တွေ့ဆုံမေးမြန်းသူ – မြတ်ခိုင်
ထုတ်ဝေသည့် ခုနှစ် – ၂၀၁၄ ခုနှစ် ဇန်နဝါရီလ
အုပ်ရေ – ၁၀၀၀
ထုတ်ဝေသူ – ဦးစိုးမင်းနိုင်
ဈေးနှုန်း – ၄၀၀၀ ကျပ်
စစ်အစိုးရလွန်ကာလ စာပေစိစစ်ရေးဆိုသည့် စာပေ ကင်ပေတိုင်အဖွဲ့ကို ကျော်ဖြတ်ခွင့် ရလိုက်သည်ဆိုလျှင်ပဲ သမိုင်းကြောင်း ဆိုင်ရာ စာအုပ်၊ နိုင်ငံရေးစာအုပ် တော်တော်များများ ထွက်ပေါ်လာသည်။
အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာကြသည့် နိုင်ငံရေးသမားများ သာမက ပြည်ပရောက်နေသူ တချို့ပင် မိမိတို့ ကြုံတွေ့ ဖြတ်သန်းခဲ့ရသည့် ခေတ်ဆိုး၊ စနစ်ဆိုးကြီး အကြောင်းကို သမိုင်းရေး အမြင်ဖြင့် ဝေဖန်သုံးသပ် ရေးသားထုတ်ဝေ ကြသလို၊ နာမည်ဆိုးနှင့် ကျော်ကြားခဲ့သူ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ အတိတ်ကာလ၊ ၎င်း စစ်အစိုးရ အဖွဲ့အတွင်း တာဝန်ယူစဉ် အဖြစ်အပျက်များနှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားသည့် စာအုပ်များပင် မြိုင်မြိုင် ဆိုင်ဆိုင် ထွက်ပေါ်လာခဲ့၏။
မည်သို့ပင် ဖြစ်စေကာမူ အဆိုပါ စာအုပ်များသည် ကွင်းဆက် ပြတ်နေသည့် သမိုင်း၏ ကောင်းကွက်၊ ဆိုးကွက် တချို့နှင့် ပတ်သက်၍ နှောင်းလူများ အတွက် တစုံတရာ အတိုင်းအတာ အထိတော့ ဖြည့်ဆည်းပေးနိုင်ခဲ့သည် ဆိုလျှင် မမှားပေ။
မကြာသေးမီကလည်း “နိုင်ငံတော် သမ္မတဟောင်း ဦးနေဝင်း၏ သေရွာပြန်မြေးများ ဖွင့်ချခဲ့တဲ့ စစ်အစိုးရကို အာဏာ သိမ်းရန် ကြံစည်မှုကြီး” အမည်ဖြင့် စာအုပ်တအုပ် ထွက်ပေါ်လာပြန် လေသည်။
အာဏာရှင်ဟောင်းကြီး ဦးနေဝင်း၏ မြေးများဖြစ်သည့် အေးနေဝင်း၊ ဇွဲနေဝင်း၊ ကျော်နေဝင်းတို့ ညီအစ်ကို သုံးဦးကို လျှပ် တပြက် အယ်ဒီတာ ဦးမြတ်ခိုင်က တွေ့ ဆုံကာ မေးမြန်းထားခြင်းဖြစ်ပြီး မိသားစု ရှားပါး ဓာတ်ပုံများဖြင့် ဝေဝေဆာဆာ ထုတ်ဝေလိုက်ခြင်း ဖြစ်၏။
အဆိုပါ ညီအစ်ကိုများသည် အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးများဖြစ်သလို၊ စစ်အာဏာရှင်သစ် ဦးသန်းရွှေ အစိုးရ လက်ထက် နိုင်ငံတော် အာဏာသိမ်းရန် ကြံစည်မှုဖြင့် သေဒဏ်ကျခံခဲ့ရပြီး ထောင်တွင်းတွင် ၁၂ နှစ်ခန့် နေခဲ့ရ သူများလည်း ဖြစ်လည်း ဖြစ်သည်။
