သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသာမက အရှေ့တောင်အာရှ(အာဆီယံ)ဒေသတွင်း နိုင်ငံတွေ အားလုံး လိုလိုမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။
အာဆီယံ နိုင်ငံအများစုဟာ တချိန်ကပုံစံမျိုးစုံနဲ့ အာဏာရှင် စနစ်တွေ အောက်မှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ကြရပါတယ်။ သတင်းလွတ်လပ်ခွင့်ကို အလွန်ထိန်းချုပ်လေ့ရှိခဲ့တဲ့ အရင်“အရှိန်”က အခုအထိ ကြီးကြီးမားမား ရှိနေဆဲ ဖြစ်တယ် ဆိုတာ ဒေသတွင်း သတင်းထောက်တွေ စုံစုံလင်လင်တက်ရောက်တဲ့ ဘန်ကောက်က ညီလာခံက မီးမောင်းထိုးပြနေပါတယ်။
အဲဒီညီလာခံကို ဖေဖော်ဝါရီ တတိယ ပတ်လောက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုဗိုတယ်လ် ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး အာဆီယံ နိုင်ငံတွေအပြင် အခြားဒေသတွင်းနဲ့ ဥရောပ နိုင်ငံတွေက သတင်းထောက်တွေ၊ ဥပဒေပညာရှင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
နိုင်ငံတနိုင်ငံကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီး ၃ ခုနဲ့ တည်ဆောက်တဲ့နေရာမှာ စတုတ္ထ မဏ္ဍိုင် ဆိုတဲ့ သတင်းစာနယ်ဇင်း အခန်းကဏ္ဍက ဒီမဏ္ဍိုင်ကြီးတွေကို အပြန်အလှန် ထိန်းညှိပေးပါတယ်။ အဲဒီလို အပြန်အလှန် ထိန်း ညှိပေးတဲ့ ယန္တရားမရှိပါက နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး အတွက် အဟန့်အတားကြီးဖြစ်နေမှာ ကျိန်းသေပါတယ်။
အာဏာရှင်တွေဟာ အထူးသဖြင့် စတုတ္တမဏ္ဍိုင်ရဲ့ အသုံးတည့်ပုံကို နားလည်ကြပါတယ်။ သို့ပေမယ့် အာဏာ တည်မြဲရေး အတွက် ဝါဒဖြန့်ချိတဲ့ ယန္တရားတခု အဖြစ်သာ တလွဲအသုံးချပြီး စာနယ်ဇင်းလွတ်လပ်ခွင့်ကိုတော့ ရန်သူသဖွယ် သဘောထားကြပါတယ်။
ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ နိုင်ငံ တနိုင်ငံ အနေနဲ့ လွတ်လပ်စွာ ပုံနှိပ် ထုတ်ဝေခွင့် (Freedom of Press)၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် (Freedom of Expression) နဲ့ လွတ်လပ်စွာ သတင်းအချက်အလက် ရယူ ဖြန့်ဝေခွင့် (Right to Information) ဆိုတာတွေ ကို အဓိက တန်ဖိုးထား ဖော်ဆောင်ဖို့ လိုပါတယ်။
အဲဒီလို ဖော်ဆောင်ဖို့ အတွက် အစိုးရတွေ၊ လွှတ်တော်တွေနဲ့ စာနယ်ဇင်းသမားတွေ၊ လူထု အခြေပြု လူမှု အဖွဲ့အစည်းတွေနဲ့ လူ့အဖွဲ့အစည်း တခုလုံးမှာ ရှိနေကြသူတွေ အားလုံးမှာ တာဝန်ရှိတာပါ။ လွှတ်တော်တွေက ချမှတ်ပြဋ္ဌာန်းတဲ့ ဥပဒေနဲ့ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ဟာလည်း စာနယ်ဇင်း လွတ်လပ်ခွင့်ကို အကာအကွယ် ပေးနိုင်ရမှာ ဖြစ်ပါတယ်။
