည့်နည်းတူ မိဘများ ရှိသော်လည်း ဆင်းရဲနွမ်းပါးသည့် ကလေးများ ကိုလည်း ကျောင်းပညာရေးပြီးသည့်အချိန်အထိ ထောက်ပံ့ပေးပြီးမှသာ မိဘထံ ပြန်လည်အပ်နှံသည်ဟု ဘုန်းတော်ကြီးက မိန့်သည်။
“တက္ကသိုလ်ပြီးသွားရင် မိဘဆီ ပြန်အပ်ပါတယ်၊ မိဘကိုလုပ်ကျွေးဖို့၊ မိဘကျေးဇူးဆပ်ဖို့ အလုပ်လိုချင်ရင် အလုပ်ရှာပေးတယ်၊ ရန်ကုန်က ဒကာတွေနဲ့ချိတ်ပြီး သွင်းပေးတယ်၊ မိဘမဲ့လေးတွေကျတော့ သူများတကာ အမွေစားအမွေခံနဲ့ မွေးစားမယ်ဆို ဘုန်းကြီး တို့ပေးတယ်၊ နောက်တော့ ဒီဟာကိုဘုန်းကြီး အသက်ကြီးလို့ မလုပ်နိုင်တော့ဘူးဆိုရင် လူမှုဝန်ထမ်း ခဝဲခြံကို အပ်မယ်၊ နိုင်ငံတော် ကို အပ်သွားမှာပါ”ဟု ဘုန်းတော်ကြီးက မိန့်ဆိုသည်။
ညနေခင်း နေရောင် ဖျော့ဖျော့ အောက်တွင် အဖြူအပြာ ယူနီဖောင်း ကိုယ်စီနှင့် သနပ်ခါးဖွေးဖွေး လိမ်းချယ်ထားကြသည့် ကလေး ငယ်များ အလှူရှင်များကို နှုတ်ဆက်ရန် ဝိုင်းဖွဲ့ စောင့်စားနေကြသည့် အချိန်ရောက်ပြီ ဖြစ်သည်။
ထို့နောက်တွင်တော့ လက်ကလေးများကို ဝှေ့ယမ်းရင်း သူတို့လေးတွေ ယိမ်းနွဲ့ကြသည်။ ဂွတ်ဘိုင် ဆိုသည့် စာသားလေးကို တေး သွား ဆန်ဆန်လေး ရွတ်ဆိုရင်း အနာဂတ် ပန်းကလေးများ ယိမ်းထိုးနေကြပါသည်။
ထိုအချိန်၌ပင် ကျောင်းထိုင်ဘုန်းတော်ကြီး၏ လော်စပီကာသံက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပြန်ပါသည်။
“အလှူရှင်တွေကို ဂွတ်ဘိုင်မှ ဒီက မလွတ်နိုင်မှာ၊ နှုတ်ဆက်ကျ၊ နှုတ်ဆက်ကျ…..”
အနာဂတ်မျိုးဆက်သစ် ကလေးပေါင်းများစွာ၏ ဘဝရည်မှန်းချက် အိပ်မက်များကို အားဖြည့်ပေးနေသော မင်္ဂလာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ကျောင်း ကလေး၏ ရှေ့ရေးသည် အလှူရှင်များ ဝေဝေဆာဆာရှိနေရန်မှာ အရေးကြီးလှပါသည်။
အိပ်မက်များနှင့် ဆက်လက်ဝေစည် နေဦးမည့် ထိုကျောင်းကလေးကို နှုတ်ဆိတ်စွာနှင့် နှုတ်ဆက်ရင်း ပြန်ခဲ့ရပါတော့သည်။ ။