သနပ်ခါးနဲ့ ကျောက်ပျဉ်ကို ဘေးဖယ်ပြီး နိုင်ငံတကာက အလှကုန်ပစ္စည်းတွေကိုပဲ သဘောကျတယ်ဆိုတဲ့ သူတွေ များလာတာကြောင့် သနပ်ခါး ပါးကွက်ကျား အဖွေးသား လိမ်းခြယ်သွားလာနေတဲ့ မြန်မာအမျိုးသမီး တွေကို ရန်ကုန် လမ်းမတွေပေါ်မှာ အတွေ့ရနည်းနေပါပြီ။
စာဆိုတော် နတ်ရှင်နောင်ရဲ့ မိဖုရား ရာဇဓာတုကလျာ လိမ်းခြယ်ခဲ့ဖူးတယ်လို့ ယူဆနိုင်မယ့် ရွှေချထားတဲ့ သနပ်ခါး ကျောက်ပျဉ်ကို ပဲခူးမြို့ ရွှေမော်ဓောစေတီတော်ကြီးမှာ လှူဒါန်းထားတာကို တွေ့ရတဲ့ အခါမှာတော့ ရှေးမြန်မာဘုရင်တွေ လက်ထက်ကတည်းက သနပ်ခါးဆိုတာ နန်းတွင်းသုံး အလှအပပစ္စည်းတခုအဖြစ် ရှိခဲ့တယ်လို့ ယူဆလို့ရမှာပါ။
လက်ရှိ အချိန်အထိ နိုင်ငံခြားသားတွေရဲ့ အတွေးထဲမှာ မြန်မာလို့ဆိုလိုက်ရင် တွဲဖက်မြင်လိုက် ကြတာက သနပ်ခါးပါပဲ။ သနပ်ခါး ဆိုတာကို မပီကလာ ပီကလာ အသံထွက်ခေါ်ပြီး မေးမြန်းဝယ်ယူတဲ့ နိုင်ငံခြားသား ခရီးသွားတွေကို ကြုံဖူးတယ်လို့ ဧည့်လမ်းညွှန်တွေဆီက သိရပါတယ်။
ဗောဓိတထောင်ဘုရားကြီး စောင်းတန်းမှာ တွေ့ခဲ့ရတဲ့ ဩစတြေးလျ နိုင်ငံသူ မစ္စဆယ်လီကတော့ “သနပ်ခါး လိမ်းထားရင် မျက်နှာမှာ တင်းရင်းနေသလို ခံစားရတာကလည်းတမျိုးပေါ့။ မြန်မာလုံချည်ဝတ်ပြီး သနပ်ခါး လိမ်းထားလိုက်ရင် မြန်မာ တယောက် ဖြစ်သွားသလိုကို ခံစားရတယ်” လို့ ပြောပါတယ်။
ရှေးတုန်းကတော့ မွန်ဘုရင် ရာဇဓိရာဇ်၊ ရှင်မဟာရဋ္ဌသာရတို့က သနပ်ခါးကိုရည်ညွှန်းတဲ့ ကဗျာလင်္ကာတွေ ရေးစပ်ခဲ့ဖူးကြပါတယ်။
“ရွှေနံ့သာခေါက်ကိုလ ကျောက်ပျဉ်မှာ အသာ တင် ခန်းခွင်မှာသွေး လိမ်းမယ်လို့ကြံမှန်ယူခဲ့ ဆံတို လေးရယ် ပိန်းရိုက်စို့လေး”ဆိုတဲ့ ကျေးလက်ကောက် စိုက်တေး၊ “ရွှေဘို သနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ၊ ဘယ်လို အသားမည်းမည်း ဝါဝါညက်ညက်ဖြူ” ဆိုတဲ့ နန်းတော်ရှေ့ ဆရာတင်ရဲ့ မြန်မာ့သနပ်ခါးဂုဏ်ကို ဖော်ကျူး ရေးစပ်တဲ့ သီချင်းတွေ ရှိခဲ့ပါတယ်။
ဒီဘက်ခေတ်တွေမှာလည်း “ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာ ကောင်းလိုက်တာကွာ” လို့ဆိုတဲ့ Black Hold အဖွဲ့က အစိုင်းရဲ့ သီချင်းဟာ လူငယ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားနေတာပါ။