ထို့အတူ ဦးနေဝင်း မိသားစုသည် မြန်မာ့သမိုင်း တကွေ့တွင် ထဲထဲဝင်ဝင် ပတ်သက်ခဲ့သူများ ဖြစ်လေရာ၊ ညောင်မြစ်တူး၍ ပုတ်သင်ဥများ ပေါ်လာလေမည်လား ဆိုကာ မျှော်တလင့်လင့်နှင့် ဖတ်ဖြစ်၏။
အင်တာဗျူး၏ အဖွင့်တွင် နအဖ စစ်အစိုးရနှင့် ဦးနေဝင်း မိသားစု အကြား ဖြစ်ပွားခဲ့သည် နိုင်ငံတော် အာဏာသိမ်းရန် ကြံစည်မှုနှင့် ပတ်သက်သည့် ရှင်းလင်းချက်နှင့် ဦးနေဝင်း မျိုးဆက်တို့၏ ထောင်တွင်း အတွေ့အကြုံများသာ ဖြစ်သည်။
သို့သော် စိတ်ဝင်စားဖွယ် ကောင်းသည်က ဦးနေဝင်း၏ နေဝင်ချိန် ဘ၀ တစိတ်တပိုင်းနှင့် ဦးနေဝင်း မိသားစုအပေါ် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ၏ အာဃာတ တရား၊ လက်ရှိ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သတင်းစာဆရာ ကြီး ဦးဝင်းတင်နှင့် အာဏာရှင်ဟောင်း ဦးနေဝင်း၏ မိသားစုတို့၏ ဆက်နွှယ်မှုကို လှစ်ခနဲတွေ့မြင် လေ့လာခွင့်ရခဲ့ခြင်းသာ ဖြစ်၏
ဗိုလ်ချုပ်ကြီး နေဝင်းသည် ၁၉၈၈ ခုနှစ် ဖြစ်ပွားခဲ့သည့် လူထုအုံကြွမှု နောက်ပိုင်း နိုင်ငံရေးမှ အနားယူခဲ့သည် ဆိုသော်ငြား စစ်အစိုးရ ခေါင်းဆောင်ပိုင်း အပေါ် သြဇာအာဏာ သက်ရောက် နေသေးသည်ဟု ထိုစဉ်က ပြည်သူများက ယူဆကြသည်။
ထိုယူဆချက် မှန်ကန်ကြောင်း ယခု အင်တာဗျူးတွင် ဦးနေဝင်း၏ မြေးဖြစ်သူ အေးနေဝင်းက ဤသို့ ထုတ်ဖော် ပြောဆိုထား၏။
“ကျနော်တို့ အဘက စနေ၊ တနင်္ဂနွေဆိုရင် သူနဲ့ခင်မင်ရင်းနှီးတဲ့ သူတွေနဲ့ အတူတူ ထမင်းလက်ဆုံ စားလေ့စားထ ရှိပါတယ်၊ မိတ်ဟောင်း ဆွေဟောင်း လာတာမျိုးရှိသလို တပည့်တပန်းထဲက လာတာရှိပါတယ်၊ အဲဒီလိုမျိုး အလှည့်ကျတာရှိရင် တချို့နေ့တွေမှာ အဲဒီတုန်းက နဝက ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမောင်အေးနဲ့ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့က အမြဲတမ်း ပါလေ့ပါထရှိပါတယ်၊ ဝန်ကြီးထဲကဆိုရင် ဗိုလ်ချုပ် ခင်မောင်သိန်း၊ ဒု ဗိုလ်ချုပ်ကြီး သိန်းဝင်း ပါချင်ပါလာမယ်” ဟု ဆိုထားသည်။
ထို့အတူ နဝတ စစ်အစိုးရ လက်ထက် လစ်လပ်နေသော ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ရာထူးနှင့် ပတ်သက်၍ ဦးနေဝင်း ဗျာဒိတ်ပေးသော သူများကို ခန့်အပ်ရလေ၏။
“ထွန်းကြည်နဲ့ မောင်အေး နှစ်ယောက်ထဲက ကြိုက်တဲ့သူကို တယောက်သာ ခန့်လိုက်၊ ငါက ရွေးမပေးဘူး။ အဲဒီနှစ်ယောက် ထဲက တယောက်ယောက် ဆိုရင်တော့ ဒီနေရာနဲ့ သင့်တော်မယ်လို့ ငါယူဆတယ်ဆိုပြီး အဲဒီလို ပြောခဲ့ပါတယ်” ဟု အေးနေ ဝင်းက ဤစာအုပ်တွင် ဆိုထားသည်။