အားလုံးက တာဝန်သိသိ၊ တာဝန်ယူမှု ရှိရှိနဲ့ လုပ်ကိုင်ကြမယ် ဆိုရင် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေ အတွင်း သတင်းအချက် အလက် အမှန်တွေ ပေးနိုင်သလို အသိပညာတွေလည်း ဖြန့်ဝေပေးနိုင်မှာဖြစ်တယ်။ ပြီးတော့ မှန်ကန်တဲ့ တင်ပြမှုတွေနဲ့ ကောင်း ကျိုးတွေကို ဖြည့်ဆည်း ပေးနိုင်မှာဖြစ်ပါတယ်။
ဒီလို အသိပညာနဲ့ ကောင်းကျိုးတွေ ဖြည့်ဆည်းပေးနိုင်တယ်လို့ ဆိုပေမယ့် ဒေသတွင်း အာဆီယံ နိုင်ငံ အစိုးရတွေဟာ စာနယ် ဇင်း လွတ်လပ်ခွင့်ကို ဥပဒေတွေ၊ လုပ်ထုံး လုပ်နည်းတွေ အမျိုးမျိုး ပြဋ္ဌာန်ပြီး ပုံစံမျိုးစုံနဲ့ ထိန်းချုပ်ထားဆဲပါ။
သတင်းထောက် တွေ၊ စာနယ်ဇင်းသမားတွေကိုလည်း အဲဒီ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ ဖမ်းဆီး အရေးယူ အပြစ်ပေး ထောင်ချ နေကြတာဟာ စိုးရိမ်စရာ အခြေအနေတခုမှာ ရှိနေဆဲ ဖြစ်ပါတယ်။
အဂတိလိုက်စားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေ၊ သယံဇာတ အရင်းအမြစ်တွေ၊ အငြင်းပွားဖွယ် မြေယာသိမ်းဆည်းမှုတွေနဲ့ ပတ်သက်တဲ့ပြီး ဖော်ထုတ်ဖို့ ကြိုးစားရင် သတင်းသမားတွေ၊ ဘလော့ဂါတွေ၊ လူ့ အခွင့်အရေး လှုပ်ရှားသူတွေကို စနစ်တကျနဲ့ ဖြိုခွင်း နှိပ်ကွပ်တာမျိုးတွေ ကြုံနေကြရတယ်။ ပိုဆိုးတာက သတင်းသမား တွေဟာ အသက် အန္တရာယ် အထိ ရင်ဆိုင်နေကြရတာပါ။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံတွေထဲက ဖိလစ်ပိုင် နိုင်ငံဟာ ၂၀၀၈ ခုနှစ်ကတည်းက သတင်းထောက်တွေ အသတ် ခံရတာ ကမ္ဘာ့နိုင်ငံတွေထဲမှာ အမြင့်ဆုံး၊ အဆိုးဆုံး စာရင်းမှာ ရှိနေတယ်လို့ CPJ (Comitte to Protect Journalists) က စာရင်းပြုစုထားပါတယ်။
ပြီးတော့ လာအို၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အကြီးဆုံး ရန်သူတွေလို သဘောထားပြီး အကြီးအကျယ် ခြိမ်းခြောက်ခံနေရတယ်လို့ နည်စည်းမခြား သတင်းထောက်များအဖွဲ့(RSF)က ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ထုတ်ပြန် ထားပါတယ်။
RSF ရဲ့ အဆိုအရ ဗီယက်နမ်နိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ စာနယ်ဇင်းသမားတွေကို ဖမ်းဆီး ထောင်ချမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။
အာဆီယံ ၁၀ နိုင်ငံထဲမှာ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံ နှစ်နိုင်ငံကတော့ သတင်းရယူ ဖြန့်ချိခွင့် RTI (Right to Information) အက်ဥပဒေတွေ ပြဋ္ဌာန်း ထားနိုင်ပြီး မလေးရှားက ပြည်နယ် ၂ ခုမှာလည်း မကြာသေးခင်က အလားတူဥပဒေမျိုး အတည်ပြု နိုင် ခဲ့တာ တွေ့ရပါတယ်။ ဖိလစ်ပိုင်မှာတော့ ဒါမျိုးတွေ ပြဋ္ဌာန်းနိုင်ဖို့ တွန်းအားပေးနေဆဲပါ။