မုံရွာမြို့နဲ့ အနီးတဝိုက်က ဘုရား၊ စေတီတွေမှာ သနပ်ခါးတုံးတွေ ရောင်းချနေတဲ့ ဈေးသည်တွေတော့ ဘုရားဖူးသူတွေကို မဝယ်ချင့်ဝယ်ချင်အောင် သနပ်ခါးရဲ့ အသုံးဝင်ပုံတွေကို ရွတ်ပြကြပြီး ဝယ်သူတွေကို ဆွဲဆောင်နေတာကို တွေ့ရပါတယ်။
သနပ်ခါးတုံးတွေ ရောင်းချတဲ့ ဈေးသည်တွေကတော့ ဝယ်သူတွေ အကြိုက်ဖြစ်အောင် မြေနီမှုန့်ကို ရေဖျော်၊ စုတ်တံငယ်တွေနဲ့ သနပ်ခါးရဲ့ ပပ်ကြားအက်နေတဲ့ အပွေးသားတွေကို မြေနီမှုန့်အရည် သုတ်လိမ်းပေးပြီးမှ ရောင်းချကြပါတယ်။
“အခုခေတ်က သဘာဝဆိုရင် မကြိုက်တော့ဘူးလေ၊ ဒါကြောင့် ခပ်ဆန်းဆန်းဖြစ်အောင် လုပ်ယူရတယ်” လို့ မုံရွာမြို့အနီးက ရွှေဂူနီဘုရားကြီးဝန်းထဲမှာ သနပ်ခါးတုံးတွေကို မြေနီမှုန့်ဆိုးနေတဲ့ ကိုကျော်ကြီးက ပြောပါ တယ်။
သနပ်ခါးရဲ့ ပင်ကိုအရောင် မွဲခြောက်ခြောက်ကို ဝယ်သူတွေက မကြိုက်လို့ အရောင်တောက်ပနေအောင် မြေနီဆိုးရပေမယ့် လိမ်းတဲ့အခါမှာဘေးထွက်ဆိုးကျိုးတော့ မရှိဘူးလို့သိရပါတယ်။
မုံရွာမြို့၊ ကောင်းမှုတော်ဘုရားမှာတော့ အခါ ကြီးရက်ကြီးတွေရောက်ရင် ကျောက်ပျဉ်ကြီး တချပ်နဲ့ သနပ်ခါးတုံး ချထားပေးလေ့ရှိပါတယ်။ ဘုရားဖူး လာတဲ့ သူတွေက သနပ်ခါးသွေးလိမ်းပြီး အန္တရာယ် ကင်းရှင်း၊ အနာရောဂါ ကင်းဖို့ ဆုတောင်းကြတဲ့အယူ တခုလည်းရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အလောင်းတော်ကဿပ ရင်ပြင်တော်အနီးက ရေချိုးဆောင်တွေမှာဆိုရင်လည်း သနပ်ခါးတုံးနဲ့ ကျောက်ပျဉ်ကို ချပေးထားတာမျိုးရှိပါတယ်။
နံ့သာ ၁၀ ပါးထဲမှာ အခေါက်နံ့သာအဖြစ် ပါဝင်တဲ့ သနပ်ခါးကောင်းတပင် ဖြစ်လာဖို့ကလည်း မလွယ်ကူ လှပါဘူး။
အပွေး၊ အသား၊ အနှစ်ကောင်းရဖို့အတွက် သနပ်ခါးပင်တပင် စတင်စိုက်ပျိုးတဲ့ အချိန်ကနေ ဖြတ်ယူမယ့် အချိန်ထိ တယုတယ စိုက်ပျိုးရသလို၊ မြေကောင်းမြေသန့် ဖြစ်ဖို့ကိုလည်း ဂရုစိုက်ရတယ်လို့ မုံရွာမြို့အနီး ခတက်ကံတောင်ရွာက သနပ်ခါးစိုက် တောင်သူ ဒေါ်မြကျင်က ရှင်းပြပါတယ်။
“သနပ်ခါးကောင်းလွန်းရင် အရင်းကနေ အက်ကွဲလာတယ်၊ အပွေးအသား ကောင်းလွန်းရင် အခုခေတ် သောက် နေတဲ့ ဆေးလိပ်တွေ အပွေးကြားညှပ်ထားရင်တောင် ပြုတ်မကျဘူး” လို့ ဒေါ်မြကျင်က ဆိုပါတယ်။