သို့သော် ဦးနေဝင်း၏ အိမ်တော်တွင် ပြုလုပ်သည့် အပတ်စဉ် ထမင်းစားပွဲကို ထိုစဉ်က နဝတဥက္ကဋ္ဌဖြစ်နေသည့် ဗိုလ်ချုပ် မှူးကြီး သန်းရွှေအနေဖြင့် တက်ရောက်ရဟန် မတူ။ ထို့အတွက်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မိမိတို့ မိသားစုအပေါ် အထင်အမြင် လွဲခဲ့ကြောင်း အေးနေဝင်းက ကောက်ချက်ချ၏။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မပါဘူး၊ မပါတာက သူကို ချန်ချင်လို့၊ အဖက်မလုပ်ချင်လို့ ထားခဲ့တာမျိုး မဟုတ်ပါဘူး” ဟု အတိတ်က အခြေအနေကို အေးနေဝင်းက အမျက်ဖြေစကား ဆိုသည်။
ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အပတ်စဉ် ထမင်းစားဝိုင်းသို့ မဖိတ်ရခြင်းမှာ ပြင်ပ၌ မိမိတို့ မိသားစုကို တိုင်းပြည် အုပ်ချုပ်ရာတွင် ကြိုးကိုင် ချယ်လှယ်နေသူများဟု ပြောဆိုနေကြသည့် အတွက် နိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသာ ထမင်းစားဝိုင်းသို့ တက်ရောက်ပါက သိမ်ငယ်၊ သိက္ခာကျစရာ ဖြစ်မည်စိုးရိမ်၍ မဖိတ်ကြားခြင်း ဖြစ်သည်ဟု သူက အကြောင်း ပြသည်။
ထိုအငြိုးအတေး ကြောင့်ပင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဦးနေဝင်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းတို့ မိသားစုကို နိုင်ငံတော် အာဏာသိမ်းရန် ကြံစည်မှုဖြင့် ဖမ်းဆီးပြီး မိမိ၏ ဆရာအရင်းဖြစ်သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းကိုပင် နေအိမ် အကျယ်ချုပ် ချထားရန် ကြိုးစားရာ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် များက လက်မခံ၍သာ ဦးသန်းရွှေ အနေဖြင့် လက်လျှော့သွားကြောင်း အေးနေဝင်းက အဆိုပါ စာအုပ်တွင် ဖွင့်ချ၏။
ဦးနေဝင်းအနေဖြင့် လူမွေး မှားသွားပေသည်၊ မိမိစိတ်ကြိုက် ရွေးချယ်တင်မြှောက် လိုက်သူကပင် ဒုက္ခပေးခဲ့သည့် အတွက် ကာလဝိပါတ် နောက်ပိုးတက်သည် ဟုပင် ဆိုရပေတော့မည်။
၁၉၈၅ ခုနှစ်ခန့်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌအဖြစ် ဦးနေဝင်း တာဝန်ယူစဉ် ဒုတိယကာကွယ် ရေးဦးစီးချုပ် နေရာ အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်လာမည့် ဗိုလ်ချုပ် သန်းရွှေနှင့် ဗိုလ်ချုပ်မြင့်လွင် (နောင် ဆောက်လုပ်ရေး ဝန်ကြီး) တို့ နှစ်ဦးကို ဦးနေဝင်းကိုယ်တိုင်ပင် လျာထားခဲ့သည်ဟု သိရသည်။
