ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် အတွင်းရှိ အင်းပတီးကျေးရွာကနေ ပြောင်းရွှေ့ခံရပြီးနောက် လောလောဆယ် ဝါးရုံတောထဲမှာ အမိုးအကာတွေ ဖြစ်သလိုလုပ်ပြီး နေနေရတဲ့ မစန္ဒာဝင်းတို့ မိသားစုတွေမှာတော့ နေ့ဘက်မှာ ပြင်းထန်တဲ့ အပူဒဏ်ကို ခံနိုင်ဖို့ ကြိုစားနေရသလို ညဘက်မှာလည်း ၂ နှစ်သား အရွယ်ရှိ ကလေးငယ်ကို အအေးဒဏ် ကနေ အကာအကွယ်ပေးနိုင်အောင် ပြင်ဆင်နေရတာကလည်း အခက်အခဲတခု ဖြစ်ပါတယ်။
သူတို့အနေနဲ့ ပြောင်းရွှေ့လာခဲ့ရတာ နေရာ ၂ နေရာ ရှိပြီ ဖြစ်တဲ့အပြင် လက်ရှိ ဖြစ်ကတတ်ဆန်း တဲထိုး နေနေရတဲ့ နေရာကနေ ဘယ်အချိန် ပြောင်းရွှေ့ရမယ်မှန်း မသိနိုင်။ ဒီတော၊ ဒီကွင်း၊ ဒီလွင်ပြင်တွေ ဆိုတာက စစ်တပ်တခုခုက ပိုင်တဲ့မြေ ဖြစ်နေတာကြောင့် တနေရာကနေ တနေရာကို ပြောင်းဖို့က အမြဲတမ်း အသင့်အနေအထား ဖြစ်အောင် ပြင်ဆင်နေ ရတယ်လို့ ပြောပြတယ်။
ရန်ကုန်မြို့ပြနဲ့ အရမ်းကြီး အလှမ်းမဝေးတဲ့ ပဲခူးရိုးမရဲ့ တောင်ခြေရှိ အပင်ကြီး၊ အပင်ငယ်တွေ မပေါက်ရောက်သေးတဲ့ တောထဲမှာ ဖြစ်သလို တဲထိုး၊ ဟိုရွှေ့ ဒီပြောင်း နေထိုင်ရင်း အချိန်မရွေး ပြောင်းရွှေ့သွားဖို့လည်း အသင့်လုပ်ထားရတဲ့ သူတို့ရဲ့ ဘဝတွေမှာ အတည်တကျဖြစ်ဖို့ဆိုတာ စဉ်းစားစရာ မလိုအောင် ဖြစ်နေရတယ် လို့ ပြောတယ်။
“ကျမတို့ အနေအထားက ဘယ်ဆီကို အတည်အကျ နေလို့ရမယ်ဆိုတာ ဘယ်တော့မှ တွေးလို့မရတဲ့ အနေအထားမျိုးပါ။ ဒီနေရာ ဒီတော၊ ဒီတောင်မှာ အခု နေနေရတယ် ဆိုပေမယ့် ဘယ်အချိန် ဘယ်သူက ဘယ်လို လာမောင်းထုတ်ဦးမယ် ဆိုတာ စဉ်းစားစရာ မလိုပါဘူး။ ဒီနေရာတွေက စစ်တပ် တတပ်မဟုတ် တတပ်က သိမ်းထားတဲ့ နယ်မြေတွေချည်းပဲ ဖြစ်နေလို့။ ဒီတပ်က မောင်းထုတ်လို့ ဟိုတနေရာ ပြောင်းပြန်ရင်လည်း နောက်တပ်က လာမောင်းထုတ်ဦးမှာပဲ လို့ တွေးထားရတယ်” လို့ သူက ဆိုတယ်။
ဖေဖော်ဝါရီလ အစောပိုင်းက လှည်းကူးမြို့နယ်၊ သမီးကလေး ကျေးရွာနဲ့ အတူ အဖျက်ခံလိုက်ရတဲ့ လက်ကျိုက်၊ အုတ်ဖို၊ ထီးပန်နာ၊ တောင်လုံးပြောင်း၊ အင်းပတီး၊ ဝါးပငဲ့ စတဲ့ ရွာလေးတွေက ဒေသခံတွေ အားလုံးဟာ အခုချိန်မှာ ဒီပဲခူးရိုးမ အစပ်က ဝါးရုံတောလေးတွေမှာ ဖြစ်သလို နေထိုင်နေကြရတယ်။
ရွာလေးတွေလို့ ဆိုပေမယ့် တကယ်တမ်း နေခဲ့ကြတာက တနေရာ ၃ အိမ်စု၊ တနေရာ ၅ အိမ်စုလောက်နဲ့ ဟိုနားတကွက်၊ ဒီနားတကွက် နေခဲ့ကြတဲ့သူတွေပါ။ အရင်အချိန်များက ရဲမွန်စစ်တပ်မြို့မှာရှိတဲ့ စစ်တပ်ပိုင် ရာဘာတောတွေမှာ အလုပ်လုပ်ကြရင်း နေလာခဲ့ကြတဲ့သူတွေလို့ သိရတယ်။
ဒါပေမယ့် စစ်တပ်က ပေးတဲ့ ရာဘာအစေးခြစ်ရတဲ့ နှုန်းက တပေါင်ကို ၂၀၀ ကျပ်ပဲ ရတဲ့အတွက် တောထဲမှာ ထင်းရှာ၊ တချို့မြေနေရာတွေမှာ လယ်၊ ကိုင်းစိုက်ကြ၊ တောထဲမှာ ဟင်းသီးဟင်းရွက် ရှာပြီး ပြန်ရောင်းကြနဲ့ နေလာခဲ့ကြတာ နှစ်ပေါင်းများစွာ ရှိနေကြတဲ့ သူတွေပါ။ တချို့ဆိုရင် ဒီနေရာမှာပဲ ကြီးပြီး အိုးအိမ်ထူထောင် နေကြတဲ့ မိသားစုတွေ ရှိပါတယ်။
“အခု ဒီမှာရှိတဲ့ အင်းတိုင် ဖိနပ်စက်ရုံပိုင် ရာဘာပင်တွေ ဆိုတာ ပျိုးပင် စစိုက်ကတည်းက ကျနော်တို့ လုပ်လာကြတဲ့ သူတွေပါ။ နောက်ပိုင်းတော့ ကျနော်တို့လည်း ကိုယ့်ဝင်ငွေ ကောင်းမယ့် အလုပ်တွေကို ပြောင်းလုပ်ခဲ့ကြတယ်။ ဒါပေမယ့် ၁၉၉၅ ခုနှစ် လောက်မှာ ကျနော်တို့ လုပ်နေတဲ့လယ်တွေကို စစ်တပ်ပိုင်လို့ပြောပြီး သိမ်းတယ်။ ဒါပေမယ့် စစ်တပ်က တဧက ၅ တင်းနှုန်းနဲ့ ပြန်စိုက်ခွင့် ပေးခဲ့တယ်” လို့ ထီးပန်နာရွာက နေအိမ် အဖျက်ခံလိုက်ရတဲ့ ကိုကျော်ကျော်က ပြောပြတယ်။
ဒါပေမယ့် တကယ်တမ်း ကျူးကျော်တွေ ဆိုပြီး အဖျက်ခံလိုက်ရတဲ့ သူတွေရှိသလို အခုချိန်ထိ စစ်တပ်ပိုင် ရာဘာတောမှာ လုပ်ကြတဲ့ သူတွေကြတော့ နေအိမ်တွေ အဖျက် မခံရတာလည်း ရှိပါတယ်။ စစ်တပ်ပိုင် လုပ်ငန်းထဲမှာ လုပ်နေကြပြီး စစ်တပ်နဲ့ နီးစပ်တဲ့သူတွေကတော့ တပ်ပိုင်မြေပေါ်မှာ နေနေပေမယ့် နေအိမ် အဖျက်မခံကြရတာလို့ သိရတယ်။
ဖေဖော်ဝါရီ ၄ ရက်နေ့ မနက်ပိုင်းမှာတော့ အင်းပတီးရွာထဲကို စစ်သားတွေရောက်လာပြီး “အိမ်ပေါ်က ကိုယ်ယူချင်တဲ့ ပစ္စည်းတွေယူ၊ အောက်ကိုဆင်း” လို့ ပြောပြီး အိမ်တွေကို လာဖျက်တယ်၊ ဘယ်လိုမှ တောင်းပန်လို့မရတဲ့ နောက်ဆုံး ဒေသခံ တွေက ဒီအတိုင်း လက်ပိုက်ကြည့်နေကြရတယ်လို့ ဆိုတယ်။
“ကျနော်တို့ ဖုန်းကင်မရာနဲ့လည်း ဓာတ်ပုံရိုက်ခွင့် မပေးဘူး။ ရိုက်တဲ့ဖုန်းတွေကို သူတို့က သိမ်းတယ်။ စစ်သားတွေက ဓားတွေကို ကိုင်ပြီး အိမ်ကို ဖျက်တာ။ ဒီလိုနဲ့ ဟိုတစု၊ ဒီတစု နေခဲ့ကြတဲ့ သူတွေ၊ ကိုယ့်ဆွေမျိုးတွေ ရှိတဲ့နေရာ သွားနေကြသူတွေ၊ သွားစရာ မရှိကြတဲ့သူတွေက ရွာဘုန်းကြီးကျောင်းမှာ ဖြစ်သလို ဝါးတဲလေးဆောက်ပြီး နေခဲ့ကြတယ်။ ဒါပေမယ့် အဲဒီ ဘုန်းကြီးကျောင်းကိုလည်း လာဖျက်တာပဲ” လို့ အင်းပတီးရွာ ဒေသခံ မစန္ဒာဝင်းက ပြောတယ်။