ဝါဆိုလနဲ့ ဝါခေါင်လဆန်းလောက်မှာ သီးပွင့်လာတဲ့ သနပ်ခါးသီးတွေကို လက်နဲ့ညှစ်၊ ရေအနည်း ငယ်စွတ်ယူပြီး မြေကြီးထည့် ထားတဲ့ အိတ်ငယ်တခုနဲ့ စိုက်ပျိုးရတာပါ။ အပင် ၃ လ သား ကနေ ၁ နှစ် သား အရွယ်ရောက်မှ သတ်မှတ်မြေ နေရာကို ပြောင်းပြီး စိုက်ပျိုးရတယ်လို့ သိရပါတယ်။ မိုးရေများများရတဲ့ ဝါခေါင်လနဲ့ တော်သလင်း လတွေမှာ သနပ်ခါးပင်ကို စိုက်ပျိုးမှ သနပ်ခါးအသားစွဲသလို အပင်လုံး ပတ်ကြီးထွားပြီး အပွေးအသားကောင်း အောင် စနစ်တကျ စိုက်ပျိုးနည်းအဖြစ် မြေပေါင်တတန်းနဲ့ တတန်း အကြားမှာ လက် ၆ တောင်လောက်ခြားပြီး အပင်တပင်နဲ့ တပင်ကြား လက် ၃ တောင် လောက် ခြားလို့ စိုက်ပျိုးရကြောင်း သနပ်ခါးစိုက် တောင်သူတွေ ထံက သိရပါတယ်။
“အမြတ်များများ လိုချင်ရင်တော့ သနပ်ခါး မစိုက်တာ အကောင်းဆုံး၊ တခြားလုပ်ငန်း မရှိဘဲနဲ့လည်း သနပ်ခါး ခြံစိုက်လို့ အဆင်မပြေဘူး၊ ကံကောင်း ရင်တော့ အမြတ်ကျန်မှာပါ” လို့ ဘန့်ဘွေးကျေးရွာ သနပ်ခါးစိုက် တောင်သူ မမြမေက ပြောပါတယ်။
သနပ်ခါးစိုက်တဲ့ လုပ်ငန်းတွေကလည်း တနှစ်ထက် တနှစ် ဝယ်လိုအား တိုးတက်သွားတာမရှိဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အတိုင်းပဲ ရှိနေသေးတယ်လို့ သိရပါတယ်။
အစိုးရကတော့ သနပ်ခါးစိုက် တောင်သူတွေအတွက် သီးခြားချေးငွေ၊ ထောက်ပံ့ငွေမပေးပေမယ့် တောင်သူချေးငွေအဖြစ် ငွေကြေးအနည်းငယ်တော့ ထုတ်ချေးတယ်လို့ မမြမေက ရှင်းပြတယ်။
သနပ်ခါးပင်တွေကို စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ ဒေသတချို့မှာ စိုက်ပျိုးကြပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်၊ အာသံ၊ ဩရိဿ ပြည်နယ်တို့နဲ့ ဒက္ခိဏ ကုန်းပြင်မြင့်က ခြောက်သွေ့ ဒေသ တွေမှာလည်း ပေါက်ရောက်တယ်လို့ တချို့ မှတ်တမ်းတွေက ဆိုပါတယ်။
အခုအချိန်မှာတော့ မြန်မာ့သနပ်ခါးကို ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူစတဲ့ အရှေ့တောင်အာရှ ဒေသတွင်းမှာရှိတဲ့ စီးပွားရေးသမားတွေက မျက်စိကျနေကြပြီး သနပ်ခါးအလှကုန်တွေနဲ့ ကမ္ဘာတဝန်းကို ဈေးကွက် ထိုးဖောက်နိုင်ဖို့အရေး အပြိုင်အဆိုင် ကြိုးပမ်းလာကြပြီ ဖြစ်ပါတယ်။
