တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံကြီးတခုဖြစ်သော်လည်း မြန်မာပြည်သူများ၏ခံစားချက်၊ ဘဝအခြေအနေ များကို စာနာထောက်ထားမှု မပြခဲ့ဘဲ နှစ်ပေါင်းများစွာ တရုတ်အကျိုးစီးပွားကိုသာ အဓိကထားသောမူဝါဒဖြင့် မြန်မာအစိုးရ အဆက်ဆက်ကို ဆက်ဆံခဲ့သည်။ မိမိအကျိုးစီပွားကိုသာ ဦးထိပ်ထားသော တရုတ်နိုင်ငံ၏ မူဝါဒကြောင့် စစ်အာဏာရှင် စနစ်မှ ဒီမိုကရေစီနိုင်ငံအဖြစ် မြန်မာနိုင်ငံအသွင်ပြောင်းလဲလာချိန်၊ ယခင်နိုင်ငံရေး အခြေအနေထက် ပိုမိုပွင့်လင်းလွတ်လပ်လာချိန်တွင် မြန်မာပြည်သူများက နိုင်ငံတွင်းလုပ်ဆောင်လျက်ရှိသော တရုတ်စီမံကိန်းများကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကန့်ကွက်လာကြသည်။
တရုတ် ရင်းနှီးမြှုပ်နှံမှုအစ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော အာဏာရှင် စစ်အစိုးရလက်ထက်တွင် တရုတ်နိုင်ငံ သည် ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်း အရှိန်အဟုန် ဖြင့်လုပ်ဆောင်ခဲ့သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ တွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် မြန်မာပြည်သူများ အလုပ်အကိုင်နှင့် နည်းပညာများစွာ ရရှိနိုင် သော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းမပြုဘဲ မြန်မာ့သဘာဝ သယံဇာတကိုသာထုတ်ယူသုံးစွဲသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး၊ ရေအား လျှပ်စစ်စီမံကိန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းကဲ့သို့ သော မြန်မာပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူမပြုသည့် လုပ်ငန်းများတွင်သာ ရင်းနှီးမြှုပ်နှံခဲ့သည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံ ရာတွင် မမှန်ကန်သော နည်းလမ်းများကို အသုံးပြု ခဲ့ပြီး အထူးသဖြင့် အာဏာရှိ မြန်မာစစ်ဗိုလ်ချုပ်များ နှင့် ၎င်းတို့နှင့် နီးစပ်သော ကုမ္ပဏီများကို ချဉ်းကပ်ကာ ခြစားမှု၊ လာဘ်ပေးမှုကျူးလွန်၍ စီမံကိန်း လုပ်ကိုင်ခွင့်များ ရယူခဲ့သည်။ လူ့အခွင့်အရေးချိုး ဖောက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် နိုင်ငံရေး ဖိနှိပ်မှု များကြောင့် အမေရိကန်၊ ဥရောပအပါအဝင် အနောက်နိုင်ငံကြီး ပိတ်ဆို့ခံရပြီး အထီးကျန်ဆန် သော မြန်မာစစ်အစိုးရကို တရုတ်အစိုးရက ဆွေမျိုး ပေါက်ဖော်ဟု ခေါ်ဝေါ်သုံးနှုန်းဆက်ဆံခဲ့သည်။
စစ်အစိုးရ၏ ဥပဒေမဲ့ လုပ်ရပ်များကြောင့် ကုလသမဂ္ဂ ညီလာခံတွင် မြန်မာစစ်အစိုးရကိုအရေး ယူရန် ကြိုးစားခဲ့စဉ် တရုတ်အစိုးရက ဗီတိုအာဏာ သုံးပြီး မြန်မာစစ်အစိုးရကို အကွယ်အကာပေးခဲ့ သည်။ ရလဒ်အနေဖြင့် တရုတ်နိုင်ငံသည် ယှဉ်ပြိုင် သူမရှိ မြန်မာနိုင်ငံတွင် စီမံကိန်းများစွာ လုပ်ခွင့်ရ သွားခဲ့သည်။ မြန်မာပြည်သူ သန်းပေါင်းများစွာ မုန်း တီးနေသော စစ်အစိုးရကို ကာကွယ်ခြင်းကြောင့် ပြည်သူများတွင် တရုတ်ဆန့်ကျင်သော စိတ်ဓာတ် များ စတင်ကိန်းအောင်းခဲ့သည်ကို တရုတ်အစိုးရ သတိမပြုဘဲ လျစ်လျူရှုခဲ့သည်။