အင်းပတီးရွာ ဘုရားကုန်း ကမ္မဋ္ဌာန်းကျောင်းမှာ စုနေနေကြတဲ့ အိမ်ထောင်စု ၃၀ ကျော်နဲ့အတူ ဘုန်းကြီးကျောင်းကိုပါ ဖျက်ဖို့ အတွက် ရဲမွန်စစ်တပ်မြို့၊ လက်နက်နှင့် ခဲယမ်းမီးကျောက်တပ်က ဗိုလ်ကြီး ကောင်းဇော်ဌေးနဲ့ စစ်သားတစုက ၄ ကြိမ်တိုင်တိုင် လာရောက် ကြိမ်းမောင်းခဲ့ကြောင်း၊ မတ်လ ၃ ရက်နေ့မှာတော့ ဘုန်းကြီးကျောင်းတိုင်တွေရဲ့အောက် ခြေကနေ ခုတ်လှဲ ဖြိုဖျက်လိုက်ကြောင်း အဆိုပါ ဘုန်းကြီးကျောင်းမှာ ၃ နှစ်ကျော် သီတင်းသုံးခဲ့တဲ့ ဆရာတော် ဦးစန္ဒိမာက မိန့်ပါတယ်။
လာဖျက်တဲ့နေ့က ရပ်ကွက်၊ ကျေးရွာ သံဃနာယက ဆရာတော်တွေကို ဖုန်းနဲ့ အကြောင်းကြားတဲ့အခါ ဆရာတော်တွေက လာဖျက်တဲ့ အရာရှိကို ဖုန်းထဲကနေ စကားပြောမယ်လို့ ဆိုတော့ အဲဒီအရာရှိတွေက သံဃနာယကအဖွဲ့ကိုလည်း ဂရုမစိုက်ကြောင်း၊ ပြောစရာလည်း မလိုကြောင်း ပြောပြီးတော့ ဘုန်းကြီးကျောင်းကို အပြီးတိုင်ဖြိုလှဲခဲ့တယ်လို့ ဆရာတော် ဦးစန္ဒိမာ က ဆက်ပြောတယ်။
“အခုတော့ ဒီလို အဖျက်ခံလိုက်ရတဲ့ သူတွေက ဒီတောထဲမှာ အမိုးအကာလည်း လုံလုံခြုံခြံုံမရှိ၊ လုပ်စားကိုင်စားဖို့လည်း ဘာမှမရှိတော့ဘဲ ကျီးလန့်စာစားနဲ့ ကြုံတဲ့နေရာမှာ ကြုံသလို နေနေကြရတယ်။ ဒီနေရာမှ နေနေလို့ အတည်တကျနေလို့ရ မယ်လို့ ဘယ်သူမှ မျှော်လင့်မရဘူး။ အခုနေနေပေမယ့် ဘယ်နေ့ လာမောင်းထုတ်ဦးမလဲ မသိဘူးဆိုပြီး အထုတ်အပိုးတွေ အသင့်ပြင်ထားရတယ်” လို့ ဆရာတော်က မိန့်တယ်။
ဒီဒေသခံတွေက ၂၀၁၀ ခုနှစ် ရွေးကော်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ မဲပေးခဲ့ကြတဲ့သူတွေပါ။ အခုလို အိမ်တွေ အဖျက်ခံလိုက်ရတာကြောင့် ကိုယ့်အလုပ် ကိုယ်ပြန်လုပ်ဖို့ တောထဲ ထင်းသွားရှာပြန်ရင်လည်း သစ်တောဥပဒေ ဆိုပြီး တခါထပ်ပြသနာတက်မှာကိုလည်း ကြောက်နေကြရတဲ့အတွက် နေ့စဉ်ဝင်ငွေလေးရအောင် ဘာအလုပ်လုပ်ရတော့ မယ်မှန်း စဉ်းစားမရသေးဘူးလို့ အင်းပတီးရွာဒေသခံ ဦးမောင်ချစ်က ပြောပါတယ်။
မိမိ အသက် ၂၀ အရွယ်ထဲက ဒီနေရာမှာ စပြီးအခြေချခဲ့တာ အခုဆိုရင် အရွယ်ရောက်ပြီး သား ၂ ယောက်နဲ့အတူ လယ် ဧက ၂၀ အထိ ထွန်ယက်လုပ်ကိုင်နိုင်ခဲ့ပေမယ့် ကျူးကျော်ဆိုပြီး လာဖျက်တဲ့အခါကြတော့ စိုက်ထားတဲ့စပါးတွေလည်း မရိတ်သိမ်းရသေး၊ ပြောင်းရွှေ့ဖို့ကလည်း ဖိအားပေးခံရနဲ့ ဘယ်လိုလုပ်ရမယ်မှန်း မသိတော့ဘူးလို့ အင်းပတီးရွာနားက လယ်တောမှာလုပ်နေတဲ့ ဒေသခံ ကရင်လူမျိုး ဦးအောင်မြင့် ဆိုပါတယ်။