“တိုင်းပြည်ရဲ့ ကံကြမ္မာလို့ပဲ ပြောရမှာပေါ့နော်၊ အဲဒီအချိန် အဲဒီအခါတုန်းက တပ်မတော်မှာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ဖို့ လူက နှစ်ယောက်ရှိပါတယ်။ သူတို့ နှစ်ယောက်စလုံးကို အဘိုးက ထမင်းလက်ဆုံစားရင်း ခေါ်တွေ့ခဲ့ပါတယ်။ အဲဒီ အချိန်က လူတယောက်ရဲ့ စန်းပွင့်တဲ့ ဟာနဲ့ တိုင်းပြည်ရဲ့ ကံကြမ္မာ အလှည့်အပြောင်းနဲ့ အခြေအနေတွေက တမျိုးစီ ဖြစ်သွား တာ” ဟု အေးနေဝင်းက ဆိုသည်။
ထိုသူ နှစ်ဦးအနက် ဗိုလ်ချုပ်သန်းရွှေအား ဒုတိယကာကွယ်ရေး ဦးစီးချုပ် အဖြစ် ရွေးချယ်ခံလိုက်ရသည့် အခါ တိုင်းပြည်၏ အခြေအနေ မှာလည်း တမျိုးတဖုံ ပြောင်းလဲ သွားရသည်ဟု အေးနေဝင်းက သံဝေဂသံဖြင့် သုံးသပ်သည်။
လူရွေးမှားခဲ့သော မြန်မာ့အာဏာရှင်ကြီး ဦးနေဝင်း၏ ဘဝနေဝင်ချိန်မှာ လွန်စွာမှ တရားကျစရာ ကောင်းပေ၏။ နောက်ဆုံး ကွယ်လွန်ချိန်၌ ကျန်မိသားစုများ ပြစ်ဒဏ် ခံနေရသဖြင့် တပည့်လူရင်း တချို့သာ လိုက်ပါ ပို့ဆောင်ခဲ့ရသည်။
သို့သော် ထိုအချိန်တွင် အာဏာရှင်ဟောင်းကြီး ဦးနေဝင်းသည် နိုင်ငံရေးမှ အနားယူကာ လယ်တီ ဆရာတော်ဘုရားကြီး၏ ဝိပဿနာ တရားများကို ပြင်းပြင်းထန်ထန် အားထုတ်ခဲ့ပြီး သူနှင့် တရားဆွေးနွေးဘက် ညီအစ်ကိုကဲ့သို့ ရင်းနှီးသည် နယူးဂျာစီ ပြည်နယ်မှ မစ္စတာ ဒန်နိုဆေး ကွယ်လွန်ပြီးနောက်၊ ဦးနေဝင်းသည် သေခြင်းတရားနှင့် ဖြစ်ပျက်ခြင်း သဘောကို နားလည် လက်ခံနေပြီး ဖြစ်သည်ဟု အေးနေဝင်းက ဆိုထားပြန်၏။
ဦးနေဝင်း မိသားစု အနေဖြင့် နိုင်ငံတော် အာဏာသိမ်းရန် ကြံစည်မှုနှင့် ပတ်သက်၍ တရားစွဲခံရမှုမှာ အပြစ်မရှိကြောင်း ငြင်းဆိုသည်၊ အထင်အမြင်လွဲမှားက မတရားသက်သက် စွပ်စွဲခံရပြီး သက်သေ အထောက်အထား မခိုင်လုံဘဲ တရားရုံး တင်ကာ ပြစ်ဒဏ်ချ ခံရသည်ဟု ယူဆသည်။
သို့သော် မတရား ပြစ်ဒဏ်ချမှတ်ခံရမှုနှင့် ပတ်သက်၍ ပြန်လှန် တရားစွဲဆိုခြင်း မပြုလုပ်လို၊ အဘယ်ကြောင့် ဆိုသော ပြစ်ဒဏ် ချမှတ်သည့် အစိုးရသည် သူတို့၏ အဖိုး ဦးနေဝင်း ပျိုးထောင်ခဲ့သည့် စစ်အစိုးရ ဖြစ်နေသည့် အတွက်ကြောင့်ဟု သူက ဆိုသည်။ သင်ပုန်းချေခြင်း သဘောတရား “ပြုသူ အသစ်၊ ဖြစ်သူ အဟောင်း” ဆိုသည့် တရားသဘောကို လက်ခံ နားလည်သွားခြင်း ကြောင့်တော့ မဟုတ်ပေ။
