ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ၄၅ မိုင်ခန့် ကွာဝေးသည့် စစ်သချႋုင်း ဂူဗိမာန် တခုကို သွားရောက် လေ့လာခွင့် ရခဲ့ပါသည်။
လမ်းခရီးက အလွန်ကြမ်းတမ်း ခက်ခဲပြီး ခရီးလမ်းတလျှောက် ဆိုးရွားစွာ လိုက်ပါ စီးနင်းခဲ့ရသည်။ ကားဖြင့် တောင်တလုံးပြီး တလုံး ကျော်ဖြတ်ခဲ့ရပြီး ခရီးအဆုံး တောင်ကုန်း တခုပေါ်တွင် ထင်မှတ်မထားဘဲ ကြီးမားသည့် စစ်သချႋုင်း ဂူဗိမာန် အဆောက် အအုံ တခုကို တွေ့လိုက်ရသည်။
ဂူဗိမာန် သည် ရန်ကုန်မြို့ ထောက်ကြံ့ မြို့နယ်အတွင်းရှိ ဒုတိယ ကမ္ဘာစစ် အတွင်းက ကျဆုံးသွားသည့် အင်္ဂလိပ် တပ်သားများ၏ စစ်သချုႋင်းပုံစံကိုယူ၍ တည်ဆောက်ထားခြင်း ဖြစ်သည်။
ထို ဂူဗိမာန်သည် စိမ်းလန်းသည့် တောတောင်များ၏ အလယ်တွင် တည်ရှိပြီး ပြာလဲ့လဲ့ ကောင်းကင် အရောင်ဖြင့် အလွန် ခန့်ညား နေသည်။ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ ထိစပ်နေသည့် ရှမ်းပြည်နယ် တောင်ပိုင်း ဆီးဘူးမြို့တွင် တည်ရှိပြီး ကယန်းပြည် သစ် တပ်မတော် က တည်ဆောက်ထားသည့် စစ်ဂူဗိမာန် တခုဖြစ်ကြောင်းလည်း သိရသည်။
ထူးခြားချက်မှာ ကယန်းပြည်သစ် တပ်သားများသာမက စစ်ပွဲကြောင့် ကျဆုံးခဲ့သည့် မဟာမိတ် တပ်သားများနှင့် ပြည်သူများကိုပါ ဂူ သွင်းထားခြင်း ဖြစ်သည်။
ဂူဗိမာန်၏ ထိပ်ဆုံးတွင် ကယန်းပြည်သစ် တပ်မတော်ကို စတင် တည်ထောင်ခဲ့သည့် ခေါင်းဆောင် ဦးရွှေအေးနှင့် ဒု ဥက္ကဌ ဦးအိုက်သောင်း တို့ကို မြှပ်နှံထားပြီး နောက်ဘက်တွင် ရဲဘော်များကို ရာထူးအလိုက် စီတန်းကာ အစဉ်လိုက် အုတ်ဘလောက်တုံး များဖြင့် မြှုပ်နှံထားသည်ကို တွေ့ရသည်။
လက်ရှိအချိန်ထိ ရဲဘော် ၁၀၀ ကျော်ကို မြှုပ်နှံထားကြောင်း သိရသည်။ ယင်းသို့ မြှုပ်နှံထားရာ ဂူဗိမာန်တွင် အသက် ၁၇ နှစ်အရွယ် ကျဆုံး ရဲဘော်များလည်း ပါဝင်ကြောင်း ကယန်းပြည်သစ် တပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီး အောင်မင်းက ပြောသည်။
“၁၉၆၄ ခုနစ် ကနေ အခုချိန်အထိ ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီး ဦးရွှေ့အေး၊ ပြီးတော့ ဥက္ကဌ ဦးအိုက်သောင်းကိုတော့ ဂူသွင်း ထား ပါတယ်၊ မိဘပြည်သူ အားလုံးအနေနဲ့ကတော့ အာဇာနည် အုတ်ဘလောက် တခုစီအနေနဲ့ လုပ်ပေးပါတယ်”ဟု ၎င်းက ပြော ပြ သည်။
ကယန်းပြည်သစ် တပ်မတော်၏ အာဇာနည် ဂူဗိမာန်ကို ၂၀၀၅ ခုနစ်က စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၀ ပြည့်နစ်တွင် ပြီးစီးသွားကြောင်း၊ ဘာသာရေးအရ ရေစက်ချ မင်္ဂလာပြုခဲ့ကြောင်း၊ ယင်းဂူဗိမာန်ရှိ အာဇာနည် ဦးရေမှာ ၅၃၀ ခန့် ရှိကြောင်း၊ အဆိုပါ စာရင်း ၌ ကယန်းမြေတွင် ကျဆုံသွားသည့် ကယန်းပြည်သစ် တပ်မတော်၊ တပ်ပေါင်းစု အနေဖြင့် ရှမ်းပြည်နယ် ရှမ်းလူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဖွဲ့၊ စစ်အစိုးရက ညှဉ်းပန်း နှိပ်စက်ပြီး ကျဆုံးသွားသည့် ပြည်သူများကို အနီးစပ်ဆုံးစာရင်း ပြုစုထားပြီး ဂူဗိမာန်တွင် ထားရှိကြောင်းလည်း ဗိုလ်မှူးကြီး အောင်မင်းက ရှင်းပြသည်။