ဒီနေရာတွေက စစ်တပ်ကသိမ်းထားတဲ့ နယ်မြေတွေဆိုပေမယ့် စစ်တပ်ရဲ့ လုပ်ငန်းခွင်နဲ့လည်း အလှမ်းဝေးတဲ့ နယ်မြေပါ။ စီမံကိန်းလည်း ဘာမှမရှိ၊ အသုံးချတဲ့ နယ်မြေလည်း မဟုတ်တဲ့အတွက်ကြောင့် ဘာဖြစ်လို့များ ပြည်သူတွေရဲ့ အခြေပျက်မယ့်အနေအထားကို လုပ်နေရလဲဆိုတာ စဉ်းစားလို့မရဘူးလို့ သူက ဆိုပါတယ်။
“တကယ်အသုံးပြုမှာမို့ ဒီနေရာကို ဖယ်ခိုင်းတယ်ဆိုရင် တော်သေးတယ်။ အခုက ဘာမှလည်း အသုံးမပြုတဲ့ တောမှာ အမှီ ပြုနေရတဲ့ ကျနော်တို့ကို ဖယ်ခိုင်းရတာလဲ။ ဘာမှအသုံးပြုတဲ့ မြေကို ပြည်သူတွေက အသုံးချခွင့် မရှိတော့ဘူးလား။ ကျနော်ကို ဖယ်ခိုင်းတဲ့ စစ်တပ်အရာရှိကို ဒီနေရာက စစ်တပ်နယ်မြေနဲ့ မလွတ်လို့ ဖယ်ခိုင်းတယ်ဆိုရင် ဘယ်နေရာ စစ်တပ်နဲ့လွတ်လဲ လို့မေးတော့ ဘယ်နေရာမှာမှ လွတ်တာ မရှိဘူးလို့ ပြောတယ်။ သူတို့ သိမ်းထားတဲ့နယ်မြေက ဧကနဲ့ တိုင်းတာလို့ မရတော့ဘူး။ ဟိုး မင်းလွင်ကုန်းနားကနေ သူငယ်ချောင်၊ မရမ်းပင်ဆိပ် အထိပဲ” လို့ သူက ဆိုတယ်။
အခု သမီးကလေး ကျေးရွာနှင့် အတူ အဖျက်ခံလိုက်ရတဲ့ တခြားရွာ တချို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ကတည်းက ကျေးရွာအဖြစ် သတ်မှတ်ခံထားရတာကြောင့် ကျူးကျော်အဖြစ် သတ်မှတ်လို့ မရကြောင်း၊ စစ်တပ်မှ သိမ်းယူထားတယ်လို့ ဆိုရင်လည်း ယခင် သိမ်းယူစဉ်က နစ်နာကြေး ပေးခဲ့ရင် တမျိုးတမည် ဖြစ်နိုင်ပေမယ့် မပေးဘဲ သိမ်းယူခဲ့ရင်တော့ ပြည်သူအပေါ် အနိုင်ကျင့်တဲ့ အနေအထားမျိုးဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ်မှ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က သုံးသပ်ပါတယ်။
ဒီလို ဖြစ်ပျက်နေမှုများဟာ ယခင်အစိုးရလက်ထက်က အာဏာအလွဲသုံးစား လုပ်ခဲ့တာကြောင့် ပြည်သူများ အနိုင်ကျင့် စော်ကား ခံနေရတာဖြစ်ကြောင်း၊ ယခု သမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီး ဒီမိုကရေစီနိုင်ငံ လမ်းစဉ်သွားမည့် အနေအထားမျိုးမှာ ဖြစ်သင့်သည့် အနေအထားမျိုး မဟုတ်ကြောင်း သူက ဆက်ပြောပါတယ်။