“ကျနော်တို့က ဦးလာဘ တယောက်တည်းကို လက်ညှိုးထိုးပြီး ဗမာဘုန်းကြီးတွေ လူသားစားတယ် ဆိုတာမျိုး အပြောခံရမှာ စိုးတဲ့ နည်းတူ၊ တဦးတယောက်ရဲ့ လုပ်ဆောင်ချက်ကို ကြည့်ပြီးတော့ ဗမာ့ တပ်မတော်သားတွေ အကုန်လုံးက တရားဥပဒေနဲ့ မညီတာ လုပ်တယ်လို့ အပြောခံရမှာ စိုးလို့ ပြန်တရားစွဲဖို့ အစီအစဉ်မရှိပါဘူး” ဟု အေးနေဝင်းက သူတို့၏ စစ်တပ် အပေါ်ထားသည့် သံယောဇဉ်ကို ထုတ်ဖော်သည်။
မည်သို့ပင်ဖြစ်စေ သူတို့ (ဦးနေဝင်းမျိုးဆက် ညီအစ်ကိုများ) သည် နိုင်ငံတော် အာဏာသိမ်းရန် ကြံစည်မှုဖြင့် အင်းစိန် ထောင်တွင်း ၌ ၁၂ နှစ် တိုင်တိုင် ဘဝကို မြှုပ်နှံခဲ့ရ၏။ ထို့အတွက်လည်း ထောင်တွင်းနေ ဘဝတွင် သတင်းစာဆရာကြီး ဦးဝင်းတင်ကဲ့သို့ အာဏာရှင် စနစ်ကို ဆန့်ကျင်သည့် နိုင်ငံရေးသမားများနှင့်လည်း အတူနေခဲ့ရသည်။
သို့သော် ၂၆ နှစ်တာ နိုင်ငံကို အုပ်ချုပ်ခဲ့သည့် မိမိတို့ အဘိုးဖြစ်သူ အာဏာရှင်ကြီး ဦးနေဝင်းနှင့် ပတ်သက်၍မူ တိုင်းပြည် ကယ်တင်ခဲ့သူ တဦးအဖြစ် ပုံဖော် ပြောဆိုထားသည်၊ မှားယွင်းမှုမရှိဟု ကောက်ချက်ချသည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍မူ သူတို့ လွတ်မြောက်ရေးနှင့် ပတ်သက်၍ မိခင် ဒေါ်စန္ဒာဝင်း ထံသို့ မိတ်ဆွေများမှ တဆင့် အားပေးစကား ဆိုသည့်အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ဆို၏။
ယခု စာအုပ်ပါ ဦးနေဝင်းမြေးများ ပြောသော အကြောင်းအရာ များသည် အားလုံးမှန်ချင်မှ မှန်ပေလိမ့်မည်၊ ပရမ်းပတာ၊ တရား လက်လွတ် ပြောသော စကားများလည်း ပါကောင်းပါပေလိမ့်မည်။ “နိုင်ငံတော် သမ္မတဟောင်း ဦးနေဝင်း၏ သေရွာပြန် မြေးများ ဖွင့်ချခဲ့တဲ့ စစ်အစိုးရကို အာဏာသိမ်းရန် ကြံစည်မှုကြီး” ဆိုသည့် စာအုပ်အမည်ကို မြင်ကာ စိတ်ဝင်တစား ဖတ်ရှုလိုက်သူ များအတွက် မျှော်လင့်သကဲ့သို့ အာဏာသိမ်းရန် ကြံစည်မှုကြီးကို မြင်တွေ့ကြရလိမ့်မည်တော့ မဟုတ်၊သို့သော် မြန်မာ့ နိုင်ငံရေးလောကကို နှစ်ပေါင်း ၃၀ ကျော် လွှမ်းမိုး လာခဲ့သော မိသားစုတစု၏ သမိုင်းနှင့်ပတ်သက်၍ တစွန်းတစ၊ တစုံတရာ အတိုင်းအတာ တခုအထိ သိရှိနိုင်သည့် အတွက် ဖတ်သင့်သည့် စာအုပ်ဟု ယူဆပေသည်။