မြန်မာ့နွေဦးနှင့် မြစ်ဆုံစီမံကိန်း
တရုတ်နိုင်ငံသည် စစ်အစိုးရလက်ထက်မှစ၍ သဘာဝ သယံဇာတတူးဖော်ထုတ်လုပ်ရေး စီမံကိန်း များတွင် ရင်းနှီးမြှုပ်နှံခဲ့ရာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက ဆောင်ရွက်လျက်ရှိသော စီမံကိန်း ၅၆ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၂၂၇ ဒသမ ၅၉၉ ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး အမေရိ ကန်ဒေါ်လာ ၄၅၂၃၇ ဒသမ ၈၃၀ ရှိရာ တရုတ် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ ၃၁ ဒသမ ၃၉ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံတွင် အများဆုံးရင်းနှီးမြှုပ်နှံသော နိုင်ငံ အဖြစ် တရုတ်နိုင်ငံက ရပ်တည်လျက်ရှိသည်။
ယခင်စစ်အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီးသန်းရွှေက ၂၀၁၁ ခုနှစ်၊ မတ်လတွင် နိုင်ငံ တော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ကိုဖျက်သိမ်းပြီး ၂၀၁၀ ရွေးကောက်ပွဲအရ ဖြစ်ပေါ် လာသော သမ္မတဦးသိန်းစိန်အစိုးရထံ အာဏာ လွှဲပြောင်းလိုက်ခြင်းဖြင့် မြန်မာ့နွေဦး စတင်ခဲ့သည်။
မြန်မာ့နွေဦးစတင်သည်နှင့်တပြိုင်နက် တရုတ် နိုင်ငံက ဆောင်ရွက်လျက်ရှိသော စီမံကိန်းတခုဖြစ် သည့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး လှုပ်ရှားမှုများ စတင်ပေါ်ပေါက်လာသည်။ တရုတ်နိုင်ငံ၏ မြန်မာ ပြည်သူများကို စာနာထောက်ထားမှု ကင်းမဲ့ခဲ့မှုနှင့် မြန်မာပြည်သူတို့၏ သဘာဝပတ်ဝန်းကျင် မဆုံးရှုံး လိုသော စိတ်တို့ကြောင့် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေးသမားများနှင့် မြန်မာ ပြည်သူများက မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးရန် ကျယ်ကျယ်လောင်လောင် စတင် တောင်းဆိုခဲ့ကြ သည်။ မြစ်ဆုံစီမံကိန်းကို ၂၀ဝ၆ ခုနှစ်တွင် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး၂၀ဝ၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံက မြစ်ဆုံစီမံကိန်းအတွက ်အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး မေခ၊ မေလိခ မြစ်များပေါ်ရှိ ရေကာတာ စီမံကိန်းများအတွက် အမေရိကန် ဒေါ်လာဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံမည်ဟု သိရှိရသည်။ မြစ်ဆုံ စီမံကိန်း ပြီးစီးပါက လျှပ်စစ်ဓာတ်အား မီဂါဝပ် ၆၀ဝ၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ထုတ်လုပ်ရရှိသော လျှပ်စစ် ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ရရှိမည့် စီမံကိန်းဖြစ်သည်။