“အခု ရန်ကုန်တိုင်း စစ်ဌာနချုပ်က စစ်တပ်သိမ်းနယ်မြေတွေနဲ့ ပက်သက်ပြီး လုပ်ကိုင်နေတာက အခြေအနေ တလွဲတွေ ဖြစ်နေတယ်၊ ဒီ သမီးကလေး ကျေးရွာနားက ရွာတွေဆိုတာ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြတဲ့ ရွာတွေ၊ သူတို့လယ်တွေကို သိမ်းပြီး စစ်တပ်ကို သီးစား ပြန်ပေးရတာ၊ လယ်တွေသိမ်းမှ စစ်တပ်အလုပ် လုပ်လို့ရတယ်လို့ သဘောမျိုး လုပ်ဆောင်နေတာတွေက ကာကွယ်ရေး ဦးစီးချုပ်ပြောခဲ့သလို ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ဆိုတဲ့ စကားကို ပစ်ပယ်နေသလိုပဲ။ ပြည်သူကို စော်ကားနေတာပဲ” လို့ ဦးကျော်က သုံးသပ်ပါတယ်။
သမီးကလေးကျေးရွာမှ ဒုက္ခရောက်နေကြသူများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လှည်းကူးမြို့နယ် အတွင်းမှာ မြေနေရာ ပေးနိုင်ရန် စီစဉ်နေပေမယ့် တခြားရွာများ သတင်းကို မကြားမိကြောင်း၊ သူတို့အတွက် လက်ရှိ အချိန်တွင် စီစဉ်ထားခြင်း မရှိသေးကြောင်း လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်းက ပြောပါတယ်။
“သူတို့က ပြန့်ကျဲနေတော့ ကျနော်တို့ လက်လှမ်း မမီခဲ့ဘူး။ ကျနော်တို့က လက်လှမ်းမီသလောက်ပဲ လုပ်နိုင်သေးတာ။ သမီးကလေးကျေးရွာ ကိစ္စကိုပဲ ဦးစားပေး လုပ်နေတယ်။ နောက်ပိုင်းတော့ တခြားသူတွေကို အခုလိုသိရတော့ လူကြီးတွေကို တင်ပြပြီး စီစဉ်မှုတော့ လုပ်ပါ့မယ်။ သူတို့က တကယ် ရွာဖြစ်ခဲ့မယ် ဆိုရင်တော့ အခုလည်း နိုင်ငံတော်က တပ်သိမ်းမြေတွေ နဲ့ပက်သက်ပြီး စီစဉ်နေတာတွေ ရှိပါတယ်။ နိုင်ငံတော်အဆင့်က ဆုံးဖြတ်ပါလိမ့်မယ်” လို့ သူက ဆိုတယ်။
ဒါပေမယ့် အင်းပတီးကျေးရွာမှ နေအိမ်အဖျက်ခံလိုက်ရတဲ့ ကိုမျိုးမင်းထွန်းက လှည်းကူးမြို့နယ်မှာ ဖြစ်ပျက်နေတာတွေကို လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်ပြီး မသိကြောင်း၊ သမီးကလေး ကျေးရွာနှင့် အတူ မိမိတို့ အဖျက်ခံလိုက်ရတာကို သတင်းမီဒီယာတွေမှာ ပါနေခဲ့ကြောင်း၊ ဒီလို ပြောကြားမှုဟာ ပြည်သူလူထုကို လိမ်လည် နေခြင်းသာ ဖြစ်ကြောင်း၊ မျက်ကွယ်ပြုခြင်းသာဖြစ်ကြောင်း ဝေဖန်ပါတယ်။
“ဒီလို လူကြီးမပီသတဲ့သူတွေ လွှတ်တော်ထဲမှာ မရှိသင့်တော့ဘူးဗျာ။ သူတို့မသိဘူး၊ မကြားမိဘူးဆိုတာ လုံးဝကို မဟုတ်ဘူး။ လှည်းကူးမှာ ဖြစ်ပျက်ခဲ့တာ သေးသေးလေးမှ မဟုတ်တာ။ လွှတ်တော်ထဲမှာ သူတို့ရှိနေတာ နာတယ်၊ အချိန်ကြာတယ်ဗျာ။ သူတို့မျက်နှာလွှဲ ခဲပစ်လုပ်တာ” လို့ သူက ဆိုတယ်။