အိန္ဒိယနိုင်ငံမှာ RTI အက်ဥပဒေကိုတော့ ၂၀၀၂ ခုနှစ်ကတည်းက ပါလီမန်ကနေ Freedom of Information Act, 2002 ကို ထပ်မံ အစားထိုး ဖြည့်စွက်ဖို့ ကြိုးစားပေမယ့် ၂၀၀၅ ခုနှစ်ကျမှ အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတော့ လွှတ်တော်ကနေ ဒီလို ဥပဒေမျိုးတွေကို ပြဋ္ဌာန်း အတည်ပြုတာမျိုး ယနေ့ အထိ လုံး၀ မရှိသေးပါဘူး။ ၂၀၁၂ ခုနှစ်က စတင် ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အနေနဲ့လည်း သမ္မတက တိုက်ရိုက် ပေးအပ် တဲ့ တာဝန်တရပ် ဖြစ်တဲ့ Media law (ခေါ်) Press law ဥပဒေကြမ်းကို ရေးဆွဲခဲ့ပေမယ့် ဒီဥပဒေကြမ်းကို လွှတ်တော်မှာ တင်ပြ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ ပြန်ကြားရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး ရေးဆွဲထားတဲ့ အငြင်းပွားမှုတွေ ရှိနေတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ရိုက်ချိုးထားတဲ့ ၁၉၆၂ ခုနှစ် ဥပဒေကို ပုံပြောင်းဖန်တီးထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမျိုး မလိုအပ်ဘူးလို့ မြန်မာ စာနယ်ဇင်းသမားတွေက ရှုမြင်ကြပါတယ်။
အိန္ဒိယနိုင်ငံမှာလည်း ၁၉၂၃ ခုနှစ် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ သတင်းလွတ်လပ်ခွင့်ကို အဓိက ထိန်းချုပ်ထားတယ် လို့ သိရပါတယ်။
မလေးရှားမှာတော့ ၁၉၇၂ ခုနှစ် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ နဲ့ ထိန်းချုပ်ထားပြီး အခြား အာဆီယံ နိုင်ငံတွေမှာလည်း အလားတူ ဥပဒေမျိုးတွေ၊ ကန့်သတ်ချက်တွေ ရှိနေကြပါတယ်။ ဒါဟာ ဒေသတွင်း နိုင်ငံတွေရဲ့ မီဒီယာ လွတ်လပ်ခွင့်ကို နှိပ်ကွပ် တဲ့ နေရာမှာ တူညီချက်တခုလို့ ဆိုရမှာ ဖြစ်တယ်။
မြန်မာနိုင်ငံမှာတော့ မကြာသေးခင်က ယူနတီ ဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက်တွေကို ၁၉၂၃ ခုနှစ် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ပဲ တရားစွဲဆိုထား ပါတယ်။ ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် ယူနတီ သတင်းဂျာနယ်မှာ “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ တရုတ်ပညာရှင်နှင့် လက်ရှိ ကာ/ချုပ်တို့၏ ပေါက်မြို့နယ်မှ လျှို့ဝှက် ဓာတု လက်နက်စက်ရုံ”လို့ ခေါင်းစီးတပ်ထားပြီး စက်ရုံဓာတ်ပုံတွေကို ဂျာနယ် မျက်နှာဖုံးမှာ ဖော်ပြခဲ့လို့ အစိုးရက ဖမ်းဆီး အရေးယူတာ ဖြစ်တယ်လို့ သိရတယ်။
နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေ၊ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ဥပဒေ၊ အီလက်ထရွန်နစ် ဥပဒေ၊ စာတိုက်၊ ဆက်သွယ်ရေးနဲ့ ကြေးနန်း၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ ပုံနှိပ်နဲ့ အွန်လိုင်း စတာတွေမှာလည်း ဆင်ဆာဥပဒေနဲ့ သတင်းထောက်တွေကို ဥပဒေမဲ့ ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်မှုတွေက ဒေသတွင်း အာဆီယံ နိုင်ငံတွေမှာလည်း ရှိကြပါတယ်။ သတင်းထောက်တွေကို မတရား ဥပဒေတွေနဲ့ စွဲချက်တင်တာတွေ၊ မညီမျှတဲ့ တရားစီရင်ရေးတွေဟာ စတုတ္ထ မဏ္ဍိုင်ရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ သတင်း လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်တွေကို အကြီးအကျယ် ခြိမ်းခြောက်နေတာပါ။
ကမ္ဘာတဝန်းက သတင်းသမားတွေရဲ့ လုံခြုံရေးနဲ့ အကာအကွယ်ပေးဖို့ ကုလသမဂ္ဂက နိုင်ငံအဆင့် အဖွဲ့အစည်းတွေ အနေနဲ့ လက်တွေ့ ကျင့်သုံးကြဖို့ တိုက်တွန်း ပြောဆိုတာတွေ ရှိပေမယ့် သိပ်ပြီး ထိရောက်မှု မရှိသေးပါ။ အထူးသဖြင့် ဒေသဆိုင်ရာ မူဝါဒတွေကို ချဉ်းကပ်ဖို့၊ သတင်း လွတ်လပ်ခွင့် အပေါ် မတရားတဲ့ ဖိနှိပ်မှုတွေ အဆုံးသတ်သွားစေဖို့ နိုင်ငံ တခုချင်းစီသာမက နိုင်ငံ နယ်နိမိတ်တွေပါ ဖြတ်ကျော်ပြီး လူထု အခြေပြု လူမှုအဖွဲ့ အစည်းတွေကို ကုလသမဂ္ဂ က အားပေးကူညီမှုတွေ ရှိနေပါတယ်။
သဘာ၀ ပတ်ဝန်းကျင်နဲ့ သဘာ၀ သယံဇာတ ရေးရာတွေနဲ့ ပတ်သက်ပြီး လွတ်လပ်စွာ ဖော်ထုတ်ဖို့ အတွက် မှတ်တမ်းရုပ်ရှင် ရိုက်ကူးတာ၊ ဓာတ်ပုံ မှတ်တမ်း ရိုက်ယူတာတွေ ကတော့ ဒေသတွင်း နိုင်ငံတွေမှာ ထင်သလောက် မလွယ်လှတာ တွေ့ရပါတယ်။
ညီလာခံမှာ ဆွေးနွေးကြတဲ့ အထဲမှာ နိုင်ငံတကာ အလှူရှင်တွေ အကြောင်းလည်း ပါဝင်ပါတယ်။ သူတို့တွေက ဖွံ့ဖြိုးရေး ဆိုင် ရာတွေ အာရုံစိုက်လာပြီး မီဒီယာတွေကို သူတို့လိုလားတဲ့ ပုံစံတခုဆီကို တွန်းအားပေးတာမျိုး ရှိပါတယ်။
အထူးသဖြင့် NGOs တွေ လိုလားတဲ့ စီမံကိန်း ပုံစံတွေကို ကျယ်ကျယ်ပြန့်ပြန့် တွန်းအားပေး ဖန်တီးလာနေသလို တဖက်က လည်း ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အဓိက မီဒီယာလွတ်လပ်ခွင့်ကို မောင်းနှင်နေသူတွေနဲ့ ပတ်သက်ပြီး သုတေသန တွေလုပ်ဖို့၊ လိုအပ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်နေတာကိုလည်း ညီလာခံမှာ ဆွေးနွေးကြပါတယ်။
ဒါမျိုးတွေက ကောင်းတဲ့ လုပ်ရပ်တွေ ဖြစ်ပေမယ့် နိုင်ငံတကာအလှူရှင်တွေရဲ့ တိုက်တွန်းချက်တွေကြောင့် တချို့ ပြည်ပ အခြေ စိုက် မီဒီယာတွေ အနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေမှာ ပြောင်းရွှေ့လုပ်ကိုင်ကြတဲ့ အခါမှာ ဖိအားပေးမှုတွေ၊ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေ ကြီးကြီးမားမား ရှိနေတာကိုတော့ အလေးထားရ ပါလိမ့်မယ်။