“ကယန်းမြေမှာ ကျဆုံးသွားတဲ့ အခြား အဖွဲ့အစည်း တွေကိုတော့ နာမည်ထည့်ဖို့ သက်ဆိုင်ရာ ခေါင်းဆောင်တွေကို တောင်းဆို ထား ပါတယ်၊ အနည်းဆုံး တယောက်လောက်ပေးဖို့ တောင်းထားတယ်၊ အရင်က ကျနော်တို့ တပ်ပေါင်းစုအနေနဲ့ လှုပ်ရှားခဲ့ တယ်”ဟုလည်း ၎င်းက ဆက်ပြောသည်။
ကယန်းပြည်သစ် တပ်မတော်က ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစတင်ကာ ဒီဇင်ဘာ ၁၅ ရက် ကို အာဇာနည်နေ့ အဖြစ် သတ်မှတ်ပြီး ကယားပြည်နယ်တွင်း ကျဆုံးသွားသည့် အာဇာနည် သူရဲကောင်းများကို ဂုဏ်ပြုသည့် အခမ်းအနားကို နှစ်စဉ် ကျင်းပကြောင်း သိရသည်။
“ဒီဇင်ဘာ ၁၅ ရက်နေ့ ဆိုရင် အာဇာနည်နေ့အဖြစ် ကျနော်တို့ ကျင်းပပါတယ်၊ ကျဆုံးသွားတဲ့ အာဇာနည် ရဲဘော်တွေကို ဂုဏ်ပြုတာပါ”ဟု ကယန်းပြည်သစ် တပ်မတော် လူငယ်တဦး ဖြစ်သည့် ကိုသားကြီးက ပြောသည်။
၂၀၁၀ ပြည့်နစ် ဒီဇင်ဘာလ ၁၀ ရက်က ဂူဗိမာန်ကို ရေစက်ချပွဲ ပြုလုပ်ရာတွင် သက်ဆိုင်ရာ အခြား လက်နက်ကိုင် တပ်ဖွဲ့များကို လည်း ဖိတ်ကြားပြီး ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ကြောင်း၊ အာဇာနည်နေ့ အဖြစ် ၁၉၆၄ ခုနစ်တွင် ကယန်း တော်လှန်ရေး စတင်ဖြစ်ပွားရာ ပထမဆုံး ကယန်း တော်လှန်ရေး ရဲဘော် ကျဆုံးသွားသည့်ရက်ကိုယူ၍ သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ရဲ့ ဂူဗိမာန်မှာ ဆိုရင် ရဲဘော်တွေရဲ့ အရိုးပြာတွေ မရပါဘူး၊ သူတို့သေဆုံးပြီး မြှုပ်ထားခဲ့တဲ့ နေရာကို ကျနော်တို့က လိပ်ပြာ ခေါ်ပြီး အုတ်ဘလောက်ထဲ ထည့်လိုက်တာပါ၊ အမှတ်တရ အနေနဲ့ ဒီမှာ စာရင်းသွင်းတာပါ”ဟု ဗိုလ်မှူးကြီး အောင်မင်းက ပြောပြ သည်။
တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်များကို မြှုပ်နှံထားသည့် နေရာကို သွားရောက်၍ ရဲဘော်၏ ဝိညာဉ်ကို ရိုးရာဓလေ့ အရ ပုလင်း ထဲ ထည့်ပြီး ပြန်ခေါ်လာကာ အုပ်ဘလောက်တွင် ပြန်လည် မြှုပ်နှံကြောင်း၊ မိသားစုဝင်တချိူ့ကလည်း လာရောက် ကြည့်ရှု ကြောင်း သိရသည်။
ကယန်းပြည်သစ်ပါတီနှင့် တပ်မတော်ကို ၁၉၆၄ ခုနစ်တွင် စတင် တည်ဆောင်ခဲ့ကြောင်း သိရသည်။
ဗဟို ဌာနချုပ်ကို ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း တည်ဆောက်ခဲ့ပြီး ၁၉၉၇ ခုနစ်တွင် စတင် ဖွင့် လှစ်ခဲ့သည်။ ယင်းဌာနချုပ်သည် ရှမ်းပြည်နယ် တောင်ပိုင်း ဆီးဘူးမြို့တွင် တည်ရှိသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ရန်ကုန်မြို့ ထောက်ကြံ့ စစ်သချုႋင်းတွင် ဒုတိယ ကမ္ဘာစစ်က ကျဆုံးခဲ့သည့် မဟာမိတ် စစ်သားများကို မြှုပ်နှံ ထားပြီး ရန်ကုန်မြို့ ဟံသာဝတီအဝိုင်း အနီးတွင် ဗြိတိသျှ စစ်သင်္ချိူင်းတခု နှင့် မော်လမြိုင် သံဖြူဇရပ်တွင် စစ်သချုႋင်း တခု တည် ရှိ ကြောင်း သိရသည်။