ကမ္ဘာ့နာမည်ကြီး အွန်လိုင်း ဈေးဝယ်စင်တာဖြစ်တဲ့ Amazon မှာတောင် မြန်မာ့သနပ်ခါးက နေရာတနေရာ ယူနိုင်နေပါပြီ။
မြန်မာ့သနပ်ခါးကို ထိုင်းအခြေစိုက် Everyday Happy ကုမ္ပဏီက Deleaf ဆိုတဲ့ နာမည်နဲ့ သနပ်ခါး ပေါင်ဒါအဖြစ် ပြည်တွင်းပြည်ပမှာ ရောင်းချနေသလို ဖိလစ်ပိုင်နိုင်ငံက ကုမ္ပဏီတခုကလည်း Organic Thanakha ဆိုတဲ့ နာမည်နဲ့ ၂၀ဝ၈ ခုနှစ် ကတည်းက နိုင်ငံတကာကို ဖြန့်ဖြူး ရောင်းချနေပါတယ်။
ပြည်တွင်းမှာ ဒေါ်သီ၊ ရွှေပြည်နန်း၊ ရွှေဘိုမင်း သမီး၊ တောင်ကြီးမောက်မယ်နဲ့ လှ စတဲ့ သနပ်ခါးလုပ် ငန်းတွေရှိပေမယ့် နည်းပညာအရ သနပ်ခါးထွက်ကုန် တွေဟာ ကမ္ဘာ့စံချိန်မီဖို့ လိုအပ်နေဆဲပါ။
နိုင်ငံခြားဧည့်သည်တွေကတော့ အသင့်ပြုလုပ် ပြီး သနပ်ခါးအနှစ်တွေနဲ့ ကျောက်ပျဉ်ကို ဝယ်ယူကြတာများပြီး ပြည်တွင်း ဧည့်သည်တွေကတော့ သနပ်ခါးတုံးတွေကိုပဲ အဓိကဝယ်ယူကြတယ်လို့ ဗောဓိတထောင် ဘုရားကြီးအနီးက ကိုသန်း၊ မသန်း မြိုင် သနပ်ခါးအရောင်းဆိုင်ပိုင်ရှင် မသန်းမြိုင်က ရှင်းပြပါတယ်။
မုံရွာမြို့နဲ့ အနီးတဝိုက် ကျေးရွာတွေမှာတော့ အရာတော်မြို့နယ်က ခြံပိုင်ရှင် ဦးစိန်မင်းဆိုသူ စိုက်တဲ့ သနပ်ခါးပင်ဟာ ၇ နှစ်၊ ၈ နှစ်အတွင်းမှာပဲ သနပ်ခါးတုံးအဖြစ် ဖြတ်ယူအသုံးပြုလို့ရပြီလို့ ကြားတာကြောင့် စိန်မင်း သနပ်ခါးမျိုးကိုပဲ ဝယ်ယူပြီး စိုက်ပျိုး ကြတယ်လို့ သိရပါတယ်။
“သနပ်ခါးမျိုးတွေကတော့ နာမည်အတည်တကျ ရယ်လို့ မရှိဘူး၊ သနပ်ခါးကောင်းတဲ့ခြံ၊ နယ်တွေကို အစွဲပြုပြီးတော့ ခေါ်လိုက်တာပဲ” လို့ ခတက် ကံတောင်ရွာက သနပ်ခါးစိုက်တောင်သူ ဒေါ်မြကျင် က ပြောပါတယ်။
ပုံမှန်အားဖြင့် အပွေး၊ အသားကောင်းတဲ့ သနပ်ခါး တပင်ရဖို့ နှစ် ၂၀၊ ၃၀ ကျော်လောက် စိုက်ပျိုး ထားရတယ်လို့လည်း သနပ်ခါးစိုက် တောင်သူတွေက ဆိုပါတယ်။
အသင့်လိမ်းသနပ်ခါးဘူး၊ အခဲနဲ့ အနှစ်ထုပ် တွေရောင်းချကြတဲ့ သနပ်ခါးလုပ်ငန်း အများစုက သနပ်ခါးခြံ စိုက်သူတွေဆီက အပွေးအသား နည်းပေမယ့် သနပ်ခါးစစ်တယ်လို့ ဆိုလို့ရမယ့် ကိုင်းဖျားကိုင်းနား သနပ်ခါး အသားတွေကို ဝယ်ယူအသုံးပြု ကြတာဖြစ်ပါတယ်။
အကောင်းဆုံးအပွေး၊ အသားရှိတဲ့ သနပ်ခါးပင် တပင်ကို ရောင်းမယ်ဆိုရင်တော့ ကျပ် ၅၀ဝဝဝ ကနေ ၇၀ဝဝဝ ခန့် ရသလို အလယ်အလတ် အနေအထားရှိတဲ့ သနပ်ခါးတပင် ကိုတော့ ၂၀ဝဝဝ ကျပ် နဲ့ ၄၀ဝဝဝ ကျပ် အကြား ဈေးနဲ့ သနပ်ခါး ပွဲစားတွေက ဝယ်ယူကြပါတယ်။
ပြင်ပဈေးကွက်မှာတော့ ၆ လက်မ သာသာရှိတဲ့ အပွေးအနှစ်ကောင်း သနပ်ခါးတုံး ၁ တုံးရဲ့ ဈေးနှုန်းက ၆၅၀ဝ ကျပ်ကနေ ၁၀ဝဝဝ ကျပ်အထက်မှာ ရှိပါတယ်၊ သာမန်မျှသာရှိတဲ့ သနပ်ခါးတုံးကတော့ ၁၀ဝ၀ ကျပ် ကနေ ၅၀ဝ၀ ကျပ် အထိ ပေးရပါတယ်။
သနပ်ခါးပင်ဟာ သီး၊ ဥသျှစ်၊ လိမ္မော်၊ ရှောက်၊ သံပရာ၊ ပျဉ်းတော်သိမ်စတဲ့ အပင်တွေနဲ့ မျိုးရင်းတူတာကြောင့် သနပ်ခါး အတုအနေနဲ့ တချို့ ဈေးသည်တွေက သီးခေါက်တွေကို ရောနှော ရောင်းချကြတာတွေလည်း ရှိပါတယ်။
သနပ်ခါးပင် ဆိုတာ အပူပိုင်းဒေသတွေမှာ အဓိကပေါက်ရောက်တဲ့ ဆူးရှိအသားမာကျောပင် တမျိုးဖြစ်ပြီး ရုက္ခဗေဒ အခေါ်အရ လင်မိုနီးယား အက်ဆစ်ဒီစီမား (Limonia acidissima) လို့ခေါ်ကြောင်း Xanthoto xin ၊ Phenylacetox Yocun Arin Umbelliferone ၊ Limonin ၊ Iuvangetin ဒြပ်ပေါင်းတွေ ပါဝင်နေတယ်လို့ လေ့လာသိရှိပါတယ်။
ပင်စည်ကို သနပ်ခါးတုံးတွေအဖြစ် ဖြတ်တောက် ရောင်းချပြီး အမြစ်ကို သွေးလိမ်းမယ်ဆိုရင်တော့ ကိုယ် အရေပြား ရောဂါတချို့ ပျောက်ကင်းနိုင်သလို၊ အသားအရေကိုလည်း ချောမွေ့စေတယ်လို့ သိရပါတယ်။ သနပ်ခါးရွက်ကိုပြုတ်ပြီး ဖန်ရေအဖြစ်သုံးမယ်ဆိုရင်တော့ အနာမန်းနိုင်တယ်လို့ သနပ်ခါးခြံ စိုက်ပျိုးသူတွေက ဆိုပါတယ်။
ပြည်တွင်းက သနပ်ခါးထုတ်လုပ်တဲ့ကုမ္ပဏီတခုဖြစ်တဲ့ ရွှေပြည်နန်း ကုမ္ပဏီကတော့ သနပ်ခါးလိမ်းခြယ်တဲ့ မြန်မာမလေးတွေ အရင်ထက် များလာအောင်၊ သနပ်ခါးကို စိတ်ဝင်စားမှုလျော့မသွားအောင် သနပ်ခါးရဲ့ အသုံးဝင်ပုံတွေကို ကြော်ငြာပြီး ဝယ်သူတွေကို ဆွဲဆောင်တယ်လို့ သိရပါတယ်။
“သနပ်ခါးလိမ်းတဲ့ ယဉ်ကျေးမှုက လျော့လာတယ်လို့ ပြောလို့ရမယ်၊ ဒီခေတ်မှာက အလှကုန်တွေ ဘက်ကို လှည့်ကုန်ကြပြီ၊ ဒါကြောင့်မို့လို့ သနပ်ခါးရဲ့ အကျိုးရှိတဲ့ အချက်အလက်တွေကို ဝယ်သူတွေသိအောင် ပြောပြ ရတယ်၊ ဆွဲဆောင်ရတယ်” လို့ ရွှေပြည်နန်းကုမ္ပဏီရဲ့ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။
ရွှေပြည်နန်းကုမ္ပဏီရဲ့ သနပ်ခါး ရောင်းချရမှုကတော့ လျော့သွားတာမျိုးမရှိဘဲ၊ ပုံမှန်အနေအထားနဲ့ ရှိနေတယ်လို့လည်း သိရပါတယ်။
ရှေးလူကြီးသူမ တွေကတော့ သနပ်ခါးဟာ ဆေးဖက်ဝင်တယ်လို့ ယုံကြည်ကြပါတယ်။ သနပ်ခါးဟာ ပူလောင်တဲ့ နွေရာသီမှာလိမ်းထားရင် အေးနေသလို၊ အေးချမ်းတဲ့ ဆောင်းကာလမှာ လိမ်းတဲ့အခါ နွေးတယ်လို့လည်း ယူဆ ထားကြပါတယ်။ လသားအရွယ် ကလေးငယ်ကို ရေချိုးအပြီးမှာ သွေးထားတဲ့ သနပ်ခါးစစ်စစ် လိမ်းပေးရင်း ပါးစပ်ထဲကိုပါ ခွံ့ပေးတာလည်း မြန်မာ့ဓလေ့ တခုလို ဖြစ်ခဲ့ပါတယ်။ အခု အသက် ၃၀ ကျော်၊ ၄၀ ဝန်းကျင်တန်း မြန်မာတွေ အားလုံးဟာ ငယ်ငယ်က သနပ်ခါး ခွံ့ကျွေးခံခဲ့ရမှာပါ။
မြန်မာ့ သနပ်ခါးဟာ ထီးသုံးနန်းသုံးလည်းဖြစ်၊ ရှေးစာဆိုတော်တွေကတောင် ဖွဲ့နွဲ့ရေးသားခဲ့ကြတဲ့ အလှကုန်တခု ဖြစ်ခဲ့ပေမယ့် မြန်မာ မလေးတွေက ပါးမှာလိမ်းခြယ်ဖို့ စိတ်ဝင်စားမှု နည်းလာတာ ဘာ ကြောင့်လဲဆိုတာ တွေးစရာပါ။ မြန်မာမိန်းကလေးတွေရဲ့ Lifestyle ပြောင်းလဲလာလို့လား၊ တခြား အလှပြင် ပစ္စည်းတွေရဲ့ ဈေးကွက်မြှင့်တင်ရေးတွေကပဲ ကောင်းလွန်းလို့လား၊ ဒါမှမဟုတ်၊ သနပ်ခါးစစ်စစ်ရဲ့ ဈေးနှုန်း ကြီးမြင့်မှုကြောင့်လား ဆိုတာတော့ သူတို့ကိုယ်တိုင်ပဲ ပြောနိုင်ပါလိမ့်မယ်။
ရန်ကုန်မြို့သူ တချို့ကတော့ အပွေး၊ အသားကောင်းတဲ့ သနပ်ခါးတုံး စစ်စစ်တွေက ဈေးကြီးလွန်းတာရယ်၊ သနပ်ခါးတုံး အတုတွေလည်း ဈေးကွက်ထဲ ဝင်နေတာရယ်၊ ရုံးချိန်မီဖို့အရေး သနပ်ခါးသွေးဖို့ အချိန်မပေးနိုင် တာရယ်၊ တချို့ကုမ္ပဏီနဲ့ စက်ရုံ အလုပ်ရုံတွေမှာ သနပ်ခါးမလိမ်းရဆိုတဲ့ စည်းကမ်းချက်တွေ ထုတ်ထားတာရယ် စတာတွေကြောင့် သနပ်ခါး မလိမ်းဖြစ်တော့တာလို့ ဆိုပါတယ်။
ရန်ကုန်မြို့တွင်း အလုပ်သွား၊ ရုံးတက်၊ကျောင်းတက်၊ ရှော့ပင်ထွက် လုပ်နေတဲ့ မိန်းကလေးတွေရဲ့ ပါးပြင်မှာ သနပ်ခါး ပါးကွက်ကျားလေးတွေ တွေ့ရခဲသွားပေမယ့် နှုတ်ခမ်းနီလေးတွေရဲ့ အသည်းစွဲ အဆိုတော်တဦး ဖြစ်သူ သားသားရဲ့ “သနပ်ခါးကို ဘယ်ညာလိမ်း … ဆံထုံးလေးပါထုံး” ဆိုတဲ့ တေးသွားတစကတော့ ရန်ကုန်မြို့ထဲ လမ်းမတွေမှာ ပျံ့လွင့်ဆဲပဲ ဖြစ်ပါတယ်။