အလွန် မတ်စောက်သည့် တောင်တက် လမ်းကို ဆိုင်ကယ် ကယ်ရီဖြင့် တက်ရသည်။ လူက ၄၅ ဒီဂရီခန့် တစောင်းဖြစ်နေ၏။ နာဂတောင်တန်း လဟယ်မြို့မှ နန်းယွန်းမြို့သို့ ခရီးစတင်ခြင်း ဖြစ်သည်။ ထိုလမ်းသည် ယခင်ကာလက လူလျှောက် လမ်းဖြစ်ပြီး ဆိုင်ကယ် မောင်းနှင်နိုင်ရန် ပြန်လည် ဖောက်လုပ် ထားခြင်းဖြစ်သည်။
တောင်ပေါ်တက်သည့် ဆိုင်ကယ်များအားလုံး ၏ နောက်ထိုင်ခုံတွင် ထိုင်သူများက အထုပ်ဖြင့်တွဲ လျက် ချည်ထားရသည်။ နောက်ပြန် ပြုတ်ကျမည်စိုး သောကြောင့် ဆိုင်ကယ်မောင်းသမားများက ထိုသို့ ချည်ခိုင်း ထားခြင်းဖြစ်သည်။
နာဂတောင်တန်းသည် ချင်းတောင်တန်းနှင့် ဆက်စပ်လျက်ရှိပြီး အိန္ဒိယနယ်မြေနှင့်လည်း ထိစပ် နေသည်။ တောင်တက်လမ်းကို ကားဖြင့်သွား၍ မရ၊ ဆိုင်ကယ်ဖြင့်သာ သွားနိုင်သည်။ ဆိုင်ကယ်ဖြင့်သွား သူများက ခရီးသွားဧည့်သည်များဖြစ်ပြီး လက်ရှိ အခြေအနေအထိ နာဂ တိုင်းရင်းသားများကတော့ ခြေကျင်သာ သွား လာနေကြသည်ကို တွေ့ရသည်။
နာဂမြို့နယ်တခုဖြစ်သည့် လဟယ်မြို့နယ်မှ နန်းယွန်းမြို့နယ်သို့ မိုင် ၈၀ မိုင်ခန့်သာ ဝေးကွာသော်လည်း ဆိုင်ကယ်ဖြင့် တနေကုန်သွားရကာ၊ ဆိုင်ကယ်ကယ်ရီခအဖြစ် မြန်မာငွေ ကျပ် ၂ သိန်း ပေးရသည်။
“ပွင့်လင်းရာသီမို့လို့ ၂ သိန်းပေးရတာ။ မိုး ရာသီဆိုရင် သုံးသိန်းခွဲလောက် ဈေးပေါက်တယ်။ လမ်းကလည်း ခက်ခဲတယ်။ ပြီးတော့ဆိုင်ကယ်လည်း နာတယ်။ တနေကုန်မောင်းရတာ” ဟု လဟယ် မြို့နယ်မှ ဆိုင်ကယ် မောင်းသည့် ကိုမောင်သန်းက ပြောသည်။
အစိုးရက ပွင့်လင်းရာသီအချိန်တွင် ဆိုင်ကယ် များ၊ ကားများသွားလာရန် ဖွင့်ပေးသော်လည်း မိုး ရာသီတွင် တောင်ကျချောင်းရေကြောင့် သစ်ပင်များ ဖြင့် လမ်းများပိတ်သွားကြောင်း၊ တခါတရံ ဆိုင်ကယ်များ ချောက် ထဲသို့ကျသည်ကို ကြုံဖူးကြောင်း ကိုမောင်သန်းကဆိုသည်။
လက်ရှိ နာဂတောင်တန်းဒေသတွင် လမ်းများ ကို တာဝန်ယူဖောက်လုပ်နေသည့် အင်ဂျင်နီယာ တဦးက “အဓိကကတော့ စနစ်ပါပဲ။ လမ်းဖောက်ဖို့ ချလိုက်တဲ့ ငွေကနည်းတော့ ကျနော်တို့လည်း နိုင်သလောက် လုပ်ရတာပေါ့” ဟု ဧရာဝတီသို့ပြောသည်။
ဆိုင်ကယ်ဖြင့် တောင်များစွာဖြတ်ပြီး မကျန်း ကျေးရွာကိုရောက်လျှင် နာဂရိုးရာ အိမ်များကို စတင်လေ့လာ နိုင်မည် ဖြစ်သည်။ နာဂအိမ်များ ဆောက်လုပ်သည့်အခါ သံ လုံးဝအသုံးပြုခြင်း မရှိ ဘဲ၊ နှီး၊ ဝါး စသည့် သဘာဝအလျောက် ရရှိသည့် ပစ္စည်းများဖြင့်သာ ဆောက်လုပ်ကြသည်။ အိမ်များကို ဆောက်လုပ်သည့် အခါတွင် နာဂတိုင်းရင်းသား အချင်းချင်း ငွေကြေး တပြားတချပ်မျှ ယူလေ့မရှိဘဲ ကူညီလုပ်ကိုင်ပေးကြသည်။ အိမ်များကို တန်းလျားရှည်ကြီးများအဖြစ် တွေ့ရသည်။
“ကျနော်တို့ နာဂတွေက မိသားစု ခွဲနေတဲ့ သဘာဝမရှိဘူး။ အိမ်ထောင်ကျပြီးတဲ့သူတွေလည်း အဲဒီလိုပဲ အိမ်ထဲမှာ အခန်းဖွဲ့ပြီး နေထိုင်ကြတယ်” ဟု နာဂတိုင်းရင်းသားတဦးဖြစ်သည့် ဦးအဇိုန်းက ဧရာဝတီသို့ ပြောသည်။
နာဂတိုင်းရင်းသားများ၏ အိမ်တွင်းသို့ ဝင် ရောက်သွားမည်ဆိုလျှင် အိမ်ရှေ့ခန်း၌ သူတို့ အမဲလိုက်ခဲ့သည့် သားကောင်များ၏ ဦးခေါင်းကို ချိတ်ထားကာ လာရောက်သည့်ဧည့်သည်များကို ဂုဏ်ယူ ဝင့်ကြွားစွာ ပြလေ့ ရှိသည်။ နာဂ တောင်တန်းဒေသသည် အလွန်ချမ်းအေးသည့်အတွက် ဧည့်ခန်းတွင် မီးဖိုထားလေ့ရှိသည်။ အိမ်တိုင်းတွင် ပြတင်းပေါက်မရှိ။
“ကျနော်တို့လူမျိုးတွေက သားကောင်တွေ ဖမ်းပြီးတော့ သားကောင်ဦးခေါင်းကို အိမ်မှာချိတ်ပြီး သူများကို ပြရတာ ပျော်တယ်။ ကျနော့်အိမ်မှာဆို ၂၃ ခေါင်းရှိတယ်၊ ပြီးတော့ ကျနော်တို့ သားကောင်တွေရရင် တရွာလုံး ဝေငှစားသောက်ကြတာ အခုထိပါပဲ” ဟု ဦးအဇိုန်းက ပြောပြသည်။
နာဂရွာတိုင်းတွင် နာဂတို့ အထွတ်အမြတ်ထား သည့် ပန်အိမ်ရှိသည်။ ပန်အိမ်ဆိုသည်မှာ ရွာတွင် သာရေး နာရေးများ ဖြစ်ပေါ်ပြုလုပ်ချိန်တွင် တုတ် ချောင်းဖြင့်ထုရိုက်ကာ အချက်ပေးရသည် ထွင်းထားသော သစ်ပင်ကြီး ထားရှိသည့်နေရာဖြစ်သည်။ ထွက်ပေါ်လာသည့် အသံကို အခြေခံကာ ရွာတွင် သာရေးနှင့် နာရေးကို ခွဲခြား သိရှိနိုင်ပြီး မိမိအိမ်ကို လာရောက်သည့် ဧည့်သည်များကို ရိုးရာခေါင်ရည် ဖြင့် တည်ခင်းဧည့်ခံကြသည်။
နာဂ တိုင်းရင်းသူများသည် ရှေးကာလက ချင်းအမျိုးသမီးများကဲ့သို့ ပါးရဲထိုးသည့် အလေ့အထရှိသည်။ နာဂအမျိုးသမီးများ၏ ပါးရဲသည် အလျား လိုက် ပုံစံဖြစ်သည်။ သို့သော် ယခုခေတ်တွင်တော့ ပါးရဲထိုးသည့် အမျိုးသမီးများ မရှိတော့ပေ။ အသက်ကြီးသည့်သူများတွင်သာ ပါးရဲထိုးထားသည်ကိုတွေ့ရသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်မှစပြီး ပါးရဲထိုးသည့် အလေ့အထ ပပျောက်သွားသည်ဟု သိရသည်။ ပါးရဲကို မွေးကင်းစ ကလေးအရွယ်မှ စတင်ကာ ထိုးပေးခဲ့ခြင်းဖြစ်ကြောင်း၊ ရှေးမြန်မာ ဘုရင်များ တော်ကောက်မည်ကို စိုးရိမ်စိတ် ဖြင့် ထိုး ခဲ့ကြကြောင်း ပါးရဲထိုးထားသည့် နာဂတိုင်းရင်းသူ ဒေါ်ခိုင်က ဧရာဝတီသို့ ရှင်းပြသည်။
“နာဂ အမျိုးသမီးတွေက အလုပ်ဆိုရင်လည်း အစစအရာရာ အကုန်လုပ်ရတယ်။ အိမ်မှာ ရေခပ်၊ ထင်းခွေ၊ ဆန်ဖွပ် အပြင် လယ်ယာပါ မိန်းကလေး တွေပဲ လုပ်ရတာ” ဟု ဒေါ်ခိုင်က ပြောပြသည်။
နာဂကျေးရွာတိုင်းသည် လွတ်လပ်သောကျေးရွာ များဖြစ်ကြသည်။ ရွာသူကြီးများကသာ အုပ်ချုပ်လာ ခဲ့သည်။ ထိုကျေးရွာများကို အုပ်ချုပ်သောစနစ်သည် ဒီမိုကရေစီစစ်စစ် စနစ်ဖြစ်သည်ဟု နာဂသမိုင်း အကျဉ်းတွင် ဖော်ပြထားသည်။
နာဂတိုင်းရင်းသားတို့သည် တဦးတယောက်၏ အခွင့်အရေးကို အလွန်လေးစားကြသည်။ ဥပမာ အားဖြင့် တောတောင် တနေရာတွင် တန်ဖိုးရှိသော အရာတခုခုကို မိမိအရင်တွေ့ရှိကြောင်း အမှတ် အသားလုပ်ခဲ့လျှင် ယင်းအမှတ်အသားကို ဖယ်ရှားပြီး အမှတ်အသား အသစ်ပြုလုပ်ကာ မိမိပိုင်ဆိုင်ကြောင်း မပြုလုပ်ကြ၊ လိမ်ညာမှုနှင့် ခိုးမှုများလည်း ထိုဒေသတွင် မရှိကြောင်း သိရသည်။
နာဂတိုင်းရင်းသား အားလုံးသည် ရွာသူကြီး၏ ဆုံးဖြတ်ချက်ကို နာခံကြပြီး ရပ်ရေးရွာရေး ကိစ္စများကို ရွာသူကြီးနှင့်အတူ ရွာလူကြီးများက ဆုံးဖြတ်ဖြေ ရှင်းကြသည်။ နာဂကျေးရွာ နယ်မြေများကို နေထိုင်သူ ရွာသူရွာသားအားလုံးက ပိုင်ဆိုင်သဖြင့် တောင်ယာခုတ်ရန် မြေကွက်ကို ဝယ်ရန်သော်လည်းကောင်း၊ တောင်းရန်သော်လည်းကောင်း မလိုအပ်ပေ။ မိမိ ကြိုက်ရာနေရာတွင် တောရိုင်းကို ခုတ်ထွင်ရှင်းလင်းပြီး တောင်ယာလုပ်စားနိုင်ကြသည်။
လယ်ယာများကိုတနှစ်လုပ်စားပြီးပါက နောက်ပိုင်းတွင် မြေကွက်ကို သားစဉ်မြေးဆက် ပိုင်ဆိုင်ခွင့် ရှိသည်၊ ရွာကမပိုင်တော့ချေ။ မြေကွက်အတွက်မည် သူ့ကိုမျှ အခွန်ပေးဆောင်ရန်လည်းမလို။ နာဂမြေကို မည်သည့် အစိုးရကမှလည်း မပိုင်ဆိုင်ပေ။
“နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ဒေသတွေက တော့ လဟယ်၊ လရှီး၊ နန်းယွန်းမြို့နယ် တွေပါပဲ။ နာဂရိုးရာ မပျောက်ကွယ်အောင်လည်း ကျနော်တို့ နာဂရိုးရာ ယဉ်ကျေးမှုကော်မတီတွေ ဖွဲ့စည်းပြီး လုပ်ဆောင်နေ ပါတယ်” ဟု နာဂရိုးရာ ယဉ်ကျေးမှု ကော်မတီ နာယက ဦးလှဖေက ဧရာဝတီသို့ပြောသည်။
နာဂတိုင်းရင်းသားများသည် တခြား တိုင်းရင်း သားများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက အလွန်ဖွံ့ဖြိုးမှု နောက် ကျနေကြောင်း၊ ပညာရေးပိုင်းတွင်လည်း အလွန်အားနည်းသောကြောင့် နာဂတိုင်းရင်းသား ရိုးရာကို မပပျောက် သွားအောင် ဆက်လက်ထိန်းသိမ်း လုပ်ဆောင်နေကြကြောင်း သိရသည်။
နာဂရိုးရာ ပွဲတော်ကို နှစ်စဉ်ကျင်းပနိုင်ရန် အတွက်လည်း နှစ်စဉ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် နာဂတောင် တန်းဒေသ သုံးမြို့နယ်တွင် အလှည့်ကျ ကျင်းပနိုင်ဖို့ လုပ်ဆောင်နေကြောင်း ဦးလှဖေက ဆိုသည်။
နာဂတောင်တန်းသည် အလွန်လှပပြီးစိမ်းလန်းစိုပြည်ကာ ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်သည့် နေရာတခုဖြစ်သည်။ သို့သော် လမ်းပန်းဆက်သွယ်မှုကြောင့် နိုင်ငံခြားသား ဧည့်သည်များ၊ ပြည်တွင်း ဧည့် သည်များ ရောက်ရှိရန် အလွန်ခက်ခဲသည်။ သို့သော် နိုင်ငံခြားသားဧည့်သည်တချို့ကမူ ပွင့်လင်းရာသီတွင် ထိုဒေသသို့လာတတ်ကြသည်ဟု လဟယ် မြို့နယ်တွင်နေထိုင်သည့် မစံကီးလှိုင်ညူက ဧရာဝတီသို့ ပြောသည်။
“နိုင်ငံခြားသားတွေက ပွင့်လင်းရာသီဆိုရင် ရောက်လာပါတယ်။ အုပ်စုလိုက်ပဲ။ နည်းတော့နည်းတယ်။ သူတို့က တောင်တွေကို ခြေကျင်တက်တာတွေ လုပ်ကြတယ်” ဟု သူကဆိုသည်။
နာဂတိုင်းရင်းသား ရိုးရာပွဲတော်ရောက်တိုင်း နိုင်ငံခြားဧည့်သည်များ ပိုမိုရောက်ရှိလာကာ နာဂ ရိုးရာဓလေ့ကို စိတ်ဝင်တစား လေ့လာကြသည်။ သို့သော် နာဂတိုင်းရင်းသားများ၏ ဓလေ့ကို လေ့လာမည်ဆိုပါက အလွန် ခေါင်သည့် အရပ်ဒေသတွင်သာ တွေ့နိုင်ကြောင်း၊ ထိုနေရာများသို့ သွားလိုလျှင်လည်း ခြေကျင်ဖြင့်သာ နိုင်ငံခြားသားများ သွားနိုင်ကြကြောင်း ဒိုင်းမွန်းပဲလေ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ ဒေါ်မီမီဝင်းက ဧရာဝတီသို့ ပြောသည်။
“ဧည့်သည်တွေက နာဂတိုင်းရင်းသားတွေကို လေ့လာချင်ပေမယ့် လာဖို့ခက်တယ်။ ကျမတို့ကလည်း ရိုးရာပွဲတော်အတွက် နှစ်စဉ်လာလို့ရအောင် လုပ်နေပါတယ်။ ပြီးတော့ ရှေ့ဆက်နိုင်ငံခြားခရီးသွားတွေ ဒီထက်ပိုပြီးလာနိုင်အောင်လည်း စီစဉ်နေပါတယ်” ဟု သူကဆိုသည်။
အလွန်ခေါင်သည့် နာဂ တောင်တန်းဒေသများ တွင် သွားရောက်အလုပ်လုပ်မည့် ပညာရေးဝန်ထမ်း များအတွက် ကားလမ်းမရှိ၊ ဆိုင်ကယ်လမ်းလည်း မရှိ၊ မိမိတာဝန်ကျသည့်နေရာသို့ ခြေကျင်လျှောက် ကာ သွားရောက်ပြီး နာဂကလေးငယ်များကို ပညာ သင်ကြားပေးနေသည်ကို တွေ့ရသည်။
အဆိုပါဒေသသို့ သွားရောက် ပညာသင်ကြားပေးနေသည့် ဆရာမ ဒေါ်မြင့်မြင့်သန်းက “ကျမတို့ တာဝန်ကျတဲ့ ကျေးရွာရောက်ဖို့ဆိုရင် လမ်းမှာနှစ်ည လောက်အိပ်ရတယ်။ တနေကုန်လမ်းလျှောက်ရတာ။ အဲဒီ ဒေသက ကလေးတွေက ပညာရေးအရမ်းကို အားနည်းတယ်။ ပညာသင်ဖို့အတွက်လည်း မိဘတွေက သိပ်ပြီးတော့ တွန်းအားမပေးကြဘူး” ဟု ဧရာဝတီကိုပြောသည်။
နာဂတောင်တန်းဒေသသည် တခြား တိုင်းရင်းသားဒေသများထက် အဘက်ဘက်မှ များစွာဖွံ့ဖြိုးမှု နောက်ကျနေသည်။ နာဂတိုင်းရင်းသားများ အနေဖြင့်လည်း မိမိတို့၏ နာဂတောင်တန်းကို တခြား တောင်တန်းဒေသများနည်းတူ ဖွံ့ဖြိုးမှု လိုချင်ကြသည်ကို တွေ့ရသည်။
နာဂတောင်တန်းကြီးများသည် အလွန်ပင် စိမ်းလန်းသန့်ရှင်းပြီး လတ်ဆတ်သည့်လေကို ရှုရှိုက်နိုင်သည်။ ထိုဒေသ၏ သဘာဝအငွေ့အသက်များ သည် ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်မှု ကောင်းသည့် နေရာတခုလည်းဖြစ်သည်။ ထို့ကြောင့် နာဂတိုင်းရင်းသားများက သူတို့ တောင်တန်းဒေသကို ခရီးလမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာရန် နိုင်ငံတော်အစိုးရက ပြုပြင်ပေးစေချင်ကြောင်းသိရသည်။
“ကျနော်တို့နာဂတောင်တန်းက တကယ်ဆိုရင် သာယာလှပတဲ့ နေရာလေးတခုပါ။ ကျနော်တို့ လူငယ်တွေရော၊ လူမျိုးစုတွေပါ မျက်စိဖွင့်စေချင်တယ်။ အခုဆိုရင် ကျနော်တို့ဒေသကို ရောက်ဖို့ အရမ်းခက်ခဲတယ်။ လမ်းတွေ ကောင်းမွန်ပြီး လူ တကာလာလည်ပတ်လို့ရတဲ့ဒေသဖြစ်ဖို့ လုပ်ပေး စေချင်ပါတယ်” ဟု နာဂတိုင်းရင်းသား လူငယ်မောင်အချင်းက ဧရာဝတီသို့ ပြောသည်။