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး လှုပ်ရှားမှုတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတအကြံပေးဒေါက်တာ ဦးမြင့် စသည့် ထင်ပေါ်ကျော်ကြားသော ခေါင်းဆောင်များမှအစ အရပ်သား ပြည်သူများအဆုံး လူမှုနယ်ပယ်ပေါင်းစုံက မြစ်ဆု စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ တောင်းဆိုလာကြသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်ကမြစ်ဆုံစီမံကိန်း ၎င်း၏ သမ္မတ သက်တမ်းအတွင်း လုံးဝဆောင်ရွက်ခြင်းမပြုဘဲ ရပ်ဆိုင်းထားရန် အမိန့်ထုတ်ပြန်ခဲ့ရာ တရုတ် CPI(China Power Investment)၊ မြန်မာအစိုးရ လျှပ် စစ်ဝန်ကြီးဌာန၊ အေးရှားဝေါလ်ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော မြစ်ဆုံစီမံကိန်း လုံးဝရပ် ဆိုင်းသွားခဲ့သည်။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက် သောသမ္မတဦးသိန်းစိန်၏ ဆုံးဖြတ်ချက်ကြောင့်နိုင်ငံ တကာတွင် ပြုပြင်ပြောင်းလဲသူအဖြစ် နာမည်ရ လာပြီး ပြည်သူအများစု၏ ယုံကြည်မှုကို စတင်ရရှိခဲ့ သည်။ တရုတ် CPI ကုမ္ပဏီက မြစ်ဆုံစီမံကိန်းပြန် လည်စတင်နိုင်ရေး ကြိုးပမ်းလျက်ရှိသော်လည်း ဒေသခံကချင်ပြည်သူများနှင့် ပြည်သူအများစုက CPI ကုမ္ပဏီအပေါ်ယုံကြည်မှု ပျောက်ဆုံးနေဆဲပင် ဖြစ်သည်။
ဧရာဝတီ မြစ်ဆုံစီမံကိန်း ရပ်ထားသည့်အတွက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ထိခိုက်စေကြောင်း၊ စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းသည် သမ္မတဦးသိန်းစိန်အနေဖြင့် ကန့်ကွက်မှုများကို ကြောက်ရွံ့သည့်အတွက် ဖြစ်ကြောင်း ယခင်အာဏာရှင် ဝန်ကြီးဟောင်းတချို့က ထုတ်ဖော်ပြော ဆိုလာကြသော်လည်း ပြည်သူအများစုက မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် လုပ်ဆောင်မှု မှန်သမျှကို ခါးသီးစွာ ဆန့်ကျင်ကြသည်။
ဇန်နဝါရီလ ၃ ရက်နေ့တွင် တရုတ်အစိုးရ၏ People’s Daily သတင်းစာက မြစ်ဆုံစီမံကိန်း ပြန်စရန် တိုက်တွန်းခဲ့သည်။ မြစ်ဆုံစီမံကိန်းရပ် ဆိုင်းရေးသည် သမ္မတဦးသိန်းစိန် သမ္မတသက် တမ်းကာလအတွင်း၌သာ ဖြစ်သောကြောင့် တရုတ်က မျှော်လင့်ချက်ထား နေခြင်းဖြစ်သည်။ သို့သော် ပွင့်လင်းမြင်သာမှု မရှိသည့် အစိုးရလက်ထက် အတွင်း သဘောတူလုပ် ဆောင်ချက်ဖြစ်၍ မြန်မာ ပြည်သူများက လက်ခံခြင်းမရှိပေ။ တဖက်တွင် လည်း ဤကဲ့သို့သော တရားဝင်သဘောတူစာချုပ် ကို ဖောက်ဖျက်ရပ်ဆိုင်းလိုက်ခြင်းကြောင့်နိုင်ငံရင်းနှီး မြှုပ်နှံမှုနှင့် ဥပဒေအရ အကာအကွယ် ပေးမှုအပေါ် သံသယရှိလာနိုင်သည်။
၂၀၁၂ ခုနှစ် အတွင်းက ဖိလစ်ပိုင်နှင့် တရုတ်တို့ကြားတွင်လည်း မြစ်ဆုံနှင့်အလားတူ ကိစ္စမျိုး ဖြစ်ခဲ့ဖူးကြောင်း Asia Times တွင် ဆောင်းပါးရှင် Yun Sun ကရေးသားခဲ့သည်။ တရုတ်အစိုးရ ဖောက်လုပ်မည့် မြောက်ပိုင်း ရထားလမ်းဖောက် လုပ်ရေး စီမံကိန်းတွင် ဂလိုရီယာ မာကာပါဂယ် အာရိုယို အစိုးရလက်ထက်က လာဘ်စားမှုများရှိ သဖြင့် အကွီနိုအစိုးရက စီမံကိန်းကို ပယ်ဖျက်ခဲ့ဖူး သည်။ သို့သော် ဖိလစ်ပိုင်အစိုးရက တရုတ်ပို့ကုန် သွင်းကုန်ကုမ္ပဏီသို့ အဆိုင်းလေးဆိုင်း ခွဲကာ ဒေါ်လာ ၁၈၅ သန်းပြန်အမ်းခဲ့သည်။ ကိုယ်စီအကျိုး စီးပွားနှင့် နှစ်ဦးနှစ်ဖက် ဆက်ဆံရေးတို့ အတွက် တရုတ်နှင့် မြန်မာတို့သည် မြစ်ဆုံရေးတွင် အမှန် တရားကို ရင်ဆိုင်ရမည့် အချိန်ဖြစ်သည်ဟု ဆောင်း ပါးရှင် Yun Sun က ထောက်ပြထားသည်။
လက်ပံတောင်းတောင်စီမံကိန်း
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ပြည်သူ အများစု အုံြွကဆန့်ကျင်ကြသော ဒုတိယမြောက် တရုတ်စီမံကိန်းမှာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်း တောင်ကြေး နီစီမံကိန်းဖြစ်ပြီး လက်ပံတောင်းတောင်ကြေးနီစီမံ ကိန်းဆန့်ကျင်ဆန္ဒပြမှုတွင်မူ အစိုးရက ပြည်သူများ၏ ဆန္ဒကိုမလိုက်လျောတော့ဘဲ အကြမ်းဖက်ဖြိုခွင်းခဲ့သည်။
ဆားလင်းကြီးမြို့ နယ်တွင် ကြေးနီတူးဖော်သည့် လုပ်ငန်းများကို ၁၉၈၀ ခုနှစ်မှ စတင်၍ ယူဂိုဆလား ဗီးယားနိုင်ငံမှ သတ္တုတူးဖော်ရေးကုမ္ပဏီ၊ ကနေဒါ နိုင်ငံအခြေစိုက် အိုင်ဗင်ဟိုးကုမ္ပဏီ စသည်တို့ဖြင့် သတ္တုတွင်းဝန်ကြီး ဌာနကပူးပေါင်းကာ ကြေးနီတူး ဖော်ခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ် မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းရန် လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး လုပ်ကိုင် ခဲ့သည်။ လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်းအတွက် ပတ်ဝန်းကျင်ရှိ ဝက်မှေး၊ ဆည် တည်း၊ ကန်တောနှင့် ဇီးတောစသည့် ရွာပေါင်း ၂၆ ရွာမှ လယ်မြေဧက ၇၈၀ဝ ကျော် သိမ်းဆည်းခဲ့သည်။
လယ်မြေသိမ်းဆည်းခံရမှု၊ စက်ရုံမှ စွန့်ပစ်ရေ များကြောင့် ပတ်ဝန်းကျင် လယ်ယာမြေများတွင် ညစ်ညမ်းမှု၊ စိုက်ပျိုးရန် ခက်ခဲမှုများနှင့် ကြေးနီတူး ဖော်မှုများကြောင့် ကြေးစင်တောင်နှင့် စပယ်တောင် များမှာ ပျောက်ဆုံးသွားခဲ့မှု၊ လယ်တီဆရာတော်၏ သိမ်ကျောင်း ဖျက်ဆီးမည်ကို စိုးရိမ်မှုများကြောင့် ဒေသခံများ၏ ဆန္ဒပြမှုများ တောက်လျှောက်ဖြစ် ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့က ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်းခဲ့ သည်။ မီးလောင်ဗုံးဖြင့် ဖြိုခွင်းမှုကြောင့် ဆန္ဒပြ သံဃာတော်များ၊ ပြည်သူများထိခိုက် ဒဏ်ရာရခဲ့ပြီး ပြည်သူများအကြား တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ် များ ပိုမိုပျံ့နှံ့ကာ တောက်လျှောက်ဆိုသလို နှစ်ပတ် လည် ဆန္ဒပြပွဲများဖြစ်ပွားနေဆဲ ဖြစ်သည်။
သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည် ကို လက်ပံတောင်းစုံစမ်းရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး ကော်မရှင်က လက်ပံတောင်းတောင်စီမံကိန်း ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့မှုကြောင့် မုံရွာ ဒေသခံများနှင့် ပြည်တွင်းနိုင်ငံရေးအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခဲ့သည်။
လက်ပံတောင်းစုံစမ်းရေး ကော်မရှင်အစီရင် ခံစာကို သမ္မတရုံးဝန်ကြီး ဦးလှထွန်းဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော လက်ပံတောင်းတောင်အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီက ကြေးနီစီမံ ကိန်းကြောင့် ဖြစ်ပေါ်လာသောမြေသိမ်းမှုနှင့် ပြဿနာ များကို ဖြေရှင်းဆောင်ရွက်နေသော်လည်း လက်ရှိ အချိန်အထိ ဒေသခံများနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီ အကြား ပဋိပက္ခများ ဖြစ်ပွားနေဆဲဖြစ်သည်။
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ ရန်ကုန် မြို့၊ တရုတ်သံရုံးရှေ့တွင် လက်ပံတောင်းအကြမ်း ဖက်ခံရမှု တနှစ်ပြည့်ဆန္ဒပြပွဲကျင်းပခဲ့ပြီး ယင်း ဆန္ဒပြပွဲတွင် ပထမဦးဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ အလံကို ဆန္ဒပြသူများ မီးရှို့ခဲ့ဆန္ဒပြခဲ့သည်။
ကန့်ကွက်ခံနေရသော တရုတ်စီမံကိန်းများ
မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင်စီမံကိန်း တို့သာမက တရုတ်အမျိုးသားပိုင် ရေနံကော်ပိုရေး ရှင်း(CNPC) က ဆောင်ရွက်နေသည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံပိုက်လိုင်း၊ ရွှေ သဘာဝဓာတ် ငွေ့စီမံကိန်း၊ တရုတ် North Mining Investment ကုမ္ပဏီက ဆောင်ရွက်နေသော ချင်းပြည်နယ်၊ မြွေတောင် ဖားတောင် သတ္တုစီမံကိန်း၊ ရခိုင်ပြည်နယ် ရသေ့တောင်နှင့် မောင်တောဒေသ တလျှောက် တရုတ်ကုမ္ပဏီတခုက ဆောင်ရွက်လျက်ရှိသော တိုက်တေနီယမ် သတ္တုရှာဖွေရေး စီမံကိန်းများမှာ လည်း ဒေသခံများ၏ ကန့်ကွက်ခဲ့မှုများနှင့် ကြုံတွေ့ နေရသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အကောင် အထည်ဖော်လျက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကြောင့် ဒေသခံများမှာမြေသိမ်းမှု၊ လုပ်ကိုင် စားသောက်စရာ လယ်ယာမြေဆုံးရှုံးမှုများကြောင့် လယ်မဲ့၊ ယာမဲ့၊ အလုပ်လက်မဲ့ဖြစ်ကာ ဒုက္ခမျိုးစုံကြုံ တွေ့နေရသည်။ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို ဒေသခံများ ဆန္ဒပြကန့်ကွက်မှုနှင့် ပတ်သက်၍ သမ္မတရုံးဝန်ကြီးဦးစိုးသိန်းက မှားယွင်းသော လုပ် ရပ်အဖြစ် ပြောဆိုရှုတ်ချပြီး တရုတ်ရင်းနှီးမြှုပ်နှံမှု ကြောင့် မြန်မာနိုင်ငံ အကျိုးဖြစ်ထွန်းသည်ဟု ပြောဆိုခဲ့သည်။
ကျောက်ဖြူ-ယူနန် သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည်လည်း မြေကြီးထဲ၌ စနစ်တကျ မြှုပ်နှံမှုမရှိခြင်းကြောင့် တချို့သော နေရာများတွင် ပေါက်ကွဲမှု၊ ဓာတ်ငွေ့ယိုစိမ့်မှုများ ရှိနေပြီး၊ ပိုက်လိုင်းအနီး နေထိုင်ကြသည့် ပြည်သူများအတွက် အချိန်မရွေး အန္တရာယ်ကျ ရောက်နိုင်သည်။
ပိုက်လိုင်းဖြတ်သန်းရာ ရခိုင်၊ မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ် စသည်တို့မှ ဒေသခံပြည်သူများသည် ပိုက်လိုင်းလုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်ထိတ်လန့် စွာ နေထိုင်နေရကြောင်း ပိုက်လိုင်းစောင့်ကြည့်ရေး အဖွဲ့များကဆိုသည်။ ဓာတ်ငွေ့ပိုက်လိုင်းနှင့်အတူ ရေနံပိုက်လိုင်းပါ တည်ဆောက်ထားသည်။
တရုတ်စီမံကိန်းများတွင် လုပ်ကိုင်နေသော တရုတ်လူမျိုးများနှင့် ဒေသခံမြန်မာများအကြား မကြာခဏဆိုသလို ခိုက်ရန်ဖြစ်ပွားမှု များရှိနေသည်။
ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ၊ ယူနန်ပြည် နယ် သို့ သွယ်တန်းထားသည့် ရေနံပိုက်လိုင်း၏ ကြားခံ စခန်းတခုတည်ရှိရာ အမ်းမြို့နယ်အတွင်း၌ တရုတ်တချို့နှင့် မြန်မာဒေသခံများအကြား ပြဿနာများ ဖြစ်ပွားကာ အဆောက်အအုံ တချို့နှင့် ဆီသိုလှောင် ကန်တခုကိုပါ မီးရှို့သည့် ဖြစ်ရပ်တခု ၂၀၁၃ ခုနှစ် အတွင်း ပေါ်ပေါက်ခဲ့သေးသည်။
ထိုသို့ဖြစ်ပွားရခြင်းသည်ပိုက်လိုင်းတွင်တာဝန် ထမ်းဆောင်နေပြီး တအိမ်တည်းတွင် အတူနေကြ သည့် တရုတ်-မြန်မာ ဝန်ထမ်းများအကြား မကျေနပ် မှုဖြစ်ပွားရာက စတင်ခဲ့သည်။ အပေါ်ထပ်တွင်နေ ထိုင်သည့် တရုတ်လူမျိုးများက အောက်ထပ်တွင် နေထိုင်သည့် မြန်မာအလုပ်သမားကို အပေါ်ထပ်မှ ရေသွန်ပစ်ချခြင်း၊ အညစ်အကြေးများ ပစ်ချခြင်း၊ စသည့်အပြုအမူများကို စဉ်ဆက်မပြတ် ပြုလုပ်လာခဲ့မှုအပေါ် ဒေါသထွက်၊ ပေါက်ကွဲရာမှ မီးရှို့သည်အထိ ဖြစ်ပေါ်ခဲ့သည်။
ထိုပြဿနာကြောင့် မြန်မာ အလုပ်သမား ၂၀ ကျော်ကိုသာဖမ်း ဆီးထားပြီး ပြဿနာ စတင်မီးမွှေးခဲ့သည့် တရုတ်လူမျိုးများကို အရေးယူမှုမရှိသည့် အပေါ်လည်း ဝေဖန်မှုများ ရှိနေသည်။
ထို့အတူ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ တည်ဆောက်ရန်စီစဉ်နေသည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ရသေ့တောင်၊ မောင်တောဒေသ ကမ်းခြေတလျှောက် ရှာဖွေတူးဖော်ရန် ပြင်ဆင်နေ သည့် တိုက်တေနီယမ်သတ္တု တူးဖော်ရေး စီမံကိန်း တို့တွင်လည်း တရုတ်နိုင်ငံပါဝင်မှု လျှော့ချရန် ဒေသခံ များက လိုလားနေကြောင်းသိရသည်။ တိုက်တေနီ ယမ်စီမံကိန်းအတွက် တရုတ်ကုမ္ပဏီတခုကို ခွင့်ပြု ထားပြီးလည်းဖြစ်သည်။
တိုက်တေနီယမ် စီမံကိန်းတွင် တရုတ်နှင့် ပြိုင် ဆိုင်မည့် ဂျပန်ကုမ္ပဏီတခုအား ဖိတ်ခေါ်ကမ်းလှမ်း ခဲ့ရာ စိတ်ဝင်စားမှုရှိကြောင်း သိရသည်။
“တရုတ်တွေကို ဒေသခံတွေက လုံးဝမလိုလား ကြဘူး၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဒေသတွင်း မှာရှိတဲ့ တရုတ်စီမံကိန်းတွေဟာ ဒေသခံတွေအတွက် ကောင်းကျိုးထက် ဆိုးကျိုးပဲ ရစေတယ်လို့ ဆိုကြ တယ်၊ အဲဒါကြောင့် ဂျပန်ကုမ္ပဏီတချို့ကို တိုက်တေ နီယမ် ထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပြီး လိုက်ပြတော့ စိတ်ဝင်စားမှုရှိတယ်၊ ဒါပေမယ့် အစိုးရ နဲ့တော့ ဆွေးနွေးရဦးမှာပါ” ဟု ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တဦးက ဧရာဝတီကိုပြောသည်။
ချင်းပြည်နယ်အတွင်း အကောင်အထည်ဖော် မည့် ေြွမတောင် ဖားတောင် သတ္တုစီမံကိန်းတွင် တရုတ်ကုမ္ပဏီများ လာရောက် ရင်းနှီးမြှုပ်နှံမည်ကို ချင်းပြည်သူများက မလိုလားကြောင်း ချင်းအမျိုးသား ပါတီ (CPN) ၏ အထွေအထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘစ်ခ်ထောင်းက ဧရာဝတီကို ပြောသည်။
“တရုတ်ကုမ္ပဏီတွေကိုမလိုလားတာက ကျနော် တို့ဒေသကို တရုတ်ရဲ့အစိတ်အပိုင်း တခုဖြစ်သွားမှာ ကို စိုးရိမ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ နိုင်ငံထဲက တခြားနေရာတွေမှာ ဖြစ်နေတာတွေကို ကြည့်ပြီးပြောတာပါ” ဟု ၎င်းကဆိုသည်။
တရုတ်စီမံကိန်းကို ဘာကြောင့် ကန့်ကွက်ကြသလဲ
တရုတ်စီမံကိန်းများကို ပြည်သူများက မလို လားခြင်းသည် စီမံကိန်းနှင့်ပတ်သက်၍ တာဝန် ယူမှုနည်းပါးခြင်း၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အပေါ် အလေးမထားခြင်း၊ စီမံကိန်းဧရိယာရှိ ပြည်သူများကို ရိုင်းစိုင်းစွာဆက်ဆံခြင်း၊ စီမံကိန်း တည်ရှိရာ ဒေသများမှ ပြည်သူများ၏ လူမှုဘဝများ တိုးတက်ပြောင်းလဲလာခြင်းမရှိဘဲ ပြဿနာမျိုးစုံ ဖြစ်ပွားနေခြင်းတို့ကြောင့် ဖြစ်သည်။
မြန်မာပြည်တဝန်း ဆန့်ကျင်မှုများ ဆက်တိုက် ဖြစ်ပေါ်နေခြင်းသည် မြန်မာနိုင်ငံတွင် ထပ်မံ ရင်းနှီး မြှုပ်နှံမည့် တရုတ်စီမံကိန်းများအတွက် စိန်ခေါ်မှု တခုလည်း ဖြစ်နေပေသည်။
တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက် နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဲ့သို့သော လောင်စာစွမ်းအင် စီမံကိန်းများကို မြန်မာပြည် တွင်းရှိ ပြည်သူများနှင့်နီးစပ်ရာ နေရာဒေသတချို့ တွင် တည်ဆောက်လည်ပတ်နေပြီဖြစ် သော်လည်း ထိုစီမံကိန်းများမှထွက်သည့် ဘေးထွက်ဆိုးကျိုး များကိုမူ စနစ်တကျ ဆောင်ရွက်ခြင်း၊ စွန့်ပစ်ခြင်း မရှိဟု သိရသည်။
တရုတ် CNPC ကုမ္ပဏီက ကျောက်ဖြူမြို့တွင် တည်ဆောက်ထားသည့် ရွှေသဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံမှ ထွက်ရှိသည့် ဓာတုပစ္စည်းများပါဝင် သော အညစ်အကြေး စွန့်ပစ်အရည်များကို သို လှောင်ကန်မှတဆင့် ပင်လယ်ပြင်ထဲသို့ ရေမြောင်း ဖောက်လုပ် စွန့်ပစ်လျက်ရှိသည်။
ပင်လယ်ထဲသို့ သွယ်တန်းထားသည့် စွန့်ပစ် ရေမြောင်းဘေးတွင် ဒေသခံများ အသုံးပြုနေသည့် ရေကန်သည် ယခုအခါ သောက်သုံးမရတော့ကြောင်း၊ ထို့အတူ ကျွဲ၊ နွားများ သောက်သုံးနေသည့် ချောင်းရေ သည်လည်း အဆိပ်အတောက်ဖြစ်စေသည့် ဓာတု အဆိပ်ငွေ့ပါ အရည်များကြောင့် အသုံးမပြုနိုင်တော့ ကြောင်း ဒေသခံများက ဧရာဝတီကိုပြောသည်။
“ဓာတုပစ္စည်းတွေပါတဲ့ စွန့်ပစ်ပစ္စည်းတွေကို ပင်လယ်ထဲစွန့်ပစ်တာကို ဒေသခံတွေက ကန့်ကွက် တော့ ညဘက်တွေမှာ ခိုးပြီးစွန့်ပစ်တယ်။ စက်ရုံနား ကရွာတွေ သောက်သုံးနေတဲ့ရေကန် အသုံးမပြုနိုင် တော့ဘူး။ ပင်လယ်ထဲက ငါးတွေလည်း အများအပြား သေကုန်ကြမှာပါ။ နောင်တနှစ် နှစ်နှစ်လောက်ဆိုရင် ဒီနားတဝိုက်မှာ ငါးတွေ မျိုးတုံးသွားနိုင်တယ်” ဟု ဒေသခံ ဦးခင်မောင်လှက ပြောသည်။
ကျောက်ဖြူ မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဓာတ်ငွေ့သန့်စင် စက်ရုံထွက်ဘေး ထွက်ဆိုးကျိုးများအား စနစ်တကျ စွန့်ပစ်မည့် အစီ အစဉ်များ ဆောင်ရွက်ထားသည်ကို သိလိုကြောင်း လွှတ်တော်၌ မေးမြန်းခဲ့ရာ စနစ်တကျ စွန့်ပစ်နေကြောင်းသာ အစိုးရကဖြေဆိုခဲ့ပြီး အသေးစိတ် ဖြေဆိုခြင်းမရှိခဲ့ပေ။
မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့်ဆက်စပ် ၍ ပြဿနာတခုခု ဖြစ်ပွားပါက မြန်မာ အစိုးရသည် တရုတ်စီးပွားရေး ကုမ္ပဏီများဘက်ကသာ ကာကွယ် ပေးလေ့ရှိသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပေါ် ကန့်ကွက်နေဆဲဖြစ်သည့် ဒေသခံပြည်သူတချို့ကို ဇန်နဝါရီလအတွင်း အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး တရားစွဲ အရေးယူထားသည်။ တရုတ်စီမံ ကိန်းများကို စစ်အစိုးရ လက်ထက်မှ လက်ရှိ အရပ်သားအစိုးရအထိ ဆက်လက် ကာကွယ်ပေးနေသည်။
တရုတ်စီမံကိန်းများအတွက် အဖြေ
မြန်မာအစိုးရအနေဖြင့် တရုတ်စီမံကိန်းများကို ပြန်လည် သုံးသပ်ရမည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှု ရှိရှိဖြင့် နိုင်ငံနှင့် ပြည်သူအပေါ် ကျရောက်နိုင်သည့် ထိခိုက်မှုများကို စုံစမ်းဖော်ထုတ်ရမည် ဖြစ်သည်။ စုံစမ်းဖော် ထုတ်ချက်များအရ ဆက်လက်ဆောင် ရွက်သင့်သော တရုတ်စီမံကိန်းများကို ပြည်သူကို ချပြ၊ ပြည်သူ့ ဆန္ဒခံယူကာ ပြည်သူ၏ သဘောတူညီ ချက်ဖြင့် ပွင့်လင်းမြင်သာမှုရှိသော စာချုပ်များချုပ် ဆိုပြီး ဆောင်ရွက်သင့်သည်။ ပြည်သူနှင့် နိုင်ငံကို ထိခိုက်မည့် ဆက်လက်ဆောင်ရွက်ရန် မသင့်သော တရုတ်စီမံကိန်းများကို ထာဝရရပ်ဆိုင်းကြောင်း အစိုးရက ထုတ်ပြန်ကြေညာသင့်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း လက်ပံတောင်းဒေသခံများနှင့်တွေ့ဆုံစဉ်”တရုတ်ကို ကြောက်နေရတယ်” ဟုပြောဆိုမှုကဲ့သို့ သူရဲဘော ကြောင်သော စိတ်ဓာတ်များဖျောက်ဖျက်ထားရန် လိုပါသည်။
တရုတ်ကုမ္ပဏီများအနေဖြင့် မိမိတို့ဆောင်ရွက် နေသော စီမံကိန်းများ မြန်မာပြည်သူများ ကိုယ် တိုင်ကြည်ကြည်ဖြူဖြူဖြင့် ခွင့်ပြုမှု ရှိလာစေရေး အတွက် ဆောင်ရွက်နေသည့် စီမံကိန်းများကိုပြန် လည်သုံးသပ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုမရှိစေ ရေး ၊ သဘာဝပတ်ဝန်းကျင်မထိခိုက်ရေးနှင့် ဒေသခံ ပြည်သူများ၏ အခွင့်အရေးများအပြည့် အဝရရှိစေ ရေးတို့ကို နိုင်ငံတကာ ဥပဒေ၊ စံချိန်စံနှုန်းများနှင့် အညီ ဆောင်ရွက်သင့်သည်။
တရုတ်အစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံကို တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် တံခါးတခုအဖြစ်သုံးစွဲလိုသည့် ပထဝီဝင် နိုင်ငံရေး ဗျူဟာ၊ အမေရိကန်ပြည်ထောင်စုနှင့် အပြိုင် မြန်မာ နိုင်ငံကို ဩဇာလွှမ်းမိုးလိုသည့် မူဝါဒ တနည်းအား ဖြင့်ဆိုရသော် ကျွဲနှစ်ကောင်ကြားမှ မြေစာပင်နိုင်ငံ အဖြစ် သဘောထားသည့် ပေါ်လစီတို့ကိုစွန့်လွှတ်ပြီး စစ်မှန်သော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ထူ ထောင် ရမည်ဖြစ်သည်။
သို့မှသာ မြန်မာနိုင်ငံတွင် နောင်အနာဂတ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် တရုတ် စီမံကိန်းများအတွက် မြန်မာပြည်သူများကြည်ကြည် ဖြူဖြူ ခွင့်ပြုမှုနှင့် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းမှုများ ပေါ်ပေါက်နိုင်မည်ဖြစ်သည်။
သာလွန်ဇောင်းထက်နှင့် ခင်ဦးသာ ပူးတွဲရေးသားသည်။