တိုင်းရင်းသား လူမျိုးစုများကြားနဲ့ ဘာသာရေး ယုံကြည်ကိုးကွယ်မှု မတူသူများကြား ပဋိပက္ခတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်မှုတွေ အပါအဝင် အဝါရောင် စာနယ်ဇင်းမျိုးတွေကလည်း ဒစ်ဂျစ်တယ်ခေတ်မှာ ဆိုရှယ်မီဒီယာတွေ၊ အွန်လိုင်း ဘလော့ဂ်၊ ဝက်ဘ် ဆိုက် စတာတွေ သာမက ပုံနှိပ် မီဒီယာတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့နေရပါတယ်။
နည်းပညာခေတ်ကြီးမှာ အင်တာနက် အွန်လိုင်းမီဒီယာ၊ ပုံနှိပ်မီဒီယာ၊ ရုပ်မြင်သံကြား မီဒီယာ ကလည်း ခပ်သွက်သွက် ဖြစ်လာ သလို စမတ်ဖုန်းအသုံးပြုမှု ကျယ်ပြန့်လာတာတွေက မီဒီယာတွေ အတွက် အခွင့်အလမ်းကြီးတခုလည်း ဖြစ်ပါတယ်။ မြန်မာ အပါ အဝင် အာဆီယံနိုင်ငံတွေမှာ ဒီလို အခွင့်အလမ်းတွေ ရလာနေတာကို အမိအရ ဖမ်းဆုပ်နိုင်ဖို့လည်း လိုအပ်နေပြီ ဖြစ်ပါတယ်။
ဒါပေမယ့် သတင်းမီဒီယာ သမားတွေ၊ ဂျာနယ်လစ်တွေ အနေနဲ့ စာနယ်ဇင်း ကျင့်ဝတ်ကို နားမလည်တာတွေ၊ နားလည်ပေမယ့် ချိုးဖောက်တာတွေလည်း ရှိနေပါတယ်။ ဒါတွေကြောင့်လည်း သက်ဆိုင်ရာ အစိုးရတွေက ခြိမ်းခြောက်တာတွေ၊ တင်းကျပ် ပိတ် ပင် တာတွေ ဖြစ်လာတာပါ။
ဒီလိုအခြေအနေမှာ သတင်းသမား ကွန်ရက်တွေ၊ သမဂ္ဂတွေ ဖွဲ့စည်းကြပြီး ကျယ်ပြန့်တဲ့ ကွန်ရက်တွေ ဖွဲ့စည်းလာကြတာတွေလည်း ရှိလာရပါတယ်။ ဒါကတော့ ခြိမ်းခြောက်မှုတွေကို စုပေါင်း တွန်းလှန်နိုင်ဖို့ အထောက်အပံ့ဖြစ်စေတဲ့ ဆောင်ရွက်ချက်ပါ။
Southeast Asia Journalist Unions (SEAJIU) ဆိုတဲ့ အရှေ့တောင်အာရှ ဂျာနယ်လစ် သမဂ္ဂ တခု ဒေသတွင်းမှာ စုစည်း တည်ထောင်ခဲ့သလို မြန်မာနိုင်ငံမှာလည်း မြန်မာ သတင်းစာဆရာ အသင်း (Myanmar Journalist Association – MJA)၊ မြန်မာ ဂျာနယ်လစ် ကွန်ရက် (Myanmar Journalist Network) စတဲ့ မြန်မာ သတင်းသမား အသင်းအဖွဲ့တွေ ပေါ်ပေါက်လာပါတယ်။
ပြီးတော့ မြန်မာ အပါအဝင် အာဆီယံ ၅ နိုင်ငံက ဂျာနယ်လစ် အဖွဲ့တွေ စုစည်းနိုင်ခဲ့ကြပါတယ်။ ဒါတွေဟာ အခြေအနေတွေအရ ဖြစ်ပေါ် လာရတာပါ။
ဒီလို ဖွဲ့စည်း ဆောင်ရွက်မှုတွေမှာ လုပ်ငန်းခွင်ထဲက ကျွမ်းကျင် ဂျာနယ်လစ်တွေသာမက CJ လို့ခေါ်တဲ့ အရပ်သား သတင်း သမားတွေ၊ အစိုးရတွေ၊ လွှတ်တော်အမတ်တွေနဲ့ လွှတ်တော်တွေ၊ လူထု အခြေပြု လူမှုအဖွဲ့အစည်းတွေပါ စုပေါင်းဆောင်ရွက် ရမှာ ဖြစ်ပါတယ်။
မြန်မာ အပါအဝင် အာဆီယံ ဒေသတွင်း နိုင်ငံတွေမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာ သတင်း အချက် အလက် ရယူ ဖြန့်ဝေခွင့် စတဲ့ သတင်း မီဒီယာ လွတ်လပ်ခွင့်တွေအပေါ် ရှိနေတဲ့ စိန်ခေါ်မှုတွေ၊ ခြိမ်းခြောက်မှုတွေကို ဟန်ချက် ညီညီနဲ့ အဓိကထား လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ ။