Culture

စာအုပ် အငှားဆိုင်တွေ မရှိတော့ဘူး

This article has been converted from Zawgyi One to Unicode

စာအုပ်ဈေးကွက်ထဲမှာ စာအုပ်တွေရောင်းအား ကျနေသည်ဆိုသော အသံတွေ ကြားရသောအခါ၊ အထူးသဖြင့် ရသမဂ္ဂဇင်း၊ ဝတ္ထု၊ ကဗျာ၊ အက်ဆေး စသဖြင့် ရသစာပေနှင့်ဆိုင်သော စာအုပ်တွေ အရောင်းပါးနေသည်ဆိုသော အသံတွေကိုကြားရတာအကြိမ် တော်တော် များလာသောအခါ၊ ဒီနေ့လူငယ်တွေ ရသစာပေ အဖတ်နည်းလာကြတယ်ဆိုသော မှတ်ချက်တွေကို ကြားလာရသောအခါ၊ နောက်ပြီးစာအုပ် ဈေးတွေ ကြီးမြင့်လှ၍ ဖတ်ချင်သမျှ စာအုပ်တိုင်းကို ဝယ်မဖတ်နိုင်ပါဘူးဟူသော စာဖတ် ဝါသနာရှင် လူငယ်တွေရဲ့ ညည်းညူသံတွေကို ခပ်စိပ်စိပ်ကြား လာရသောအခါ၊ ငယ်ငယ်တုန်းက ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသော ရပ်ကွက်အတွင်းမှ စာအုပ်အငှားဆိုင် ကလေးတွေကိုပဲ ပြန်သတိရနေမိပါသည်။

မှတ်မှတ်ရရ ကလေးဘဝ စာစဖတ်တတ်စအချိန် တွင် ကျမစတင်ကျွမ်းဝင် ရင်းနှီးဖတ်ရှုခဲ့သော စာအုပ်များမှာ ထုံးစံအတိုင်း ကာတွန်းစာအုပ်တွေပဲ ဖြစ်သည်။ ရွှေသွေးလို၊ တေဇလို၊ မိုးသောက်ပန်းလို လစဉ်ထုတ် ကလေးစာစောင်တွေကို မိဘတွေက လစဉ် ဝယ်ပေးပေမယ့် ကာတွန်း ဇာတ်ကောင်လေး တွေကို ချစ်ခင်နေပြီဖြစ်ပြီး စာဖတ်ရသည့်အရသာကို လည်း စွဲလမ်းနေပြီဖြစ်သည့် ကျမက ထိုစာစောင် တွေနဲ့တင် မတင်းတိမ်နိုင်ဘဲ၊ စာအုပ်အငှားဆိုင်လေး တွေဆီကို ခြေလှမ်းပြင်ခဲ့တော့သည်။

ထိုစာအုပ်အငှားဆိုင်လေးများ မှတဆင့် ဦးစိတ်တို၊ မျောက်ညို၊ ကြာဇံ၊ မျောက်နီတာ၊ ဦးကပ်စီး၊ သမိန်ပေါသွပ်၊ ရှင်ဂွမ်းဂွိ၊ ဒီလုံး၊ ငပြည့်၊ ငတက်ပြား၊ ပြာဂလောင် ပြာလချောင် တို့ကို ကျမရင်းနှီး ချစ်ခင် ခွင့်ရခဲ့သည်။ ကျောင်းပိတ်ရက်တွေမှာ မေမေ့ကို အိမ်အလုပ်တွေ ကူလုပ်ပြီးရင် ဆုအဖြစ် ကျမတောင်းဆို တတ်သည့် အရာတွေထဲမှာ ကာတွန်းစာအုပ်ငှားပေး ဖို့က အများဆုံးပါဝင်ခဲ့သည်။

ထိုအချိန်တွင် အသက်အားဖြင့် ၆ နှစ်၊ ၇ နှစ် လောက်သာ ရှိဦးမည့် ကလေးတယောက်အတွက် ကာတွန်းစာအုပ်တွေ ဖတ်ရင်း ထိုဇာတ်ကောင်၊ ဇာတ်လမ်းတွေမှတဆင့် ရယ်စရာဟာသတွေ၊ လူ့စရိုက် သဘာဝတွေကို ရှာဖွေတွေ့ရှိခဲ့သည်။ ကာတွန်း စာအုပ်တွေကတဆင့် တရားမှု၊ မတရားမှုတွေ၊ သူရဲကောင်းတွေကို ရှာဖွေတွေ့ရှိခဲ့လား ဆိုတာကိုတော့ မမှတ်မိတော့ပေမယ့် မူလတန်းအရွယ် ကျောင်းသူကလေး တယောက်ကို ကာတွန်းစာအုပ်တွေက မြန်မာစာ အရေးအသားနှင့် ပိုမို ရင်းနှီးကျွမ်းဝင်စေခဲ့တာတော့ သေချာသည်။ ဇာတ်လမ်းဇာတ်ကွက်နှင့် ဇာတ်ဆောင်တွေရဲ့ ဆွဲငင်ရာကို လိုက်ပါစီးမျောရင်း ရသစာပေရဲ့ လမ်းကြောင်းအစကို ခြေချမိခဲ့ရသည်။

အသက်လေး နည်းနည်း ပိုကြီးလာတော့ အဲဒီ စာအုပ်ဆိုင်ကလေးမှ နေပြီးပဲ လုံးချင်းစာအုပ်တွေကို တဆင့်တက် မြည်းစမ်း ကြည့်ချင်ခဲ့ပြန်သည်။ အစကတော့ သိုင်းဝတ္ထုတွေ ဖတ်သည်။ နောက်တော့ မောင်စိန်ဝင်း(ပုတီးကုန်း) က စလို့ နွမ်ဂျာသိုင်း အလယ်၊ မိုးမိုး (အင်းလျား) အဆုံး လုံးချင်းဝတ္ထုတွေ ဖတ်ပြီး ရသစာတွေကိုပိုပြီး နှလုံးပျော်မွေ့ နှစ်ခြိုက်ခဲ့ပြန်သည်။ တီဗီ၊ ဗီဒီယို အောက်စက်ဆိုတာတွေ အိမ်တိုင်းမှာ မရှိနိုင်သေးသည့် ကာလမို့ စနေ၊ တနင်္ဂနွေလို အားလပ်ရက်တွေနဲ့ မိုးတွင်း ကာလတွေမှာ စာအုပ်တွေကသာ အကောင်းဆုံး အဖော်မွန်ဖြစ်ခဲ့သည်။ တနည်းဆိုရရင်တော့ စာအုပ်အငှားဆိုင် ကလေးများ သည် ကျမကို ရသစာပေရဲ့ အစွမ်း၊ ရသစာပေရဲ့ မှော်နှင့် မိတ်ဆက်ပေးခဲ့သည်ဟု ဆိုရမည်။ ဒါပေမယ့် အခုတော့ ထို စာအုပ် အငှားဆိုင်ကလေးတွေ မရှိတော့ပါ။ ထိုအငှားဆိုင်တွေရှိရာ ရပ်ကွက်ကလေးလည်း မရှိတော့ပါ။

ကျမနှင့် စာပေဝါသနာတူ သူငယ်ချင်းတွေဆုံကြလို့ စကားစပ်မိကြသည့် အခါ ကျမက အဲဒီအကြောင်းတွေ ပြောမိသည်။ ထိုအခါ တိုက်ဆိုင်စွာပင် ကျမလိုပဲ သူတို့ရဲ့ စာပေဝါသနာ အစသည် ကာတွန်း စာအုပ်များသာ ဖြစ်နေပြီး ရသစာပေအတွက် ပျိုးထောင်ပေးခဲ့သော သူတို့ရဲ့ ရေခံမြေခံကလည်း စာအုပ်အငှားဆိုင် ကလေးများသာ ဖြစ်နေလေ့ရှိသည်။ ကလေးဘဝ ကိုယ်ရရှိသည့် မုန့်ဖိုးကလေးနဲ့ အပိုင်ဝယ်ဖတ်ဖို့ မဖြစ်နိုင်သည့် စာအုပ်တွေကို စာအုပ်အငှားဆိုင် ကလေးတွေကနေ စုံစုံလင်လင် ငှားရမ်းဖတ်ရှုနိုင်ခဲ့ကြပြီး ရသကို၊ သမိုင်းကို၊ သုတ ပညာတွေကို လေ့လာမှတ်သားနိုင်ခွင့် ရခဲ့ကြသည်။ နောက်ပြီး လစဉ်ထုတ် မဂ္ဂဇင်းတွေကိုလည်း ထိုအတိုင်းပင်။ လစဉ်ထုတ် မဂ္ဂဇင်းတွေကို ဖတ်ရသည်မှာ တထိုင်တည်းနှင့် ရသမျိုးစုံကို ခံစားလို့ရသည်။ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ စသဖြင့် အမျိုးအမည် စုံသော ရသတင်ပြပုံ အမျိုးမျိုးကို မြည်းစမ်းဖတ်ရှုလို့ ရသည်။ ထိုရသအဖွဲ့အနွဲ့တွေကနေ ကျမတို့ဘဝကို တွေ့သည်၊ အလှကိုတွေ့သည်၊ တရားကိုတွေ့သည်။ အားကိုလည်း တွေ့ခဲ့သည်။

အခုတော့ ထိုစာအုပ်အငှားဆိုင်ကလေးများ ကျမတို့ပတ်ဝန်းကျင်ကနေ တစတစ ပျောက်ကွယ် ကုန်ခဲ့ကြပြီ။ ကျမတို့ ကလေးငယ် တွေသည် ကျမတို့ ငယ်စဉ်ကလို စာအုပ်အငှားဆိုင်လေးများမှ နေပြီး ကာတွန်းစာအုပ်လေးတွေ ငှားဖတ်ဖို့၊ ထိုမှတဆင့် ပိုမိုလေးနက်သည့် စာအုပ်စာတမ်းတွေကို ငှားရမ်း ဖတ်ရှုပြီး အသိဉာဏ်ကို ရင့်ကျက်စေခွင့် မရတော့ပြီ။ သူတို့ ရင်ခုန်ပျော်မွေ့ကြသော ကာတွန်း ဇာတ်ကောင်များ မရှိမဟုတ်၊ ရှိတော့ရှိသည်။ ဒါပေမယ့် များသောအားဖြင့်ကတော့ ထိုဇာတ်ကောင် များကို သူတို့ စာအုပ်များမှတဆင့် ရင်းနှီးခဲ့သည် မဟုတ်ဘဲ ဗီဒီယိုစီဒီများ၊ ဂိမ်းခွေများမှ ရင်းနှီးကြသည်က များသည်။ ပြီးတော့ ထိုဇာတ်ကောင်များသည် ပြည်တွင်းဖြစ် ဇာတ်ကောင်များမဟုတ်ဘဲ ကမ္ဘာကျော် ကာတွန်း ဇာတ်ကောင်တွေသာ များသည်။ စာအုပ်အရောင်းဆိုင် ကြီးများနှင့် စူပါမားကတ်များတွင် ပြည်တွင်း ကာတွန်းဆရာများ ရေးဆွဲ ထုတ်ဝေသည့် လစဉ်ထုတ် ကလေးစာစောင်များကို ဝယ်ယူ ဖတ်ရှုနိုင်ပေမယ့် အငှားဆိုင်တွေကို အားထားရသည့် ကာတွန်း ရုပ်ပြဇာတ်လမ်း စာအုပ်တွေကိုတော့ ဖတ်ဖို့ခဲယဉ်းခဲ့ပြီ။ ကလေးတို့ရရှိသော မုန့်ဖိုးလေးတွေနဲ့ သူတို့ဝယ်ယူ ဖတ်ရှုနိုင်သော ကာတွန်းစာအုပ် တွေက အကန့်အသတ်ရှိခဲ့ပြီ။

လစဉ်ထုတ် မဂ္ဂဇင်းတွေကိုလည်း ဒီအတိုင်းပဲ ဖြစ်သည်။ တလတလ မြောက်မြားစွာ ထွက်ရှိနေသော မဂ္ဂဇင်းတွေ အကုန်လုံးကို ဝယ်ယူဖတ်ရှုနိုင်ဖို့က မဖြစ်နိုင်သည့်ကိစ္စသာ ဖြစ်သည်။ ပျမ်းမျှ မဂ္ဂဇင်းတအုပ်ရဲ့ တန်ဖိုးသည် ကျပ်သုံးထောင် ဖြစ်သည် ဆိုရင် ထို မဂ္ဂဇင်းကို စာအုပ်အငှားဆိုင်တွင် တရက်ငှားခ ၂၀ဝ – ၃၀ဝ ကျပ်လောက်နှင့် ငှားဖတ်နိုင်လိမ့်မည်။ ထိုအခါ တအုပ်ဝယ်ယူ ဖတ်ရှုရမည့် ငွေ ၃၀ဝ၀ ကျပ် နှင့် မဂ္ဂဇင်းပေါင်း ၁၀ အုပ်မှ ၁၅ အုပ်ခန့်ကို ငှား ရမ်းဖတ်နိုင်လိမ့်မည်။ တခြား သုတ၊ ရသ လုံးချင်းများ သည်လည်း ထိုအတိုင်းပါပဲ။

အခုတော့ ကျမတို့အားလုံး စာဖတ်အားတွေ မလျော့နည်းလိုပါပဲ လျော့နည်းခဲ့ရပြီ။ မိမိတတ်နိုင်သော ငွေပမာဏနှင့် ဖတ်လိုသော စာအုပ်ကို ချင့်ချိန် ရွေးချယ်ကြရသောအခါ စိတ်ပျက်လက်ပျက် ခံစားမိ ကြရသည်။ အရင်က လစဉ်ထုတ် မဂ္ဂဇင်းပေါင်း ၁၅ အုပ်လောက်ကို လစဉ်ဖတ်ရှှုခဲ့သော ကျမမိတ်ဆွေ တဦးက အခုအခါ သူ လစဉ်လစဉ် မဂ္ဂဇင်း ၃ အုပ် လောက်ပဲ ဝယ်ဖတ်နိုင်တော့သည်တဲ့။ အသစ်ထွက်ရှိလာသော မဂ္ဂဇင်းတွေက များလှပြီး အကုန်လုံးကို မြည်းစမ်း ဖတ်ရှုဖို့ရန်လည်း သူ့ဝင်ငွေက အကန့် အသတ်ရှိသောအခါ သူအကြိုက်ဆုံး ၃ အုပ်လောက် ကိုသာ ဝယ်ဖတ်နိုင်တော့သည်။ ထိုအခါ အရင်တုန်းက စာအုပ်အငှားဆိုင်လေးတွေကို တမ်းတမိပါသည်တဲ့။ တခြားရသနှင့် နိုင်ငံရေးရာ စာအုပ်များကိုလည်း ထိုနည်း နှင်နှင်ပါပဲ။ စာအုပ်များကိုမြင်လျှင် မြည်း စမ်းဖတ်ရှုချင်သော အာသီသကို မိမိအိတ်ကပ်ကို ဖိစမ်း၍ ချိုးနှိမ်ရမြဲဖြစ်သည်။

တစတစ လျော့ပါး ပျောက်ကွယ်လာနေပြီဖြစ်သော စာအုပ်အငှားဆိုင်လေးတွေကို တမ်းတမိသူတွေရှိပေမယ့် ဒီနေ့ခေတ်မှာ တခြား ငြိတွယ်စရာအာရုံ အဆန်းအပြားတွေကလည်း များလှသည်။ နှစ်နှစ်ဆယ် နီးပါးဖွင့်လှစ်ခဲ့ပြီး အခုအခါ ပိတ်သိမ်းလိုက်ရပြီဖြစ်သည့် စာအုပ်အငှားဆိုင်လေး တဆိုင်ရဲ့ ပိုင်ရှင်ကတော့ ဒီနေ့လူငယ်တွေဟာ Multimedia ရဲ့ဆွဲ ဆောင်မှုမှာ မျောပါ နေကြပြီတဲ့။ ပြီးတော့ မြင့်မားလာသော ကုန်ဈေးနှုန်းကလည်း စာအုပ်အငှားဆိုင် လေးတွေအတွက် ကြီးမားသော အခက်အခဲ ဖြစ်သည်ဟု ဆိုသေးသည်။ စက္ကူဈေးတွေ၊ ပုံနှိပ်ခတွေ ကြီးမားသဖြင့် စာအုပ်ဈေးတွေ မြင့်မားလာသောအခါ စာအုပ်ငှားရမ်းခ တွေလည်း မြင့်မားလာရသည်။ မိသားစုတစုမှာ အကြိုက်တမျိုးစီဖြင့် စာအုပ် ၃ အုပ်ခန့် ငှားမည်ဆိုရင် တနေ့အတွက် ငှားရမ်းခ ၆၀ဝ ကျပ်မှ ၁၀ဝ၀ ကျပ်မျှအထိ ပေးရမည်ဖြစ်သည်။ အကယ်၍ ဗီဒီယိုကား တကားကို ငှားကြည့်မည်ဆိုလျှင် ကျပ် ၂၀ဝ ခန့်မျှနှင့် တမိသားစုလုံး ကြည့်ရှုနိုင်လိမ့်မည်ဟု သူကဆိုသည်။ အရင်က တမျိုးကို ၃ အုပ်ခန့်တင်ရသော လူကြိုက် များသည့် မဂ္ဂဇင်းတွေကို ဒီဘက်ပိုင်းမှာ ၁ အုပ်မျှသာ တင်နိုင်ခဲ့ပြီး  ဖတ်စရာစာတွေ များလွန်းကာ ကြည့်စရာရုပ်ပုံ နည်းသည့် တချို့ မဂ္ဂဇင်းတွေကိုတော့ အရင်းမကြေ သဖြင့် မတင်နိုင်တော့ဟု ဆိုသည်။

စာအုပ်အငှားဆိုင် လေးတွေ ပျောက်ကွယ်သွားရသည့် အကြောင်းရင်းတွေထဲတွင် ကျမတို့၏အိမ် ရှေ့ဧည့်ခန်းထဲရှိ ရုပ်မြင် သံကြား စက်ထဲအထိ ရောက်လာသော ကိုရီးယား ယဉ်ကျေးမှုလှိုင်း အပါအဝင်၊ နိုင်ငံတကာ ယဉ်ကျေးမှု လှိုင်းလုံးတွေရဲ့ ရိုက်ပုတ်မှုကလည်း အတိုင်းအတာတခုမျှ ပါနိုင်သေးသည်။ ကျမကိုယ်တိုင် အရင်က စာဖတ်ချိန်တချို့ကို ရုပ်မြင်သံကြား စက်ရှေ့မှာ ရီမုတ် ကွန်ထရိုး တလုံးကိုင်ရင်း ကုန်ဆုံးစေမိနေသည်။ ကျမတို့ ကာတွန်းစဖတ်ခဲ့သည့် ၆ နှစ် ၇ နှစ်အရွယ် ကလေး ငယ်တွေကတော့ ပါဝါရိန်းဂျားတို့၊ ဟယ်ရီပေါ်တာတို့၊ မီနီယံတို့ကို အသည်းစွဲနေကြသည်။ ပြီးတော့ ကွန်ပျူတာနှင့် သာမက လက်ကိုင်ဖုန်းတွေ၊ တက်ဘလက်တွေနှင့်ပါ ရင်းနှီးခွင့် ရနေပြီဖြစ်သည့် ဒီနေ့ ကလေး အတော်များများသည် မိုဘိုင်းဂိမ်း တွေနှင့် ရင်းနှီးနေကြပြီဖြစ်ပြီး သူတို့ရဲ့ လေ့လာသင်ယူချိန် တွေကို ဂိမ်းကစားခြင်းနှင့် ကုန်ဆုံးနေကြသည်။ အသံမထွက်သော ရုပ်သေများနှင့်သာ သရုပ်ဖော် ထားသည့် စာအုပ်များကတော့ သူတို့အတွက်ငြီးငွေ့ စရာ ကောင်းနေမည်ပဲဖြစ်သည်။

ဘာပဲပြောပြော အခုလက်ရှိ အခြေအနေက တော့ “ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်” ဆိုတာ လို ဖြစ်နေခဲ့ပြီ။ စာအုပ် အငှားဆိုင် တွေကလည်း စာအုပ်ဝယ်ဈေးတွေ ကြီးမြင့်လာလို့၊ စာအုပ်ငှားဖတ် သူတွေ နည်းပါးသွားလို့၊ အရင်းအနှီးများလာပြီး အကျိုးအမြတ်က မကိုက်တော့လို့ဆိုသည့် အကြောင်း ပြချက်တွေဖြင့် တဆိုင်ပြီးတဆိုင် ရပ်ဆိုင်းကုန်ကြသည်။ စာအုပ် ငှားရမ်း ဖတ်ရှုလိုသူတွေကလည်း စာအုပ်အငှားဆိုင်တွေ မရှိတော့သဖြင့် စိတ်ရှိသလောက် ဖတ်ခွင့်မရကြတော့၍ စာဖတ် နည်းလာရသည်ဟု ဆိုကြသည်။ ထိုအခါ စာအုပ်ထုတ်ဝေသူတွေ ကလည်း စာအုပ်တွေ အရောင်းပါးသည်ဟု ညည်းညူ လာကြသည်။ ထိုအခါ ပေါက်ပင်သည် ဖားအော်လို့ ကိုင်းရသည်ဟု ပြောရမည်လား၊ မြွေကိုက်လို့ ကိုင်းရသည်ဟု ဆိုရမည်လား။ စာအုပ်အငှားဆိုင် တွေကတော့ မရှိတော့ပြီ။

ပညာရေးကို အားပေးသော၊ စာဖတ်ခြင်းတန်ဖိုးကို နားလည်သော အစိုးရတို့ကတော့ ပြည်သူတွေ စာဖတ်ရန် အားပေးကြ သည်။ ကျမသူငယ်ချင်း တဦးကတော့ သူ အမေရိကန်နိုင်ငံ၏ မြို့ငယ်လေးတမြို့တွင် နေထိုင်ခဲ့စဉ်က သွားရောက် အသုံးပြု ခဲ့ရသော တက္ကသိုလ် စာကြည့်တိုက်ကြီး၏ ကြီးမားကျယ်ဝန်းပုံ၊ စာအုပ်တွေ စုံလင် များပြားပုံကို မစားရဝခမန်း ပြန်ပြောပြ ဖူးသည်။ ထိုစာကြည့်တိုက်တွင် အရုပ်စကြည့် တတ်စ ၃ နှစ်အရွယ် ကလေးဖတ်ဖို့ စာအုပ်ကနေပြီး အသက် အပိုင်းအခြား အလိုက် ဖတ်စရာတွေရော၊ ဘာသာရပ်အလိုက် ရွေးချယ် စရာတွေရော စုံလင်လှသည်ဟုဆိုသည်။ ကျမရောက်ခဲ့သည့် စင်ကာပူနိုင်ငံ တွင်လည်း ထိုအတိုင်းပါပဲ။ မြို့နယ် တမြို့နယ်တိုင်းတွင် စာကြည့်တိုက် တခုစီရှိသည်။ ထိုစာကြည့်တိုက်များ အားလုံးတွင် ကလေးများ အတွက် အသက်အရွယ်အလိုက် စာလုံးအရေအတွက်နှင့် ခွဲခြားထားသည့် စာအုပ်တွေ၊ သဘာဝ ပတ်ဝန်းကျင် အကြောင်း၊ သိပ္ပံပညာအကြောင်း၊ ကုန်းနေရေနေ သတ္တဝါ အမျိုးမျိုးအကြောင်း စသဖြင့် ဘာသာရပ်တွေ စုံလင်လှသည်။ ကလေး တယောက်ဟာ သူဖတ်နိုင်သမျှ စာလေးတွေကို မြည်းစမ်းဖတ်ရှုရင်း သူစိတ်ဝင်စားရာ အကြောင်းအရာကို သူတိုယ်တိုင် အထူးပြု ရွေးချယ်သွားနိုင်သည်။ မိမိရဲ့ စိတ်ဝင်စားမှုဟာ ဘာ၊ မိမိရဲ့ ဝါသနာဟာ ဘာဆိုသည်ကို သူတို့ကိုယ်သူတို့ ဆန်းစစ် ပိုင်းခြားသွားနိုင်သည်။ ထိုမှတဆင့် နောက်ပိုင်း သူတို့ရဲ့ပညာရေးနှင့် အသက်မွေးမှုဆိုင်ရာ လမ်းကြောင်းကို ရွေးချယ်ရာမှာ ထိုအချက်က အထောက် အကူပြုပေးသွားနိုင်သည်။ ထိုအကျိုးကျေးဇူးတွေကို စာကြည့်တိုက်တွေက ပေးတာပဲဖြစ်ပါသည်။ သူတို့ နိုင်ငံတွင်တော့ သူတို့နိုင်ငံသားတွေသည် သူတို့အစိုးရ အထောက်အပံ့ ပေးထားသော စာကြည့်တိုက်များကို ကံကောင်း လှစွာပင် အခမဲ့ အသုံးပြုခွင့်ရှိကြသည်။ သူတို့ဆီက အဲယားကွန်း တပ်ဆင်ထားသော ခေတ်မီ သန့်ရှင်းသစ်လွင်သည့် စာကြည့်တိုက်ကြီးတွေထဲတွင် အေးချမ်းဆိတ်ငြိမ်စွာ စာဖတ်နေကြသည့်၊ ဗဟုသုတ လေ့လာရှာမှီးနေကြသည့် အရွယ်သုံးပါး သော သူတို့နိုင်ငံသူ နိုင်ငံသားတွေကို တွေ့ရတာ အားကျစရာ၊ မနာလိုစရာ ကောင်းလှသည်။

ကျမတို့ဆီမှာတော့ ကျမတို့ စာဖတ်ဝါသနာ ပါသူတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ပညာရပ် ဆိုင်ရာ လေ့လာသူတွေ အတွက် အားကိုးအားထား ပြုစရာ လောက်လောက်လားလား စာကြည့်တိုက် တခုမျှမရှိပါ။ လွန်ခဲ့သော နှစ်အနည်းငယ်က အထိတော့ တက္ကသိုလ်စာကြည့်တိုက်သည် ကျောင်းသား မှတ်ပုံတင်ပြရန်လိုအပ်ပြီး ဆက်ဆံရေးလည်း ညံ့ဖျင်းလှသည်ဟု ရန်ကုန် တက္ကသိုလ်တွင် မဟာသိပ္ပံတန်း တက်ခဲ့သော သူငယ်ချင်းတဦးက မှတ်ချက်ပြုသည်။ အဲဒီကာလတုန်းကတော့ တက္ကသိုလ်ဝင်းထဲ ဝင်ရန်ကလည်း မလွယ်ကူခဲ့ပေ။ အားထားရန် နောက်ထပ် စာကြည့်တိုက် တခုဖြစ်သည့် အမျိုးသား စာကြည့် တိုက်ကလည်း ယခုအခါ ဘယ်ရောက်လို့ဘယ်ပေါက် နေမှန်း မသိတော့ပြီ။ ကျမပတ်ဝန်းကျင်မှ အသိ မိတ်ဆွေများကို မေးသောအခါ တာမွေတွင်ဟု ဆိုသူကဆို၍၊ ရန်ကင်းမှာဟု ဆိုသူကဆိုသည်။ သေချာ တာကတော့ စာကြည့်တိုက်တွေနှင့် ကျမတို့ကျောင်းသားတွေ၊ ကျမတို့ ပြည်သူတွေသည် ရင်းနှီးမှုမရှိဘဲ တသီးတခြားစီလို ဖြစ်နေသည်။ စာကြည့်တိုက်တွေကို အသုံးပြုဖို့က ကိုယ်နဲ့စပ်ဆိုင်သော ကိစ္စတခုမဟုတ်ဟု ထင်နေကြသူတွေ၊ အသုံးပြုချင်ပါသော်လည်း မည်သို့မည်ပုံ သွားရောက် မေးမြန်း စုံစမ်းအသုံးပြုရ မည်ကို မသိရှိသူတွေသာ များသည်။  ထိုစာကြည့်တိုက် များသို့ သွားသောအခါ နှစ်ကာလ အားဖြင့် များစွာ မကြာမြင့်သေးပေမယ့် ရှေ့ဖုံးမှ နောက်ကျော ဖုံးဆီအထိ ဒိုးယိုပေါက် ပိုးစားထားသော စာအုပ်တွေ ကို တွေ့ဖူးသည်။ မှတ်ချက်ပြုရလျှင် ကျမတို့ဆီက စာကြည့်တိုက်တွေသည် ကျမတို့အတွက်၊ ကျမတို့ ကလေးများအတွက် သာယာနာပျော်ဖွယ် နေရာတခု မဟုတ်ခဲ့ပါ။ အလုံးစုံ အားကိုးအားထား ပြုနိုင်စရာ၊ လူတိုင်း လက်လှမ်းမီသည့် နေရာ တခုလည်း မဟုတ်ခဲ့ပါ။

အရင်ကတော့ ထိုစာကြည့်တိုက်များ၏ တာဝန်ကို စာအုပ်အငှားဆိုင် ကလေးများက တနိုင်တပိုင် ထမ်းဆောင် ပေးခဲ့ကြသည်ဟု ကျမယူဆမိသည်။ စာအုပ်အငှားဆိုင် ပိုင်ရှင်များသည် ကျွမ်းကျင်သော စာကြည့်တိုက်မှူးတွေ မဟုတ်ကြ ပေမယ့် အများအား ဖြင့်တော့ စာပေဝါသနာ ကြီးမားသူတွေ ဖြစ်လေ့ရှိကြသည်။ သူတို့က သူတို့ကိုယ်တိုင် စာဖတ်ချင်သည်ကို အကြောင်းပြု အရင်းခံရာက ကိုယ်တိုင်လည်း အားရပါးရ ဖတ်နိုင်အောင်၊ တခြား စာချစ်သူတွေလည်း ဖတ်နိုင်ကြအောင် ဆိုသည့် ရည်ရွယ်ချက်တွေဖြင့် ဖွင့်သူတွေများသည်။ စာစတင်ဖတ်စ လူငယ်တွေကို သူတို့က ဘယ်စာအုပ် ဖတ်ပြီးရင် ဘယ်စာအုပ်လေး ကိုလည်း တဆက်တည်း ဖတ်သင့်ကြောင်း စသဖြင့်လည်း နတ်လမ်းညွှန်တတ် ကြသေးသည်။ ထိုစာအုပ် အငှားဆိုင်ရှင် များသည် များသောအားဖြင့် စီးပွား ရေးမဆန်တတ်ကြပါ။ စီးပွားရေး သက်သက်နဲ့တော့ဖြင့် စာအုပ်အငှား လုပ်ငန်းမှရသည့် ဝင်ငွေကလည်း မက်မောလောက်စရာ ဖြစ်လိမ့်မည်မဟုတ်ပါ။

အခုတော့ လှိုင်းတံပိုးများစွာရဲ့ ရိုက်ခတ်မှုမှာ စာအုပ်အငှားဆိုင်လေးများ နစ်မြုပ်ပျောက်ကွယ်ခဲ့ရပြီ။ ကျမတို့မှာရှိသည့် ငွေကြေးလေးနဲ့၊ ကျမတို့တတ် စွမ်းသမျှ အင်အားလေးနဲ့၊ စိတ်ရဲ့ အစာအာဟာရအတွက် အားကိုးအားထားရာ၊ အသိဉာဏ်ပညာအတွက် ဖြည့်ဆည်းရှာမှီးရာ၊ ဗဟုသုတ ဘဏ်တိုက် တံခါးတွေကို ကျမတို့ လှမ်းဖွင့်ခွင့် မသာတော့ပြီလား။ သစ်မရှိသဖြင့် ဝါးပေါင်းကွပ်ခဲ့ရသည့် စာအုပ်အငှားဆိုင်လေးတွေ မရှိတော့ချိန်မှာ၊ စံပယ်မပွင့်ခင်သီကုံး ခဲ့ရသည့် ခံပွင့်လို စာအုပ်အငှားဆိုင် လေးတွေ မရှိတော့ချိန်မှာ ကျမတို့ အိပ်မက်ပင် မမက်ရဲခဲ့သည့် စာကြည့်တိုက်ကြီးတွေများ (မမှန်းကောင်း မှန်းကောင်း) ဘွားခနဲ ပေါ်လာကြဦးမှာလေလား။

“ဂိမ်း မဆော့နဲ့ စာဖတ်ပါ” လို့ ကျမတို့ကလေးတွေကိုပြော နိုင်ဖို့၊ “တီဗီအစီအစဉ်တွေကိုပဲ တောင်စဉ်ရေမရ ငေးမောမနေဘဲ၊ ဆိုရှယ်နက်ဝေါ့ခ်တွေမှာပဲ စိတ် အလိုလိုက် ပျော်မွေ့မနေဘဲ စာဖတ်ပါ” လို့ ကျမတို့ ကိုယ့်အချင်းချင်း သတိပေးနိုင်ဖို့ အဲယားကွန်းအပြည့် တပ်ဆင်ထားသည့်၊ Free Wifi ရသည့်၊ ဘာသာရပ် ဆိုင်ရာ ရည်ညွှန်းစာအုပ်တွေ၊ လစဉ်ထုတ် မဂ္ဂဇင်း တွေ၊ ကဗျာ၊ ဝတ္ထု ရသစာအုပ်တွေ၊ သမိုင်းနဲ့ သုတ ဆိုင်ရာ စာအုပ်တွေ၊ ကမ္ဘာ့နိုင်ငံရေး စီးပွားရေးရာ စာအုပ်တွေ၊ စာအုပ်တွေ၊ စာအုပ်တွေ ပြည့်နေသည့်၊ မော့ကြည့်လိုက်ရင် နောက်ပြန်လန် လဲကျမတတ် မြင့်မားသည့် စာအုပ်စင်ကြီးတွေနှင့် ခန်းလုံးပြည့်နေ သည့်၊ အထပ်လေးငါးထပ် မြင့်မားသော အဆောက် အဦနှင့် စာကြည့်တိုက်ကြီးတွေ ပေါ်ပေါက်လာဖို့ ကျမ မဝံ့မရဲ မျှော်လင့်မိနေမိသည်။ ဒီလို တောင့်တမိသော စာကြည့်တိုက်ကြီးတွေ အမှန်တကယ် ပေါ်ထွက်လာဖို့ ကျမတို့တတွေ မိုးနတ်မင်းကြီး ဆီမှာများ ဆုတောင်းကြရ ဦးမှာလား။

ခုတော့ သစ်မရခင် ဝါးပြုန်းခဲ့ပြီ။ စံပယ်မပွင့်ခင် ခံလည်းတုံးခဲ့ပြီ။ ကျမတို့မှာ စာအုပ်အငှားဆိုင်တွေ မရှိတော့ဘူး။

Loading